ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅ ခုနှစ်တွင် စီးပွားရေးကြီးထွားမှုရည်မှန်းချက် ၈ ရာခိုင်နှုန်း ပြည့်မီရန် များစွာသောစီမံချက်များဆောင်ရွက်ရန်ရှိသည့် ဗီယက်နမ်

          ဗီယက်နမ်နိုင်ငံသည် အစိုးရကသတ်မှတ်ထားသည့်  ၂၀၂၅ ခုနှစ် စီးပွားရေးကြီးထွားမှု ရည်မှန်းချက် ၈ ရာခိုင်နှုန်းပြည့်မီရန် များစွာသော စီမံချက်များ ဆောင်ရွက်သွားမည်ဟု စီမံကိန်း နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ Nguyen Duc Tam က ဇန်နဝါရီလ ၈ ရက် နေ့က အစိုးရသတင်းစာရှင်းလင်းပွဲတွင် အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။ Tam က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ဝန်ကြီးချုပ်က ဝန်ကြီးဌာနများနှင့် ကဏ္ဍများအား ၂၀၂၅ ခုနှစ်တွင် အနည်းဆုံးစီးပွားရေးကြီးထွားနှုန်း ၈ ရာခိုင်နှုန်းရရှိရန်အတွက် အကောင်အထည်ဖော်ကြရန် တရားဝင်ထုတ်ပြန်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ထိုထဲတွင် Hanoi၊ Ho Chi Minh၊ Binh Duong နှင့် Dong Nai ကဲ့သို့သောအဓိကစီးပွားရေးမြို့ကြီးများအတွက် မျှော်လင့်ချက်မြင့်မားစွာ ထားရှိမှုပါဝင်ကြောင်း သိရပါသည်။ အကယ်၍ ထိုဒေသများသည် ၂၀၂၄ စီးပွားရေးရလဒ်များ ထက် ကြီးထွားခဲ့ပါက နိုင်ငံစီးပွားရေးအတွက် သိသာထင်ရှားစွာ ပူးပေါင်းပါဝင်ပေးနိုင်မည်ဟု သိရပါသည်။ Tam က ၎င်း၏ဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်တွင် အဖွဲ့အစည်းမူဘောင်တိုးတက် ရေးနှင့် ဆန်းသစ်တီထွင်မှုများ ဆက်လက်ပြုလုပ်သွားရန် အာမခံခဲ့ကြောင်း ပြောကြားခဲ့ပါ သည်။ လာမည့် ၉ ကြိမ်မြောက် အမျိုးသားညီလာခံတွင် အစိုးရသည် စီမံခန့်ခွဲမှုဥပဒေနှင့် စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ခြင်းတို့တွင် နိုင်ငံတော်မတည်ငွေသုံးစွဲမှုပါဝင်‌သော များစွာသောဥပဒေများကို ပြင်ဆင်ရန်စီစဉ်ထားကြောင်း သိရပါသည်။ သို့သော် စီးပွားရေး လုပ်ငန်းဥပဒေကိုပြန်လည်ဆန်းစစ်ခြင်းသည် ကုမ္ပဏီများစွာထံမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ ထို့ပြင် မက်ခရိုစီးပွားရေးတည်ငြိမ်ရေး၊ ငွေကြေးဖောင်းပွမှု ထိမ်းချုပ်ခြင်းနှင့် အဓိကစီးပွားရေးမျှချေရှိရေးအတွက် စီမံချက်များအကောင်အထည်ဖော်သွား မည်ဟု သိရပါသည်။ အခြားအဓိကဖြေရှင်းချက်များတွင် ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်-သွင်းကုန်များစသည့် စီးပွားရေးမောင်းနှင်အားများကို ထပ်မံကြိုးပမ်းမှုတို့ပါဝင်ကြောင်း သိရပါသည်။ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနသည်၂၀၂၅ ခုနှစ်အား ပြည်တွင်းနှင့် ပြည်ပမှခရီးသွားများအား ဆွဲဆောင်ရန်အားထုတ်မှုပါဝင်သော ပြည်တွင်းစားသုံးမှု ကိုလှုံ့ဆော် မည့် နှစ်တစ်နှစ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ ထို့ပြင် ဟာလာကုန်ပစ္စည်း ဈေးကွက်အားမြှင့်တင်ခြင်းနှင့်အတူ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် ၁၇ ချက်ကို အကောင်အထည်ဖော်ရန် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု သိရပါသည်။ အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မောင်းနှင်အားတစ်ခုဖြစ်သောကြောင့် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ကီလိုမီတာ ၃၀၀၀ ရှည်လျားသော အဝေးပြေးကားလမ်းနှင့် ကီလိုမီတာ ၁၀၀၀ ရှည်လျားသော ကမ်းရိုးတန်း လမ်းမကို အကောင် အထည်ဖော်နိုင်ရန် မျှော်လင့်ရကြောင်း Tam ကအသားပေးပြောကြားခဲ့ ပါသည်။

DOCA(ရန်ကုန်)

