ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်၏ ကော်ဖီပို့ကုန်တန်ဖိုး ဒေါ်လာ ၇ ဘီလီယံကျော်သို့ ပထမဆုံးအကြိမ် ရောက်ရှိ

    ဘရာဇီးနိုင်ငံ၏နောက်၌ ကမ္ဘာဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သူဖြစ်သည့် ဗီယက်နမ် နိုင်ငံ၏ ယခုနှစ် ပထမ ၉ လအတွင်း ကော်ဖီတင်ပို့မှုမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆.၉၈ ဘီလီယံ ရှိပြီး ယခင်နှစ်ကာလတူထက် ၆၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ပမာဏသည် ၂၀၂၄ တစ်နှစ်တာအတွင်း တင်ပို့ခဲ့သည့် တန်ဖိုးထက် ပိုမိုခဲ့ပြီး ဥရောပဈေးကွက်တွင် ဝယ်လိုအား များပြားလာခြင်းနှင့် ကမ္ဘာတစ်ဝန်း ကော်ဖီဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

     တရုတ်အမျိုးသား စာရင်းအင်းဗျူရို၏ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး နိုင်ငံ၏ နှစ်စဉ်ကော်ဖီတင်ပို့မှုသည် ‌ ပထမဆုံး အကြိမ်အဖြစ် ဒေါ်လာ ၇ ဘီလီယံကို ကျော်လွန်သည့် သမိုင်းမှတ်တမ်းကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ် ကြောင်း Nikkei Asia ကဖော်ပြထားပါသည်။

  ဗီယက်နမ်နိုင်ငံ၌ ရိုဘတ်စတာကော်ဖီသည် အဓိကစိုက်ပျိုးထုတ်လုပ်သည့် ကော်ဖီမျိုးရင်း အဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ်တွင် တန်ဖိုးအားဖြင့် ဒေါ်လာ ၄.၉ ဘီလီယံအထိ တင်ပို့ ထားပြီးဖြစ်သည်။ ကျန်ရှိသော ကော်ဖီပို့ကုန်ဝင်ငွေမှာ အာရေးဘီးကားကော်ဖီစေ့များ တင်ပို့မှုမှ ရရှိခြင်းဖြစ်သည်။

   ကမ္ဘာတစ်ဝန်းကော်ဖီဈေးနှုန်းများသည် ယခုနှစ် အစောပိုင်းတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး မေလမှ ဇူလိုင်လအတွင်း တဖြည်းဖြည်းကျဆင်းလျက် ယခင်နှစ်ဈေးနှုန်းအဆင့်နှင့် တူညီသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ တစ်ဖန် ဩဂုတ်လနှင့် စက်တင်ဘာလတွင် ဈေးနှုန်းပြန်လည် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Source : The Nation Thailand, October 04, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဇီဝလောင်စာ၌ စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောစပ်အသုံးပြုရန် စမ်းသပ်မှု အင်ဒိုနီးရှား လုပ်ဆောင်

     အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ၂၀၂၆ ခုနှစ်တွင် အကောင်အထည်ဖော်ရန် ရည်မှန်းထားသည့် စားအုန်းဆီအချိုး ၅၀ ရာခိုင်နှုန်း ပါဝင်သော ဇီဝလောင်စာ (B50) ထုတ်လုပ်မှု အစီအစဉ်ကို စတင် နိုင်ရေးအတွက် ဓာတ်ခွဲခန်းစမ်းသပ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြင့် နောက်ထပ်အဆင့်တစ်ရပ်ကို  တက်လှမ်းနိုင်ခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၇ ရက် (အင်္ဂါနေ့)တွင် ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါသည်။

          အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိအချိန်တွင် စားအုန်းဆီ အချိုး ၄၀ ရာခိုင်နှုန်း ပါဝင်ရောစပ် ထားသည့် B40 အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း ရုပ်ကြွင်း လောင်စာဆီများ တင်သွင်းမှုအပေါ် မှီခိုအားထားနေရမှုကို လျှော့ချနိုင်ရန်ရည်ရွယ်၍ B50 အစီ အစဉ်ကို တိုးမြှင့်ထုတ်လုပ်လိုခြင်းဖြစ်သည်။

          ဓာတ်ခွဲခန်းစမ်းသပ်မှုများတွင်  စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောစပ်ပါဝင်သော B50 ဇီဝ ဒီဇယ်ဖြင့် အင်ဂျင်စက်လည်ပတ်ခြင်း ပါဝင်ခဲ့ပြီး ထိုသို့စမ်းသပ်မှုကို သြဂုတ်လတွင် အပြီးသတ် ဆောင်ရွက်နိုင်ခဲ့သည်။ စမ်းသပ်အသုံးပြုမှုရလဒ်များအပေါ် အခြေခံလျက် ၎င်းတို့အနေဖြင့် ယခု အခါ လမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဒီဇယ် ဆီအသုံးပြုသော မော်တော်ယာဉ် မဟုတ်သည့် စက်ယန္တရားများတွင် စမ်းသပ်အသုံးပြုမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  လမ်းများတွင် စမ်းသပ်မောင်းနှင်အသုံးပြုမည့် အချိန်ကို မဆုံးဖြတ်ရသေးကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ဇီဝစွမ်းအင်ဆိုင်ရာ ဒါရိုက်တာ Mr. Edi Wibowo က Reuters သို့ ပြောကြားခဲ့သည်။

          အင်ဒိုနီးရှားအစိုးရအနေဖြင့် B50 အစီစဉ်ကို ၂၀၂၆ ခုနှစ်တွင် အကောင်အထည်ဖော်ရန် ရည်မှန်းထားသော်လည်း ဇန်နဝါရီလတွင် စတင်ဆောင်ရွက်နိုင်ဖွယ် မရှိဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက သြဂုတ်လတွင် ပြောကြားထားခဲ့သည်။

          အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ B50 အစီအစဉ်ကို ချမှတ် ကျင့်သုံးရာ၌ ပုံမှန်ရေနံထွက် ဒီဇယ်ဆီနှင့် ရောစပ်အသုံးပြုရန်အတွက် တစ်နှစ်လျှင် စားအုန်းဆီ အခြေခံ ဇီဝလောင်စာဆီ ကီလိုလီတာပေါင်း ၂၀.၁ သန်း လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိ B40 အစီအစဉ်အတွက် တစ်နှစ်လျှင် စားအုန်းဆီ ကီလိုလီတာပေါင်း ၁၅.၆ သန်း အသုံးပြုလျက်ရှိ ကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်များကို တင်ပြအပ်ပါသည်။

Source: Reuters, October 7th 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ရုရှားသည် တရုတ်နိုင်ငံသို့ အစေ့ထုတ်ပြောင်း အဓိကပေးသွင်းသူအဖြစ် ရောက်ရှိ

     ရုရှားသည် ဘရာဇီး၊ မြန်မာနှင့် အမေရိကန်တို့ကို ကျော်လွန်လျက် တရုတ်နိုင်ငံသို့ အစေ့ ထုတ်ပြောင်း တင်ပို့သည့် အကြီးမားဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာကြောင်း  UkrAgroConsult သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါသည်။

    ရုရှားစိုက်ပျိုးရေးပို့ကုန်ဗဟိုဌာန (Russian Federal Center “Agroexport”) ၏ အချက် အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ရုရှားနိုင်ငံသည် ပြောင်းတန်ချိန် ၂၈၇၀၀၀ ကျော်ကို တရုတ်ဈေးကွက်သို့ တင်ပို့ခဲ့ရာ ယခင်နှစ် ကာလတူ၌ တင်ပို့ခဲ့သော တန်ချိန် ၉၆၀၀၀ ထက် သုံးဆကျော် ပိုမိုလာကြောင်း သိရသည်။ ပို့ကုန်တန်ဖိုးအရမူ ၂၀၂၄ ခုနှစ် ကာလတူ ၌ ရရှိခဲ့သည့် ဝင်ငွေ ဒေါ်လာ ၂၂ သန်းအပေါ် ၃.၁ ဆ တိုးတက်လျက် ဒေါ်လာသန်း ၇၀ အထိ ရရှိ ခဲ့ခြင်းဖြစ်သည်။

   တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၌ ပြောင်းတန်ချိန် ၁၀ သန်းကျော် တင်သွင်းခဲ့သော်လည်း ယခုနှစ် ပထမရှစ်လအတွင်း၌ တန်ချိန် ၇၈၅၃၀၀ မျှသာ တင်သွင်းထားခဲ့သည်။ လွန်ခဲ့သော ၅ နှစ် တာ ကာလအတွင်း တရုတ်နိုင်ငံ၏ ပျမ်းမျှ နှစ်စဉ်ပြောင်းတင်သွင်းမှုမှာ တန်ချိန် ၁၁.၁ သန်းဖြစ်ရာ ယခင်နှစ် တင်သွင်းမှုသည် ၅ နှစ်အတွင်းအနိမ့်ဆုံးဖြစ်သည်။ တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှု လျော့ကျလာခြင်းသည် ပြည်တွင်း၌ ထုတ်လုပ်မှုမြင့်မားလာခြင်း၊ ကုန်လက်ကျန် စုဆောင်းမှု မြင့် တက်လာခြင်း၊ စီးပွားရေးတိုးတက်မှု နှေးကွေးလာမှုနှင့်အတူ ဝယ်လိုအား နည်းပါးလာခြင်း စသည့်အချက်များနှင့် ဆက်စပ်လျက်ရှိသည်။

 အဆိုပါ အခြေအနေ၌ ယခင်က တရုတ်ဈေးကွက်သို့ ပြောင်းအဓိကပေးသွင်းသူဖြစ်သော ဘရာဇီးနိုင်ငံထံမှ တင်သွင်းမှုမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်၌ တန်ချိန် ၅.၇၆ သန်းရှိခဲ့ရာမှ ယခုနှစ် အလားတူကာလတွင် တန်ချိန် ၂၄၅၀၀၀ သို့ သိသာစွာ ကျဆင်းခဲ့ပြီး ဇွန်လအတွင်း ဘရာဇီး ပြောင်းတင်သွင်းမှု လုံးဝ မရှိခဲ့ကြောင်း သိရှိရသည်။ ယူကရိန်းထံမှ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှု သည်လည်း မေလတွင် တန်ချိန် ၁၀၆၅၀၀ ရှိရာမှ ဇွန်လ၌ ၆၅၇၀၀ တန်သို့ ကျဆင်းခဲ့ပြီး ယခုနှစ် နှစ်ဆန်းပိုင်းမှ တင်ပို့ခဲ့ပြီးသည့် ပြောင်းကုန်ချိန် စုစုပေါင်းမှာ ၂၃၁၀၀၀ တန်သာရှိသည်။

