ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်နိုင်ငံ၏အီလတ်ထရောနစ်ပစ္စည်းများတင်သွင်းမှုအမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ‌ကျော်ထိရောက်ရှိ

၂၀၂၃ ခုနှစ်၏ဒီဇင်ဘာလ ပထမလဝက်တွင် ဗီယက်နမ်၏ ကွန်ပြူတာများ၊ အီလတ်ထရောနစ် ထုတ်ကုန်များနှင့် အစိတ်အပိုင်းများတင်သွင်းမှုမှာအမေရိကန်ဒေါ်လာ ၄.၅၂ ဘီလီယံရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏ အဆိုအရသိရပါသည်။ ထို့ကြောင့် ယခုနှစ် ၏အစမှစ၍ ဒီဇင်ဘာလ ၁၅ ရက်‌နေ့အထိ နိုင်ငံ၏ အီလတ်ထရောနစ် ပစ္စည်းများ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်‌ဒေါ်လာ ၁၀၂.၂၅ ဘီလီယံရှိခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ထိုတန်ဖိုးသည် နိုင်ငံ၏စုစုပေါင်းတင်သွင်းသည့်တန်ဖိုးပမာဏ၏ ၂၈.၂၆ ရာခိုင်နှုန်း ရှိကြောင်းသိရပါသည်။ ၂၀၂၃ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၈.၀၅ ဘီလီယံဖြင့် ၂၁.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ၎င်းတို့ထိုကုန်ပစ္စည်းများ ကို အဓိကတင်သွင်းခဲ့သည့်နိုင်ငံများမှာ တောင်ကိုရီးယားနိုင်ငံနှင့်တရုတ်နိုင်ငံတို့ ဖြစ်ကြောင်း သိရပါသည်။ နိုဝင်ဘာလကုန်တွင်ဗီယက်နမ်သည် တောင်ကိုရီးယားထံမှ အီလတ်ထရောနစ် ပစ္စည်း များ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁.၅၃ ဘီလီယံရှိပြီး တရုတ်နိုင်ငံထံမှ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၂၉.၂၂ ဘီလီယံရှိကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ယခုနှစ်အစမှစ၍ ဒီဇင်ဘာဘ ၁၅ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၆၈.၅၄ ဘီလီယံတန်ဖိုးရှိသော အီလတ်ထရောနစ်ပစ္စည်းများအား ပြည်ပသို့တင်ပို့ခဲ့ပြီး ၂၀၂၃ တူညီသည့် ကာလထက်အမေရိကန်ဒေါ်လာ ၁၄.၃၈ ဘီလီယံမြင့်တက်ခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

သစ်တောထွက်ကုန်များတင်ပို့မှုမှတစ်ဆင့်စံချိန်တင်အမေရိကန်ဒေါ်လာ ၁၇.၃ ဘီလီယံရရှိခဲ့သည့်ဗီယက်နမ်

 