ထိုင်းသကာရည် (Syrup) ကိုတရုတ်ပိတ်ပင်မှုအပေါ် ဘုတ်အဖွဲ့မှမပူပင်

          ထိုင်းနိုင်ငံကြံနှင့်သကြားဘုတ်အဖွဲ့ရုံး(OCSB)က လုပ်ငန်းမှတာဝန်ရှိသူများသည် တရုတ် နိုင်ငံက ထိုင်းနိုင်ငံထံမှသကာရည် (Syrup) တင်ပို့မှုကို အစားအစာလုံခြုံစိတ်ချရမှု အကြောင်း ပြချက်ဖြင့် ပိတ်ပင်လိုက်ခြင်းသည် နိုင်ငံတွင်းမှ သကြားထုတ်လုပ်သူများအား သက်ရောက်မှုရှိ မည်မဟုတ်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်အာဏာပိုင်များသည် ထိုင်း နိုင်ငံ ရှိစက်ရုံများတွင် သန့်ရှင်းရေးစံနှုန်းများအပေါ် စိုးရိမ်ပူပန်မှုသည် ထိုပိတ်ပင်ခြင်း၏ အဓိက အကြောင်းပြချက်ဖြစ်ကြောင်းသိရပါသည်။ OCSB ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Bainoi Suwanchatree က ထိုင်းနိုင်ငံသကြားထုတ်လုပ်သူများသည် အားကောင်းသော ဝယ်လက်များ ရှိပြီး သကြားကို ကမ္ဘာတစ်ဝှမ်း များစွာသောနိုင်ငံများသို့ တင်ပို့လျှက်ရှိသောကြောင့် တရုတ်နိုင်ငံ ၏ပိတ်ပင်မှုသည် ၎င်းတို့အပေါ် သိသာစွာသက်ရောက်မှုရှိမည်မဟုတ်ဟု တာဝန်ရှိသူများက မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါသည်။ စက်မှုဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာနှင့် အကောက်ခွန်ဦးစီးဌာနတို့သည် ထိုပိတ်ပင်မှုနှင့်ပတ်သတ်၍ ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရပါသည်။ Mr Bainoi က တရုတ်နှင့် အာဆီယံကြား လွတ်လပ်သော ကုန်သွယ်ရေးသဘော တူညီချက်အောက်တွင် တရုတ်နိုင်ငံသို့ သကာရည်တင်ပို့မှုအတွက် အကောက်ခွန်ကုန်ကျစရိတ် မရှိကြောင်းနှင့် တရုတ်နိုင်ငံသည် သကာရည်တင်သွင်းမှု မြင့်တက်လာပါက ၎င်းတို့၏ သကြား လုပ်ငန်းကို သက်ရောက်မှုရှိလာမည်ကို စိတ်ပူနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်သည် ထိုင်းနိုင်ငံအား တင်ပို့ရာအချက်အချာအဖြစ် အသုံးပြုပြီး အခွန်ရှောင်လွှဲလျှက်ရှိ သည့် တရုတ်သကာရည်ကုမ္ပဏီများနှင့်လည်း ရင်ဆိုင်ရလျှက်ရှိကြောင်း သိရပါသည်။ ထိုကုမ္ပဏီ များသည် သကာရည်ထုတ်လုပ်ရန် ထိုင်းသကြားထုတ်လုပ်သူများထံမှ သကြားဝယ်ယူကာ ထုတ် ကုန်များကို တရုတ်နိုင်ငံသို့တင်ပို့လျှက်ရှိကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ နှင့် ဘရာဇီးနိုင်ငံတို့ထံမှ သကာရည် အဓိကတင်သွင်းသည့် ဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး သကြားထုတ်လုပ်သူဖြစ်ပြီး လတ်တလောတွင် နိုင်ငံ၌ စက်ရုံ ၅၈ ခုရှိကြောင်း သိရပါသည်။ ဘရာဇီးသည် ကမ္ဘာ့နံပါတ်တစ် သကြားထုတ်လုပ်သူဖြစ်ပြီး သြစတေးလျနိုင်ငံက ဒုတိယအကြီးမားဆုံးထုတ်လုပ်သူဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ သည် တရုတ်နိုင်ငံသို့ လွန်ခဲ့သည့် ၇-၈ နှစ်မှစ၍ သကာရည်စတင်တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကနဦး တွင် တစ်နှစ်လျှင် တန်ချိန် ၁၀၀၀၀၀ တင်ပို့ကြောင်း သိရပါသည်။ ထိုပမာဏသည် ၂၀၂၃ ခုနှစ် တွင် တန်ချိန် ၆၀၀၀၀၀-၇၀၀၀၀၀ ထိ မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁.၂ သန်း ရှိခဲ့ကြောင်း OCSB ၏အဆိုအရ သိရပါသည်။ တရုတ်သည် ထိုင်းကုန်တင်သင်္ဘောတွင် တင်ဆောင်လာသည့် ဘတ် သန်း ၄၀၀ ကျော်တန်ဖိုးရှိသည့် သကာရည်များအား စံနှုန်း ညီညွတ် မှုမရှိသောကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစ၍ ထိုင်းနိုင်ငံမှသကာရည်တင်သွင်းမှု ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

Bangkok Post                           

DOCA(ရန်ကုန်)

