HighLight News

Powered by Drupal

မြန်အောင်မြို့ တရားမဝင်ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်တာဝန်ခံသည် မြန်အောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ နေခြည်ဈေးအတွင်းရှိ ဆေးဆိုင်များတွင် (၁၂.၅.၂၀၂၂) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်စည်ပင်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍  မြို့ပေါ်ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

           Online ပေါ်တွင် အကိုက်အခဲရောဂါပေါင်းစုံ ပျောက်သည်ဟုဆိုကာ ရောင်းချနေသောဆေးများရှိသဖြင့် စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် မြန်မာနိုင်ငံတွင်လည်း တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်းများ တင်သွင်းရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး တင်းသွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့မရပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် (၁၅.၅.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၁၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

             အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက် များအကြောင်း၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အကြောင်း စသည့်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူ များမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ခရိုင်၊ ပန်းတောင်းနှင့် ပေါက်ခေါင်းမြို့နယ်များအတွင်း စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

           ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အများပြည်သူတို့ စားသုံးသူရေးရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်နိုင်စေရေး ရည်ရွယ်၍ ပန်းတောင်းမြို့နယ်အတွင်း မေ (၁၁)ရက်၊ နံနက်ပိုင်း၌ ဆင်တဲအုပ်စု၊ တမာကုန်းရွာ၊ နေ့လည်ပိုင်း၌ ဆင်တဲအုပ်စု၊ စွယ်တော်ရွာ၊ ပေါက်ခေါင်းမြို့နယ်အတွင်း မေ (၅)ရက်၌ သဖန်းချို အုပ်စု၊ သဖန်းချိုရွာ၊ မေ (၉)ရက်၌ ဘန့်ပြင်အုပ်စု၊ ကြို့ကြာရွာစသည်တို့တွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံတို့မှ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ဟောပြောပွဲတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဉပဒေပါ စားသုံးသူတို့၏ အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ရေးသားဖေါ်ပြခြင်းဆိုင်ရာ အကြောင်းအရာများ၊ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာများအား အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

အင်္ဂပူမြို့စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိုနှင့် ဝန်ထမ်းများသည် ကံကွင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး နေအိမ်၌ (၁၃.၅.၂၀၂၂) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူပြည်သူ (၂၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင်ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ခရိုင်၊ ရွှေတောင်နှင့် ပေါင်းတည်မြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် စားသုံးသူကာကွယ်ရေး၊ အသိပညာပေး ဟောပြောဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများမှ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေး၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မေ (၆)ရက်နေ့၌ သာစည်ကုန်းအုပ်စု၊ ဖုန်းဆိုးရွာ၊ မေ (၉)ရက်နေ့၌ ဝါးတောအုပ်စု၊ ဖါးအိုင့်ရွာ၊ ပေါင်းတည်မြို့နယ် အတွင်း မေ (၆)ရက်နေ့၌ ရွာသစ်ကြီးအုပ်စု၊ ရှမ်းစပ်ရွာ၊ မေ (၉)ရက်နေ့၌ မန်ကျီးကုန်းအုပ်စု၊ မန်ကျီးကုန်းရွာ၊ မေ (၁၁)ရက်နေ့၌ ညောင်ဖြူအုပ်စု၊ ညောင်ဖြူရွာစသည်တို့တွင် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံတို့မှ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်စည်ထုတ်လုပ်ရာတွင် သိသာထင်ရှားစွာဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ နည်းလမ်းများ၊ ဖုန်းနံပါတ်နှင့်လိပ်စာ၊ ဉပဒေအရချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာတို့အား အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့  ကွင်းဆင်းစစ်ဆေးခြင်း

         ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ဝင်းထွဋ် ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန နှင့် မောင်တောကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများပါဝင်သော မောင်တောမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည်(၁၇-၅-၂၀၂၂)ရက်နေ့ နေ့လည်(၁၀:၀၀)နာရီအချိန်တွင် မောင်တောမြို့ အလယ်သံကျော် ပန်းတောပြင်ကင်းစခန်း၌ မောင်တောမြို့ အဝင်/အထွက် ကုန်တင်မော်တော်ယာဉ်များအား တရားမဝင်ကုန် ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

          မောင်တောမြို့နယ်အတွင်းသို့ ပြည်တွင်း/ပြည်ပမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက် ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်ခြင်းဖြစ်ပြီး တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီ ရရှိခြင်း မရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ရွှေဘိုပေါ်ဆန်း GI ရရှိရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

           ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(SPFMTA)အနေဖြင့်ရွှေဘိုပေါ်ဆန်း  G.I ရရှိ‌ရေးအတွက် ပြင်သစ်နိုင်ငံ၏ထောက်ပံ့မှု GREAT Myanmar ၏ ကူညီပံ့ပိုးမှုနှင့်ဆောင်ရွက်နေသည်မှာ အားလုံးသိရှိပြီးဖြစ်သည်။

