ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

လာအိုနိုင်ငံသည် ကျေးလက်‌ဒေသအသက်မွေးဝမ်းကြောင်း ဖွံဖြိုးတိုးတက် စေရန် ကျွဲကောသီး တင်ပို့မှုအား မျက်စိကျလျှက်ရှိ

လာအိုနိုင်ငံသည် ကျွဲကောသီးများအား ပြည်တွင်း ထောက်ပံ့ရေးနှင့် ပြည်ပသို့တင်ပို့ရေး အတွက် စိုက်ပျိုးထုတ်လုပ်ကာ ကျေးလက် ဒေသအသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရန်ရည်ရွယ် ၍လာအိုနိုင်ငံ မြောက်ပိုင်း Odomxay ပြည်နယ်တွင် ကျွဲကော စိုက်ပျိုးမှု တိုးမြှင့်နိုင်ရေးစီမံကိန်း များဖြင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ အဆိုပါ စီမံကိန်းတွင် မြေဧက ၁၀,၀၀၀ ခန့် အသုံးပြု၍ ကျွဲကောသီး တန်ချိန် ၂၀၀,၀၀၀ အား နှစ်စဉ် စိုက်ပျိုးထွက်ရှိနိုင်ရန် မျှော်မှန်းထား ကြောင်း စိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ ပြည်တွင်းဈေးကွက်တွင် အသီးအနှံများ ရောင်းချခြင်းအပြင် တရုတ်နိုင်ငံနှင့် ဥရောပ နိုင်ငံများသို့ ကျွဲကောသီးများ တင်ပို့ရောင်းချရန် စီစဉ်ထားကြောင်းသိရသည်။ စီမံကိန်းတွင် ပျိုးပင်များ ထုတ်လုပ်ခြင်းမှသည် သစ်သီးများစိုက်ပျိုးခြင်း၊ ထုတ်ကုန်ရွေးချယ်ခြင်း၊ ပြုပြင်ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် အွန်လိုင်းရောင်းချခြင်းများအထိ လာအိုနိုင်ငံ အတွက် အဆင့်မြင့် စိုက်ပျိုးရောင်းချရေးနည်းပညာများကို မိတ်ဆက်သွားမည်ဖြစ်သည်။မြို့တော် ဗီယင်ကျန်းမြို့၏ မြောက်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာတွင် ရှိသော Odomxay ပြည်နယ် သည် သစ်သီးထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ရွေးချယ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်ခြင်းအတွက် ဗဟိုချက်ဖြစ်လာရန်ရည်ရွယ်ထားပြီး စီမံကိန်းကို အခြားပြည်နယ်များသို့လည်း ထပ်မံတိုးချဲ့ သွားမည်ဖြစ်‌ကြောင်းသိရ သည်။

DOCA(ရန်ကုန်)

၂၀၂၄ ခုနှစ်တွင်ဗီယက်နမ်နိုင်ငံ၏ရေထွက်ကုန်တင်ပို့မှုအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရောက်ရှိ

              ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်ကြမ်းပစ္စည်းနှင့် ဆက်စပ်သည့်ဈေးကွက်များတွင် စိန်ခေါ်မှု များရှိနေ‌သော်လည်း ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ရေထွက်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရောက်ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများ အသင်း (VASEP) က ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြောကြားခဲ့ကြောင်းသိရပါသည်။ ပုဇွန်နှင့် Pangasius ငါးတင်ပို့မှုမှဝင်ငွေရရှိမှုသည် စုစုပေါင်းဝင်ငွေရရှိမှု၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ပုဇွန်များတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံနှင့် Pangasius ငါးတင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၂ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၆.၇ ရာခိုင်နှုန်းနှင့် ၈.၉ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကုန်ကြမ်းပစ္စည်း ရှားပါးမှုရှိသော်လည်း တူနာငါးတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ၁ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။ အခြားငါးများ တင်ပို့မှုမှအမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံနှင့် ရေဘဝဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆၂ သန်း ရရှိခဲ့ကြောင်းသိရပါသည်။ VASEP ၏ဥက္ကဌဖြစ်သူ Nguyen Thi Thu Sac က လုပ်ငန်းနယ်ပယ်သည် ကမ္ဘာ့စီးပွားရေးနာလံထူမှုနှေးကွေးခြင်းနှင့် အဓိကဈ ေးကွက်များတွင် ငွေကြေးဖောင်းပွမှုများ ရှိနေသော်လည်း ၂၀၂၄ ခုနှစ်တွင်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန် ရည်မှန်းခဲ့ကြောင်းနှင့် အခက်အခဲများ ရှိသော်လည်း ပြည်တွင်းရေထွက်ကုန်ကဏ္ဍသည် ကြံကြံခံနိုင်မှုနှင့် လိုက်လျောညီထွေ လုပ်ဆောင်နိုင်မှုကိုပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ကမ္ဘာပေါ်တွင် တရုတ်နှင့်နော်ဝေ၏နောက်တွင် တတိယမြောက်အကြီးမားဆုံး ပင်လယ်စာတင်ပို့သူ ဖြစ်ကြောင်း သိရပါသည်။ ထိုရလဒ်သည် ဗီယက်နမ်ပင်လယ်စာလုပ်ငန်းအတွက် ၂၀၂၅ ခုနှစ်တွင် ပိုမို ကြီးထွားလာရန် ခိုင်မာသောအခြေခံအုတ်မြစ်အဖြစ် ပံ့ပိုးနိုင်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်  နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဖြစ်သူ Phung Duc Tien က နိုင်ငံ၏ပင်လယ်စာလုပ်ငန်းနယ်ပယ်သည် တရားမဝင်သော၊ အစီရင်ခံစာ မတင်သော၊ စည်းမျဉ်းနှင့်မညီသောငါးဖမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညစ်စေခြင်းတို့ကြောင့် ဥရောပကော်မရှင်၏ Yellow Card သတိပေးခံထားရခြင်းပါဝင်သော စိန်ခေါ်မှုအသစ်များနှင့် ၂၀၂၅ ခုနှစ်တွင် ရင်ဆိုင်ရနိုင်ကြောင်းပြောကြားခဲ့ပါသည်။ သို့သော်လည်း ကုန်ကြမ်းပစ္စည်းရရှိမှုမြင့်တက် လာနိုင်ခြင်းနှင့် တင်ပို့ရာဈေးကွက်သစ်များတိုးချဲ့လာခြင်း အစရှိသော ကောင်းမွန်သည့်အခြေအနေများလည်း ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ် ပင်လယ်စာကုမ္မဏီများသည်လည်း နည်းပညာမြင့် ပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးမြင့်ကုန်ထုတ်လုပ်ခြင်းတို့ဖြင့် ၂၀၂၅ ခုနှစ်တွင် ပင်လယ်စာ တင်ပို့မှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော်မှ ၁၁ ဘီလီယံကျော်ထိရရှိရန် ရည်မှန်း ထားကြောင်းသိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) သည် ၁၁ လအတွင်း ကုန်အမှတ်တံဆိပ် ၉,၄၁၂ ခုအားမှတ်ပုံတင်နိုင်ခဲ့

              ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) အတွင်း ကုန်သွယ်မှုအမှတ်တံဆိပ် ၉,၄၁၂ ခုအားမှတ်ပုံတင်နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၉.၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း ဝန်ကြီးဌာန၏နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။ ဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်မှစတင်၍ မှတ်ပုံတင်ရန်အမှတ်တံဆိပ်အဆိုပြုချက်စုစု ပေါင်း ၁၁,၇၈၉ ခုကိုလက်ခံရရှိထားပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆.၄၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းမှတဆင့်လုပ်ငန်းရှင်များသည် သုံးစွဲသူများ၏ယုံကြည်မှုကိုတည်ဆောက်ခြင်း နှင့်အတူ အရည်အသွေးကို အာရုံစိုက်ကာဈေးကွက်တွင် သီးသန့်ထုတ်ကုန်အမှတ်အသားတစ်ခု ဖန်တီးရန်အာရုံစိုက်ထားကြောင်း ဝန်ကြီးဌာနမှပြောကြားခဲ့သည်။ ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းစေရန် လုပ်ငန်းရှင်များသည်၎င်းတို့၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအတွက် မူပိုင်ခွင့်ကိုမှတ်ပုံတင်ရန် တိုက်တွန်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ So Sreymech ကပြောကြားခဲ့သည်။ စွန့်ဦးတီထွင် သူများအား Ai နည်းပညာဆိုင်ရာ ထုတ်ကုန်ဖွံဖြိုးတိုးတက်ရေး၊ ၎င်းတို့၏ အမှတ်တံဆိပ်များကို မြှင့်တင်ရန်၊ ထုတ်ကုန်သို့မဟုတ် ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ရန်နှင့်ပြပွဲများတွင် ၎င်းတို့၏ထုတ်ကုန်များကိုခင်းကျင်းပြသရာတွင်ပါဝင်ခြင်း၊ လုပ်ဆောင်ရာတွင် ဥပဒေများကို လိုက်နာခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဒစ်ဂျစ်တယ်စနစ်များကို အသုံးပြု၍ Ai နည်းပညာဆိုင်ရာတီထွင်ဖန်တီးမှုများအကြောင်းဆက်လက်လေ့လာရန် တိုက်တွန်းခဲ့သည်။ ဝန်ကြီးဌာနသည် ပြုပြင်ပြောင်းလဲမှုများကိုဆက်လက်လုပ်ဆောင်နေပြီး အများပြည်သူ ဝန်ဆောင်မှုပေးဝေမှုအရည်အသွေးကို အလိုလျောက်စနစ်ဖြင့်မြှင့်တင်ပေးကာ ကုန်ကျစရိတ်နှင့် အချိန်ကိုလျှော့ချကာ ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းကာပြည်တွင်း ကုန်သွယ်မှု၊ ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကိုတို့ကို မြှင့်တင်ပေးနေကြောင်း Sreymech ကဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

တရုတ်နိုင်ငံသည်သြစတြေးလျနိုင်ငံမှကျောက်ပုဇွန်များ တင်သွင်းမှုအား လေးနှစ်ပိတ်ပင်ထားသည်ကို ရုပ်သိမ်းလိုက်