ဗီယက်နမ်-တရုတ် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု တောက်ပစွာရှိနေကြောင်းတာဝန်ရှိသူတစ်ဦးပြောကြား

          စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ဗီယက်နမ်-တရုတ်ဆက်ဆံရေး တွင် အားကောင်းတည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တောက်ပစွာရှိနေကြောင်း တရုတ် နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ Nong Duc Lai က ဗီယက်နမ်သတင်း အေဂျင်စီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ Lai က တရုတ်နှင့် များစွာသော ၎င်းတို့၏မိတ်ဖက်များအကြား ကုန်သွယ်မှုကျဆင်းနေသော်လည်း ဗီယက်နမ်သည် တရုတ်နှင့် ကုန်သွယ်ရေးဆက်ဆံမှုတည်ငြိမ်သည့် နိုင်ငံအနည်းငယ်ထဲမှတစ်ခုအဖြစ် ဆက်လက် ရှိနေကြောင်း‌ ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် တရုတ်၏ ကမ္ဘာပေါ်တွင် စတုတ္ထ အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး အာဆီယံတွင်အကြီးဆုံးဖြစ်ကြောင်းသိရပါသည်။ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် မြင့်မားစွာကြီးထွားလျှက်ရှိပြီး ၂၀၂၄ ၏ ပထမ ၁၁ လတာ ကာလတွင် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၅.၄ ဘီလီယံ ရောက်ရှိခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုပမာဏသည် ၂၀၂၄ နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံကျော်ထိ‌ ရောက်ရှိခဲ့ ကြောင်း သိရပါသည်။ ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန်များ တရုတ်ဈေးကွက်ဝင်ရောက်မှု တိုးတက်မှုမှာလည်း အားကောင်းခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံသည် ဗီယက်နမ်မှ လတ်ဆတ်သောအုန်းသီးများ၊ အေးခဲထားသောဒူးရင်းသီးများနှင့် မွေးမြူရေးမိကျောင်းများကို တရုတ်သို့တင်ပို့ရန် သံတမံခင်း ကျင့်ဝတ်များကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ကုန်သွယ်ရေးနှင့် ပတ်သတ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်က လတ်တလော အပြန်အလှန် မိတ်ဖက်ဖွဲ့မှု ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ခေါင်းဆောင်အမြင့်ပိုင်းများကြား အပြန်အလှန် အလည်အပတ်ခရီးသွားလာမှုများကြောင့် ပူးပေါင်းဆောင်းရွက်မှုများ အားကောင်း လာလျက် ရှိကြောင်းသိရပါသည်။ ထိုလည်ပတ်မှု များသည် ကဏ္ဍအားလုံးတွင်ပိုမိုနက်ရှိုင်းသော ပူးပေါင်း ဆောင်ရွက်မှုများအတွက် လမ်းကြောင်း ဖန်တီးပေးနိုင်မည်ဖြစ်ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး မိတ်ဖက်ဖွဲ့မှုမှာ အရေးပါသော ဒေါက်တိုင် အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ထိုလတ်တလော နှစ်နိုင်ငံခေါင်းဆောင်များ အကြား အပြန်အလှန်အလည်အပတ် ခရီးစဉ်များ အတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို အဓိကထားသော များစွာသော သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ ကြပြီး ၂၀၂၅ ခုနှစ်မှ အလွန်အထိ ပူးပေါင်း ဆောင်ရွက်မှုအတွက် ခြေလှမ်းတစ်ရပ်ကိုဖန်တီး နိုင်ခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ကားထုတ်လုပ်မှု ၂၇ ရာခိုင်နှုန်းမြင့်တက်

