ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယား၊ တရုတ်နှင့် တရုတ်ထိပ်တန်း ခရီးသွားကုမ္ပဏီများသည် တရုတ်ခရီးသွားလုပ်ငန်း နှင့် လေကြောင်းဆက်သွယ်မှု မြှင့်တင်ရန် ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

          ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် ပြည်သူများချိတ်ဆက်မှု တိုးမြှင့်ရေးဆိုင်ရာ နည်းလမ်းများကို အဓိကထား၍ ၁၅-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန၊ ဝန်ကြီး Huot Hak က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wenbin ၊  Jiangsu ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန ဒုတိယဥက္ကဌ Li Chuan၊  ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန ဒုတိယဥက္ကဌ Gou Kaibo၊  China Tourism Group Travel Services Corporation Limited (CTG Travel)၏ အထွေထွေမန်နေဂျာ Zheng Lijuan၊  ယူနန်ပြည်နယ် ရုပ်မြင်သံကြားနှင့် ရေဒီယိုစခန်း၏ ဒုတိယဥက္ကဌ Zhang Ying၊  Spring Airlines ၏ဒုတိယဥက္ကဌ Zhang Wu'an၊  ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ခေါင်းဆောင်များ၊ ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး ဘုတ်အဖွဲ့နှင့် ကမ္ဘောဒီးယား ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ ဝန်ကြီး Huot Hak က Siem Reap နှင့် Preah Sihanouk ကဲ့သို့သော ကမ္ဘောဒီးယားနိုင်ငံ အဓိကနေရာများသို့ ပျံသန်းပြေးဆွဲနေသော Jiangsu၊ Yunnan နှင့် အခြားသောပြည်နယ်များမှ လေကြောင်းလိုင်းများ ပိုမိုပံ့ပိုးကူညီရန်၊ ပြည်နယ်ခရီးသွားလုပ်ငန်းဌာနများနှင့်တရုတ်ပုဂ္ဂလိကကုမ္ပဏီများအား ဆက်သွယ်ရေးနှင့် ခရီးသွားလာမှုလွယ်ကူစေရန်အတွက် တိုက်တွန်းခဲ့သည်။ ဝန်ကြီးက တရုတ်ပုဂ္ဂလိက ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုကို ကြိုဆိုပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် အခြားအလားအလာရှိသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ငန်းခွဲများကို ပေါင်းစည်းရန် ဆက်လက်တိုက်တွန်းခဲ့သည်။  အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ခရီးသွားလာရေးမြှင့်တင်ရေးနှင့် လေကြောင်းဆက်သွယ်မှုမြှင့်တင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည့် အချက်များကို နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြ သည်။  အဆိုပါ အစီအမံများသည် ကမ္ဘောဒီးယား-တရုတ် ခရီးသွားလာရေးကို တိုးမြင့်လာစေပြီး နှစ်နိုင်ငံနှင့် ပြင်ပမှခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်စေရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

CDC သည် ၁၉၉၄ ခုနှစ်မှစတင်၍ ကန်ဒေါ်လာ ၃၈၀ သန်း တန်ဖိုးရှိသော French QIPs ၄၄ ခုကို အတည်ပြုခဲ့

            ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် ပြင်သစ်ကုမ္ပဏီများထံမှ အရည်အချင်းပြည့်မီသော ရင်းနှီးမြှုပ်နှံမှုပရောဂျက် (QIPs) ၄၄ ခုကို အတည်ပြုခဲ့ပြီး ၁၉၉၄ ခုနှစ်မှစတင်ကာ စုစုပေါင်းဒေါ်လာ သန်း ၃၈၀ ရှိခဲ့သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် နည်းပညာ၊ အသိပညာ၊ ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုစိတ်ဓာတ်များ လွှဲပြောင်းပေးခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အထောက်အကူ ဖြစ်စေခဲ့သည်။ CDC ၏ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အတွင်းရေးမှူး Nut-Un Voanra မှ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး François Corbin ဦးဆောင်သော ပြင်သစ် ကိုယ်စားလှယ်အဖွဲ့နှင့် CDC ရုံးချုပ်၌ တွေ့ဆုံစဉ် ယင်းအချက်အား မျှဝေခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် Voanra သည် ကမ္ဘောဒီးယား၏ လူမှုစီးပွားတိုးတက်မှုကို ပိုမိုနက်ရှိုင်းစွာ ထိုးထွင်းသိမြင်နိုင်စေရန် ရည်ရွယ်သည့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ကြိုဆိုကြောင်း၊  ကမ္ဘောဒီးယား-ပြင်သစ်စီးပွားရေးဖိုရမ်၏ အောင်မြင်သောရလဒ်များနှင့် CDC ဒုတိယဥက္ကဌ (၁) Sun Chanthol နှင့် Corbin တို့အကြား နှစ်နိုင်ငံခေါင်းဆောင်များ၏တွေ့ဆုံမှုကိုများကို ပြောကြားခဲ့သည်။ Voanra သည် ကမ္ဘောဒီးယား၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးခရီးတွင် ဆက်လက်ပံ့ပိုးပေးမှုအတွက် ပြင်သစ်အစိုးရနှင့် ပြင်သစ်ပုဂ္ဂလိကလုပ်ငန်းများကို ကျေးဇူးတင်ရှိ ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် Corbin က ကမ္ဘောဒီးယားနိုင်ငံ၏ လျင်မြန်သောဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးခဲ့ပြီး အစိုးရ၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ခုနှစ်တွင် အလယ်အလတ်ဝင်ငွေအဆင့်နှင့် ၂၀၅၀ ခုနှစ်တွင် ဝင်ငွေမြင့်မားသောနိုင်ငံ အဆင့်သို့ရောက်ရှိရန် အစိုးရ၏ရည်မှန်းချက်ကို ချီးကျူးခဲ့သည်။ ကမ္ဘောဒီးယား၏ ကြီးထွားလာသော နိုင်ငံတကာဂုဏ်သတင်းနှင့် မူဝါဒ၊ စီးပွားရေး၊ လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုစသည့် နယ်ပယ် များတွင် နှစ်နိုင်ငံနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော ကတိကဝတ် များပြုခဲ့ပြီး လာမည့်နှစ်တွင် Siem Reap ပြည်နယ်၌ ကျင်းပမည့် ၂၀ ကြိမ်မြောက် Francophonie Summit ကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)      

AFD သည် ကမ္ဘောဒီးယား၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီးစဉ်ကိုပံ့ပိုးပေး

          ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (Agence Française de Développement-AFD) သည် ၎င်း၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း ၁၅-၉-၂၀၂၅ ရက်နေ့တွင် ဖနွမ်းပင်မြို့ရှိ MPTC ရုံးချုပ်၌ AFD မှ ညွှန်ကြားရေးမှူး Sandrine Boucher နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၊ စာတိုက်နှင့် ကြေးနန်း (MPTC) ဝန်ကြီး Chea Vandeth တို့တွေ့ဆုံစဉ် AFD မှ ထုတ်ဖော်ပြောကြားခဲ့သည်။ တွေ့ဆုံစဉ် ဝန်ကြီးနှင့် AFD ဒါရိုက်တာတို့သည် ဉာဏ်ရည်တု(Ai)၊ သိပ္ပံဓာတ်ခွဲခန်း စီမံကိန်းနှင့် ဒစ်ဂျစ်တယ် အစိုးရ စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှု ပဏာမရလဒ်များကို ဆွေးနွေးခဲ့ကြသည်။ AFD သည် ဒစ်ဂျစ်တယ်ပရောဂျက်များမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီးကို ပံ့ပိုးပေးလျက်ရှိပြီး အခြေခံအဆောက်အအုံများ ခေတ်မီစေရန်နှင့် လုပ်ငန်းခွင်အတွင်း ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးပေးလျက်ရှိသည်။  ၂၀၂၄ ခုနှစ်တွင် AFD မှ ကျွမ်းကျင်သူများသည် အစိုးရ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် အဓိက စီမံကိန်း တစ်ခုဖြစ်သည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (FMIS) ကို အကဲဖြတ်ရန် စတင်ဆောင်ရွက်ခဲ့သည်။ AFD သည် အစိုးရ၏ ၀င်ငွေနှင့် အသုံးစရိတ်စီမံခန့်ခွဲမှု၏ ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည့် FMIS စီမံကိန်းသည် အများသူငှာဝန်ဆောင်မှုများ တိုးမြှင့်ရန်နှင့် ကမ္ဘောဒီးယား၏ ရေရှည်စီးပွားရေးရည်မှန်းချက်များ အောင်မြင်စေရန် ကူညီပေးရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)  

မြန်မာနှင့် ကာဇက်စတန်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့်  ရရှိလာနိုင်မည့် အခွင့်အလမ်းများ

    ကာဇက်စတန်နိုင်ငံဟာ အလယ်အာရှနဲ့ အရှေ့ဥရောပမှာ တည်ရှိပြီး   အာရှနဲ့ဥရောပတိုက် နှစ်ခုစလုံးတွင် ပါဝင်လျက်ရှိပါတယ်။ ကမ္ဘာပေါ်တွင် နဝမမြောက်အကြီးဆုံးနိုင်ငံဖြစ်ပြီး  အကြီး ဆုံးကုန်းတွင်း ပိတ်နိုင်ငံတစ်ခုဖြစ်ကာ   အနောက်ဥရောပထက်ပင် ဧရိယာပိုမိုကြီးမားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊  တာ့ခ်မင်နစ္စတန်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး မြို့တော်အမည်မှာ အက်စ်တာနာဖြစ်ကာ ယခင်မြို့တော်ဖြစ်တဲ့ အာမာတီမြို့မှ ၁၉၉၇ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပါတယ်။ ကာဇက်ဘာသာစကား အသုံးပြုပြီး   ရုရှားဘာသာစကားကိုလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲကြကာ ကာဇက်၊ ရုရှား၊ ယူကရိန်း၊ ဂျာမန်၊ ဥဇဘက်၊ တာတာနဲ့ ဝီဂါလူမျိုး တွေနေထိုင်ကြပါတယ်။  ဆိုဗီယက်ယူ နီယံပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ်  ဒီဇင်ဘာလ ၁၆ ရက်မှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီး ပထမဆုံး သမ္မတမှာ နူဆူလ်တန် နာဇာဘာယက်ဗ် (Nursultan Nazarbayev) ဖြစ်ပြီး ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိသမ္မတကတော့ ကာဆင်း တိုကာယဲ့ဗ် (Kassym Tokayev)ဖြစ်ပါတယ်။

          ကာဇက်စတန်နိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်လည်း     ၎င်းရဲ့ပထဝီ အနေအထား အရ ကုန်းလမ်းဆက်သွယ်ရေးမှာတော့ အလွန်အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ တရုတ်နိုင်ငံမှ ဥရောပ၊ ရုရှားနဲ့ အလယ်အာရှဒေသတွေကို ကုန်းလမ်း၊ ရထားလမ်းတွေနဲ့ ဆက်သွယ်ပေးနိုင်တဲ့ ဗဟိုချက်တစ်ခုဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ စက်မှုဇုန်တွေနဲ့ ဥရောပရှိစားသုံးသူဈေးကွက်တွေကို ရထားလမ်း၊ ကုန်းလမ်းကွန်ရက်ဖြင့် တိုက်ရိုက်ချိတ်ဆက်ပေးပါတယ်။ ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေထဲမှ တစ်ခုဖြစ်ပြီး ဥရောပနဲ့အာရှရဲ့စွမ်းအင် လုံခြုံ  ရေးအတွက် မရှိမဖြစ်အရေးပါတဲ့ပိုက်လိုင်း (Pipelines) တွေ တည်ရှိရာဒေသလည်းဖြစ်တယ်။

    မြန်မာနိုင်ငံနဲ့ ကာဇက်စတန်တို့ဟာ ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင်ပါက နှစ်နိုင်ငံစလုံးအတွက် အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ပါ တယ်။ ကာဇက်နိုင်ငံဟာ ယူရေးရှားကုန်းမြေကို   ဥရောပနဲ့ချိတ်ဆက်ပေးသလို မြန်မာနိုင်ငံဟာ လည်း  တရုတ်၊ အိန္ဒိယနဲ့တောင်အာရှကို အိန္ဒိယသမုဒ္ဒရာဖြင့် ချိတ်ဆက်ပေးပါတယ်။ ချိတ်ဆက် မှုတွေ ပိုမိုခိုင်မာလာပါက အာရှအလယ်ပိုင်းမှ အရှေ့တောင်အာရှသို့ ကုန်စည်များနဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ စီးဆင်းနိုင်တဲ့ ဒေသတွင်းလမ်းကြောင်းသစ်တစ်ခု    ပေါ်ပေါက်လာမှာဖြစ်တယ်။

စီးပွားရေးနှင့်ကုန်သွယ်ရေး အခွင့်အလမ်းများ

     ကာဇက်စတန်ဟာ ကမ္ဘာပေါ်မှာ ဧရိယာအကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်သော်လည်း သဘာဝသယံဇာတနဲ့ တွင်းထွက်ပစ္စည်းများ အလွန်ကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။  မြန်မာ နိုင်ငံအတွက် ကာဇက်စတန်မှ တင်သွင်းနိုင်တဲ့ အဓိကပစ္စည်းတွေကတော့ စွမ်းအင်နဲ့ တွင်းထွက် ပစ္စည်းတွေ၊ စိုက်ပျိုးရေးနည်းပညာ အပါအဝင်နည်းပညာတွေဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက် အထူးသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင်   ဖြည့်ဆည်း ပေးနိုင်တဲ့ အလားအလာတွေ ရှိပါတယ်။