      ရုရှားနိုင်ငံအနေဖြင့် ပြိုင်ဖက်များ၏ တင်ပို့မှုကျဆင်းနေခြင်းကို အခွင့်အရေး ရယူလျက် ယခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၈၁၉၀၀ အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး ပထမ နှစ်ဝက်အတွင်း တန်ချိန် ၂၀၁၄၀၀ တင်ပို့နိုင်သဖြင့် ယခင်နှစ် ကာလတူထက် နှစ်ဆကျော် တိုးတက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်ဈေးကွက်သို့ ယခင်နှစ် ကာလတူ၌ တန်ချိန် ၁.၃၈ သန်းတင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက အမေရိကန်၏ ပြောင်းတင်ပို့မှုမှာ ယခုနှစ်တွင် တန်ချိန် ၂၀၀၀၀ ခန့်ဖြင့်သာ ရပ်ဆိုင်းနေခဲ့ပြီး ဤအချက်က နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ကန့်သတ်မှုများ နှင့် နိုင်ငံရေးအရ ဆက်ဆံရေးတိုးတက်မှု အခြေအနေတို့ကို ထင်ဟပ်လျက်ရှိသည်။

Source: UkrAgroConsult, 8 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တောင်ကိုရီးယားနိုင်ငံ၌ ယခုလ ပထမ ရက်၂၀ အတွင်း ပို့ကုန် တိုးတက်မှုရှိလာ

    တောင်ကိုရီးယားနိုင်ငံ၏ပို့ကုန်သည် ယခုလ ပထမ ရက် ၂၀ အတွင်း ဂဏန်းနှစ်လုံးတိုး လာကြောင်း အကောက်ခွန်ရုံးက ယနေ့တွင် အချက်အလက်ဖော်ပြထားသည်။

    စက်တင်ဘာ ၁ ရက်မှ ၂၀ ရက်အတွင်း ပြည်ပသို့ တင်ပို့မှုသည်  ယခင်နှစ်ကထက် ၁၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၁၁ ဘီလီယံအထိ မြင့်တက်လာခဲ့သည်ဟု ကိုရီးယားအကောက်ခွန်ဝန်ဆောင်မှု၏ပြောကြားချက်အရ သိရသည်။

   တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ စက်ယန္တရားများ၊ သဘာဝဓာတ်ငွေ့နှင့် မိုဘိုင်းလ်စက်ပစ္စည်းများအတွက် တင်သွင်းမှုသည် ဂဏန်းနှစ်လုံး မြင့်တက်ခဲ့သော်လည်း ရေနံစိမ်း၊ ကျောက်မီးသွေးနှင့် ရေနံထွက်ကုန်များအတွက် ထိုကာလတွင် လျော့ကျသွားခဲ့သည်။

Source:ဆင်ဟွာ                                                                

DOCA(ပြည်ထောင်စုနယ်မြေ)

 

သီရိလင်္ကာနိုင်ငံ၌ ယခုနှစ်ပထမရှစ်လအတွင်း ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံ ဝင်ငွေရရှိ

    သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမရှစ်လတာကာလအတွင်း ပို့ကုန်မှ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၅၅ ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း ပို့ကုန်တိုးတက်ရေးဘုတ်အဖွဲ့ ( အီးဒီဘီ )က  ယမန်နေ့က ၎င်း၏နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယခုနှစ်အတွင်း ပို့ကုန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် အလားတူကာလက ပို့ကုန်တင်ပို့မှု နှင့်နှိုင်း ယှဉ်ပါက ၆ ဒသမ ၆၁ ရာခိုင်နှုန်း တိုးတက်မှုရှိသည်ဟု အီးဒီဘီက ပြောကြားသည်။

      ဩဂုတ်လက ကုန်စည်နှင့် ဝန်ဆောင်မှု နှစ်ခုစလုံး၊ ပို့ကုန်စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရှိသည်ဟု အီးဒီဘီကဆိုသည်။ သီရိလင်္ကာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် ပို့ကုန်သတ်မှတ်ချက်ကို ပြည့်မီမည်ဟု ယုံကြည် ကြောင်း အီးဒီဘီကပြောကြားသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

ပဲမျိုးစုံ ထုတ်လုပ်မှုမြှင့်တင်ရေး ၆ နှစ်အတွင်း ရူပီး ၁၁၄ ဘီလီယံ သုံးစွဲရန် အိန္ဒိယအစိုးရအဖွဲ့ အတည်ပြု

          အိန္ဒိယနိုင်ငံ၌ ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းဖြင့် ပဲမျိုးစုံ ဖူလုံမှုရရှိရေး အထူးလုပ်ငန်းတာဝန် (Mission for Aatmanirbharta in Pulses) ကို ချမှတ်ထားရှိရာ ပြည်ထောင်စုအစိုးရအဖွဲ့သည် ပဲမျိုးစုံ ထုတ်လုပ်မှုမြှင့်တင်ရေး ရည်မှန်းချက်အောင်မြင်မှု ရရှိနိုင်ရန်အတွက် ရူပီးငွေ ၁၁၄.၄၀ ဘီလီယံကို ကျခံသုံးစွဲရန် အတည်ပြုခဲ့ကြောင်း သိရှိရသည်။

          သုတေသနလုပ်ငန်းများ၊ မျိုးစေ့ဖွံ့ဖြိုးမှုစနစ်များ၊ စိုက်ပျိုးဧရိယာတိုးချဲ့မှုများ၊ ဝယ်ယူရေး နှင့် ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများအပါအဝင် ဘက်စုံလွှမ်းခြုံမှုရှိသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်ကျင့်သုံးမှုပြုသည့် အထူးလုပ်ငန်းတာဝန်ကို ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှစတင်၍ ၆ နှစ်တာ ကာလအတွင်း အောင်မြင်မှုရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်ဟု အစိုးရ က ကြေညာချက် ထုတ်ပြန်ထားသည်။ 