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ပြည်တွင်းကားထုတ်လုပ်မှုသည် ခန့်မှန်းအစီးရေ ၃၈၈၅၀၀ စီးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အထွေထွေ စာရင်းအင်း ရုံး၏ အဆိုအရသိရပါသည်။ စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလကြာမြင့် သည့် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်ကားများအတွက် မှတ်ပုံတင်ကြေး ၅၀ ရာခိုင်နှုန်း လျှော့ချပေးသည့် ကာလတွင် အစီးရေ ၁၃၄၅၀၀ စီး ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ ထိုပမာဏသည် နိုင်ငံ၏ တစ်နှစ်တာစုစုပေါင်းထုတ်လုပ်သည့်ပမာဏ၏ သုံးပုံတစ်ပုံရှိကြောင်း သိရပါသည်။ သို့သော် ဒီဇင်ဘာလတွင် နိုင်ငံ၏ပြည်တွင်းကားထုတ်လုပ်မှုသည် ခန့်မှန်း ၄၇၀၀၀ ရှိပြီး နိုဝင်ဘာလက ထုတ်လုပ်ခဲ့သည့် အစီးရေ ၅၂၄၀၀ ထက် သိသာစွာလျှော့ကျခဲ့ကြောင်း သိရပါသည်။ ထိုသို့ ကျဆင်းမှုသည် နိုင်ငံ၏မှတ်ပုံတင်ကြေးလျှော့ချပေးသည့်ကာလ ကုန်ဆုံးချိန် ဖြစ်သောကြောင့် ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ထုတ်လုပ်သူများသည် ၂၀၂၅ ခုနှစ်သို့ ဝင်‌ရောက်ရာတွင် ကုန်လက်ကျန်ပိုလျှံမှုကိုရှောင်ရှားရန် ထုတ်လုပ်မှုကိုလျှော့ချနောက်ဆုတ် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရပါသည်။ ကုမ္ပဏီများက ဗီယက်နမ်တွင် ထုတ်လုပ်မှုဆက်လက် တိုးချဲ့လာနိုင်မှု နှင့်အတူ ပြည်တွင်းကားထုတ်လုပ်မှုနှင့်ရောင်းချမှုတို့သည် ၂၀၂၅ တွင် ဆက်လက်ကြီးထွားရန် မျှော်လင့်ရကြောင်း သိရပါသည်။ ၎င်းတို့တွင် Chery၊ Geely နှင့် Lynk & Co တို့ပါဝင်သော တရုတ်ကားအမှတ်တံဆိပ်အသစ်များ ဗီယက်နမ်သို့ဝင်ရောက်လာခြင်း ပါဝင်ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ဥ‌ရောပအမှတ်တံဆိပ်ဖြစ်သော  Skoda သည် ဗီယက်နမ်နိုင်ငံရှိ ၎င်းတို့၏ တစ်နှစ်လျှင် မော်တော်ကားအစီးရေ ၁၂၀၀၀၀ ထုတ်လုပ်တပ်ဆင်နိုင်သည့် စက်ရုံသစ်ကို ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်မည်ဟုသိရပါသည်။ ဒီဇင်ဘာလတွင်လည်း ဗီယက်နမ်လျှပ်စစ်ကား ကုမ္ပဏီ VinFast သည် လျှပ်စစ်ကားထုတ်လုပ်တပ်ဆင်သည့်စက်ရုံ ဆောက်လုပ်မှုကို Ha Tinh မြို့တွင် စတင်ဆောက်လုပ်ခဲ့ကြောင်းသိရပါသည်။ ထိုစက်ရုံသစ်သည် VinFast ၏ အရောင်းရဆုံး မော်တော်ယာဉ်များဖြစ်သည့် VF 3 နှင့် VF 5 မော်ဒယ်များကိုထုတ်လုပ်မည်ဟုသိရပါသည်။

DOCA(ရန်ကုန်)

 

ဗီယက်နမ်၏စွမ်းအင်စီမံကိန်းသစ်များကိုတာဝန်ယူရန် EVN ကမ်းလှမ်း

          ဗီယက်နမ်လျှပ်စစ်ဓာတ်အား(EVN) သည် Ninh Thuan ပြည်နယ်ရှိ နျူကလိယစွမ်းအင် စက်ရုံများပါဝင်သော စွမ်းအင်စီမံကိန်းသစ်များ၏ ရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက် တည်ရှိ နေနိုင်ကြောင်း ညွှန်ကြားရေးမှူးဖြစ်သူ Nguyen Anh Tuan  ဇန်နဝါရီလ ၆ ရက်နေ့က ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော EVN ၏ နှစ်ကုန်ဆန်းစစ်ချက်ညီလာခံတွင် ပြောကြားခဲ့ပါသည်။ Tuan ၏ အဆိုအရ နျူကလိယစွမ်းအင်သည် တည်ငြိမ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်ခြင်းနှင့် တည်ငြိမ်သော စွမ်းအင်အရင်းအမြစ်ဖြစ်ခြင်းတို့အပြင် ထိုစွမ်းအင်ကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏စွမ်းအင်ပံ့ပိုးမှုကို ကွဲပြားစေနိုင်သောကြောင့် စွမ်းအင်ဖူလုံရေးနှင့် ၂၀၅၀ တွင်ကာဗွန်ထုတ်လွှင့်မှုကို သုညထိလျှော့ချရေးတို့တွင် ပံ့ပိုးပေး နိုင်မည်ဟု သိရပါ သည်။ ဇန်နဝါရီလ ၃ ရက်နေ့ကထုတ်ပြန်ခဲ့သည့် Directive 01 တွင် ဝန်ကြီးချုပ် Pham Minh Chinh က စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအား Ninh Thuan နျူကလိယစွမ်းအင် စက်ရုံများအား ငါးနှစ်အတွင်းအကောင်အထည်ဖော်ရန်နှင့် ပြီးမြောက်ရန် အတွက်ကြီးကြပ်ရန် ညွှန်ကြားခဲ့ကြောင်းသိရပါသည်။ ယခုနှစ်အတွက် GDP ကြီးထွားမှု ရန်မှန်းချက် ၈ ရာခိုင်နှုန်းနှင့်အတူ လျှပ်စစ်စွမ်းအားသုံးစွဲမှုမှာ ၁.၅ ဆတိုးမြင့်လာမည်ဖြစ်သည့် အတွက် နိုင်ငံ၏လျှပ်စစ်စနစ်သို့ ထပ်တိုး ၈၀၀၀-၁၀၀၀၀ မဂ္ဂါဝပ်လိုအပ်လာမည်ဟု Tuan ကပြောကြားခဲ့ပါသည်။ ထို့ကြောင့် EVN သည် Ninh Thuan နျူကလိယစက်ရုံများနှင့်အတူ စွမ်းအင်စီမံကိန်းသစ်များတွင် အဓိက ရင်းနှီးမြှုပ်နှံသူအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တာဝန်ပေးအပ်ရန် ဝန်ကြီးချုပ် အား ကမ်းလှမ်းခဲ့ကြောင်းသိရပါသည်။ Tuan က EVN သည် ဆောက်လုပ်ချိန်နှင့် ပြင်ဆင်ချိန် တိုတောင်းသော အရေးပေါ်စီမံကိန်းများ အမြန် အကောင်အထည်ဖော်ရန်အတွက် ဝန်ကြီးချုပ်၊ ဝန်ကြီးဌာနများနှင့် ပြည်တွင်းအာဏာပိုင်များ ထံမှ ပံ့ပိုးမှုကိုတောင်းဆိုခဲ့ကြောင်းလည်း သိရပါ သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ ငှက်ပျောသီးတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင်း ၁၁.၂ ရာခိုင်နှုန်း ကျဆင်းခဲ့