     မြန်မာနိုင်ငံအနေနဲ့လည်း စိုက်ပျိုးရေးနဲ့ သယံဇာတအခြေခံကုန်ပစ္စည်းများ၊ ပင်လယ်ရေ ထွက်ပစ္စည်းများ ကြွယ်ဝတာကြောင့် ကာဇက်စတန်ဈေးကွက် ကိုတင်ပို့နိုင်တဲ့  အဓိကကုန်စည် များစွာရှိပါတယ်။  မြန်မာနိုင်ငံရဲ့ အထည်အလိပ်လုပ်ငန်းဟာလည်း  ဈေးနှုန်းသက်သာပြီး   အရည် အသွေးရှိတဲ့အတွက် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင်ဖြစ်တဲ့   ကာဇက်စတန်ရဲ့ ဈေး ကွက်ကို ထိုးဖောက်နိုင်ပါတယ်။ ကာဇက်စတန်ဟာ သတ္တုတူးဖော်ခြင်းနဲ့ သတ္တုသန့်စင်ခြင်း ကဏ္ဍတွေမှာ နှစ်ပေါင်းများစွာအတွေ့အကြုံနဲ့ ခေတ်မီနည်းပညာတွေပိုင်ဆိုင်ထားတယ်။ မြန်မာ နိုင်ငံအနေနဲ့ ကာဇက်စတန်ရဲ့ သတ္တုတူးဖော်ရေး၊ သန့်စင်ထုတ်လုပ်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ စံနှုန်းများနဲ့ နည်းပညာတွေရယူပြီး တွင်းထွက်ထုတ်လုပ်မှုကဏ္ဍကို ခေတ်မီတိုးတက် အောင် လုပ်ဆောင်နိုင်ပါတယ်။ နှစ်နိုင်ငံအကြားသဘာဝ သယံဇာတပစ္စည်းများ ဖလှယ်ခြင်း၊ စိုက်ပျိုးရေးနဲ့ စက်မှုကုန်စည်တွေ ကုန်သွယ်ခြင်း၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ချိတ် ဆက်ခြင်း၊  နည်းပညာနဲ့ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းတို့မှတစ်ဆင့် နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းနိုင်တဲ့   စီးပွားရေးအခွင့်အလမ်းများစွာရှိပါတယ်။

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ

    ကာဇက်စတန်နိုင်ငံဟာ   ၎င်းရဲ့ပထဝီ အနေအထားတည်ရှိမှုနဲ့ အဖိုးတန်တွင်း ထွက်သယံ ဇာတပစ္စည်းတွေ ကြွယ်ဝတဲ့အတွက်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အထူး သဖြင့် စွမ်းအင်လုံခြုံရေးအတွက် အရေးကြီးတဲ့ရေနံနဲ့သဘာဝဓာတ် ငွေ့တင်ပို့ရာ ကနေ နိုင်ငံခြား ဝင်ငွေများရရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင်  ယူရေနီယံနဲ့ အခြားတွင်း ထွက်သယံဇာတတွေကို ပြည်ပနိုင်ငံအများအပြားကို တင်ပို့ရောင်းချလျက်ရှိပါတယ်။ ယူရေနီယံကို ရုရှားနိုင်ငံသို့ တင်ပို့ ရောင်းချပြီးရေနံကိုတော့ တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့ရောင်းချကာနိုင်ငံခြား ဝင်ငွေတွေ ရရှိ နေတာလည်းဖြစ်တယ်။ ကာဇက်စတန်နိုင်ငံမှာ  ရုရှား၊  တရုတ်တို့အပြင် အမေရိကန် ၊  တောင်ကိုရီး ယား၊ ကာတာ၊ တူကီယဲနဲ့ အနောက်ဥရောပ နိုင်ငံအချို့လည်း ရင်းနှီးမြှုပ်နှံကြတယ်။ Astana International Financial Center (AIFC) ဟာလည်း National Digital Investment Platform ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို ကာဇက်စတန်ရဲ့ ကြီးမားတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး တစ်ခု ဖြစ်တာကိုတွေ့ရှိရတယ်။

          AIFC ဟာ ဗဟိုအာရှဒေသရဲ့ အဓိကဘဏ္ဍာရေး စင်တာကြီး တစ်ခုဖြစ်ပြီး  ဗဟိုအာရ ှဒေသအပြင် တရုတ်နိုင်ငံအနောက်ပိုင်းဒေသ၊ အရှေ့ဥရောပနဲ့   အရှေ့အလယ်ပိုင်းဒေသတို့ရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အလွန်အရေးပါလျက်ရှိပါတယ်။ ဒါကြောင့် ကာဇက် စတန်ဟာ  ၎င်းရဲ့တွင်းထွက်သယံဇာတများ တင်ပို့ရောင်းချလို့ ရရှိလာတဲ့နိုင်ငံခြားဝင်ငွေများကို ခေတ်မီဒစ်ဂျစ်တယ်နည်းပညာဖြင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်းများနဲ့ပေါင်းစပ်ကာ နိုင်ငံ၏ အနာဂတ်စီးပွားရေးကို ပုံဖော်နေတဲ့ ဗဟိုအာရှဒေသရဲ့စီးပွားရေးမှာ ဦးဆောင်နေတဲ့နိုင်ငံ လို့ပြောလို့ ရတယ်။

ကာဇက်စတန်ဟာ   နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကဏ္ဍစုံကနေ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် လမ်းဖွင့်ပေးထားလို့ မြန်မာနိုင်ငံအနေ နဲ့လည်း  စီးပွားရေး အရပူးပေါင်း ဆောင်ရွက်လို့ရတဲ့ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ လုံးဝသေချာနေတယ်။  ဒါ့ကြောင့်  နိုင်ငံတော် အကြီးအကဲရဲ့ ကာဇက်စတန်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ တဲ့ခရီးစဉ်မှာ  မြန်မာ-ကာဇက်စတန် နှစ်နိုင်ငံကြား စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ စွမ်းအင် ကဏ္ဍတွေမှာ  ရင်းနှီးမြှုပ်နှံပါက  နှစ်နိုင်ငံလုံးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ် လို့  ပြောခဲ့တာဖြစ်တယ်။ ကာဇက်စတန်နိုင်ငံကဲ့သို့ မြန်မာမှာလည်း တွင်းထွက် သယံဇာတများစွာ ထွက်ရှိတဲ့အတွက် သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ  ကာဇက်စတန်နိုင်ငံနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်တယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ်အစိုးရတစ်ရပ်အဖြစ် ကူးပြောင်းရန် အကောင်အထည်ဖော်နေတဲ့ မြန်မာအစိုးရအနေနဲ့ ဒစ်ဂျစ်တယ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းများ  ရှိနေတာကိုလည်း မြင်တွေ့ရတယ်။

