ချောက်မြို့ရှိ စားအုန်းဆီလုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေး ဆွေးနွေးခြင်း
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်း(ဒု-ခရိုင်ဦးစီးမှူး)ဦးဆောင်၍ ဒေါ်မြတ်မြတ်မိုး (ချောက်မြို့နယ်ဦးစီးမှူး)နှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် (၁၁.၅.၂၀၂၂)ရက်နေ့ (၁၀:၀၀) နာရီမှ(၁၁:၃၀)နာရီအထိ ချောက်မြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက္ကားရောင်းချလျှက်ရှိသော ဆီလုပ်ငန်းရှင်များဖြစ်သည့် ဦးမင်းနိုင်၊ ဦးရဲမြင့်၊ ဒေါ်ဝင်းဝင်းသန်းနှင့် ဒေါ်စီစီလွင်တို့ထံသွားရောက် တွေ့ဆုံပြီး ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး အသိပညားပေးဆွေးနွေးခဲ့ပါသည်။
လုပ်ငန်းရှင်များအား ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ အရည်အသွေးပြည့်မှီရေး ပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှစားသုံးဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ လုပ်ငန်းများကိုထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်လျှက်ရှိပြီးစျေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျှက်ရှိရာ ထိုက်သင့်သည့်အကျိုးအမြတ်ရယူ၍ ရောင်းချဖြန့်ဖြူးရန် ၂၀၂၂ ခုနှစ် မေလ (၁)ရက်နေ့မှစတင်၍ စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူရာတွင် ရန်ကုန်ဆိပ်ကမ်းမှ ဆီများထုတ်ယူရာ၌ အဝါရောင်ပေပါများ အတွင်းအပြင် သန့်ရှင်းသည့် ပေပါများကိုသာ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ဓါတုဗေဒပစ္စည်းများ ထည့်သွင်း အသုံးပြုထားသည့် ပေပါများတွင် စားအုန်းဆီများ ထည့်သွင်း သုံးစွဲခြင်းမပြုရန်၊ စျေးကွက်အတွင်းသို့ ဖြန့်ဖြူးမည့် ထုပ်ပိုးပစ္စည်းများအပေါ်တွင် “စားသုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြုးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ”ထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ်( Logo)များကပ်နှိပ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။
ဒေါ်မြတ်မြတ်မိုး (ချောက်မြို့နယ်ဦးစီးမှူး)မှ ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအစားကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန် ( ဥပမာ - ဟင်းသီး ဟင်းရွက်ဆီ၊ စားအုန်းဆီ) ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)အပြင် ကုန်စည်၏ အသားတင် ပမာဏနှင့်အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားဖြင့် ဖော်ပြရန်၊ ညွှန်ကြားချက်များကို (၂၀.၁၂.၂၀၂၁)တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ(၆)လပြည့်မြောက်သည့်နေ့မှစ၍ အရေးယူဆောင်ရွက်တော့မည်ဖြစ်သောကြောင့် ပြည့်စုံစွာဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အချင်အတွယ်ဖြင့်ရောင်းချသော ဆီဆိုင်များအနေဖြင့်လည်း အလေးချိန်များ မှန်ကန်စွာရောင်းချစေလိုကြောင်း စားအုန်းဆီနှင့် အခြားဆီများ ရောစပ်ရောင်းချလျှင်လဲ ရောနှောသည့် အချိုးအဆကို ပွင့်လင်းမြင်သာစွာ ရောင်းချစေလိုကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်တားမြစ်ချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအား (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁) နှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်သည့်ညွှန်ကြားချက် အမှတ်(၂/ ၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)