          ကမ္ဘောဒီးယားနိုင်ငံ၏ ငှက်ပျောသီးတင်ပို့မှုသည် တရုတ်သွင်းကုန်များ သိသိသာသာ ကျဆင်းလာမှုနှင့် အိမ်နီးချင်းနိုင်ငံများမှ ခက်ခဲသောယှဉ်ပြိုင်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း ၁၁.၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ နိုင်ငံတော်၏ ငှက်ပျောသီးတင်ပို့မှုသည် စုစုပေါင်းတန်ဖိုးသည် ၂၀၂၃ ခုနှစ် အလားတူကာလ ကန်ဒေါ်လာ ၁၅၆.၂ သန်းမှ ၁၃၈ သန်းသို့ကျဆင်းသွားခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ၇-၁-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားငှက်ပျောသီးတင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ပထမ သုံးလပတ်တွင် တန်ချိန် ၁.၂ သန်း(၈.၅ ရာခိုင်နှုန်း) အထိ ကျဆင်းခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောသီးတန်ချိန် ၂၆၀,၀၀၀ ကျော်တင်ပို့ခဲ့ကြောင်း (MAFF) မှ ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည်  တရုတ်နိုင်ငံသို့ ၂၀၁၉ ခုနှစ်တွင် စတင်တင်ပို့ခဲ့ပြီး  သို့လှောင်မှုနှင့် ဖြတ်သန်းသွားလာမှုကို နှစ်လအထိခံနိုင်ရည်ရှိသော အထူးမျိုးစိတ်များကို တင်ပို့ခဲ့သည်။ ငှက်ပျောသီးတင်ပို့မှု ကျဆင်းလာခြင်းသည်  ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း လယ်ယာကဏ္ဍတစ်ခုလုံးအတွက် ကုန်သွယ်မှုအရှိန်အဟုန်မြင့်လာမှု၏ နောက်ကွယ်မှ ဖြစ်ပေါ်လာပြီး ကောက်စိုက်ဆန်မှာ ကန်ဒေါ်လာ ၁.၃ ဘီလီယံ (၁၆.၄ ရာခိုင်နှုန်း)နှင့် ပီလောပီနံ တွင် ကန်ဒေါ်လာ ၆၂၂ သန်း (၁၃.၄ ရာခိုင်နှုန်း) အထိမြင့်တက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ၏ ထိပ်တန်းပို့ကုန်များတွင် ဆန်၊ ငှက်ပျောသီး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ငရုတ်ကောင်း၊ ဆေးရွက်ကြီးနှင့် ရာဘာတို့ပါဝင်သည်။

DOCA(ရန်ကုန်)

 

၂၀၂၄ ခုနှစ်အတွင်း Bavet နယ်စပ်မှ ခရီးသွားသူ ၁.၅၇ သန်း စံချိန်တင်ရရှိခဲ့

          ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား အဓိကဖြတ်ကျော်သောနေရာဖြစ်သည့် Bavet International Border Gate သည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၇၂ နိုင်ငံမှ ခရီးသွားစုစုပေါင်း ၁.၅၇ သန်း စံချိန်တင်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၅.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း Bavet မြို့၊ အပြည်ပြည်ဆိုင်ရာနယ်ခြားဂိတ်စစ်ဆေးရေးရုံးမှ လက်ထောက်အကြီးအကဲ Puth Sopheakeo ကအစီရင်ခံခဲ့သည်။ အဆိုပါခရီးသည်များသည် ပြည်ပနိုင်ငံများမှ ၎င်းတို့၏လုပ်ငန်းတာဝန်များပြီးမြောက်ပါပြီးကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ဆွေးနွေးမှုများပြုလုပ်ခြင်း၊ ကုန်သွယ်မှု ဖလှယ်ရာတွင်ပါဝင်ခြင်းနှင့် အားလပ်ရက်တွင် အပန်းဖြေလာရောက်သူများပါဝင်ကြကြောင်း Puth Sopheakeo ကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားတော်ဝန်အစိုးရ (RGC) ၏ ဦးဆောင်မှု အပေါ် ဧည့်သည်များ၏ယုံကြည်မှုကြောင့် နိုင်ငံတော်သို့ဝင်ရောက်သည့် နိုင်ငံခြားခရီးသည် အများအပြားရှိကြောင်း အလေးပေးပြာကြားခဲ့သည်။ Bavet International Border Gate မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နိုင်ငံအတွင်းသို့ ဥရောပခရီးသွားဧည့်သည် အရေအတွက်တိုးလာပြီး ခရီးသွားအများစုသည် ဖနွမ်းပင်မြို့သို့ တည်းခိုရန်သွားရောက်ခဲ့ ကြောင်းသိရသည်။ ထို့နောက် Siem Reap ပြည်နယ်ရှိ Angkor Wat ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ကြပြီး နိုင်ငံတစ်ဝန်းရှိ အခြားနာမည်ကြီးနေရာများသို့ သွာရောက် လည်ပတ်သူများ ဖြစ်ကြောင်းသိရသည်။