ပထဝီအနေအထားအရ      ဗျူဟာမြောက်အချက်အချာကျမှု

     ကာဇက်စတန်နိုင်ငံဟာ ဆာဟတ်ဖို့ဒ် မက်ကင်ဒါ၏ “Heart Land Theory” အယူအဆ နယ်မြေတွင် ပါဝင်နေပြီး ယူရေးရှားဒေသ၏ အလယ်ဗဟိုချက်လည်း ဖြစ်ကာ   ကမ္ဘာ့အ‌ရှေ့ နဲ့  အနောက်ဒေသများအကြား ပေါင်းကူးတံတားသဖွယ်ဖြစ်နေတယ်။ ကာဇက်စတန်နိုင်ငံဟာ ကဏ္ဍပေါင်းစုံနိုင်ငံခြားရေး မူဝါဒကိုထောက်ခံပြီး အမေရိကန်၊ ဥရောပသမဂ္ဂ၊ ရုရှား၊ တရုတ် စတဲ့နိုင်ငံတို့နဲ့ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပြဿနာများ အထူးသဖြင့်  စွမ်းအင်နဲ့ပတ်သက်တဲ့ အရေးကြီးသော ချိတ်ဆက်မှုတစ်ခု အဖြစ် ရှိနေတယ်။ ခြုံငုံကြည့်လျှင် ကာဇက်စတန်ဟာ အနောက်နိုင်ငံတွေ၊ ရုရှားနဲ့ တရုတ် တို့ရဲ့  အကျိုးစီးပွားတွေအကြား     အင်အားချိန်ခွင်လျှာထိန်းသိမ်းရာမှာ ဘက်ပေါင်းစုံ ချိန်ညှိ နေရတဲ့ အခြေအနေမှာရှိနေတယ်။ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ ဗဟိုအာရှမူဝါဒကို ပြုပြင်ပြောင်းလဲဖို့  အရေးကြီးတဲ့အချက်ဖြစ်လာတာကြောင့် ကာဇက်စတန်အနေနဲ့ ဘက်စုံသုံး နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိသော်လည်း ၎င်းရဲ့အချုပ်အခြာအာဏာနဲ့ မဟာဗျူ ဟာမြောက် ပထဝီအနေအထားကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် ဝေးကွာလှတဲ့ အမေရိ ကန်၊ ဥရောပသမဂ္ဂတို့ထက်   အင်အားကြီး အိမ်နီးချင်းနှစ်နိုင်ငံ(ရုရှား၊ တရုတ်)တို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ့်  နည်းလမ်းသစ်တွေကို   ရှာဖွေလျက်ရှိပါတယ်။

ရရှိလာနိုင်မည့် အခွင့်အလမ်းများ

      ကာဇက်စတန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ မြန်မာနိုင်ငံအတွက် ရရှိလာနိုင်တဲ့ အခွင့်အလမ်းတွေရှုမြင်ရမယ်ဆိုလျှင် အခြေအနေအချို့နဲ့ ဆက်စပ်တွေးဆကြည့်ဖို့ လိုပါ မယ်။   အငယ်စား နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ရုရှား နိုင်ငံပိုင် ROSATOM ကုမ္ပဏီနဲ့ နီးကပ်စွာပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ မြန်မာအနေနဲ့ ကမ္ဘာ့နံပါတ်တစ် ယူရေနီယံထုတ်လုပ်သူ ကာဇက်စတန်နိုင်ငံရဲ့ မြို့တော် အက်စတာနာမှာ နိုင်ငံ့အကြီးအကဲနှစ်ဦး တွေ့ဆုံခဲ့မှုဟာ မိမိတို့နိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍ အဖြေရှာရေးအတွက် အထောက်အကူဖြစ်ပေးမယ့် အခွင့်အလမ်း တစ်ခုဖြစ်လာနိုင်သလို စီးပွားရေးနဲ့ အခြားနယ်ပယ် အသီးသီးတို့မှာလည်း အခွင့်အလမ်းတွေ ရှိလာနိုင်တယ်။

     အထူးအားဖြင့်  နျူကလီးယား စွမ်းအင်ကနေ တည်ငြိမ်တဲ့ လျှပ်စစ်ကိုထုတ်လုပ်တဲ့နေရာမှာ အဓိကလောင်စာဖြစ်တဲ့ ယူရေနီယံကြွယ်ဝမှုဟာ အဆိုပါနိုင်ငံမှာရှိတဲ့ အားသာချက်လို့ဆိုရမှာ ဖြစ်ကာ   နှစ်နိုင်ငံအကျိုးစီးပွားအပါအဝင် သဘောတူညီမှုတွေကနေ ကာဇက်စတန်နိုင်ငံနဲ့အကြား မိမိတို့နိုင်ငံအနေနဲ့ရယူ တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ရုရှားနဲ့ မြန်မာအကြား အငယ်စား နျူကလီး ယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး  ခြေလှမ်းများကိုပါ အထောက်အကူ ဖြစ်ပေးပြီး မြန်ဆန်စေလာနိုင်တယ်။ ဒါ့အပြင် မိမိတို့နိုင်ငံအနေနဲ့ ကာဇက်စတန်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းတွေ ဆက်လက် တည်ဆောက်သွားနိုင်မယ်ဆိုရင် ရုရှားဦးဆောင်တဲ့ ယူရေးရှားစီးပွားရေး ယူနီယန်(Eurasian Economic Union) မှာ တက်ကြွစွာပိုမိုပါဝင်လာနိုင်မယ့် ခြေလှမ်းတွေကနေ နိုင်ငံတကာစိန်ခေါ်မှုတွေကို ခံနိုင်ရည်ပိုမိုရှိလာနိုင်မယ့်အပြင်  နှစ်နိုင်ငံအကြားဆက်ဆံရေး အရ လည်း မိတ်ဖက်နိုင်ငံကောင်းတစ်ခုကို ဆက်လက်ရှာဖွေနိုင်မယ့် အနာဂတ်ခြေလှမ်းအတွက်ပါ အကျိုးများလာနိုင်ပါကြောင်း  ရေးသား တင်ပြလိုက်ရပါတယ်။  

Source: ခေတ်လူငယ်                                               

DOCA(ပြည်ထောင်စုနယ်မြေ)

ဖိလစ်ပိုင်၌ သဘာဝဘေးအန္တရာယ်များကြောင့် လယ်ယာကုန်ထုတ်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၄ သန်းခန့် ပျက်စီးဆုံးရှုံး

    ဖိလစ်ပိုင်နိုင်ငံကို ယခုလအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်း မီတက်ဂ်နှင့် စူပါတိုင်ဖွန်း  ရာဂါဆာတို့ကြောင့်  စိုက်ပျိုးရေးကဏ္ဍအတွက် ခန့်မှန်းခြေ ဖိလစ်ပိုင်ငွေ ပီဆို ၁ ဒသမ ၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ  ၂၄  သန်းခန့်)   ပျက်စီးဆုံးရှုံးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

