ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်ငရုတ်ကောင်းတင်ပို့မှုပမာဏတွင်လျှော့ကျခဲ့သော်လည်းတန်ဖိုးတွင်မြင့်တက်

              တင်ပို့သည့်ပမာဏတွင် ၅.၁ ရာခိုင်နှုန်းလျော့ကျခဲ့သော်လည်းတန်ဖိုးတွင် ၄၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အတွက် ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်းတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံနီးပါး ရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) ၏အဆိုအရ သိရပါသည်။ ဒီဇင်ဘာလတစ်လတည်းတွင် ငရုတ်ကောင်းအမည်းတန်ချိန် ၁၂၇၇၁ နှင့်ငရုတ်ကောင်းအဖြူတန်ချိန် ၂၄၉၄ တန်ပါဝင်သော ငရုတ်ကောင်းစုစုပေါင်း တန်ချိန် ၁၅၂၆၅ တန်တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀၀.၆ သန်းရရှိခဲ့ကြောင်းသိရပါသည်။ နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၄.၃ ရာခိုင်နှုန်းနှင့် ဝင်ငွေတွင် ၅.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ဒီဇင်ဘာလတွင် ပျမ်းမျှတင်ပို့သည့် ဈေးနှုန်းများမှာ ငရုတ်ကောင်းအမည်း တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၆၄၇၆ နှင့် ငရုတ်ကောင်းအဖြူ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၁၉၈ ရှိကြောင်းသိရပါသည်။ ၂၀၂၄ တစ်နှစ်လုံးတွင် ဗီယက်နမ်နိုင်ငံသည် ငရုတ်ကောင်းအမည်းတန်ချိန် ၂၂၀၂၆၉ နှင့် ငရုတ်ကောင်း အဖြူတန်ချိန် ၃၀၃၃၁ ပါဝင်သော ငရုတ်ကောင်းတန်ချိန် ၂၅၀၆၀၀ တန်တင်ပို့ခဲ့ပြီးဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံရရှိခဲ့ကြောင်းသိရပါသည်။ တင်ပို့သည့်ပမာဏတွင် လျော့ကျခဲ့ သော်လည်း တင်ပို့သည့်ဈေးနှုန်းမြင့်တက်ခဲ့သောကြောင့် ဝင်ငွေရရှိမှုတွင် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်းအနက်‌ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၅၄ (၄၉.၇ရာခိုင်နှုန်းမြင့်တက်) နှင့် ငရုတ်ကောင်းအဖြူပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၈၈၄ (၃၈.၉ ရာခိုင်နှုန်းမြင့်တက်) တို့ ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ဈေးနှုန်းမြင့်တက်ရခြင်းသည် လတ်တလောနှစ်များအတွင်း အရည်အသွေးနှင့် ငရုတ်ကောင်းအမှတ်တံဆိပ်ပုံရိပ်မြင့်တက်ရန် နိုင်ငံ၏အားထုတ်မှုကြောင့်ဖြစ်ကြောင်း သိရ ပါသည်။ အမေရိကန်နိုင်ငံသည် တန်ချိန် ၇၂၃၃၁ တန်ဖြင့် ဗီယက်နမ်ငရုတ်ကောင်း အဓိကတင်သွင်းသူဖြစ်ပြီး ဗီယက်နမ်၏စုစုပေါင်းတင်ပို့သည့်ပမာဏ၏ ၂၈.၉ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။ အခြားအဓိကဈေးကွက်များတွင် ယူအေအီး၊ ဂျာမနီနှင့် နယ်သာလန်တို့ ပါဝင်ပြီး အိန္ဒိယနှင့်တရုတ်သို့တင်ပို့မှုမှာမူ သိသာစွာကျဆင်းခဲ့ကြောင်းသိရပါသည်။ တစ်ချိန် တည်းမှာပင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁၇၆.၂ သန်းတန်ဖိုးရှိသော ငရုတ်ကောင်းတန်ချိန် ၃၆၇၂၇ တန်ကို ပြုပြင်ထုတ်လုပ်တင်ပို့ရန်အတွက် တင်သွင်းခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည်တန်ချိန် ၁၇၁၉၄ တန်ဖြင့် ဗီယက်နမ်အားအဓိကရောင်းချသူ ဖြစ်ကြောင်းသိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

တိရိစ္ဆာန်အစာအတွက်ဂျုံတင်သွင်းရန်အင်ဒိုနီးရှားအစိုးရစီစဉ် (P)

 