          အဆိုပါ အထူးလုပ်ငန်းတာဝန်တွင် စပါးစိုက်ပျိုးမှုမရှိသော ပလပ်မြေများနှင့် အခြားချဲ့ထွင် နိုင်မည့် မြေနေရာများတွင် ပဲမျိုးစုံ စိုက်ဧရိယာကို နောက်ထပ် ဟက်တာ ၃.၅ သန်း တိုးချဲ့စိုက်ပျိုး ရန် ရည်မှန်းထားပြီး သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးနှံမျိုးစုံ ဖြန့်ကျက်စိုက်ပျိုးခြင်းများ ပါဝင်မည်ဖြစ် ကြောင်း သိရှိရသည်။ ထိုသို့ တိုးချဲ့စိုက်ပျိုးရန်အတွက် အစိုးရသည် သီးနှံမျိုးစေ့အိတ်ပေါင်း ၈.၈ သန်းကို တောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

          ပဲမျိုးစုံဖူလုံရေး အထူးလုပ်ငန်းတာဝန်၏ အဓိကလက္ခဏာရပ်မှာ အစိုးရ၏ ဈေးနှုန်းအရ အထောက်အပံ့ ပေးအပ်ရေး အစီအစဉ် (PM-AASHA) တွင် ပါဝင်လျက်ရှိသော ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို ဝယ်ယူရေးလုပ်ဆောင်မှု အမြင့်မားဆုံးဖြစ်စေရန်ပင် ဖြစ်သည်။ အိန္ဒိယအစိုးရသည် ၎င်းအထောက်အပံ့ပေးအပ်မှု အစီအစဉ်၌ သုံးစွဲမည့်ငွေပမာဏကိုလည်း ရူပီး ၄၅၀ ဘီလီယံမှ ရူပီး ၆၀၀ ဘီလီယံသို့ မြှင့်တင်ခဲ့ကြောင်း သိရှိရသည်။

Source: Informist Media, 1 October 2025 

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဂျာမဏီ၌ ကျင်းပမည့် ကုန်စည်ပြပွဲတွင် ကမ္ဘောဒီးယား ဆန်ကုမ္ပဏီများ ပါဝင်ပြသမည်

          ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) မှ ဥက္ကဋ္ဌ Lay Chhun Hour ဦးဆောင် လျက် CRF အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (ARDB) မှ ကိုယ်စား လှယ်များနှင့် Khmer Enterprise (KE) တို့မှလုပ်ငန်းရှင်များ ပါဝင်သောအဖွဲ့သည် အောက်တိုဘာ ၄ ရက်မှ ၈ ရက်နေ့အထိ ဂျာမနီနိုင်ငံ Cologne မြို့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ စားသောက် ကုန် လုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ ANUGA 2025 သို့ သွားရောက်ပါဝင်ပြသမည်ဖြစ်သည်။

          CRF ၏ သတင်းထုတ်ပြန်ချက်အရ ကိုယ်စားလှယ်အဖွဲ့တွင် CRF အဖွဲ့ဝင် ဆန်တင်ပို့ ရောင်းချသည့် ကုမ္ပဏီ ၁၃ ခု အပါအဝင် အဖွဲ့အစည်း ၁၆ ခုမှ ကမ္ဘောဒီးယား ကိုယ်စားလှယ် ၄၅ ဦး ပါဝင်မည်ဖြစ်ပြီး ARDB နှင့် KE တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်သည်။

          ကမ္ဘောဒီးယားသည် အဆိုပါပွဲသို့ ၂၀၂၃ ခုနှစ်တွင်လည်း တက်ရောက်ခဲ့ပြီး ယခု ဒုတိယ အကြိမ်မြောက် တက်ရောက်ခြင်းဖြစ်သည်။ CRF သည် ယခုနှစ် ပြပွဲကျင်းပသော Koelnmesse Exhibition Center ရှိ ခန်းမအမှတ် Hall 2.1 တွင် ၉၆ စတုရန်းမီတာ အကျယ်အဝန်းရှိသော  ကမ္ဘောဒီးယားနိုင်ငံပြခန်းကို လှပသောဒီဇိုင်းများဖြင့် စီစဉ်ထားရှိခဲ့သည်။ အဆိုပါပြပွဲ၌ ၎င်းတို့၏ ပူးပေါင်းပါဝင်မှုကို ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပံ့ပိုးပေး ခြင်းဖြစ်ပါသည်။

          ANUGA ကုန်စည်ပြပွဲကို ၁၉၁၉ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းမှ ကျွမ်းကျင်သူများနှင့် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသူများအတွက် အဓိက ကျသည့် ကမ္ဘာလုံးဆိုင်ရာ စင်္ကြန်တစ်ခုအဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။

          အဆိုပါပြပွဲ၏ Eurofine Rice Conference 2025 ညီလာခံဆွေးနွေးပွဲ အစီအစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးကဏ္ဍ တိုးတက်မှုအကြောင်းကို Mr. Chun Hour က ရှင်းလင်း တင်ပြမည်ဖြစ်သည်။ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့သော ဆန်စပါးထုတ်လုပ်မှုစင်္ကြန် (Sustainable Rice Platform (SRP) Global) ဆွေးနွေးပွဲအစီအစဉ်သို့လည်း တက်ရောက်မည် ဖြစ်ပြီး ကမ္ဘောဒီးယား၏ ရေရှည်တည်တံ့သော ဆန်စပါးထုတ်လုပ်မှု  ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် များကို ဆွေးနွေးမည်ဖြစ်သည်။ ထို့အပြင် ကိုယ်စားလှယ်အဖွဲ့သည် အီတလီနိုင်ငံ၊ မီလန်မြို့တွင် ရုံးစိုက်သည့် ဥရောပ၏ အကြီးဆုံး ဆန်တင်သွင်းသူနှင့် ဖြန့်ဖြူးသူများအနက် တစ်ခုအပါအဝင်ဖြစ် ‌သော Euricom ကုမ္ပဏီနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ဆန် ၄၇၂,၈၀၃ တန်ကို နိုင်ငံများနှင့် နယ်မြေဒေသပေါင်း ၆၆ ခုသို့ တင်ပို့ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၃၄၈ ဒသမ ၁၈ သန်း ဝင်ငွေ ရရှိခဲ့ကြောင်း CRF ၏ အဆိုအရ သိရသည်။ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ် ပါက ပို့ကုန်ပမာဏအရ ၁၄ ဒသမ ၇၅ ရာခိုင်နှုန်း (၄၁၂၀၂၃ တန်) တိုးတက်လာပြီး ဝင်ငွေအရ ၁၄ ဒသမ ၁ ရာခိုင်နှုန်း (ဒေါ်လာ ၃၀၅.၁၅ သန်း) တိုးတက်ခဲ့ကြောင်း သိရပါသည်။