          ဗီယက်နမ်နိုင်ငံသည် ဒီဇင်ဘာလတွင် သစ်နှင့်သစ်ထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလီယံရရှိခဲ့ပြီး နိုဝင်ဘာလကထက် ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကထက် ၁၅.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန အောက်ရှိသစ်တောဦးစီးဌာန၏အဆိုအရသိရ ပါသည်။ ဒီဇင်ဘာလတွင် သစ်ထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံရရှိခဲ့ပြီး နိုဝင်ဘာလကထက် ၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ ကထက် ၁၅.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ သစ်မဟုတ်သည့်ထုတ်ကုန်များ ပါဝင်သည့် သစ်တောထုတ်ကုန်တင်ပို့မှုစုစုပေါင်းခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၆၈ ဘီလီယံရှိကြောင်းသိရပါသည်။ ၂၀၂၄ တစ်နှစ်လုံးအတွက်  ဗီယက်နမ်သည် သစ်တောထွက်ကုန် များတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၇.၃ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက်၁၉.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုတန်ဖိုးထဲတွင် သစ်နှင့်သစ်ထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆.၃ ဘီလီယံရရှိခဲ့ခြင်းဖြစ်ပြီး ကျန်သည့်ပမာဏမှာ သစ်မဟုတ်သည့် သစ်တောထွက်ကုန်တင်ပို့မှုမှရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ သစ်သားထိုင်ခုံများတင်ပို့မှုမှာ တင်ပို့သည့်အမျိုးအစားအားလုံးထဲတွင် အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေကြောင်းသိရပါသည်။ အခြားတင်ပို့မှုတန်ဖိုးအမေရိကန်‌ဒေါ်လာ ၁ ဘီလီယံကျော် သည့် အမျိုးအစားများထဲတွင် အိမ်တွင်းနှင့်ထမင်းစားခန်းပရိဘောဂ၊ သစ်သားပြားများ၊ အိပ်ခန်းပရိဘောဂများနှင့် မီးဖိုချောင်ပရိဘောဂများပါဝင်ကြောင်းသိရပါသည်။ အမေရိကန်သည် ဗီယက်နမ်၏သစ်နှင့်သစ်ထုတ်ကုန်တင်ပို့ရာအကြီးမားဆုံးဈေးကွက်ဖြစ်ပြီး စုစုပေါင်းတင်ပို့မှု ပမာဏ၏ ၅၅ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ ဗီယက်နမ်သည် သစ်စိုက်ပျိုးခြင်း၊ ရိတ်သိမ်း ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းတို့တွင် အောင်မြင်မှုများရရှိနေကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အသစ်စိုက်ပျိုးသည့်သစ်တောဧရိယာမှာ ခန့်မှန်း ၂၇၀၀၀၀ဟတ်တာရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

၂၀၂၄ ခုနှစ်တွင်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့မှုမှတစ်ဆင့် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံနီးပါးရရှိခဲ့သည့်ဗီယက်နမ်နိုင်ငံ

          ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၆၂.၅ ဘီလံယံ (၂၀၂၃ ကထက် ၁၈.၇ ရာခိုင်နှုန်းမြင့်တက်) ရရှိခဲ့ပြီး စံချိန်တင်ကုန်သွယ်‌ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၇.၉ ဘီလီယံ(၂၀၂၃ ကထက် ၄၆.၈ ရာခိုင်နှုန်း မြင့်တက်) ခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ၏ အဆိုအရသိရပါသည်။ အဓိကစိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၃၂.၈ ဘီလီယံ (၂၂.၄ ရာခိုင်နှုန်းမြင့်တက်)၊ မွေးမြူရေးထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၅၃၆.၆ မီလီယံ(၆.၅ ရာခိုင်နှုန်းမြင့်တက်)၊ သစ်တောထုတ်ကုန် တင်ပို့မှုမှ တစ်ဆင့် အမေရိကန်ဒေါ်လာ၁၇.၂၈ ဘီလီယံ(၁၉.၄ ရာခိုင်နှုန်းမြင့်တက်)နှင့် ရေထွက်ကုန် တင်ပို့မှုမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၁၀.၀၇ ဘီလီယံ(၁၂.၂ရာခိုင်နှုန်းမြင့်တက်) ခဲ့ကြောင်း သိရပါသည်။ သစ်နှင်သစ်ထုတ်ကုန်တင်ပို့မှု(အမေရိကန်ဒေါ်လာ၁၆.၂ ဘီလီယံ)၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု(အမေရိကန်ဒေါ်လာ ၇.၁၂ ဘီလီယံ)၊ ဆန်(အမေရိကန်ဒေါ်လာ၅.၇၅ ဘီလီယံ)နှင့် ကော်ဖီ (အမေရိကန်ဒေါ်လာ၅.၄၈ ဘီလီယံ)တို့ပါဝင်သော ထုတ်ကုန် ၇ ခုတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အသီးသီးရရှိခဲ့ကြောင်းသိရပါသည်။ စိုက်ပျိုး မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီးဖြစ်သူ Phung Duc Tien က ထိုအောင်မြင်မှုများသည် ကဏ္ဍ၏ စီးပွားရေးဖွဲ့စီးပုံတွင်ဗျူဟာမြောက်ချိန်ညှိမှု၊ ထုတ်လုပ်ရာ တွင် ဈေးကွက်ဝယ်လိုအားနှင့်ချိန်ညှိမှုနှင့် မြင့်မားသောတန်ဖိုးနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်ကုန်များ မြင့်တက်လာမှုတို့ကြောင့်ဖြစ်ကြောင်းသိရပါသည်။ ၂၀၂၃ ခုနှစ်မှစ၍ ဝန်ကြီးဌာန သည် အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ဥရောပသမဂ္ဂကဲ့သို့သော အဓိကဈေးကွက်များသို့ တင်ပို့မှုအရှိန်မြှင့်တင်ရန် စီမံကိန်းများကိုအကောင်အထည်ဖော်ခဲ့ကြောင်းသိရပါသည်။ ဝန်ကြီး ဌာနသည် ဈေးကွက်သစ်များရှာဖွေခဲ့ပြီး စာချုပ်များကို ညှိနှိုင်းဆွေးနွေးခဲ့သည့်အတွက် သိသာ ထင်ရှားသည့်ရလဒ်များရရှိခဲ့ကြောင်းသိရပါသည်။ ထို့ပြင်ဌာနသည် ဈေးကွက်သတင်းအချက် အလက်ဖလှယ်မှုမြှင့်တင်ရန်နှင့် ဆက်သွယ်မှုအားကောင်းစေရန် ပြည်ပရှိဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ၏ကဏ္ဍကို မြှင့်တင်ခဲ့ကြောင်းသိရပါသည်။ တရုတ်၊ အမေရိကန်၊ဂျပန်နှင့်ဥရောပသမဂ္ဂကဲ့သို့သော အစဉ်အလာဈေးကွက်များအပြင် ဝန်ကြီးဌာန သည် ဟာလာအစားအစာဈေးကွက်များ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကပါဝင်သော ပေါ်ထွန်းလာသည့်ဈေးကွက်များကိုလည်းပစ်မှတ်ထားနေကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

အီရတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်နိုဝင်ဘာလတွင် ရေနံစည်ပေါင်း ၉၈.၈ သန်းတင်ပို့ခဲ့

အီရတ်နိုင်ငံသည် ၂၀၂၄ နိုဝင်ဘာလတွင် ရေနံစိမ်းစည်ပေါင်း ၉၈.၈ သန်းခန့်တင်ပို့ခဲ့ကြောင်း အီရတ်နိုင်ငံရေနံဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့ (ကြာသာပတေးနေ့) က ထုတ်ပြန်ကြေညာ ခဲ့သည်။ နိုဝင်ဘာလအတွင်း Basra ဆိပ်ကမ်းမှတစ်ဆင့် အီရတ်အလယ်ပိုင်းနှင့်တောင်ပိုင်းရှိ ရေနံတွင်းများမှစည်ပေါင်း ၉၈.၆ သန်းခန့် တင်ပို့ခဲ့ပြီး အိမ်နီးချင်း ‌ဂျော်ဒန်နိုင်ငံသို့စည်ပေါင်း ၂၆၆၇၁၅ ခန့်တင်ပို့ခဲ့ကြောင်း အီရတ်ကုမ္ပဏီတစ်ခုဖြစ်သည့် စျေးကွက်ရှာဖွေရေးအဖွဲ့၏ စာရင်းဇယားများကို ကိုးကား၍ဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။ အီရတ်နိုင်ငံ၏ စီးပွားရေးသည် ရေနံစိမ်းတင်ပို့မှုအပေါ် ကြီးမားစွာမှီခိုနေရပြီး နိုင်ငံ၏ဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ရေနံစိမ်းတင်ပို့မှုမှရရှိခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

 