          အင်ဒိုနီးရှားအစိုးရသည် တိရိစ္ဆာန်အစာထုတ်လုပ်ရန်အတွက် ဂျုံတင်သွင်းရန်စီစဉ်နေကြောင်း ညှိနှိုင်းရေးဝန်ကြီးဖြစ်သူ Zulkifli Hassan က ဇန်နဝါရီလ ၆ ရက်နေ့က ပြောကြား ခဲ့ပါသည်။ ဝန်ကြီးက ယခုနှစ်တွင် နိုင်ငံ၏ပြောင်းထုတ်လုပ်မှုသည် မြင့်မား‌ရန်မျှော်လင့်ရကြောင်း၊ ထို့ကြောင့်အစိုးရသည် တိရိစ္ဆာန်အစာထုတ်လုပ်ရန်အတွက်ပါ ပါဝင်သော ပြောင်း မတင်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ သို့သော်ဝန်ကြီးဌာနများနှင့် အေဂျင်စီများအကြားအစည်းအဝေးတွင် အစိုးရသည် အကယ်၍ တိရိစ္ဆာန်အစာလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်အောင်မဖြည့်စည်းနိုင်ပါက ပြောင်းအစား ဂျုံတင်သွင်းရန် စီစဉ်ထားကြောင်း သိရပါသည်။ Hasan က ဂျုံသည်ပြောင်းထက်ဈေးပေါသောကြောင့် တိရိစ္ဆာန် အစာအတွက် ပြောင်းအစားဂျုံတင်သွင်းမည်ဖြစ်ကြောင်း၊ သို့သော်ထိုဆုံးဖြတ်ချက်ကို ထပ်မံ ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဂျုံ‌ရောင်းလိုအားအလွန် များပြားပါက တိရိစ္ဆာန်အစာထုတ်စက်ရုံများသည် ပြောင်းကိုအသုံးမပြုတော့ပဲ ဂျုံကိုသာသုံးပါက ပြောင်းဈေးများကျဆင်းကာ လယ်သမားများအခက်တွေ့နိုင်သောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ပြောင်းထုတ်နိုင်စွမ်းသည် တန်ချိန် ၁၆.၆၈ သန်း ရောက်ရှိရန်ခန့်မှန်းရပြီး ပြည်တွင်းဝယ်လိုအားမှာ တန်ချိန် ၁၃ သန်းပတ်လည် ရှိကြောင်း သိရပါသည်။ ထို့ကြောင့်အစိုးရသည် တိရိစ္ဆာန်အစာအတွက် ပြောင်းတင်သွင်းမှုမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ သမ္မတ Prabowo Subianto ကလည်း ၎င်း၏ဝန်ကြီးများအား ယခုနှစ်တွင် ဆန်၊ ဆားနှင့် သကြားတင်သွင်းမှုမပြုလုပ်တော့ရန် ညွှန်ကြားထားသည် ဟုသိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)        

ရုရှားနိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များအား အခွန်အသစ် စည်းကြပ်မည် (P)

               ရုရှားနိုင်ငံတစ်ဝှမ်း ခရီးသွားအခွန်အသစ်သည် ဗုဒ္ဓဟူးနေ့တွင် အကျုံးဝင်ပြီး ယခင်အပန်း ဖြေစခန်းကြေးကို အစားထိုးလိုက်ကြောင်း RIA Novosti သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဟိုတယ်များနှင့် အခြားတည်းခိုခန်းများတွင် တည်းခိုသည့် ခရီးသွားများသည် ၎င်းတို့၏ တည်းခိုစရိတ်၏ နောက်ထပ် ၁ ရာခိုင်နှုန်းအား ပေး‌ဆောင်ရမည်ဖြစ်ပြီး ဒေသတွင်းခရီးသွားလာရေး အခြေခံအဆောက်အအုံများ အားကောင်းလာစေရန် အဆင့်လိုက်အစီအစဉ်တစ်ခုအဖြစ် စတင်လိုက်ခြင်း ဖြစ်ကြောင်းသိရ သည်။ ဒေသဆိုင်ရာ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်အရ အခွန်ကို ဒေသဆိုင်ရာစည်းကြပ်မှုအဖြစ် အကောင်အထည်ဖော်ရန် ဒေသဆိုင်ရာအာဏာပိုင်များ၏ ဆုံးဖြတ်ခွင့်ကိုပေးသည့် ကဏ္ဍသစ်တွင် "Tourist Tax" ဟု ခေါင်းစဉ်တပ်ထား သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ရုရှားအခွန်ကုဒ်ကို ပြင်ဆင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မိတ်ဆက်ခဲ့သည်။ အထူးသဖြင့် တည်ထောင်ထားသော သို့မဟုတ် ထွန်းသစ်စခရီးသွားလုပ်ငန်းနယ်ပယ်များရှိ ဒေသအများအပြားသည် အဆိုပါအစီအစဉ်ကို လက်ခံကျင့်သုံးနေပြီဖြစ်သည်။ လက်ရှိမူဘောင်အရ ခရီးသွားအခွန် သည် ၂၀၂၅ ခုနှစ်တွင် ၁ ရာခိုင်နှုန်းဖြင့် စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ၃ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း တိုးလာမည် ဖြစ်ကြောင်းသိရသည်။