တရုတ်နိုင်ငံသည် ဩစတြေးလျနှင့် နှစ်အတော်ကြာ တင်းမာနေသည့် ဆက်ဆံရေး ကာလအတွင်း (ဝိုင်မှ သစ်သားအထိ) အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော် တန်ဖိုးရှိသော သြစတြေးလျ ပို့ကုန်များအပေါ်  လက်တုံ့ပြန်သော အခွန်အခများကောက်ခံခြင်း သို့မဟုတ် တားမြစ်ခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံသည် ဩစတြေးလျနိုင်ငံ၏ကျောက်ပုဇွန် တင်သွင်းမှုများအား ၂၀၂၀ ခုနှစ်ကစတင်ပိတ်ပင်ခဲ့ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ တန်ဖိုးရှိသော ကျောက်ပုစွန် ကုန်သွယ်မှုသည် ဩစတြေးလျ သံတမန်ရေးရာ ကြိုးပမ်းမှုများ လအတန်ကြာပြီးနောက် ပိတ်ဆို့ဒဏ်ခတ်မှုအောက်တွင် ဆက်ရှိနေသော ဩစတြေးလျပို့ကုန်များအနက် နောက်ဆုံးတစ်ခုလည်းဖြစ်သည်။ လာအိုတွင် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် တွေ့ဆုံပြီးနောက် တရုတ်နိုင်ငံသည် သြစ‌တြေးလျကျောက်ပုဇွန်များအား တင်သွင်းခွင့်ကိုပြန်လည်ခွင့်ပြုမည်ဖြစ်‌ကြောင်းသြစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်လ်ဘာနီးစ် ၏ ၂၀၂၄ အောက်တိုဘာလက ပြောကြားချက်အရသိရသည်။ ဩစတြေးလျမှ ကျောက်ပုဇွန်များ အား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ရန် တရုတ်နိုင်ငံမှ အတည်ပြုထားကြောင်း၊ သြစတေးလျ မှ ကျောက်ပုဇွန်မွေးမြူထုတ်လုပ်သူများနှင့် ငါးဖမ်းသမားများသည် တရုတ်ဈေးကွက်သို့ ပြန်လည် ဝင်ရောက်ရန် သွင်းကုန်ပါမစ်များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Julie Collins က သတင်းထောက်များအား ပြောကြားခဲ့သည်။ ပိတ်ပင်မှုမတိုင်မီ သြစတြေးလျ၏ ကျောက်ပုစွန်တင်ပို့မှု ခန့်မှန်းခြေ ၉၇.၇ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ရောင်းချခဲ့ပြီး တစ်နှစ်လျှင် တန်ချိန် ၁၆၀၀ ကျော်ရှိကြောင်းသိရသည်။ သြစတြေးလျ ထုတ်လုပ်သူအချို့သည် အမေရိက၊ ဥရောပ၊ အာရှနှင့် အရှေ့အလယ်ပိုင်းတို့တွင် စျေးကွက်အသစ်များ စတင်တွေ့ရှိလာခဲ့ကြပြီး ဟောင်ကောင်၊ ဟနွိုင်းနှင့် အခြားအာရှမြို့ကြီးများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်း ဖြင့် ပိတ်ဆို့မှုများစွာကို တွန်းလှန်ခဲ့သည်။ တားမြစ်ပိတ်ပင်မှုများပြုလုပ်ပြီးနောက် ဟောင်ကောင် တစ်ခုတည်းသို့ ကျောက်ပုဇွန် တင်ပို့မှု ပမာဏသည် ၆၁၀၀ ရာခိုင်နှုန်းကျော် တက်လာခဲ့ ကြောင်း ဆစ်ဒနီနည်းပညာတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။ ကျောက်ပုဇွန် ကဲ့သို့‌သော အစားအစာများအား ၀ယ်လိုအားများလာသောကြောင့် ဩစတြေးလျ ပို့ကုန် လုပ်ငန်းရှင်များသည် တရုတ်နှစ်သစ်ကူးကာလတွင် ပို့ကုန်များ ပြန်လည်စတင်နိုင်ရန် မျှော်လင့် ထားကြကြောင်း သိရသည်။

DOCA(ရန်ကုန်)

ဥဇဘက်ကစ္စတန်သည် ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို တင်ပို့

ယခုနှစ် ပထမ ၁၁ လအတွင်း ဥဇဘက်ကစ္စတန်သည် ကန်ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့ခဲ့‌ကြောင်း နိုင်ငံ၏စာရင်းအင်း အေဂျင်စီကို ကိုးကား၍  ဥဇဘက်ကစ္စတန် မီဒီယာ၏ ၂၁.၁၂.၂၀၂၄ ရက်‌နေ့ကဖော်ပြချက်အရသိရသည်။ အဆိုပါ ကိန်းဂဏန်းသည် လွန်ခဲ့သော တစ်နှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးလာကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ ရုရှားသည် အဓိကစျေးကွက်များထဲတွင် ၄၂.၁ ရာခိုင်နှုန်း၊ ၎င်း၏နောက်တွင် ကာဇက်စတန်နှင့် ပါကစ္စတန်တို့က ၁၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၁၂ ဒသမ ၆ ရာခိုင်နှုန်း အသီးသီးရှိသည်။ ဥဇဘက်ကစ္စတန်၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ထိုကာလအတွင်း ဒေါ်လာ ၅၉.၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃.၆ ရာခိုင်နှုန်း တိုးတက်ခဲ့‌ကြောင်းသိရသည်။

DOCA(ရန်ကုန်)

တရုတ်နိုင်ငံ Xinjiang ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယွမ် ၄၀၃ ဘီလီယံ စံချိန်တင်ရောက်ရှိခဲ့