     ဖိလစ်ပိုင်နိုင်ငံ၏    ဒေသကိုးခုတွင်    အဆိုပါ အင်အားပြင်းမုန်တိုင်းများကြောင့် လယ် မြေ  ၄၇၇၂၃ ဟက်တာပျက်စီးခဲ့ပြီး တောင်သူနှင့်   စိုက်ပျိုးရေးလုပ်သား ၅၅၅၉၅ ဦးခန့် ထိခိုက်ခဲ့ ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ပဏာမခန့်မှန်း ချက်များအရ ဆန်၊ ပြောင်း၊  တန်ဖိုးမြင့်သီးနှံများနှင့် မွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှု ၁၀၉၉၉၇ မက်ထရစ်တန် ဆုံးရှုံးခဲ့ကြောင်း   ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ထပ်လောင်းဖော်ပြသည်။

     မကြာသေးမီရက်များအတွင်းဖိလစ်ပိုင်အလယ်ပိုင်းရှိ   အဓိကစိုက်ပျိုးရေးဇုန်များကို   ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ပြင်းထန်သော အပူပိုင်းမုန်တိုင်း ဘူအလွိုင်(Bualoi)  ဒဏ်ခံရ သော  ဒေသများမှ ပျက်စီးဆုံးရှုံးမှုစာရင်းများကိုလည်း စိုက်ပျိုးရေးဌာနက ဆက်လက်စုဆောင်း နေသည်ဟု ဆိုသည်။

    သဘာဝဘေးအန္တရာယ်များဖြစ်သည့်   အပူပိုင်းမုန်တိုင်း မီတက်ဂ်၊ ရာဂါဆာနှင့် ဘူအလွိုင် သုံးခုတွင် အနည်းဆုံး  ၂၆  ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ်လျော့ပါးရေးနှင့်  စီမံခန့်ခွဲရေးကောင်စီက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

     ဖိလစ်ပိုင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ထောင်စုပေါင်း ၇၃၈၀၀၀ ကျော် (လူဦးရေ ၂ ဒသမ ၇၉ သန်းကျော် )     ထိခိုက်ခဲ့ ကြောင်း အဆိုပါကောင်စီက ထုတ်ပြန်ထားသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

 

နိုင်ငံ၏ စီးပွားရေးကို ပိုမိုကောင်းမွန်စေရန် မြှင့်တင်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

    ထိုင်းနိုင်ငံဝန်ကြီးချုပ် အနူတင်ချာဗီရာကူလ်က နိုင်ငံ၏ စီးပွားရေးကို ပိုမိုကောင်းမွန်စေရန် မြှင့်တင် သွားမည်ဖြစ်ကြောင်း ပါလီမန်၌ ကတိပြုပြောကြားသည်။ ၎င်းအစိုးရအဖွဲ့အနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အနူတင်က ပြောကြားသည်။ ထိုင်းစီးပွားရေးကို ပြန်လည်ရှင်သန်လာစေရန်ရည်ရွယ်ပြီး ပြည်သူများ ဝင်ငွေ ပိုမိုရရှိရန်နှင့် လူနေမှုစရိတ်မြင့်တက်မှုကို လျှော့ချပေးမည့် မူဝါဒများကို အကောင်အထည်ဖော်ရန်  ဝန်ကြီးချုပ် အနူတင်က ကတိပြုခဲ့သည်။

    နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအား ပစ်မှတ်ထား လိမ်လည်လှည့်ဖြားသည့် လုပ်ရပ်များကို ကာကွယ်တားဆီးခြင်းဖြင့် နိုင်ငံ၏ ခရီးသွား လုပ်ငန်းကို  ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

    ထို့ပြင်ဝန်ကြီးချုပ်အနူတင်က အဓိကဝန်ကြီးရာထူးနေရာများအတွက် အတွေ့အကြုံရင့် အစိုးရ အရာရှိများနှင့် စီးပွားရေးခေါင်းဆောင်များကို ခန့်အပ်ခဲ့ပြီး  ၎င်း၏ အစိုးရအဖွဲ့ရွေး ချယ်ခန့် အပ်မှုနှင့် မူဝါဒ မိန့်ခွန်းများက မတ်လ သို့မဟုတ် ဧပြီလတွင်ကျင်းပမည့် အထွေထွရွေး ကောက်ပွဲ မတိုင်မီ ပြည်သူများ၏ ယုံကြည်မှုကိုရရှိရန် အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် ထင်ဟပ်လျက်ရှိကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ                                                

DOCA(ပြည်ထောင်စုနယ်မြေ)

ဆီကြိတ်ပြီးဖွဲဖတ် တင်ပို့မှုတားမြစ်ချက် အိန္ဒိယအစိုးရ ပြန်လည်ရုတ်သိမ်း

 

          အိန္ဒိယနိုင်ငံ အနေဖြင့် ဆီကြိတ်ပြီးဖွဲဖတ်များ ပြည်ပသို့ တင်ပို့မှုအား ၂ နှစ်ကျော်ကြာ တားမြစ်ပိတ်ပင်ထားရှိခဲ့သည့် ကန့်သတ်ချက်များကို အောက်တိုဘာ ၃ ရက်နေ့တွင် ပြန်လည် ဖယ်ရှားလျက် လက်ငင်းအကျိုးသက်ရောက်မှု ရှိစေခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။

          ၂၀၂၃ ခုနှစ် ဇူလိုင်လ၌ ပိတ်ပင်မှုများ မချမှတ်မီက အိန္ဒိယသည် နှစ်စဉ် ရူပီး ၁၀ ဘီလီယံခန့် တန်ဖိုးရှိသော ဆီကြိတ်ပြီးဖွဲဖတ် တန်ချိန် ၅၀၀၀၀၀ ခန့်ကို အဓိကအားဖြင့် ဗီယက်နမ်၊ ထိုင်းနှင့် အခြားအာရှနိုင်ငံများသို့ တင်ပို့ခဲ့သည်။ ထိုကဲ့သို့ ပြည်ပသို့တင်ပို့မှု ပြန်လည်စတင်ခြင်းသည် မွေးမြူရေးလုပ်ငန်း အစားအစာအဖြစ် အသုံးပြုသည့် ဆီကြိတ်ပြီးဖွဲဖတ်နှင့် ဖွဲနုဆီ နှစ်မျိုးလုံး ထုတ်လုပ်မှုကို မြင့်မားလာစေမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြား ခဲ့သည်။