Source : Xinhua

DOCA(ရန်ကုန်)

အမေရိကန်တွင် ဒေတာစင်တာများ တည်ဆောက်ရန်အတွက် ယူအေအီးမှ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြုပ်နှံမှုကို Trump မှ ကြေညာခဲ့ (P)

            အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ဇန်နဝါရီ ၂၀ ရက်ရာထူးလက်ခံမည့် ရက်မတိုင်မီ ရက်ပိုင်းအလိုတွင် Emirati developer တစ်ခုထံမှ အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း တွင် ဒေတာစင်တာများ တည်ဆောက်ရန်အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ရင်းနှီးမြုပ်နှံမည် ဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့သည်။ ဖလော်ရီဒါပြည်နယ် Palm Beach ရှိ သူ၏ Mar-a-Lago အိမ်ရာ၌ကျင်းပသောသတင်းစာရှင်းလင်းပွဲတစ်ခုတွင် Trump က ရင်းနှီးမြှုပ်နှံသူမှာ DAMAC အိမ်ခြံမြေ၏ ဥက္ကဋ္ဌဖြစ်သည့် Emirati ဘီလီယံနာ Hussain Sajwani ဖြစ်သည်ဟု သတင်း ထောက်များအား ပြောကြားခဲ့သည်။ United Arab Emirates (UAE) ဒူဘိုင်းအခြေစိုက် DAMAC အိမ်ခြံမြေများသည် အရှေ့အလယ်ပိုင်းရှိ အကြီးဆုံး ဇိမ်ခံအိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။ ရင်းနှီးမြုပ်နှံမှုသည် အနောက်အလယ်ပိုင်း၊ Sun Belt ဧရိယာ တလွှား၌ ကြီးမားသော ဒေတာစင်တာအသစ်များအား ပံ့ပိုးပေးနိုင်ရန်ဖြစ်‌ ကြောင်း Trump က ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု၏ပထမအဆင့်သည် Texas၊ Arizona၊ Oklahoma၊ Louisiana၊ Ohio၊ Illinois၊ Michigan နှင့် Indiana ပြည်နယ်များတွင် ဖြစ်မည်ဟု Trump က မှတ်ချက်ပြုခဲ့သည်။ ဉာဏ်ရည်တုနည်းပညာသည် ဒေတာစင်တာများအတွက် အလွန်အ‌ရေးပါပြီး လာမယ့်နှစ်များတွင်လည်း အလွန်‌ ခေတ်စားလာသော အရာတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလက ကျင်းပသော အခြားသော သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံ၏ SoftBank Group Corp သည် လာမည့်လေးနှစ်အတွင်း အမေရိကန်တွင် ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားကြောင်း Trump က ကြေညာခဲ့ကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)

Microsoft သည် အိန္ဒိယရှိ AI နှင့် cloud ဝန်ဆောင်မှုများတွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် (P)