DOCA(ရန်ကုန်)

 

တရုတ်နိုင်ငံမှတာယာထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Sailun သည်ကမ္ဘောဒီးယားနိုင်ငံတွင် ကန်ဒေါ်လာ ၉၃.၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့

          တရုတ်နိုင်ငံမှ ထိပ်တန်းတာယာထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Sailum Group သည် ကမ္ဘောဒီးယားနိုင်ငံနှင့်မြောက်အမေရိကမှ ဝယ်လိုအားများကိုဖြည့်ဆည်းရန်အတွက် ကမ္ဘောဒီးယား နိုင်ငံတွင် တာယာထုတ်လုပ်မှုများတိုးချဲ့ရန်အတွက် ကန်ဒေါ်လာ ၉၃.၅ သန်းနီးပါး ရင်းနှီမြှုပ်နှံ မည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ Svey Rieng မြို့ရှိ Sailum Group ၏ ကမ္ဘောဒီးယားတွင်လုပ်ငန်းခွဲဖြစ်သော Cart Tyre Co.,Ltd သည် ၎င်းတို့၏စက်ရုံတွင် ထုတ်လုပ် မှုများတိုးမြှင့်ရန်အတွက် ကန်ဒေါ်လာ ၆၁.၁၈ သန်းသုံးစွဲမည်ဖြစ်ပြီး ၎င်းတို့၏လုပ်ငန်း အရင်း အနှီးကိုမြှင့်တင်ရန်အတွက် ကန်ဒေါ်လာ ၃၂.၃၀ သန်းသုံးစွဲမည်ဖြစ်ကြောင်း Sailum Group မှ ၇-၁-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင်ဖော်ပြထားသည်။ အစီရင်ခံစာ တွင် ကမ္ဘောဒီးယားနှင့်မြောက်အမေရိကရှိဖောက်သည်များ၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန် All-steel radial တာယာများထုတ်လုပ်မှုကို တိုးမြှင့်ရန် အတွက် ဒေါ်လာ ၉၃.၄၈ သန်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နေကြောင်းနှင့် အဆိုပါပရောဂျက်သည် နှစ်စဉ်ပျမ်းမျှ ကန်ဒေါ်လာ ၂၄၄.၇၃ သန်းဝင်ငွေရရှိနိုင်ရန်မျှော်လင့်ရကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်၊ ပထမ သုံးလပတ်အတွင်း Sailum Group သည် တာရာထုတ်ကုန်များ ရောင်းချမှုမှ ကန်ဒေါ်လာ ၄၄၀ သန်းရရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

DOCA(ရန်ကုန်)

သီဟိုဠ်စေ့ တန်ချိန် ၉ သိန်းအထိ ထွက်ရှိရန် ကမ္ဘောဒီးယားကုန်သည်အသင်း မျှော်မှန်း

ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွက် သီဟိုဠ်စေ့ထုတ်လုပ်မှုသည် ရာသီဥတု အခြေ အနေအပေါ် မူတည်၍ တန်ချိန် ၇၀၀၀၀၀ မှ ၉၀၀၀၀၀ အတွင်း ထွက်ရှိမည်ဟု ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) က ခန့်မှန်းထားကြောင်း သိရှိရသည်။

          အကယ်၍ ရာသီဥတုကောင်းမွန်ပါက ယခုနှစ်အတွက် သီဟိုဠ်စေ့ အထွက်ပမာဏသည် ၂၀၂၄ ခုနှစ်နှင့် အလားတူရရှိနိုင်ကြောင်း၊ ရာသီဥတုအခြေအနေ အပေါ်မူတည်၍ သီဟိုဠ်စေ့ တန် ချိန် ၇၀၀၀၀၀နှင့် ၉၀၀၀၀၀ အကြား ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း၊ သို့သော်လည်း ရာသီဥတုဖောက်ပြန်မှုသည် ယခုနှစ် သီဟိုဠ်စေ့ရိတ်သိမ်းမှုအား ဆိုးရွားစွာထိခိုက်စေမည်ကို စိုးရိမ် မှုရှိကြောင်း၊ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာနက သီဟိုဠ်စေ့ ခူးဆွတ်ရိတ်သိမ်းသည့် ခြောက်သွေ့ရာသီကာလအတွင်း မိုးရွာသွန်းနိုင်ခြေရှိသည်ဟု ဖော်ပြထားပြီး ထိုသို့ဖြစ်ပေါ်ပါက သီးနှံအထွက်ပမာဏသည် ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ကြောင်းဖြင့် CAC အသင်း ဥက္ကဋ္ဌ Uon Silot က Khmer Times သို့ ပြောကြားခဲ့သည်။