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း တစ်နှစ်ထက်တစ်နှစ် ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စံချိန်တင် ယွမ် ၄၀၃.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၆.၁ ဘီလီယံခန့်) သို့ ရောက်ရှိခဲ့ကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရသည်။ ယခုအကြိမ် သည် ဒေသတွင်း နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး ယွမ်ဘီလီယံ ၄၀၀ ကျော်လွန်သွားခြင်းဖြစ်သည် ဟု Urumqi အကောက်ခွန်က ပြောကြားခဲ့သည်။Xinjiang ၏ အာရှအလယ်ပိုင်းငါးနိုင်ငံနှင့် ကုန်သွယ် မှုသည် တစ်နှစ်ထက်တစ်နှစ် ၆.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အလားတူကာလတွင် ဒေသတွင်းစုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ ၆၇.၉ ရာခိုင်နှုန်းရှိသည်။ ထိုအတောအတွင်း ၎င်း၏အကြီးဆုံး ကုန်သွယ်ဖက် ကာဇက်စတန်နှင့် ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။အာဆီယံနိုင်ငံများနှင့် ဒေသတွင်းကုန်သွယ်မှုသည် တစ်နှစ်ထက် တစ်နှစ် ၂၃၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။၎င်း၏ထူးခြားသော ပထဝီဝင် အားသာချက်များ၊ စီးပွားရေး ပတ်ဝန်းကျင်တွင် စဉ်ဆက်မပြတ် တိုးတက်မှုများနှင့် လုပ်ငန်းများအတွက် ပစ်မှတ် ထားသော ဝန်ဆောင်မှုများကြောင့် Xinjiang သည် တည်ငြိမ်သောကုန်သွယ်မှုတိုးတက်မှု ကို ရရှိခဲ့ကြောင်း Urumqi အကောက်ခွန်၏ လက်ထောက်အကြီးအကဲ Li Qinghua က ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

RCEP နိုင်ငံများသို့ ကမ္ဘောဒီးယားပို့ကုန်သည် ၁၄ ရာခိုင်နှုန်းအထိ တိုးတက်လာ

            ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း‌ ကမ္ဘာဒီးယားနိုင်ငံသည် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများသို့ ကုန်ပစ္စည်းအမေရိကန်ဒေါ်လာ ၈,၂၅၅ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလ အမေရိကန်ဒေါ်လာ ၇,၂၁၉ သန်းမှ ၁၄.၃၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ခဲ့သောအစီရင်ခံစာအရသိရသည်။ ကုန်သွယ်မှုအခွန်ကောက်ခံမှုလုံးဝနီးပါးမရှိသော ဒေသတွင်း ကုန်သွယ်မှုစာချုပ်အောက်တွင် ပို့ကုန်လုပ်ငန်းရှင်များသည် ကုန်သွယ်မှုသဘောတူညီချက်ကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး ကမ္ဘောဒီးယားမှ ပို့ကုန်နှင့်သွင်းကုန်များတိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat ကပြောကြားခဲ့သည်။ ကြီးမားသောကုန်သွယ်မှုသဘောတူစာချုပ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်များသာမက RCEP ၏ ကြီးမားသောဈေးကွက်များသို့ တင်ပို့မှုပိုမိုထုတ်လုပ်နိုင်စေရန် အတွက် ကမ္ဘောဒီးယား နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများကို အဓိကတွန်းအားပေးနေကြောင်း ကမ္ဘောဒီးယားကုန်သည် ကြီးများအသင်း၊ ဒုတိယဥက္ကဋ္ဌ Lim Heng ကပြောကြားခဲ့သည်။ RCEP နိုင်ငံများသည် ကမ္ဘောဒီးယားနိုင်ငံ၏ အလားအလာရှိသောဈေးကွက်အဖြစ်ဆက်လက်တည်ရှိနေပြီး ကမ္ဘောဒီးယားနိုင်ငံသည် ပို့ကုန်တိုးတက်မှုနှုန်း ၉.၄ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်း အကြားရှိရန် မျှော်မှန်းထားပြီး  အမျိုးသားစီးပွားရေးတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းမှ ၃.၈ ရာခိုင်နှုန်းအကြား ရှိလာမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေဝန်ကြီဌာနမှမျှော်မှန်းထားသည်။ RCEP သည် ကမ္ဘောဒီးယားနိုင်ငံအတွက် အရေးပါသောဈေးကွက်တစ်ခုဖြစ်ပြီး နိုင်ငံပို့ကုန်စုစုပေါင်း၏ ထက်ဝက်ကျော်ကိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာန (MoC) မှ ထုတ်ပြန်ထားကြောင်းသိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