          လွန်ခဲ့သည့် ရှစ်လအတွင်း ကမ္ဘောဒီးယားသည် အိမ်နီးချင်းနိုင်ငံများသို့ ဆန် ၈၄၈,၈၃၅ တန် တင်ပို့လျက် ဝင်ငွေ ဒေါ်လာ ၁၁၄ ဒသမ ၂၅ သန်း ရရှိခဲ့ရာ ယခင်နှစ် အလားတူကာလတွင် တန်ဖိုး  ‌ဒေါ်လာ ၉၁.၁၆ သန်းရှိသော ဆန် ၃၃၁,၅၉၂ တန် တင်ပို့ခဲ့မှုထက် ပိုမိုလျက် စံချိန်တင် ရရှိခဲ့ကြောင်း သိရပါသည်။

Source: Phnom Penh Post , 26 September 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်ဈေးကွက်တည်ငြိမ်ရေး ဆောင်ရွက်မည့်အစီအမံများ ဗီယက်နမ်အစိုးရ ချမှတ်

          ဗီယက်နမ်နိုင်ငံ၌ ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်စေရေးနှင့် ပြည်ပသို့တိုးချဲ့တင်ပို့နိုင် ရေးအတွက် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးမှုများ၊ ဈေးကွက်ထိန်းကျောင်းခြင်းနှင့် အမှတ်တံဆိပ်အရောင်းမြှင့်တင်ခြင်း စသည့် အစီအမံအသစ်များ ပါဝင်သော ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်းသိရှိရပါသည်။

          အဆိုပါ အစီအမံများကို အကောင်အထည်ဖော်ဆောင်ရန်အတွက် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနက ဦးစီးဌာနများအလိုက် သီးခြားတာဝန်အသီးသီးကို ခွဲဝေသတ်မှတ်ပေးထားရာ  ကုန်သွယ်မှု မူဝါဒဦးစီးဌာနသည် ပို့ကုန်အလားအလာတိုးမြှင့်ရရှိစေရန် ရည်ရွယ်လျက် ဥရောပ သမဂ္ဂနှင့် ဗြိတိန် ဈေးကွက်များသို့ ရနံ့မွှေးဆန်တင်ပို့ရာတွင် အကောက်ခွန်နှုန်းထား လျှော့ချ တင်သွင်းခွင့်ခွဲတမ်းကို ပိုမိုတိုးချဲ့ရရှိအောင် ညှိနှိုင်းဆွေးနွေးမှုများ ဦးဆောင်ပြုလုပ်ရမည် ဖြစ်ပါ သည်။

          နိုင်ငံခြားဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနသည် ပြည်ပမှဆန်တင်သွင်းမှု မူဝါဒများကို  ထိန်းကျောင်းရန်နှင့် ပြည်တွင်းထုတ်လုပ်သူများနှင့် တင်ပို့သူများသို့ နောက်ဆုံးရ သတင်းအချက် အလက်များကို အချိန်မီပံ့ပိုးပေးရမည်ဖြစ်သည်။ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အနေဖြင့် လူကိုယ်တိုင်နှင့် အွန်လိုင်းဈေးကွက် လှုပ်ရှားမှု အစီအစဉ်များအားပေါင်းစပ်၍ ဗီယက်နမ်ဆန်အား အရောင်းမြှင့်တင်ခြင်းကို အလေးပေး ဆောင်ရွက်ရမည်ဖြစ်ပါသည်။

          ပို့ကုန်သွင်းကုန်ဦးစီးဌာနသည် ဥရောပသမဂ္ဂ၊ တောင်ကိုရီးယားနှင့် မြောက်အမေရိက တို့ ကဲ့သို့သော ဈေးကွက်အသစ်များသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ဆန်တင်ပို့မှုဈေးကွက်ဖွံ့ဖြိုးရေး မဟာဗျူဟာ ကို ၂၀၃၀ ပြည့်နှစ်တိုင်အောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနသည် စားသုံးသူများအား ကာကွယ်‌ပေးရန်အတွက် ကုန်သွယ်မှုလိမ်လည်မှုများအား တိုက်ဖျက်ရန်နှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

          အဆိုပါ အစီအမံများအပြင် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်အရည်အသွေးနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ရန်၊ နိုင်ငံတကာဈေးကွက် လိုလားချက်နှင့်အညီ စီးပွားရေးအစီအမံများကို ကြိုတင်မျှော်တွေးလျက် ချိန်ညှိလုပ်ကိုင်သွားရန်၊ သမားရိုးကျဝယ်ယူသူများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဈေးကွက် အသစ်များရရှိနိုင်ရန်အတွက် ဗီယက်နမ်ဆန်၏ အမှတ်တံဆိပ်ခိုင်မာမှုနှင့် ကုန်ထုတ်လုပ်နိုင်စွမ်း တိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