             အိန္ဒိယနိုင်ငံတွင် ၎င်း၏ဥာဏ်ရည်တု (AI) နှင့် cloud ဝန်ဆောင်မှုများကို တိုးချဲ့ရန် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို Microsoft က ဇန်နဝါရီ ၇ ရက်တွင် ကြေညာခဲ့သည်။ အိန္ဒိယရှိ ထိပ်တန်း cloud နှင့် AI ပံ့ပိုးပေးသူများထဲမှ တစ်ခုအပါအဝင်ဖြစ်‌သော Microsoft သည် India ရှိ datacenter ဒေသ ၃ ခုတွင် လုပ်ငန်းများ လည်ပတ်နေပြီး ၎င်း၏ စတုတ္ထမြောက်‌ဒေသအား လာမည့်နှစ်တွင် လုပ်ငန်းများလည်ပတ်နိုင်ရန်အတွက် ပြင်ဆင်နေကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ India ၏ AI startup များနှင့် သုတေသန အသိုက်အဝန်းကို ဝန်ဆောင်မှုပေးရန်အတွက် အရွယ်အစားကြီးမားသော AI ကွန်ပျူတာဂေဟ စနစ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုကို အသုံးချ သွားမည်ဖြစ်သည်။ Microsoft သည် အိန္ဒိယနိုင်ငံရှိ B2B startups များအတွက် အသိုင်းအဝိုင်း တစ်ခုဖြစ်သည့် SaaSBoomi နှင့် AI နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။ ၎င်းတို့သည် အိန္ဒိယမြို့ငယ်များနှင့် မြို့ငယ်များရှိ စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို နည်ပညာအသိများမြှင့်တင်‌ပေးနိုင်ရန် ကြိုးပမ်းမည်ဖြစ်ပြီး Indian AI နှင့် SaaS startups များအတွက် နောက်ထပ် ၁.၅ ဘီလီယံ ဖက်စပ်အရင်းအနှီးရန်ပုံငွေဖြင့် ဆွဲဆောင်မည်ဖြစ်သည်။

Source : Xinhua

DOCA(ရန်ကုန်)

CFC အား ပို့ကုန်ထုတ်လုပ်မှုချဲ့ထွင်ရေးအစီအစဉ်ကိုချပြရန် (MAFF) ဝန်ကြီး Tina တောင်းဆို

           စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(MAFF)၊ ဝန်ကြီး Dith Tina မှ ကမ္ဘောဒီးယားပီလောပီနံအသင်းချုပ် (CFC) အား ဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ ဈေးနှုန်းကျဆင်းမှုကာကွယ်ရန်၊ ပီလောပီနံခြောက်တင်ပိုရန်နှင့် လက်ဆက်သောပီလောပီနံတို့ကို ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဦးစားပေးလုပ်ဆောင်ရန်အတွက် မဟာဗျူဟာအစီအစဉ် တစ်ခုကိုချမှတ်ရန်အတွက် ၆-၁-၂၀၂၅ ရက်နေ့က တောင်းဆိုခဲ့သည်။ (CFC) ဥက္ကဋ္ဌ Chary Son နှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် လုပ်ငန်းတိုးတက်မှုဆိုင်ရာ အချက်အလက် များကိုပြောကြားခဲ့သည်။ Dith Tina က  ဈေးကွက်အရွယ်အစားကိုရှင်းလင်းစွာနားလည်စေရန် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စီးပွားရေးထိရောက်မှုအတွက် ခိုင်မာသောရပ်တည်ချက်ထားရှိနိုင် ရေးတို့ကို အလေးထားဆောင်ရွက်သွားရန်တိုက်တွန်းခဲ့သည်။ CFC အနေဖြင့် လက်ဆက်သော ပီလောပီနံရောင်းဝယ်မှုနှင့်  ပီလောပီနံအခြောက်များကို စိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများ နှင့်ယှဉ်ပြိုင်ခြင်းထက် ပြည်ပသို့တင်ပို့ရန်အတွက် ဦးစားပေးလုပ်ဆောင်သင့်ကြောင်း Dith Tina ကထပ်မံပြောကြားခဲ့သည်။ ပီလောပီနံဈေးနှုန်းနှင့်ပတ်သက်၍  ပီလောပီနံစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ El Chhinh  က ပီလောပီနံဈေးနှုန်းများသည် ဒေသအလိုက်ကွဲပြားသော်လည်း ကမ္ဘောဒီးယားတွင် ဈေးနှုန်းကွဲပြားမှုနည်းပါးကြောင်းနှင့် ပြည်တွင်းပီလောပီနံထုတ်လုပ်မှု၏ ၂၀/၃၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း၌အသုံးပြုပြီး ကျန်ရှိသောထုတ်ကုန်များကို ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကလယ်ယာထွက်ကုန်များသည် ၂၀၂၄ ခုနှစ်အတွင်း သိသိသာသာ မြင့်တက်ခဲ့

            ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကပို့ကုန် ကုန်စည်များသည် သိသိသာသာမြင့်တက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့ကို ဆန်၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ငရုတ်ကောင်းနှင့် ဆေးရွက်ကြီးတို့ကို အဓိကတင်ပို့ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှနိုဝင်ဘာလ အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် စပါးတင်ပို့မှုမှ ကန်ဒေါ်လာ ၁,၂၇၁ သန်းနှင့် ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၄၃၈ သန်းရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၄၂ ရာခိုင်နှုန်းနှင့် ၃.၉၇ ရာခိုင်နှုန်း အသီးသီးတိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ၏ တရား ဝင်ထုတ်ပြန်ချက်များအရ သိရသည်။ ကမ္ဘောဒီးယားသည် ပီလောပီနံတင်ပို့မှုမှ ကန်ဒေါ်လာ ၆၂၂ သန်း၊ ရာဘာတင်ပို့မှုမှ ကန်ဒေါ်လာ ၅၂၃ သန်းရှိခဲ့ပြီး ၁၃.၄၂ ရာခိုင်နှုန်းနှင့် ၁၅.၈၁ ရာခိုင်နှုန်းအသီးသီး ရှိခဲ့သည်။ နိုင်ငံတော်သည် သီဟိုဠ်စေ့တင်ပို့မှုမှ ကန်ဒေါ်လာ ၅၀၂ သန်း၊ သရက်သီးတင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၈ သန်းရှိခဲ့သည်။ သို့သော်လည်း ငှက်ပျောသီးတင်ပို့မှုမှာ ၁၁.၂ ရာခိုင်နှုန်းကျဆင်းခဲပြီး ကန်ဒေါ်လာ ၁၃၈ သန်းရရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထား သည်။ အခြားလယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ငရုတ်ကောင်းနှင့်ဆေးရွက်ကြီးတင်ပို့မှုမှ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁၀ သန်းရရှိခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍသည် အခြားသောကဏ္ဍများထက် ကမ္ဘောဒီးယားနိုင်ငံ၏ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပံ့ပိုး ရာတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်နေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံမှဩစတြေးလျသို့ ပို့ကုန်များတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၄၅၀ နီးပါးရရှိခဲ့

              ကမ္ဘောဒီးယားနိုင်ငံမှ ဩစတြေးလျနိုင်ငံသို တင်ပို့မှုတန်ဖိုးမှာ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လ အတွင်း အမေရိကန်ဒေါ်လာသန်း ၄၅၀ နီးပါးရှိပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းတိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှ ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ သိရသည်။ ကမ္ဘောဒီးယားနှင့်ဩစတြေးလျနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၄၇ သန်းအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀.၉၅ ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ စုစုပေါင်းကုန်သွယ်မှုပမာဏတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၄၄ သန်းရှိခဲ့ပြီး ဩစတြေးလျမှ သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀၂ သန်းရှိခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် ဩစတြေးလျတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက် (RCEP) သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်နှင့်ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာ မြှင့်တင်နိုင်ခဲ့ပြီး နိုင်ငံအတွက်ပို့ကုန်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန်အတွက် ထောက်ပံ့ ပေးနေကြောင်း ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC) မှ ထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) သည် ကုန်သွယ်မှု မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရန်နှင့် ကမ္ဘောဒီးယား၏ပို့ကုန်အလားအလာကို မြှင့်တင်ရန်အတွက် ကြိုးပမ်းနေကြောင်း အစီရင်ခံစာတွင်ထုတ်ပြန်ထားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

၂၀၂၄ ခုနှစ်တွင်လုပ်ငန်း ၇၆၁၈၀ နီးပါးလည်ပတ်မှုပြန်လည်စတင်ခဲ့သည့်ဗီယက်နမ်

            ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၌ လုပ်ငန်း စုစုပေါင်း ၇၆၁၇၉ ခု လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်ခဲ့ကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ စီးပွားရေးမှတ်ပုံတင် အေဂျင်စီ၏ အဆိုအရသိရပါသည်။ ပျမ်းမျှအားဖြင့် တစ်လလျှင် လုပ်ငန်း ၆၃၄၈ ခု လည်ပတ်မှု ပြန်လည်စတင်ခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၌ လုပ်ငန်းသစ်အရေအတွက်နှင့် လုပ်ငန်းလည်ပတ်မှုပြန်လည်စတင်သည့်လုပ်ငန်း အရေအတွက် မှာ ၂၃၃၄၁၉ ခုရှိခဲ့ကြောင်းသိရပါသည်။ လုပ်ငန်းသစ်အရေအတွက် ၁၅၇၂၄၀ ခု တည်ထောင် ခဲ့ပြီး နိုင်ငံစီးပွားရေးအနေဖြင့် မတည်မှတ်ပုံတင်မှုတန်ဖိုး အမေရိကန်‌ဒေါ်လာ ၁၄၀.၆ ဘီလီယံ ရရှိခဲ့ကြောင်းသိရပါသည်။ အသစ်တည်ထောင်သည့်လုပ်ငန်းအများစုမှာ မတည်ရင်းနှီးငွေ ဗီယက်နမ်ဒေါင် ၁ ဘီလီယံမှ ၁၀ ဘီလီယံထက်နည်းသည့် အသေးစားလုပ်ငန်းများဖြစ်ပြီး အရေအတွက်မှာ ၁၄၅၄၆၄ ခုရှိကြောင်းသိရပါသည်။ ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်းသစ် အရေအတွက် ၁၁၈၈၄၀ ခုရှိပြီး စက်မှုနှင့်ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းသစ် ၃၆၇၇၈ ခုရှိကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းအရေအတွက် ၁၉၇၈၆၁  ခု ဈေးကွက်မှထွက်ခွာခဲ့ပြီး အများစုမှာ ယာယီရပ်ဆိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

