HighLight News

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၈.၁.၂၀၂၁ ရက်နေ့တွင်  ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သည့် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေဦးမြို့ အောင်ချမ်းသာရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Covid-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို တားမြစ်သည့် အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၁အား လိုက်နာဆောင်ရွက်မှု ရှိ/မရှိကိုလည်းကောင်း၊ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြ၍ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမှု ရှိ/မရှိ ကိုလည်းကောင်း၊ သက်တမ်းလွန်ပစ္စည်းများနှင့် သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ကြောင်း ကြေငြာထားသည့် ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိကိုလည်းကောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များအတိုင်း တင်ပို့ခြင်းမှ ပြည်ပ ဈေးကွက်ခိုင်မာရေးဆီသို့…

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများအား အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိသည့် သီးနှံများ၊ ထုတ်ကုန်အများအပြားကို ပြည်တွင်းစားသုံးမှုအပြင် ပိုလျှံမှုများကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပါသည်။ ထိုသို့ တင်ပို့ရာတွင် အများဆုံးမှာ ကုန်ကြမ်းများအတိုင်း တင်ပို့ခြင်းဖြစ်သော်လည်း ပြုပြင်ပြီး တင်ပို့သည်များလည်း ရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာ့ထွက်ကုန်များ ပြည်ပဈေးကွက် ခိုင်မာစွာရရှိစေရန်မှာ ဈေးကွက်၏ လိုအပ်မှုပမာဏကို အပြည့်အဝဖြည့်တင်းရန် လိုအပ်သကဲ့သို့ ဈေးကွက်၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များအတိုင်း ထုတ်လုပ်တင်ပို့နိုင်ရန် လွန်စွာအရေးကြီးပါသည်။ မြန်မာ့ထုတ်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် သက်ဆိုင်ရာဈေးကွက်ရောက်သည့်အခါမှ အရည်အသွေး မပြည့်မီ၍ ပယ်ချခံရမှုများ မကြာခဏဆိုသလို ကြုံတွေ့နေကြရပါသည်။ ထိုသို့သော အခြေအနေများသည် Exporter များအတွက် ထိခိုက်နစ်နာရသကဲ့သို့ မိမိတို့နိုင်ငံ၏ ထွက်ကုန်များ၏ ပုံရိပ်ကိုပါ ထိခိုက်မှု ရှိစေနိုင်ပါသည်။ ထို့ကြောင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမည့် ကုန်သည်လုပ်ငန်းရှင်များ၊ Exporter များအနေဖြင့် မိမိတို့၏ ကုန်စည်များအား တင်ပို့မည့်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်၊ ကန့်သတ်ချက်များအတိုင်း ပြည့်မီအောင်ဆောင်ရွက်ရန် လွန်စွာအရေးကြီးပါသည်။ ထွက်ကုန်များ အရည်အသွေးကောင်းမွန်ရန်မှာ ကုန်သည်လုပ်ငန်းရှင်များ၊ Exporter များ သာမက စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အားလုံးကပါ မိမိတို့ကဏ္ဍအလိုက် အထူးဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်မှာ တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ၏ ပါဝင်ကြိုးပမ်းမှုများက အရေးကြီးသကဲ့သို့ သက်ဆိုင်ရာအစိုးရဌာနများ၏ သတင်းအချက်အလက်ဆိုင်ရာ ပံ့ပိုးမှုများကလည်း အထူးလိုအပ်ပါသည်။ မြန်မာ့ထွက်ကုန်များ ပြည်ပဈေးကွက်နိုင်ငံများသို့ လွယ်ကူချောမွေ့စွာရောက်ရှိ၍ ဈေးကွက်ခိုင်ခိုင်မာမာရရှိရေးအတွက် Exporter များ၊ ကုန်သည်လုပ်ငန်းရှင်များ သာမက တောင်သူများကပါ မိမိတို့ထွက်ကုန်များအလိုက် ဈေးကွက်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ၊ သတ်မှတ်ချက်များကို သိရှိလေ့လာထားရန် လိုအပ်ပါသည်။

ဈေးကွက်နိုင်ငံများ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက် များ

          ပြည်ပတင်ပို့မည့်ကုန်စည်များအား ဈေးကွက်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာလိုအပ်ချက်၊ သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် ပြုလုပ်ဆောင်ရွက်ခြင်းသည် ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်တွင် အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်ပင် ဖြစ်ပါသည်။ ထိုသို့ အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အလျောက် ဈေးကွက်၏ အရည်အသွေးသတ်မှတ်ချက်များကို သိရှိထားရန်နှင့် မိမိတို့ ထွက်ကုန်များကို လိုအပ်သည့် အရည်အသွေးဆိုင်ရာ အချက်အလက်များကိုလည်း စနစ်တကျ စမ်းသပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထွက်ကုန်များအလိုက် နိုင်ငံအချို့၏ လက်ခံသည့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်အချို့အား လေ့လာသိရှိနိုင်စေရန် တင်ပြလိုပါသည်။