Source : Saigon Giai Phong News, September 25, 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထုတ်လုပ်မှုနှင့် တင်ပို့မှု ကွာဟချက်အရ မလေးရှား၏ စားအုန်းဆီလက်ကျန် ကျဆင်းဖွယ်ရှိ

          ရာသီအလိုက် စားအုန်းဆီထုတ်လုပ်မှု နှေးကွေးကျဆင်းခြင်းသည် ပွဲတော်ရာသီကာလ ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် တင်ပို့မှုများ မြင့်တက်လာချိန်နှင့် တိုက်ဆိုင်နေမှုအရ မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်များသည် လာမည့်လများအတွင်း ကျဆင်းလျက် နှစ်ကုန် ဆုံးချိန်၌ လက်ကျန်တန်ချိန် ၁.၇ သန်း ဝန်းကျင်ခန့်ရှိမည်ဟု စားအုန်းဆီ ကြီးကြပ်မှု အာဏာပိုင်က ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖော်ပြ ပါသည်။

          အင်ဒိုနီးရှား၏နောက်၌ ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံ တွင် ဆီလက်ကျန်ပမာဏများ ကျဆင်းဖွယ်ရှိခြင်းက မကြာသေးမီကာလအတွင်း ပြိုင်ဘက် ပဲပုပ်ဆီများ၏ စျေးနှုန်းသက်သာဖြင့် ပေးသွင်းနိုင်မှုကြောင့် ဖိအားများအောက်၌ ရှိနေခဲ့သော စားအုန်းဆီ၏ စံပြုကြိုပွိုင့်ဈေးနှုန်းများကို ခိုင်မာအောင် ပံ့ပိုးပေးနိုင်ခြေရှိသည်။

          စားအုန်းဆီ ထုတ်လုပ်မှုသည် တဖြည်းဖြည်းကျဆင်းလျက်ရှိပြီး ပွဲတော်ရာသီ ဝယ်လိုအား ကြောင့် လာမည့်လများတွင် တင်ပို့မှုတိုးတက်လာမည်ဟု မျှော်လင့်ထားကြောင်း မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) မှ ညွှန်ကြားရေးမှူးချုပ် Mr. Ahmad Parveez Ghulam Kadir က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

          မလေးရှား၏ စားအုန်းဆီ ထုတ်လုပ်မှုသည် ပုံမှန်အားဖြင့် စက်တင်ဘာလ၌ အားကောင်း ပြီးနောက် နှစ်ကုန်ဆုံးချိန်တိုင်အောင် တဖြည်းဖြည်း ကျဆင်းသွားလေ့ရှိသည်။ စားအုန်းဆီ လပိတ် လက်ကျန်ပမာဏသည် သြဂုတ်လတွင် ၄.၁၈ ရာခိုင်နှုန်း မြင့်တက်လျက် တန်ချိန် ၂.၂ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း အမြင့်ဆုံးလက်ကျန်ပမာဏဖြစ်ကြောင်း MPOB ၏ အချက်အလက်များအရ သိရသည်။

          မကြာသေးမီ ရက်သတ္တပတ်များအတွင်း၌ ပဲပုပ်ဆီဈေးနှုန်းများ သိသိသာသာကျဆင်းခဲ့ရာ စားအုန်းဆီကို ဈေးနှုန်းပိုမိုမြင့်မားမှု ဖြစ်စေပြီး ဖိအားများအောက်တွင် ရောက်ရှိနေစေခဲ့သည်။ ယင်းအခြေအနေက စားအုန်းဆီ ထိပ်တန်းဝယ်ယူတင်သွင်းသည့် အိန္ဒိယနိုင်ငံ အနေဖြင့် ရှေ့လာ မည့် လများအတွက် ပဲပုပ်ဆီ တိုးမြှင့်ဝယ်ယူမှုကို တွန်းအားပေးခဲ့သည်။

          သို့သော် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ ရောင်းလိုအားသည် မသေချာ မရေရာသည့် အခြေအနေများ ရှိနေခြင်းကြောင့် စားအုန်းဆီဈေးနှုန်းသည် လာမည့်လများတွင် ဆက်လက် တည်ငြိမ်နိုင်ဖွယ်ရှိသည်ဟု Mr. Kadir က ပြောကြားသည်။ စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောစပ် အသုံးပြုမည့် ဇီဝဒီဇယ်အစီအစဉ် (B50) အား အကောင်အထည်ဖော်မှုနှင့် ဆီအုန်းစိုက်ခင်းများကို အစိုးရက သိမ်းယူခြင်းတို့သည် အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှုအပေါ် ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းက ပြောဆိုသည်။

          အင်ဒိုနီးရှားအစိုးရသည် လက်ရှိကာလ၌ ဇီဝဒီဇယ်ထုတ်လုပ်မှုတွင် စားအုန်းဆီ ၄၀ ရာခိုင် နှုန်း ပါဝင်ရောစပ်သုံးစွဲရန် ပြဋ္ဌာန်းထားပြီး လာမည့်နှစ်မှ စတင်၍ ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင် ဆောင်ရွက်ရန် စီစဉ်နေသည်။ ထို့အပြင် ဆီအုန်းစိုက်ခင်း ၆၇၄၁၇၈ ဟက်တာ (ဧက ၁.၇ သန်း) ကို နိုင်ငံပိုင် ဆီအုန်းလုပ်ငန်းကုမ္ပဏီဖြစ်သော Agrinas Palma Nusantara ထံ ယခုလ အစောပိုင်း ၌ လွှဲပြောင်းပေးအပ်ခဲ့ရာ ၎င်းထံသို့ လုပ်ကိုင်ခွင့်ပေးအပ်ခဲ့သော ဧရိယာ စုစုပေါင်းမှာ ဟက်တာ ၁.၅ သန်း (ဧက ၃.၇ သန်း) ရှိပြီကြောင်း သိရှိရပါသည်။