၂၀၂၆ ခုနှစ်တွင်ဒီဇယ်တင်သွင်းမှုကို B50 ပရိုဂရမ်ဖြင့်အဆုံးသတ်ရန်အင်ဒိုနီးရှားရည်မှန်း

            အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းဘိုင်အိုဒီဇယ် (B50) ပရိုဂရမ်ကို အကောင်အထည်ဖော်ပြီး ဒီဇယ်တင်သွင်းမှုကိုရပ်တန့်ရန်စီစဉ်နေကြောင်း စွမ်းအင်နှင့်သယံ ဇာတအရင်းအမြစ်ဝန်ကြီးဖြစ်သူ Bahlil Lahadalia ၏အဆိုအရသိရပါသည်။ စွမ်းအင်အသွင် ကူးပြောင်းမှုပရိုဂရမ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အစိုးရသည် ၂၀၂၆ ခုနှစ်တွင် B50 ပရိုဂရမ်ကို အကောင်အထည်ဖော်ရန် ၂၀၂၅ ခုနှစ်တွင် B40 ကို ကနဦးအကောင်အထည်ဖော်ရမည် ဟုသိရပါသည်။ အကယ်၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ပါက ၂၀၂၆ ခုနှစ်တွင် ဒီဇယ်တင်သွင်းရန် မလိုအပ်တော့ကြောင်း သိရပါသည်။ ထို B50 ပရိုဂရမ်သည်သမ္မတ Prabowo Subianto ၏ စွမ်းအင်ဖူလုံမှုရှိရေးညွှန်ကြားမှုနှင့်အညီ စတင်ခြင်းဖြစ်ကြောင်း သိရပါသည်။ Lahadalia က B50 အကောင်အထည်ဖော်ခြင်းသည် နိုင်ငံ၏အရံစွမ်းအင်မြင့်တက်စေမည်ဖြစ်ပြီး ပြည်တွင်းစွမ်းအင်လိုအပ်ချက် ပြည့်မီနိုင်စွမ်းမြင့်တက်ရန်ရည်မှန်းချက်ကို ပံ့ပိုးပေးနိုင်မည်ဟု သိရပါသည်။ တစ်ချိန်တည်းမှာပင် ဒုတိယဝန်ကြီး Yuliot Tanjung က B40 ဘိုင်အိုဒီဇယ် အသုံးပြုမှုမူဝါဒကို ယခုနှစ်ဖေဖော်ဝါရီလတွင် အပြည့်အဝအကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ပါသည်။ B40 သည် ဒီဇယ်ဆီ ၆၀ ရာခိုင်နှုန်းနှင့် စားအုန်းဆီမှပြုလုပ်သည့် ဘိုင်အိုလောင်စာ ၄၀ ရာခိုင်နှုန်းအရောဖြစ်ကြောင်းသိရပါသည်။ B40 ပရိုဂရမ်ပထမအဆင့်သည် ဘိုင်အိုဒီဇယ် ၁၅.၆ သန်းကီလိုလီတာထုတ်လုပ်နိုင်ရန် မျှော်လင့်ရကြောင်းသိရပါသည်။ စွမ်းအင်နှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဌာနကလည်း B40 ဘိုင်အိုဒီဇယ်ပရိုဂရမ်အတွက် စည်းမျဉ်းများကို ဇန်နဝါရီ ၁၂ ရက်နေ့နောက်ဆုံးထား၍ အပြီးသတ်ရန်ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)                           

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