ကမ္ဘာတစ်ဝှမ်းရှိ လျှပ်စစ်ကားများ (EVs) ၏ ရောင်းအားများအားကောင်းလျှက်ရှိ

လျှပ်စစ်ကား (EVs) များသည် တရုတ်နိုင်ငံတွင် ဝယ်ယူသူများမှ တွန်အားပေးမှုကြောင့် ကမ္ဘာတဝှမ်းတွင် ရောင်းအားများ တစ်နှစ်ထက်တစ်နှစ် တိုးလာကာဥရောပနှင့် အမေရိကန်ပြည် ထောင်စုတို့တွင်လည်း တိုးများလာကြောင်း အေပီသတင်းဌာနမှ ကြာသပတေးနေ့က ဖော်ပြခဲ့သည်။ လျှပ်စစ်ကားများသည် ဥရောပနှင့် အမေရိကတို့တွင်လည်း အရှိန်အဟုန်မြှင့်လာသည်ဟု အစီရင်ခံ စာက ဆိုသည်။ ဝယ်ယူထောက်ပံ့မှုများနှင့်ပတ်သက်၍ မသေချာမရေရာမှုများသည် အထူးသဖြင့် နိုင်ငံအတွင်း Donald Trump အုပ်ချုပ်ရေးအောက်ရှိ ၂၀၂၅ ခုနှစ်တွင် ဝင်ရောက်လာသော ကိစ္စရပ်များကို ရှုပ်ထွေးစေနိုင်သည်။ သို့သော် ခေတ်ရေစီးကြောင်းအရ သုံးစွဲသူများသည် မော်ဒယ်အသစ်များ၊ ပိုရှည်သော မောင်းနှင်မှုအကွာအဝေး၊ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်နှင့် ဈေးနှုန်းသက်သာမှုများကို စိတ်ဝင်စားဆဲဖြစ်သည်။လျှပ်စစ်ကားများ ကူးပြောင်းခြင်းသည် သန့်ရှင်းသော စွမ်းအင်သို့ ပြောင်းလဲခြင်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်မှ ထုတ်လွှတ်မှုအားလုံး၏ ခြောက်ပုံတစ်ပုံခန့်ရှိကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီမှ သိရသည်။ ကျယ်ပြန့်သော EV အသုံးပြုမှုသည် ရာသီဥတုပြောင်းလဲမှုကို သိသာထင်ရှားစွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်" ဟု ၎င်းက ဆိုသည်။

DOCA(ရန်ကုန်)

အာဖဂန်နစ္စတန်သည် 2024 ခုနှစ်တွင် ကော်ဇော ၃၉၆၀ တန် တင်ပို့

အာဖဂန်နစ္စတန်သည် ၂၀၂၄ ခုနှစ်တွင် လက်ယက်လုပ် ကော်ဇော တန်ချိန် ၃၉၆၀ ကို တင်ပို့ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ၏စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Akhundzada Abdul Salam Jawad က ဒေသတွင်း မီဒီယာသို့ ပြောကြားခဲ့ သည်။ Jawad ကို ကိုးကား၍ TOLOnews မှ တင်ပို့သည့် ကော်ဇောများသည် ကိုးကားသည့် ကာလ အတွင်း အမေရိကန်ဒေါ်လာ ၁၅.၃ သန်းကျော် တန်ဖိုးရှိကြောင်း ၂၆.၁၂.၂၀၂၄ ရက်‌နေ့တွင် ဖော်ပြခဲ့သည်။အဖိုးတန်အာဖဂန်ထုတ်ကုန်များကို ပါကစ္စတန်၊ သြစတြေးလျ၊ အီရန်၊ တာကီယာ၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဂျာမနီနိုင်ငံများသို့ အများစု တင်ပို့ခဲ့ကြောင်း သိရသည်။အာဖဂန်နစ္စတန်၏ အဓိကပို့ကုန်ပစ္စည်းများမှာ လက်ယက်ကော်ဇောများ၊ လက်မှုပစ္စည်း များ၊ ရွှေဝါရောင်အထည််လိပ်များ၊ သစ်သီးခြောက်များ၊ ကျောက်မီးသွေးနှင့် အဖိုးတန်ကျောက်များ ပါဝင်သည်။