          အိန္ဒိယ ဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors' Association of India  ̶  SEA) ၏ အချက်အလက်များအရ  ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ ဆီကြိတ်ပြီးဖွဲဖတ် ဈေးနှုန်းသည် တစ်တန်လျှင် အိန္ဒိယ ရူပီး ၁၀၀၀၀ (၁၁၃ ဒေါ်လာ) ခန့်အထိ ထက်ဝက်ကျဆင်းခဲ့ကြောင်း သိရှိရ သည်။ ဆီကြိတ်ပြီးဖွဲဖတ် တင်ပို့မှုသည် အထူးသဖြင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ခြင်းနှင့် ဆီကြိတ်ထုတ်ယူခြင်းလုပ်ငန်းတို့ကို အကျိုးဖြစ်ထွန်းစေပြီး လယ်သမားများနှင့် ပြုပြင်ထုတ်လုပ်သူများ အနေဖြင့် ဘေးထွက်ပစ္စည်းဖြစ်သော ဖွဲနုမှ ထွက်ကုန်တန်ဖိုး ပိုမိုရရှိစေရန် အထောက်အကူဖြစ်စေသည်ဟု SEA ၏ အမှုဆောင် ဒါရိုက်တာ B.V. Mehta က ပြောကြားခဲ့သည်။

          ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီ တင်သွင်းသူဖြစ်သော အိန္ဒိယသည် မလေးရှား၊ အင်ဒိုနီးရှား၊ အာဂျင်တီးနား၊ ရုရှားနှင့် ယူကရိန်းတို့ ကဲ့သို့သော နိုင်ငံများမှ စားအုန်းဆီ၊ ပဲဆီနှင့် နေကြာဆီတို့ အပါအဝင် စားသုံးဆီများကို တင်သွင်းရလျက်ရှိသည်။

          ဆီကြိတ်ပြီးဖွဲဖတ် တင်ပို့မှု ပြန်လည်စတင်ခြင်းသည် ဖွဲနုမှ ဆီထုတ်ယူမှုကို အမြတ်အစွန်း ဖြစ်စေပြီး ဖွဲနုဆီထုတ်လုပ်ပေးသွင်းမှုကို မြှင့်တင်နိုင်သည့်အပြင် အိန္ဒိယ၏ ဆီတင်သွင်းရန် လိုအပ် ချက်ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း Mr. Mehta က ပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း Lucknow မြို့အခြေစိုက် ဆီစက်လုပ်ငန်းရှင် Ajay Jhunjhunwala ကလည်း ဆီကြိတ် ပြီးဖွဲဖတ် တင်ပို့မှုများသည် ဒေသတွင်း ဈေးနှုန်းများကို ပြန်လည်ကောင်းမွန်စေပြီး ဆန်စပါးလုပ်ငန်း နယ်ပယ် အတွက် ပိုလျှံနေသော ထုတ်ကုန်များကို တင်ပို့နိုင်စွမ်းရရှိစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Source: Reuters, 3 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဥရောပနိုင်ငံအချို့သို့ ဆန်တင်ပို့မှု ကြိုတင်စစ်ဆေးရန်လိုအပ်ချက် အိန္ဒိယ ဖြေလျှော့

     အိန္ဒိယအစိုးရသည် ဥရောပသို့ ကုန်သွယ်မှုချောမွေ့စေရန် ရည်ရွယ်၍ ဆန်တင်ပို့မှု စည်း မျဉ်းများကို သိသိသာသာ ဖြေလျှော့ပေးခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန လက်အောက်ရှိ ပြညပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ဘာစမာတီဆန်နှင့် ဘာစမာတီမဟုတ်သော ဆန် နှစ်မျိုးလုံးအတွက် လက်ငင်းအကျိုးသက်ရောက်စေမည့် ပို့ကုန်မူဝါဒပြင်ဆင်ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

     ပြန်လည်ပြင်ဆင်ထားသော စံနှုန်းများအရ အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပနိုင်ငံများ ဖြစ်သည့် ဗြိတိန်၊ အိုက်စလန်၊ လစ်ချန်စတိန်း၊ နော်ဝေးနှင့် ဆွစ်ဇာလန်နိုင်ငံများသို့ ဆန်တင်ပို့သူ များအား ပို့ကုန်စစ်ဆေးရေးကောင်စီ သို့မဟုတ် ပို့ကုန်စစ်ဆေးရေးအေဂျင်စီမှ ထုတ်ပေးသည့် စစ်ဆေးရေးလက်မှတ်ကို ထုတ်ပေးသွားမည်ဖြစ်သည်။ သို့သော်လည်း အခြားဥရောပ နိုင်ငံများ အတွက် မဖြစ်မနေ စစ်ဆေးရေးလက်မှတ် လိုအပ်ချက်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၂   ရက်နေ့အထိ ခြောက်လ ယာယီဆိုင်းငံ့ထားခဲ့ပါသည်။

    ဤမူဝါဒပြောင်းလဲမှုသည် ITC (HS) Code 1006 ခေါင်းစဉ်အောက်ရှိ ဆန်အမျိုးအစား အားလုံး အကျုံးဝင်မှုရှိသည်။ မကြာသေးမီလများအတွင်း ဥရောပသို့ ဆန်တင်ပို့မှုအပေါ် သက် ရောက်မှုရှိခဲ့သည့် စစ်ဆေးရေးလက်မှတ်များ ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှောင့်နှေးမှုများ နှင့် ထောက်ပံ့ပို့ဆောင်ရေး အတားအဆီးများနှင့် ပတ်သက်၍ ပို့ကုန်လုပ်ငန်းရှင်များ၏ စိုးရိမ်မှု များကို ဖြေရှင်းပေးခြင်း ဖြစ်ပါသည်။ ဖြေလျှော့မှုသည် ကုန်သွယ်မှုလုပ်ငန်းစဉ်များကို ရိုးရှင်း လွယ်ကူစေရန်၊ ကုန်သွယ်မှုကုန်ကျစရိတ်များကို လျှော့ချရန်နှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း အစိုးရက ပြောကြားခဲ့သည်။

Source: SS Rice News, 6 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်တင်ပို့မှု မှတ်ပုံတင်ကြေး ကောက်ခံရရှိသည့်ရန်ပုံငွေကို စီမံခန့်ခွဲရန် အိန္ဒိယအစိုးရ စီစဉ်

     ကမ္ဘာ့ဈေးကွက်၌ အိန္ဒိယဆန်ကုန်သွယ်မှုမြှင့်တင်နိုင်ရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖြစ် ပြည်ပသို့ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့ရာတွင် တစ်တန်လျှင် ၈ ရူပီးနှုန်းဖြင့် ကောက်ခံရရှိသည့် မှတ်ပုံတင်ကြေးငွေများအနက်မှ ၃၀ ရာခိုင်နှုန်းကို ထိန်းသိမ်းစီမံခန့်ခွဲရန် လယ်ယာ ထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သို့ အခွင့်အာဏာ အပ်နှင်းမှုနှင့်အတူ ကျန်ရှိသော ရန်ပုံငွေပမာဏအား မည်သို့အသုံးပြုမည်ကို ဆုံးဖြတ်ရန်အတွက် ကော်မတီတစ်ရပ်ကိုလည်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနက ဖွဲ့စည်းခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