တရုတ်ရင်းနှီးမြှုပ်နှံသူများသည် Kampot ပြည်နယ်တွင် အထည်ချုပ်စက်ရုံတည်ဆောက်ရန် စိတ်ဝင်စား

             Kampot ပြည်နယ်အုပ်ချုပ်ရေးမှူး Mao Thonin သည် တရုတ်အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းရင်းနှီးမြှပ်နှံမှုကုမ္ပဏီဖြစ်သည့် Tichao Techslide (Cambodia) ကုမ္ပဏီ၏ ဥက္ကဋ္ဌ Yuming Pan နှင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ သည်။ ထိုတွေ့ဆုံပွဲအခမ်းအနားတွင် Mao Thoni က Kampot ပြည်နယ်၏ အလားအလာနှင့်ပတ်သက်၍ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် သတ္တုတူးဖော် ရေးလုပ်ငန်းများ၊ အထူးသဖြင့် ဆိပ်ကမ်းများ၊ မီးရထားလမ်းများနှင့်ကားလမ်းများ ပါရှိကြောင်း ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများသည် အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ဆင်းရဲမွဲတေမှု များကိုလျော့ပါးစေပြီး ပြည်ပသို့သွားရောက်လုပ်ကိုင်ရန်စီစဉ်နေသူများရွှေ့ပြောင်း သွားလာမှုကို လျှော့ချနိုင်သောကြောင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးမိတ်ဖက်များကို အမြဲ ရှာဖွေနေကြောင်း Thonin ကထပ်မံပြောကြားခဲ့သည်။ နိုင်ငံတော်အစိုးရ၏ မူဝါဒသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီစေရေးဆောင်ရွက်ရန် အမြဲအလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်သူများအတွက် အလုပ်အကိုင်များပိုမိုဖန်တီးပေးနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အာဏာပိုင်များ၏လုပ်ငန်းတာဝန်များနှင့် လမ်းညွှန်ချက်များကို ချမှတ်ထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားခဲ့သည်။ Yuming Pan က Kampot ပြည်နယ်သည် ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံရန်အလားအလာကောင်းများရှိကြောင်း နှင့် ကုမ္ပဏီသည်လူပေါင်း ၂၅၀,၀၀၀ ကျော်လိုအပ်နိုင်သည့် အထည်လိပ်ထုတ်လုပ်သည့်စက်ရုံ ကို Kampot ပြည်နယ်တွင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံ၏ ပို့ကုန်သည် နိုဝင်ဘာလတွင် ၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာ

               နည်းပညာဆိုင်ရာ ကုန်စည်များနှင့် စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်ကုန်များ၏ ဝယ်လိုအား တိုးတက်မှုကြောင့် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ပဉ္စမလဆက်တိုက် တိုးလာခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သည့် ပို့ကုန်သည် ယခင်နှစ်အစောပိုင်းကထက် 8.2 ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး 25.6 ဘီလီယံဒေါ်လာအထိ မြင့်တက်လာခဲ့ကြောင်းထိုင်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။ကုန်သွယ်မှုဒိုင်းနမစ်နှင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များကို ဖော်ထုတ်ရန်အတွက် နိုင်ငံအသီးသီးမှ အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုများဖြင့် ခိုင်မာသောကုန်ထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှုကြောင့်ဟု ယူဆရကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လယ်ယာထွက်ကုန် တင်ပို့မှုမှာ ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးလာသော်လည်း ဆန်တင်ပို့မှု သိသိသာသာ ကျဆင်းလျှက်ရှိပြီး လယ်ယာထွက်ကုန် တင်ပို့မှုမှာ ၄.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်းသိရသည်။ကွန်ပျူတာ၊ လေအေးပေးစက်နှင့် ရော်ဘာ ထုတ်ကုန်များ အဓိက တိုးမြင့်လာမှုကြောင့် စက်မှုထုတ်ကုန်များ တင်ပို့ရောင်းချမှုသည် ၉ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၎င်း၏ ရှစ်လဆက်တိုက် တိုးချဲ့မှုကို အမှတ်အသားပြုခဲ့သည်။ကိန်းဂဏန်းများအရ သွင်းကုန်များသည် နိုဝင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၀.၉ ရာခိုင်နှုန်း တိုးလာကာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၂၄ ဒသမ ၄ သန်းအထိ ရှိလာခဲ့သည်။ကမ္ဘာ့စီးပွားရေး နှေးကွေးခြင်းနှင့် ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ ဖြစ်ပွားနေသော်လည်း ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်တွင် စံချိန်တင် အမြင့်ဆုံးသို့ ဒေါ်လာ ၃၀၀ ဘီလီယံအထိ ရောက်ရှိရန် မျှော်လင့်ထားကြောင်း ကုန်သွယ်ရေး မူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Poonpong Naiyanapakorn က ပြောသည်။ကုန်သွယ်မှုကာကွယ်ရေးအစီအမံများ၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနှေးကွေးမှု၊ မဖြေရှင်းနိုင်သောနိုင်ငံတကာပဋိပက္ခများ၊ အတိုးနှုန်းမြင့်မားမှုနှင့် ငွေလဲနှုန်းမတည်ငြိမ်မှုများအပါအဝင် စိန်ခေါ်မှုများစွာကြားတွင် နိုင်ငံတော်၏ပို့ကုန်သည် 2025 ခုနှစ်တွင် တိုးလာမည်ဟု ခန့်မှန်းထားကြောင်း Poonpong မှပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)