          မလေးရှားတွင် ဆီအုန်းပင် ပြန်လည်စိုက်ပျိုးခြင်းသည် နှေးကွေးလျက်ရှိရာ အဆိုပါ ကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် ယခုနှစ်၌ ရင်းဂစ် သန်း ၁၀၀ ခွဲဝေသုံးစွဲရာမှ ၂၀၂၆ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ရင်းဂစ် ၂၈၀ သန်းအထိ တိုးမြှင့်ခွဲဝေသုံးစွဲရန် MPOB ကတိုက်တွန်းထားသည်ဟု Mr. Kadir ကပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 29th Sep 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုအပေါ် မှတ်ပုံတင်ကြေး တစ်တန်လျှင် ရှစ်ရူပီးနှုန်း အိန္ဒိယ အစိုးရ စည်းကြပ်မည်

          ပြည်ပသို့ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့ရာတွင် ကုန်အရောင်းစာချုပ်များကို မဖြစ်မနေ မှတ်ပုံတင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ ဆန်မျိုးများကို အိန္ဒိယ၏ ထုတ်ကုန် အမှတ်တံဆိပ်တစ်ခုအဖြစ် မြှင့်တင်နိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ဆန်ပို့ကုန် တစ်တန်လျှင် ၈ ရူပီးနှုန်းဖြင့် မှတ်ပုံတင်ကြေး စည်းကြပ်ကောက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

          လက်ရှိကာလတွင် ဘာစမာတီမဟုတ်သော ဆန်မျိုးကွဲများစွာကို ကုန်အမှတ်တံဆိပ် မပါပဲ ဝမ်းပုံစနစ်ဖြင့် တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများ၌ တင်သွင်းသူများက ပြန်လည်ထုပ်ပိုး၍ လက်လီ ရောင်းချလျက်ရှိရာ အိန္ဒိယဆန်မျိုးများမှာ ကိုယ်ပိုင်အမှတ်လက္ခဏာ ဆုံးရှုံးလျက်ရှိသည်။

          မကြာသေးမီက မှတ်ပုံတင်ကြေး တိုးမြှင့်ကောက်ခံမှုကို ကြုံတွေ့ခဲ့ရသော ဘာစမာတီဆန် တင်ပို့သည့် လုပ်ငန်းနယ်ပယ်နှင့် ကွဲပြားခြားနားလျက် ဘာစမာတီမဟုတ်သောဆန်များ တင်ပို့မှု ပြုသည့် ပို့ကုန်လုပ်ငန်းရှင် အသင်းအဖွဲ့ ၃ ခုလုံးက အစိုးရ၏ ယခုကဲ့သို့လုပ်ဆောင်ချက်အပေါ် ထောက်ခံအားပေးခဲ့ကြပြီး သိသာထင်ရှားသော အကျိုးရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့် လျက်ရှိကြသည်။

          ချတ္တီဂါပြည်နယ်ရှိ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း (TREACG) မှ ဥက္ကဋ္ဌ Mukesh Jain က လုပ်ငန်းနယ်ပယ်ရှိ သက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုအဆင့်တွင် အဆိုပါ ဆုံးဖြတ်ချက် ကို တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အရောင်းစာချုပ်များ မှတ်ပုံတင်ရမည့် အစီ အစဉ်ကို စက်တင်ဘာ ၂၄ ရက်၌ ထုတ်ပြန်ကြေညာခြင်းမပြုမီ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့သည့် ကုန်သည်အသင်း ၃ ခုလုံးက ထောက်ခံခဲ့ကြကြောင်း ပြောဆိုခဲ့သည်။

          မကြာသေးမီက လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် ဘာစမာတီဆန် အရောင်းစာချုပ်များ မှတ်ပုံတင် ကြေးကို ဆန်တစ်တန်လျှင် ရူပီး ၃၀ နှုန်း ကောက်ခံရာမှ ရူပီး ၇၀ နှုန်းသို့ မြှင့်တင်ခဲ့သည်။ ထိုကဲ့သို့ နှုန်းထားမြင့်မားစွာ တိုးမြှင့်ခြင်းအပေါ် ၎င်းတို့အနေဖြင့် သီးသန့်တောင်းဆိုပိုင်ခွင့်ရှိကြောင်း ဖော် ပြလျက် ဟာရီယာနာပြည်နယ်အခြေစိုက် ဆန်တင်ပို့သူများက ကန့်ကွက်ခဲ့ကြသည်။ သို့သော် မူလက ဆန်တစ်တန်လျှင် ရူပီး ၁၀၀ နှုန်းအထိတိုးမြှင့်ရန် အဆိုပြုခဲ့သည့် ယခုကဲ့သို့ မှတ်ပုံတင် ကြေး တိုးမြှင့်မှုအပေါ် မည်သည့် ဘာစမာတီဆန်တင်ပို့သူကမျှ သီးသန့်အခွင့်အ‌ရေး တောင်းဆို ခြင်း မရှိကြောင်း တရားဝင်သတင်းအမြစ်များက ပြောဆိုထားကြသည်။