          သို့ရာတွင် ထိုသို့စီစဉ်ဆောင်ရွက်မှုသည် များစွာသော ဘာစမာတီဆန် တင်ပို့သူလုပ်ငန်းရှင် များအကြား မကျေနပ်မှုကို ဖြစ်ပေါ်စေလျက်ရှိပြီး အလားတူ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် အဆိုပါရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်းအား ၎င်းတို့မှ မည်ကဲ့သို့ အတင်းအကျပ်ထည့်ဝင်စေရသည်ကို မေးခွန်းထုတ်လျက်ရှိကြသည်။

          ဇူလိုင်လ၌ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနသည် ဘာစာမာတီ မဟုတ်သောဆန် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ (Non-Basmati Rice Development Fund  ̶  NBDF) ထူထောင်ခြင်း ကို အတည်ပြုခဲ့သည်။ သတင်းအရင်းအမြစ်များ၏ အဆိုအရ ၎င်းရန်ပုံငွေကို စီမံခန့်ခွဲရန်အတွက် APEDA အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်လျက် လုပ်ငန်းနယ်ပယ် ၃ ခု မှ ကိုယ်စားလှယ်များအပါအဝင် အဖွဲ့ဝင် ၈ ဦးပါဝင်သော စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ရန်ပုံ စီမံခန့်ခွဲရန် သီးသန့်နည်းလမ်းများကို မကြာသေးမီက အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံခန့်ခွဲရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ဒီဝါလီပွဲတော်မတိုင်မီ၌ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် လုပ်ငန်းနယ်ပယ်အဖွဲ့အစည်းများအနေဖြင့် အဖွဲ့၌ ပါဝင်မည့်ပုဂ္ဂိုလ်များ ၏ အမည်စာရင်းကို ပေးပို့ရန် အောက်တိုဘာ ပထမပတ်၌ APEDA က တောင်းဆိုထားသည်ဟု အစိုးရ သတင်းအရင်းအမြစ်တစ်ရပ်က ဖော်ပြထားသည်။

          ဘာစမာတီဆန် တင်ပို့သူလုပ်ငန်းရှင်များက မေးခွန်းထုတ်လျက်ရှိသော မှတ်ပုံတင်ကြေး ငွေများအနက်မှ ၃၀ ရာခိုင်နှုန်းကို ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အခကြေးငွေ အဖြစ် NBDF ရန်ပုံငွေသို့ နှစ်စဉ် မေလကုန်၌ ပေးသွင်းရန်မှာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ရန် ကျန်ရှိနေဆဲဖြစ်သည်။ ဘာစမာတီဆန် တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားတူ ရန်ပုံငွေ ကောက်ခံရာတွင် လက်ရှိပေးသွင်းနေရသော ၅၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ လျှော့ချပေးရန် ၎င်းတို့က APEDA သို့ တောင်းဆိုလျက်ရှိကြသည်။ ဘာစမာတီဆန်တင်ပို့မှု အရောင်းစာချုပ်များ မှတ်ပုံတင်ကြေးကို ဆန်တစ်တန်လျှင် ရူပီး ၃၀ နှုန်း ကောက်ခံရာမှ ရူပီး ၇၀ နှုန်းသို့ မြှင့်တင်ခဲ့ခြင်း အပေါ် ပန်ဂျပ်နှင့် ဟာရီယာနာ ပြည်နယ်များရှိ ဘာစမာတီဆန်တင်ပို့သော ကုန်သည်အသင်းများ က ကန့်ကွက်ခဲ့အပြီးတွင် ယခုကဲ့သို့ တောင်းဆိုချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

          ဆန်တင်ပို့မှုနယ်ပယ်၌ ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးက တူညီသော လုပ်ငန်းရပ်တစ်ခု တည်းအတွက် ဘာစမာတီဆန်နှင့် ဘာစမာတီမဟုတ်သောဆန် နှစ်မျိုးအပေါ် ခွဲခြားဆက်ဆံခြင်း အား တရားဝင်အတည်ပြု လုပ်ဆောင်ရန် သင့်မသင့် မေးခွန်းထုတ်ခဲ့သည်။ အစိုးရအနေဖြင့် ဆန်ပို့ကုန် အရောင်းစာချုပ်များ မှတ်ပုံတင်ကြေးကို လျှော့ချပေးသင့်သည့်အပြင် APEDA သို့ ထည့်ဝင်နေရသည့် ဘာစာမာတီဆန်တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ (Basmati Export Development Fund ̶ BEDF) ၌ ပါဝင်ရသော ရာခိုင်နှုန်းကိုလည်း လျှော့ချသင့်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

          NBDF ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့တွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အများဆုံး ပြည်နယ် ၁၀ ခုမှ ကိုယ်စားလှယ် ၂ ဦးကို အဖွဲ့ဝင်အဖြစ် ၁ နှစ်တာကာလစီ တာဝန်ထမ်းဆောင်စေရန် အစိုးရက ဆုံးဖြတ်ထားသည်။ လမ်းညွှန်ချက် ထုတ်ပြန်ထားရာ၌ ဆန်ထုတ်လုပ်သူ ထိပ်တန်း ၁၀ ဦး အမည် စာရင်းကို ၅ နှစ် တစ်ကြိမ် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အန္တရာပရာ ဒေ့ရှ်ပြည်နယ် Kakinada မြို့အခြေစိုက် ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း (TREA)၊ ချတ္တီဂါ ပြည်နယ် Raipur မြို့အခြေစိုက် ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း (TREACG) နှင့် အိန္ဒိယ ဆန် ပို့ကုန်လုပ်ငန်းရှင်များအသင်းချုပ် (IREF) တို့မှ ကိုယ်စားလှယ်တစ်ဦးစီသည် အဆိုပါ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့၌ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်သည်။ APEDA အာဏာပိုင်အဖွဲ့ရှိ ကောက်ပဲသီးနှံဌာန၏ အကြီးအကဲသည် အဖွဲ့၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။