 

လာအိုနိုင်ငံသည် ခရီးသွားများကို ဆွဲဆောင်ရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန်အတွက် ခရီးသွားကဏ္ဍကို တိုးမြှင့်ဆောင်ရွက်လျက်ရှိ

              လာအိုနိုင်ငံသည် ခရီးသွားကဏ္ဍကို ပိုမိုဆွဲဆောင်ရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ၎င်း၏ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိသည်။ လာအိုမြို့တော် ဗီယင်ကျန်းတွင် လက်မှုပစ္စည်းရောင်းချသူ Soutvimon က ထွန်းကားလာသော ခရီးသွား လုပ်ငန်းသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဒေသတွင်း စီးပွားရေး မြှင့်တင်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအတွက် ရေရှည်စီးပွားရေး အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဟုပြောကြားခဲ့သည်။လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် Visit Laos Year 2024 ခရီးသွားမြှင့်တင်ရေး ကမ်ပိန်းကို အကောင်အထည်ဖော် အကဲဖြတ်ရန် အစည်းအဝေးကို ခေါ်ယူခဲ့ပြီး အနာဂတ် ခရီးသွားလုပ်ငန်း အစပျိုးမှုများအတွက် အခြေခံအချက်များ ချမှတ်ခဲ့သည်။ဒီဇင်ဘာ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါအစည်းအဝေးတွင် လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီး Suansavanh Viyaket က အစိုးရ၏ ခရီးသွားလုပ်ငန်းကို အရေးပါသော စီးပွားရေးကဏ္ဍတစ်ခုအဖြစ် အစိုးရ၏ ကတိကဝတ်ကို အလေးပေးပြောကြားခဲ့ပြီး အလုပ်အကိုင်ဖန်တီးရေး၊ ဝင်ငွေတိုးတက်ရေးနှင့် နိုင်ငံခြားငွေ စီးဆင်းမှုတို့တွင် သိသိသာသာ အထောက်အကူဖြစ်စေမည့် အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့သည်။ လာအိုနိုင်ငံသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် အရည်အသွေးမြင့်ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် အာရုံစိုက်ကာ ၎င်း၏ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ရန် အစီအစဉ်တစ်ရပ်ကို ချမှတ်လျက်ရှိသည်။လမ်းဘေးအစားအစာရောင်းချသူ Phengchanh က ခရီးသွားလုပ်ငန်းများ တိုးလာသည်နှင့်အမျှ စျေးဝယ်သူဖောက်သည်များ ပိုများလာမည်ဖြစ်ပြီး ပြည်တွင်းဈေးသည်များ အားလုံးအတွက် ပိုပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့‌ကြောင်းသိရှိရပါသည်။

Source : Xinhua

 DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