          ယခုအခါ ရွှေဘိုပေါ်ဆန်း GI ရရှိရေးတွင် အဓိကအရေးပါသည့် “ရွှေဘိုပေါ်ဆန်း အရည်အသွေး မှတ်တမ်းစာအုပ် (BOS)” ကိုရေးဆွဲလျှက်ရှိရာ Version.0 မှ Version.1 သို့ နောက်ဆုံး အတည်ပြု တိုးမြှင့်သတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၁5.၅.၂၀၂၂ ရက် တနင်္ဂနွေနေ့၌ရွှေဘိုမြို့ ၊ ရွှေဘို ဟော်တယ်တွင်ကျင်းပရာ ရွှေဘိုပေါ်ဆန်းအသင်းမှတောင်သူများ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ နှင့် ရွှေဘိုပေါ်ဆန်း GI  စီမံကိန်းမှ National Project Coordinator ၊Technical Assistant ၊Regional Project Coordinator ၊ Admin Officer ၊Extension Officer စုစုပေါင်း(43)ဦးဖြင့် တက်ရောက် ခဲ့ကြသည်။

           ရွှေဘိုပေါ်ဆန်း GI ရရှိရေးအတွက် မဖြစ်မနေလိုအပ်သည့် “ရွှေဘိုပေါ်ဆန်း၏ အရည်အသွေး မှတ်တမ်းစာအုပ် (Book Of Specification)” ကို Version.1 သို့ တိုးမြှင့်သတ်မှတ်ခဲ့နိုင်ပြီဖြစ်ကြောင်းနှင့် နောင်တွင် ဆက်လက်ပြုလုပ်မည့် Version.1 မှ Version.2သို့   တိုးမြှင့်သတ်မှတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲများတွင်လည်း  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့်ဖိတ်ခေါ်ခဲ့ကြောင်း ရွှေဘို ပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

DOCA(စစ်ကိုင်း)

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (GACC) သို့ SPS Protocol ပါသတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင်ရေး စစ်ဆေးဆောင်ရွက်ခြင်း

              မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်သီးနှံများ နှစ်စဥ်တင်ပို့မှုရှိရာ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်၍ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (GACC) တို့ လက်မှတ်ရေးထိုးထားသည့် SPS Protocol အရ တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့ရန် အဆိုပြုလွှာများ ခေါ်ယူခဲ့ရာ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ ကုမ္ပဏီ (၁၁၁) ခုနှင့် ပြောင်းလုပ်ငန်းအသင်းမှ ကုမ္ပဏီ (၃၀) ခု စုစုပေါင်း ကုမ္ပဏီ (၁၄၁) ခုအား စစ်ဆေးပေးနိုင်ရန် အဆိုပြုလွှာ တင်သွင်းလာပါသည်။

                ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးနှင့်အဖွဲ့မှ SPS Protocol အရ တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့နိုင်ရေး စနစ်တကျ ဆောင်ရွက်နိုင်ရန် ၂၉-၄-၂၀၂၂ ရက်နေ့တွင် Myanmar Agribusiness Public Co,Ltd  တည်ရှိရာ ပျဥ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာရှိ MAPCO ဆန်စက်ဝင်းအတွင်း ပြောင်းဆံထားရှိမည့် သိုလှောင်ရုံ၏ အကျယ်အဝန်း၊ လေဝင်လေထွက်နှင့် သန့်ရှင်းမှု ရှိ/မရှိ၊ ငှက်တား ဇကာများထားရှိမှု ရှိ/မရှိ၊ ဖျက်ပိုးနှင့် ကြွက်နှိမ်နှင်းမှု ရှိ/မရှိ၊ ကြမ်းခင်း၊ အမိုး၊ အကာ၊ ပြတင်းပေါက် ထားရှိမှု၊ ကုန်ကြမ်း ထားရှိမှု သိုလှောင်ရုံနှင့် ကုန်ချောထားရှိမည့် သိုလှောင်ရုံ အနေအထား၊ စားသောက်ကုန် အန္တရာယ်ကင်းစင်ရေး စနစ်တကျဆောင်ရွက်မှု ရှိ/မရှိ၊ စားသောက်ကုန်အန္တရာယ်ကင်းစင်ရေး အသိအမှတ်ပြု လက်မှတ်ရရှိထားမှု၊ ပြောင်းဆံလှန်းကွင်းနှင့် ပြောင်းဆံအခြောက်ခံစက်ထားရှိမှု၊ အဝတ်လဲခန်းနှင့် သန့်စင်ခန်းထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ပါသည်။

              နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာမြို့ရှိ Top Partner Co,Ltd ကုမ္ပဏီသို့ ၂-၅-၂၀၂၂ ရက်နေ့တွင်လည်းကောင်း၊ ၁၂-၅-၂၀၂၂ ရက်နေ့တွင် နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်ရှိ Bailongma Co,Ltd  များသို့ ပြောင်းဆံထားရှိနိုင်မှု အခြေအနေများနှင့် သိုလှောင်ရုံ အကျယ်အဝန်း လုံလောက်မှု ရှိ/မရှိ၊ SPS Protocol ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များအား အချိန်မီဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ကျန်းမာရေးနှင့်ညီညွတ်ဖို့ ဒေသထွက်ပဲဆီ၊ နှမ်းဆီများသုံးစွဲစို့

             မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု ပြောစမှတ်ပြုကြသော မြန်မာပြည်အလယ်ပိုင်း အညာဒေသတွင် ယခင်နှစ်များထက်စောလျှင်စွာ မိုးရွာသွန်းလျှက်ရှိသည်။ တောင်သူဦးကြီးများမှာလည်း မိုးကျသည်နှင့်တစ်ပြိုင်နက်ထွန်ယက်စိုက်ပျိုးကြသည်။အဓိကဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့်နှမ်းမျိုးစုံကိုသာ အများဆုံးစိုက်ပျိုးလျှက်ရှိပါသည်။

            ဆီထွက်သီးနှံသည် ဈေးကွက်သီးနှံဖြစ်လာသည်နှင့်အညီ စိုက်ပျိုးတောင်သူများ သီးနှံ အထွက်နှုန်းကောင်းရရှိရန်နှင့် ဈေးကွက်ကောင်းရရှိရန် မျှော်မှန်းလျှက်ရှိကြပါသည်။ယခုအခါ ကမ္ဘာ့ စားအုန်းဆီဈေးနှုန်း စံချိန်တင်မြင့်မားလျှက်ရှိသောကြောင့် ပြည်တွင်းစားအုန်းဆီဈေးကွက်လဲ မြင့် တက်နေပါသည်။စားသုံးသူများမှလည်း ဈေးနှုန်းသက်သာ၍ ကျန်းမာရေးနှင့်ညီညွှတ်သော မြေပဲဆီ၊ နှမ်းဆီများကိုသာ ပြန်လည်စားသောက်သုံးစွဲမှု များရှိလာကြပါသည်။ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး ရာတွင် အရည်အသွေးကောင်းမွန်စေရန် သဘာဝဓာတ်မြေဩစာများကိုသာ အဓိကထားအသုံးပြုပြီး အချိုးကျကျပေါင်းစပ်အသုံးပြုရန် လိုအပ်သည်။ သို့မှသာ သီးနှံအရည်အသွေးမြင့်မားပြီး ဈေးကွက် ကောင်းရရှိမည်ဖြစ်သည်။ စားသုံးဆီများအား ဈေးကွက်အတွင်းသို့ တင်သွင်း/ရောင်းချရာတွင် အရောအနှောများဖြင့် မမှန်မကန် လိမ်လည်ရောင်းချသူများကို မျက်ခြေမပြတ်စောင့်ကြည့်စစ်ဆေးပြီး ထိရောက်စွာ အရေးယူနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရှိ တိုင်း/ခရိုင်/ မြို့နယ်ဝန်ထမ်းများမှ  ဆောင်ရွက်လျှက်ရှိသည့်အပြင် စားသုံးသူ/ပြည်သူများအနေဖြင့် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများထက် အရည်အသွေးကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်ဒေသထွက် ပဲဆီ၊ နှမ်းဆီများကို ဦးစားပေးရွေးချယ်သုံးစွဲသင့်ပါကြောင်းနှင့် ဆီစားသုံးမှုလျော့ချရေးအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

တောင်ကြီးမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဝန်ထမ်းများသည်  FDA ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများမှပူးပေါင်း အဖွဲ့ဝင်များနှင့်အတူ  (၁၇.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များသို့ Online Media မှ အန္တရာယ်ဖြစ်စေမည့် တရားမဝင် အစားအသောက်များ၊ ဆေးဝါးများ၊ ဆေးပစ္စည်းနှင့် အလှကုန်များ ကြေငြာရောင်းချနေမှု အခြေအနေများကို စောင့်ကြည့် အရေးယူနိုင်ရန်တွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုအပြင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် တားမြစ်ပိတ်ပင်ထားသော ရသေ့ဆေး (သို့မဟုတ်) ထိုင်းဗိန်တောဆေး ရောင်းချမှု ရှိ/ မရှိ  အခြေအနေများကိုလည်း စစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းရှင်များအား တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားနှင့် ပြည့်စုံသည့် ကုန်ပစ္စည်းများကိုသာ  ရောင်းချရန်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News