 

DOCA(ရန်ကုန်)

မွန်ဂိုလီးယားနိုင်ငံသည် ဥဇဘတ်ကစ်စတန်သို့ သိုးအရှင်များအားစတင်တင်ပို့

           မွန်ဂိုလီးယားနိုင်ငံသည် ဥဇဘတ်ကစ်စတန်နိုင်ငံသို့ သိုးအရှင်များတင်ပို့မှုကို တရားဝင် စတင်လိုက်ပြီဖြစ်ပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်လာကြောင်း အစားအစာစိုက်ပျိုးရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနကို ကိုးကား၍ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဒေသဆိုင်ရာမီဒီယာများကဖော်ပြခဲ့သည်။ မွန်ဂိုလီးယားသမ္မတ Ukhnaa Khurelsukh ၏ ဇွန်လအတွင်း ဥဇဘတ်ကစ်စတန်နိုင်ငံသို့သွား ရောက်လည်ပတ်စဥ်အတွင်း ပြုလုပ်ခဲ့သော သဘောတူညီချက်မှထွက်‌ပေါ်လာခြင်းဖြစ်ကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။ ခရီးစဥ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် မွန်ဂိုလီးယားနိုင်ငံမှ ဥဇဘတ်ကစ်စတန် နှင့် ဥဇဘတ်ကစ်စတန်မှတစ်ဆင့်အခြား ဗဟိုအာရှစျေးကွက်များသို့ သိုးမွှေး၊ cashmere၊ သား‌‌ရေ၊ အသားနှင့်အသားထွက်ကုန်များ ထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်နိုင်ရန် ကတိပြုခဲ့သည်။ ဤသဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် မွန်ဂိုလီးယားသည် ဥဇဘတ်ကစ္စတန် သို့မွေးမြူရေးတိရိစ္ဆာန်အကောင်ရေ တစ်သိန်းကိုတင်ပို့ရန် ကတိပြုထား ကြောင်းဝန်ကြီးဌာနထံမှ သိရသည်။ သဘောတူညီချက်အား တရားဝင်အကောင်အထည်ဖော်ပြီး ပထမအကြိမ်တင်ပို့ ရောင်းချမှုစတင်နေပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ မွန်ဂိုလီးယား နိုင်ငံမှ သိုးအရှင်အကောင်ရေ ၁၄၄၀ အားဥဇဘတ်ကစ်စတန်သို့ လေယာဥ်နှစ်စင်းဖြင့် ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။ မွေးမြူရေးလုပ်ငန်းကို မြှင့်တင်ခြင်းသည် မွန်ဂိုလီယားသတ္တု တူးဖော်မှုအပေါ် မှီခိုနေသောနိုင်ငံ၏ စီးပွားရေးကို ကွဲပြားစေမည့် အဓိကဗျူဟာတစ်ခုအဖြစ်လည်း ယူဆထားကြသည်။ မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ် အကုန်တွင်တိရိစ္ဆာန်အကောင်ရေ ၆၄.၇ သန်းရှိခဲ့ပြီး ၎င်းမှ ၄၅.၅ ရာခိုင်နှုန်းမှာ သိုးများ ဖြစ်ကြောင်း စာရင်းအင်းရုံးမှထုတ်ပြန်ချက်အရ သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ ၁၁ လအတွင်းနိုင်ငံခြားခရီးသွား ၆ သန်းဝင်ရောက်

           ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ၁၁ လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၆ သန်းဝင်ရောက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၂ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနမှ ၂၃-၁၂-၂၀၂၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရသိရ သည်။ ၂၀၂၄ ခုနှစ် ၊ ၁၁ လအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ ဗီယက်နမ်ခရီးသွား  ၁.၂ သန်းနှင့်  တရုတ်ခရီးသွား ၇၆၉,၇၇၅ ဦးဝင်ရောက်ခဲ့ပြီး ၃၀.၈ ရာခိုင်နှုန်းနှင့် ၅၄.၅ ရာခိုင်နှုန်းဖြင့် အသီးသီးမြင့်တက်လာခဲ့သည်။ နိုင်ငံခြားခရီးသည် ၂.၁၅ သန်း သို့မဟုတ် နိုင်ငံခြားခရီးသွား စုစုပေါင်း၏ ၃၅.၉ ရာခိုင်နှုန်းခန့်သည် ကမ္ဘောဒီးယားသို့ လေကြောင်းခရီးဖြင့်လာရောက်ခဲ့ကြပြီး တစ်နှစ်ထက်တစ်နှစ်  ၃၅.၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းနှင့် ကျန်ခရီးသည်များသည် ရေကြောင်းခရီးနှင့်နယ်စပ်ဂိတ်များမှဝင်ရောက်လာခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၁၃ ရာခိုင်နှုန်းရှိသည်။ ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် ၅.၄၅ သန်းရှိခဲ့ပြီး နိုင်ငံခြားဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၀၈ ဘီလီယံရရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

DOCA(ရန်ကုန်)

နယူးဇီလန်၏ ပင်လယ်စာ တင်ပို့မှုသည် စံချိန်သစ်တင်ခဲ့

နယူးဇီလန်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ၂၀၂၅ ခုနှစ် ဇွန်လတွင် နယူးဇီလန်ဒေါ်လာ ၂.၂ ဘီလီယံအထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီး Shane Jones က ပြောကြားခဲ့သည်။နယူးဇီလန်ပင်လယ်စာတင်ပို့မှုအတွက် အနာဂတ်အလားအလာ အားကောင်းနေကြောင်း Jones က ပြောကြားပြီး ပင်လယ်စာကဏ္ဍ၏ ကြိုးစားအားထုတ်မှုကို ထည့်သွင်းပြောကြားခဲ့သည်။‌တောင့်တင်းသောဝယ်လိုအား၊ တင်းကျပ် သော ကမ္ဘာ့ရောင်းလိုအား နှင့် ပို့ကုန်စျေးနှုန်းများ မြင့်မားခြင်းသည် ပင်လယ်စာပို့ကုန် တင်ပို့မှုကို မြှင့်တင်ပေးပြီး နိုင်ငံ၏ ငါးမွေးမြူသူများ၊ ငါးဖမ်းသမားများနှင့် ပရိုဆက်ဆာများထံ သို့အကျိုးအမြတ်များပြန်လည် ရောက်ရှိစေကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ပင်လယ်စာ ကဏ္ဍသည် ထုတ်လုပ်မှုကုန်ကျ စရိတ်ကို မြင့်တက်စေသည့် ရာသီဥတုနှင့် ပထဝီဝင်နိုင်ငံရေး ပြဿနာများအပါအဝင် စိန်ခေါ်မှု များစွာကို ကောင်းစွာ ရပ်တည်ရင်ဆိုင်နိုင်ခဲ့ကြောင်း၊  ငွေကြေးဖောင်းပွမှုဖြေလျှော့မှုကြောင့် အတိုးနှုန်းများ လျှော့ကျလာပြီး ကြွေးမြီး၊ ဝန်ဆောင်မှု စရိတ်များ လျော့ကျသွားကာ ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်စရိတ်များလည်းသက်သာ လာကြောင်း သိရသည်။ နယူးဇီလန်အစိုးရမှ လက်ရှိ အဏ္ဏဝါမွေးမြူရေးလုပ်ငန်းကမ်းရိုးတန်းပါမစ် အတွက် စည်းကမ်း ချက်များကို အနှစ် ၂၀ သက်တမ်းတိုးခဲ့ပြီး ငါးဖမ်းခွန်များကို ဖြတ်တောက်ကာ ၂၀၃၅ ခုနှစ်တွင် ပင်လယ်စာရောင်းချမှု ဝင်ငွေ သုံးဆတိုးလာ၍ နယူးဇီလန် ဒေါ်လာ ၃ ဘီလီယံအထိ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။