          အဆိုပါအချက်ကြောင့် လယ်သမားများအနေဖြင့် CAC အသင်း၏ လမ်းညွှန်ချက်များနှင့် အညီ အစီအမံများချမှတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်း၌ ပို့ချပညာပေးခဲ့သော အော်ဂဲနစ် စိုက်ပျိုးရေးအလေ့အကျင့်များကို လုပ်ဆောင်ရန် အရေးကြီးသည် ဟု Silot က အလေးပေးပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ရိတ်သိမ်းရာသီအတွင်း ဖြစ်နိုင်ခြေရှိသော အထွက်နှုန်းထိခိုက်နိုင်သည့် ရာသီဥတုဆိုင်ရာ အန္တရာယ်များကို လျှော့ချရန်အတွက် သီဟိုဠ်စေ့ စိုက်ပျိုးသူများအနေဖြင့် ၎င်းတို့၏ စိုက်ခင်းများကို ပုံမှန်စောင့်ကြည့်ရန် တိုက်တွန်းကြောင်း မကြာ သေးမီကာလ၌ CAC က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

          CAC သည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို တိုက်ဖျက်ရန်အတွက် ရေရှည် တည်တံ့သော မဟာဗျူဟာတစ်ခုအဖြစ် အော်ဂဲနစ်အလေ့အကျင့်များကို အကောင်အထည်ဖော် ရန် ထောက်ခံအားပေးကြောင်း၊ ကမ္ဘောဒီးယားတွင် သီဟိုဠ်စေ့ ရိတ်သိမ်းရာသီသည် ပုံမှန်အားဖြင့် ဖေဖော်ဝါရီလ၌ စတင်ပြီး မေလတွင် ကုန်ဆုံးကြောင်း၊ သို့ရာတွင် သီဟိုဠ်စေ့ ခူးဆွတ်ရိတ်သိမ်းမှု သည် ရာသီဥတု အခြေအနေ၊ ရာသီဥတုပြောင်းလဲမှုနှင့် အခြောက်ခံခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အတွက် စံအလေ့အကျင့် အားနည်းခြင်းများကဲ့သို့သော သက်ရောက်မှုများအပေါ် မူတည်ကြောင်း သိရှိရသည်။

          ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ ကမ္ဘော ဒီးယားနိုင်ငံသည် မြေမျက်နှာပြင် ဧရိယာအလိုက် သီဟိုဠ်စေ့စိုက်ပျိုးမှုတွင် ခန့်မှန်းခြေ ၅၈၀၁၁၇ ဟက်တာဖြင့် ကမ္ဘာ့တတိယအဆင့်၌ ရပ်တည်နေကြောင်း၊ Kampong Thom ပြည်နယ်သည် ဧရိယာ ၁၄၇၇၀၀ ဟက်တာခန့်ဖြင့် သီဟိုဠ်စိုက်ပျိုးမှု အကြီးမားဆုံးဖြစ်ကြောင်း၊ ၎င်း၏နောက်၌ Kratie ပြည်နယ်သည် ဟက်တာ ၁၀၂၅၀၀ နှင့် Ratanakiri ပြည်နယ်သည် ဟက်တာ ၉၇၂၀၀ တို့ဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။

          ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့ထုတ်လုပ်မှုသည် ယခုနှစ်၌ တန်ချိန် ၈၅၀၀၀၀ ထွက်ရှိ ခဲ့ပြီး ၂၆.၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ပြည်ပသို့ တင်ပို့မှုမှာ တန်ချိန် ၈၁၅၀၀၀ ရှိပြီး ၃၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံသို့ တင်ပို့မှုမှာ ၇၉၃၄၅၃ တန်ဖြင့် ပြောင်းလဲမှု မရှိကြောင်း သိရှိရသည်။

Source: Khmer Times, 12 January, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံ၏ ထိုင်းသကာရည်တင်သွင်းမှု ပိတ်ပင်ခြင်းအပေါ် ထိုင်းအာဏာပိုင် စိုးရိမ်မှုမရှိ

ထိုင်းနိုင်ငံမှ တင်ပို့သော သကာရည်များအား အစားအစာဘေးကင်းလုံခြုံရေး အကြောင်း ပြချက်ဖြင့် တရုတ်နိုင်ငံက လက်ရှိအချိန်တွင် ပိတ်ပင်ထားခြင်းသည် ပြည်တွင်းရှိ သကြားထုတ် လုပ်သူများကို ထိခိုက်စေမည်မဟုတ်ဟု တာဝန်ရှိသူများအနေဖြင့် ယုံကြည်ထားကြောင်း ထိုင်း ကြံနှင့် သကြားဘုတ်အဖွဲ့ရုံး (OCSB) မှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