           အိန္ဒိယအစိုးရသည် ဆန်တင်ပို့မှု အရောင်းစာချုပ်များ မှတ်ပုံတင်ကြေးကောက်ခံရရှိမှုမှ ၇၀ ရာခိုင်နှုန်းကို ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်မှုများ၌ အသုံးပြုရန် ပြဋ္ဌာန်းသတ်မှတ် ထားပြီး NBDF ရန်ပုံငွေ ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် စီမံခန့်ခွဲရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းရပ်များဆောင်ရွက်သော အရာရှိများ၏ လစာပေးချေရာတွင်လည်း သုံးစွဲမည်ဖြစ်သည်။ လမ်းညွှန်ချက်ထုတ်ပြန်ထားရှိမှုအရ လယ်သမားများသို့ ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အထ များ (GAP) နှင့် အော်ဂဲနစ်ထုတ်ကုန်များဆိုင်ရာ သင်တန်းပို့ချခြင်း၊ ဘာစမာတီမဟုတ်သောဆန် ထုတ်လုပ်နိုင်စွမ်းနှင့် ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊ ပညာပေးဝန်ဆောင်မှုများ လုပ်ဆောင်ခြင်း၊ ကုန်သွယ်ရေး ကိုယ်စားလှယ်များ စေလွှတ် ခြင်း၊ ပို့ကုန်မြှင့်တင်ရေး အစီအမံများနှင့် ရောင်းသူဝယ်သူ ချိတ်ဆက်တွေ့ဆုံပွဲများ ကျင်းပခြင်းနှင့် စားသုံးသူဆိုင်ရာ လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ခြင်းတို့တွင် အဆိုပါ ရန်ပုံငွေများကို သုံးစွဲ မည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Hindu Business Line, October 8, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်တင်ပို့သူများအတွက် ကြွေးမြီပေးဆပ်နိုင်စွမ်း အကဲဖြတ်စနစ်ထူထောင်ရန် ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာန အဆိုပြု

    ဆန်တင်ပို့သူများအတွက် ကြွေးမြီပေးဆပ်နိုင်စွမ်း အကဲဖြတ်စနစ်တစ်ရပ် ထူထောင်ရန် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ အဆိုပြုထားပြီး အဆိုပါစနစ်ကို အစိုးရ အချင်းချင်း စာချုပ်ချုပ်ဆိုခြင်းနှင့် ပို့ကုန်ပမာဏ သတ်မှတ်ခြင်းတို့အတွက် ကုမ္ပဏီများ ရွေးချယ် ရာတွင် အဓိကစံသတ်မှတ်ချက်အဖြစ် သတ်မှတ်သွားမည် ဖြစ်သည်။

     အစိုးရ၏ အမိန့်ကြော်ငြာစာ အမှတ်စဉ် ၁၀၇/၂၀၁၈ နှင့် ၁/၂၀၂၅ တို့ကို အစားထိုးရန် ရည်ရွယ်ထားသော ဆန်တင်ပို့မှုလုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာ (မူကြမ်း) တွင် ဖော်ပြထား သည့် ၎င်းအဆိုပြုချက်သည် ကြွေးမြီဆိုင်ရာ အဆင့်သတ်မှတ်ခြင်း လုပ်ထုံးလုပ်နည်းကို ပထမဆုံး အကြိမ် အဆိုပြုလိုက်ခြင်းဖြစ်သည်။

     အများဆုံး အမှတ် ၁၀၀ အထိ ရရှိသည့် အမှတ်ပေးစနစ်ဖြင့် ဆန်တင်ပို့သူများ၏ အဆင့် သတ်မှတ်သွားမည်ဖြစ်ပြီး အဆိုပါအချက်များ၌ ကြွေးမြီအဆင့်သတ်မှတ်ချက်၊ အခွန်ထမ်းဆောင် မှု၊ အကောက်ခွန်မှတ်တမ်း၊ ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် တောင်သူလယ်သမားများနှင့် မိတ်ဖက်လုပ်ဆောင်မှု၊ ကုန်အမှတ်တံဆိပ် တည်ဆောက်မှု၊ ဆန်တင်ပို့မှုအတွေ့အကြုံ၊ ကုန်ပစ္စည်းလက်ကျန်နှင့် အစီရင်ခံစာ တင်ပြမှုများ ပါဝင်သည်။

     အဆိုပြုချက်အရ ကုန်စည်စီးဆင်းမှုစွမ်းဆောင်ရည်၊ လုပ်ငန်းခွင်ဘေးကင်းရေး၊ မီးဘေး ကာကွယ်ရေး၊ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုနှင့် ဂိုဒေါင်စံချိန်စံညွှန်းများကိုပါ ထည့်သွင်း အကဲ ဖြတ်သွားမည်ဖြစ်ပြီး အမြင့်ဆုံးအဆင့်အနေဖြင့် ၈၀ မှတ်မှ ၁၀၀ မှတ်အတွင်းနှင့် အနိမ့်ဆုံး အဆင့် အနေဖြင့် သုညမှ ၁၉ မှတ်အတွင်းဟူ၍ အဆင့် ၅ မျိုးခွဲခြားသတ်မှတ်သွားမည်ဖြစ်သည်။

     ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် ဆန်တင်ပို့သူများ၏ ချေးငွေယူခြင်း၊ ပြန်ဆပ်ခြင်းတို့အား အကဲဖြတ်ရန်နှင့် ထုတ်ပြန်ကြေညာရန်အတွက် ကောင်စီတစ်ရပ်ကို ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အဆင့်သတ်မှတ်ချက်များသည် လက်ရှိ၌ တူညီစွာခွဲဝေပေးသည့် စနစ်နေရာတွင် အစားထိုး၍ စာချုပ်များနှင့် ခွင့်ပြုပမာဏများ သတ်မှတ်ခွဲဝေရာတွင် အခြေခံ အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

   အဆင့်သတ်မှတ်ချက်များသည် ဆန်တင်ပို့သူများ၏ ဂုဏ်သတင်းကို မြှင့်တင်ရေး၊ ယှဉ်ပြိုင် နိုင်စွမ်းမြှင့်တင်ရေးနှင့် နိုင်ငံတကာဈေးကွက်တွင် ဗီယက်နမ်ဆန်၏ အမှတ်တံဆိပ်ခိုင်မာစေရေး တို့ကို အထောက်အကူပြုမည်ဖြစ်ကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

     သို့ရာတွင် ကုန်သည်တစ်ဦးက ကြွေးမြီပေးဆပ်နိုင်စွမ်း အကဲဖြတ်စနစ်သည် အဆင့်မြင့် ကုန်စည်စီးဆင်းမှုနှင့် စီမံခန့်ခွဲမှုရှိသည့် ပို့ကုန်လုပ်ငန်းရှင်ကြီးများအတွက် အခွင့်သာစေမည် ဖြစ် ပြီး အသေးစားလုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်အသစ်များအတွက် ခက်ခဲစေလိမ့်မည်ဟု သတိပေး ပြောကြားခဲ့သည်။ ထိုသို့ အကဲဖြတ်ရာတွင် တရားမျှတမှုရှိစေရန် လွတ်လပ်သော ကြီးကြပ်ကွပ်ကဲရေး လုပ်ထုံးလုပ်နည်းတစ်ရပ် လိုအပ်မည်ဟု ယူဆရကြောင်း၊ မူကြမ်းတွင် လိုအပ်ချက်များနှင့် ညီညွတ်ပြီး လိုင်စင်ရရှိထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လည်း ဆန်တင်ပို့မှုလုပ်ငန်းတွင် ပါဝင်ခွင့်ပြုရန် အဆိုပြုထားကြောင်း သိရှိရသည်။

Source: Vietnam News, October 03, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