DOCA(ရန်ကုန်)

Honda နှင့် Nissan ကားကုမ္မဏီတို့ပူးပေါင်းပြီးကမ္ဘာ့တတိယအကြီးဆုံးမော်တော်ကား လုပ်ငန်းစုထူထောင်မည်

             ဂျပန်နိုင်ငံ၏နာမည်ကျော်ကားကုမ္မဏီကြီးများဖြစ်သည့် Honda နှင့် Nissan တို့ပူးပေါင်းပြီး ကမ္ဘာ့တတိယအကြီးမားဆုံးမော်တော်ယာဉ်လုပ်ငန်းစုထူထောင်မည်ဟု ဒီဇင်ဘာလ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာကြေညာခဲ့ကြောင်းသိရပါသည်။ ဆွေးနွေးမှုများကို ၂၀၂၅ ခုနှစ် ဇွန်လတွင် အပြီးသတ်ကာ ၂၀၂၆ ခုနှစ် သြဂုတ်လတွင် လုပ်ငန်းစုထူထောင်ရန် ရည်ရွယ် ထားကြောင်းသိရပါသည်။ ကုမ္မဏီနှစ်ခုပေါင်းအမေရိကန်‌ဒေါ်လာ ၁၉၁ ဘီလီယံတန်ဖိုး‌ရောင်းချကာ အမြတ်ငွေအမေရိကန်ဒေါ်လာ ၁၉ ဘီလီယံရရှိရန်မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်ဟုသိရပါသည်။  ထိုသို့ပူးတွဲလုပ်ငန်းစုထူထောင်ပြီးပါက မော်တော်ယာဉ် ရောင်းချရမှုတွင် Toyota နှင့် Volkswagen တို့နောက် ကမ္ဘာ့တတိယအကြီးဆုံးလုပ်ငန်းစု ဖြစ်လာမည်ဟုသိရပါသည်။ လတ်တလောတတိယအကြီးမားဆုံး မော်တော်ယာဉ်လုပ်ငန်းစုမှာ‌ တောင်ကိုရီးယားနိုင်ငံ၏ Hyundai နှင့် Kia တို့ဖြစ်ကြောင်းသိရပါသည်။ Toyota ၏နောက် ဂျပန်၏ဒုတိယအကြီးမားဆုံးကားကုမ္မဏီဖြစ်သည့် Honda သည် ဈေးကွက်တန်ဖိုး အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံခန့်ရှိပြီး တတိယအကြီးမားဆုံးဖြစ်သည့် Nissan မှာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်ရှိကြောင်းသိရပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုတွင် Nissan ၏မိတ်ဖက်ကုမ္ပဏီဖြစ်သည့် Mitsubishi ကားကုမ္မဏီလည်းပါဝင်မည်ဟုသိရပါသည်။ ထို့ကြောင့် Honda၊ Nissanနှင့် Mitsubishi ကုမ္မဏီသုံးခုပေါင်းကားအစီးရေ ၈ သန်းကျော်ရှိလာမည်ဟု သိရပါသည်။ ဆွေးနွေးမှုများသည် BYD ပါဝင်သော တရုတ်ကားကုမ္မဏီများထံမှ ခက်ခဲသောဈေးကွက်ယှဉ်ပြိုင်မှုများနှင့် ကြုံတွေ့ပြီးနောက် စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ နှစ်ဖက် ကုမ္မဏီများမှ ဘုတ်အဖွဲ့ဝင်များ၏အစည်းအဝေးများအပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစုတည်ထောင်ပြီးပါက ဘုတ်အဖွဲ့ဝင်အများစုကို Honda ကခန့်အပ်မည်ဟုသိရှိရပါသည်။

REUTERS

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