          တရုတ်အာဏာပိုင်များအနေဖြင့် တင်သွင်းမှုပိတ်ပင်ရခြင်း၏ အဓိကအကြောင်းရင်းအဖြစ် ထိုင်းစက်ရုံများတွင် ကျန်းမာသန့်ရှင်းမှုစံနှုန်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ကိုးကား ဖော်ပြခဲ့သော်လည်း အဆိုပါအကြောင်းပြချက်သည် ဆက်လက်တိုးမြင့်လာနေသော ထိုင်းနိုင်ငံမှ သကာရည်တင်ပို့မှုကို ဟန့်တားသည့် ကုန်သွယ်မှုအတားအဆီးတစ်ခုအဖြစ် ရှုမြင်လျက်ရှိကြ ကြောင်း သိရှိရသည်။

          ထိုင်းသကြားထုတ်လုပ်သူများအနေဖြင့် ၎င်းတို့တွင် ကျယ်ပြန့်သောဖောက်သည်အခြေခံ ရှိပြီး သကြားများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအနှံ့အပြားသို့ တင်ပို့နေသည့်အတွက် ထိုင်းသကြား ထုတ်လုပ်သူများအပေါ် ပြင်းထန်သော သက်ရောက်မှုရှိလိမ့်မည်ဟု တာဝန်ရှိသူများအနေဖြင့် မျှော်လင့်ထားခြင်း မရှိကြောင်း၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့အနေဖြင့် တရုတ်နိုင်ငံဘက်မှ ထိုင်းသကာရည်များ တင်သွင်းမှု ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အရ တရုတ်နိုင်ငံသို့ သကာရည်တင်ပို့မှုအပေါ် အခွန်အခများ လျှော့ပေါ့ပေးရမည်ဖြစ်ကြောင်း၊ သကာရည် တင်သွင်းမှုတိုးလာခြင်းသည် ၎င်းတို့၏ ပြည်တွင်း သကြားလုပ်ငန်းအပေါ် သက်ရောက်မှုရှိနိုင်သည်ကို တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်ဖွယ်ရှိကြောင်း၊  OCSB မှ အထွေထွေအတွင်းရေးမှူး Bainoi Suwanchatreeက ပြောကြားခဲ့သည်။

          သကြားတင်သွင်းမှု နှစ်စဉ်တိုးမြင့်လာမှုအပေါ် ပြည်တွင်းရှိ သကြားထုတ်လုပ်သူများနှင့် ကြံစိုက်တောင်သူများအား အကာအကွယ်ပေးရန်အတွက် တရုတ်နိုင်ငံသည် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု အစီအမံတစ်ရပ်ကို ချမှတ်ကျင့်သုံးဖွယ်ရှိကြောင်း၊ ထိုင်းနိုင်ငံအား ပို့ကုန်အခြေစိုက်စခန်းအဖြစ် အသုံးပြုလျက် အခွန်ရှောင်ရန် ကြိုးစားနေသော တရုတ်နိုင်ငံမှ သကာရည်ကုမ္ပဏီများအား ကိုင်တွယ်အရေးယူမှုကိုလည်း တရုတ်အစိုးရက လုပ်ဆောင်ဖွယ်ရှိ ကြောင်း Mr Bainoi က ပြောကြားခဲ့သည်။

          တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့အတွက် သကာရည်တင်ပို့ရာ ထိပ်တန်း ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ ဘရာဇီးသည် ကမ္ဘာ့အကြီးဆုံး သကြားထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ၎င်း၏နောက်တွင် ဩစတေးလျသည် ဒုတိယနေရာနှင့် ထိုင်းနိုင်ငံသည် တတိယအများဆုံး သကြား ထုတ်လုပ်သည့် နိုင်ငံအဖြစ် လက်ရှိတွင် စက်ရုံပေါင်း ၅၈ ခုရှိကြောင်း သိရှိရသည်။

          ထိုင်းနိုင်ငံသည် လွန်ခဲ့သော ၇ နှစ် - ၈ နှစ် ခန့်ကာလမှ စတင်၍ တရုတ်နိုင်ငံသို့ သကာရည် တင်ပို့မှုကို လုပ်ဆောင်ခဲ့ပြီး ကနဦးတွင် တစ်နှစ်လျှင် တန်ချိန် ၁၀၀၀၀၀ တင်ပို့ခဲ့သည်။ OCSB ၏ အဆိုအရ တင်ပို့မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၆၀၀၀၀၀ မှ ၇၀၀၀၀၀ အတွင်းအထိ ဆက်လက်တိုးမြင့်လာခဲ့ပြီး ယခင်နှစ်တွင် တန်ချိန် ၁.၂ သန်းအထိ မြင့်မားလာခဲ့ကြောင်း သိရှိ ရသည်။

          တရုတ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံမှ သကာရည် တင်သွင်းမှုကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ပြီး ဘတ်ငွေ သန်း ၄၀၀ ကျော်တန်ဖိုးရှိသော သကာရည် များပါဝင်သည့် ထိုင်းကုန်တင်သင်္ဘောများသည် တရုတ်နိုင်ငံကမ်းရိုးတန်းတွင် သောင်တင်လျက် ရှိနေခဲ့သည်။

Source: Bangkok Post, 8 January, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