          ဘာစမာတီဆန် လုပ်ငန်းနယ်ပယ်၌ စာချုပ်မှတ်ပုံတင်ခြင်းကို ကာလကြာမြင့်စွာကပင် လုပ်ဆောင်လာခဲ့ခြင်းဖြစ်၍ ယခုကဲ့သို့ လုပ်ဆောင်မှုသည် APEDA အာဏာပိုင်အဖွဲ့အတွက် ဘာစမာတီမဟုတ်သောဆန်နှင့်ပတ်သက်သည့် အချို့သော အချက်အလက်များကို ရရှိစေနိုင်မည် ဖြစ်ကြောင်း၊ APEDA သည် စာချုပ်မှတ်ပုံတင်လုပ်ငန်းမှတစ်ဆင့် မည်သည့် ဝယ်လက်နိုင်ငံများသို့ ကုန်စည်မည်မျှ ထွက်ရှိသည်ကို ခြေရာခံနိုင်မည်ဖြစ်ကြောင်း၊ ပေးပို့တင်ပြလာသည့် ကုန်အရောင်း စာချုပ်များကို အလွန်လျင်မြန်စွာ အတည်ပြုပေးနိုင်သည်နှင့်အမျှ ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုအတွက် ယခုစနစ်သည် ကောင်းမွန်မှုရှိကြောင်း၊ ၎င်းအာဏာပိုင်အဖွဲ့ အနေဖြင့် ကောက်ခံ ရရှိသော မှတ်ပုံတင်ကြေးငွေများကို ဘာစမာတီမဟုတ်သောဆန် တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ် ဆောင်ရာ၌ အသုံးပြုရန် ရည်ရွယ်ထားသဖြင့် ယခုလုပ်ဆောင်ချက်မှာ ကြိုဆိုရမည့် အဆင့် တစ်ရပ်ပင်ဖြစ်ကြောင်း စသည်ဖြင့် ဆန်တင်ပို့သူများအသင်း (TREA) ၏ ဥက္ကဋ္ဌ BV Krishna Rao က ပြောကြားခဲ့သည်။

          အိန္ဒိယ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းချုပ် (IREF) ၏ ဥက္ကဋ္ဌ Prem Garg ကလည်း ဘာစမာတီမဟုတ်သောဆန် အရောင်းစာချုပ်များ မှတ်ပုံတင်ရန် အစပြုဆောင်ရွက်ချက်သည် တိုးတက်မှု အဆင့်တစ်ရပ်ဖြစ်ပြီး ကြိုဆိုလက်ခံရမည်ဖြစ်ကြောင်း၊ APEDA ၏ ယခုစနစ်ကို အကောင်အထည်ဖော်ဆောင်မှုနှင့်အတူ ပို့ကုန်လုပ်ငန်းရှင်များသည် တစ်တန်လျှင် ၈ ရူပီးနှုန်း ပေးဆောင်လျက် အင်တာနက်ကွန်ရက်မှတစ်ဆင့် မှတ်ပုံတင်လက်မှတ် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းနှုန်းထားသည် ဝန်ထုပ်ဝန်ပိုး မဖြစ်စေပဲ ကမ္ဘာ့ဈေးကွက်၌ အိန္ဒိယဆန်များဝင်ရောက်မှုကို မြှင့်တင်ရာတွင် သုံးစွဲမည့် ဆန်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေသို့ ထည့်ဝင်မှုဖြစ်စေမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

          Mr. Garg ၏ အဆိုအရ ၎င်းစနစ်သည် အမှန်တကယ်တင်ပို့သော ဆန်ပမာဏကို ထိန်းချုပ် မှုနှင့် စောင့်ကြည့်ကြပ်မတ်မှုတွင် ပိုမိုကောင်းမွန်အောင် အထောက်အပံ့ပြုမည်ဖြစ်ပြီး ဘက်စုံ လွှမ်းခြုံမှုရှိသည့် ပို့ကုန်ဈေးကွက်ဆိုင်ရာ အချက်အလက်စနစ်ကိုလည်း ဖန်တီးပေးစွမ်းနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ပွင့်လင်းမြင်သာမှုရှိခြင်းက အိန္ဒိယ၏ ဆန်ကုန်သွယ်မှုအပေါ် ယုံကြည်လက်ခံ နိုင်စွမ်းကို ကောင်းမွန်စေသည့်အပြင် မူဝါဒချမှတ်ဆောင်ရွက်ရာတွင်လည်း ခိုင်မာသည့် အခြေခံ အချက်များကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

          ဆန်ကုန်သွယ်ရောင်းဝယ်ရာတွင် ရောင်းသူ သို့မဟုတ် ဝယ်သူဘက်မှ လုပ်ဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းတို့ ဖြစ်ပေါ်ပါက ဖြေရှင်းပေး နိုင်ရေးအတွက် သက်ဆိုင်သူများအနေဖြင့် မှတ်ပုံတင်ထားသည့် မှတ်တမ်းမှတ်ရာများနှင့်အတူ IREF အသင်းသို့ ချဉ်းကပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ပို့ကုန်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်အတွက် ထိုကဲ့သို့သော အမှုကိစ္စများ ပေါ်ပေါက်လာပါက IREF သည် APEDA အာဏာပိုင်အဖွဲ့နှင့်အတူ ဖြေရှင်းဆောင်ရွက်မည်ဖြစ်သည်။

          IREF အသင်းချုပ်၏ တောင်းဆိုမှုအရ ညွှန်ကြားချက်အပေါ် လိုက်နာဆောင်ရွက်မှု လွယ် ကူချောမွေ့စေရေးနှင့် ပိုမိုကျယ်ပြန့်စွာ ပါဝင်လုပ်ဆောင်လာစေရေးအတွက် APEDA အာဏာပိုင် အဖွဲ့သည် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အသစ်နှင့် စပ်လျဉ်း၍ ပို့ကုန်လုပ်ငန်းရှင်များကို လမ်းညွှန် ပြသပေးမည့် အသိပညာပေး ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 25 Sept 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