တရုတ်နိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

တရုတ်နိုင်ငံအနေဖြင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ အစားအသောက်ဘေးကင်းမှုကို ဦးတည် ဆောင်ရွက်လာခဲ့ပြီး ပြည်တွင်းအစားအသောက်များ၊ ထုတ်ကုန်များနှင့် ပြည်ပမှ တင်သွင်းလာသည့် ထုတ်ကုန်များအပေါ် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များ ချမှတ်၍ တင်းကြပ်ဆောင်ရွက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် အစားအသောက်များ၊ ထုတ်ကုန်များ၏ အစားအသောက် ဘေးကင်းမှုဆိုင်ရာ သတ်မှတ်ချက်ဖြစ်သည့် မှိုဆိပ်ပါဝင်မှု ကန့်သတ်ချက်ကို အထူးအလေးထားလျက်ရှိကြပါသည်။ တရုတ်နိုင်ငံ၏ အစားအသောက်များ၊ ပြည်ပမှ တင်သွင်းလာသည့် ထုတ်ကုန်များအပေါ် မှိုဆိပ်ပါဝင်မှုကန့်သတ်ချက်အနေဖြင့်  Aflatoxin B1 ပါဝင်မှုကန့်သတ်ချက်မှာ ပြောင်းနှင့် ပြောင်းမှုန့်များတွင် ၂၀ µg/kg ၊ ဆန်နှင့်ဆန်မှုန့်တွင် ၁၀ µg/kg ၊ ဂျုံ၊ ဂျုံမှုန့်၊ ဘာလီနှင့် နှံစားတို့တွင် ၅ µg/kg ၊ အချဉ်ဖောက်ပဲချဉ်များတွင် ၅ µg/kg ၊ မြေပဲတွင် ၂၀ µg/kg ၊ အသင့်စား အစေ့အဆန်ခြောက်များတွင် ၅ µg/kg ၊ ချက်စားရသည့် အစေ့အဆန်များတွင် ၅ µg/kg ၊ နှမ်းအနှစ်တွင် ၂၀ µg/kg တို့ဖြစ်ကြောင်း သိရှိရပါသည်။ Aflatoxin M1 ပါဝင်မှုကန့်သတ်ချက်အနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများတွင် ၀.၅ µg/kg၊ ပြုပြင်ထုတ်လုပ်ပြီး ပိုးသတ်ထားသည့်နို့များ၊ အချဉ်ဖောက်ထားသည့်နို့များတွင် ၀.၂ µg/kg တို့ဖြစ်ပါ သည်။ Ochratoxin A ပါဝင်မှုကန့်သတ်ချက်အနေဖြင့် အစေ့အဆန်များ (grain)နှင့် ကြိတ်ခွဲပြီး အစေ့ အဆန်များ(milled grain products)တွင် ၅ µg/kg ၊ ပဲအမျိုးမျိုးတွင် ၅ µg/kg ၊ စပျစ်ဝိုင်တွင် ၂ µg/kg၊ လှော်ပြီးကော်ဖီစေ့များ (roasted coffee beans) တွင် ၅ µg/kg ၊ အသင့်သောက်ကော်ဖီများတွင် ၁၀ µg/kg တို့ဖြစ်ကြောင်း သိရှိရပါသည်။ Fumonisin ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ဂျုံ၊ပြောင်းသီးနှံများ တွင် ၄၀၀၀ µg/kg၊ ဂျုံမှုန့်၊ ပြောင်းမှုန့်တို့တွင် ၂၀၀၀ µg/kg ၊ ဂျုံ၊ပြောင်းတို့ပါဝင်သော ထုတ်ကုန်များ တွင် ၁၀၀၀ µg/kg၊ နို့စို့ကလေးနှင့် ကလေးငယ်များအတွက် အစေ့အဆန်ပါဝင်သော ဖြည့်စွက်စာများ တွင် ၂၀၀ µg/kg တို့ ဖြစ်ကြပါသည်။

ကိုးရီးယားနိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

ကိုးရီးယားနိုင်ငံ၏ အစားအသောက်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်အစီရင်ခံစာအရ ကိုးရီးယားနိုင်ငံအတွင်းရှိ အစားအသောက်များနှင့် ပြည်ပမှ တင်သွင်းသည့်ထုတ်ကုန်များအပေါ် အစားအသောက်ဘေးကင်းမှုဆိုင်ရာ ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါသည်။ အစားအသောက်နှင့် ထုတ်ကုန်များ၏ မှိုဆိပ်ပါဝင်မှုကန့်သတ်ချက်အနေဖြင့် Aflatoxin (B1+B2+G1+G2) ပါဝင်မှုကန့်သတ်ချက်မှာ ဆန်၊ ဂျုံ၊ ပဲခြမ်းအမျိုးမျိုး၊ မြေပဲ၊ ပြုပြင် ထုတ်လုပ်ထားသော အစေ့အဆန်ထုတ်ကုန်များနှင့် ပဲထုတ်ကုန်များ၊ ပဲအနှစ်များ၊ ငရုတ်ကောင်းမှုန့်၊ မဆလာမှုန့်၊ ဇာတိပ္ဖိုလ်သီး၊ နနွင်း၊ အရောင်တင်ငရုတ်ခြောက်မှုန့်၊ ဂျုံမှုန့်၊ သစ်သီးခြောက် စသည်တို့ တွင် ၁၅ µg/kg ထက်မများရန်ဖြစ်ပြီး Aflatoxin B1 အနေဖြင့် ၁၀ µg/kg ထက်မများရန် ဖြစ်ပါသည်။ Fumonisin ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ဂျုံ၊ ပြောင်းတို့တွင် ၄ mg/kg ထက် မများရန်၊ ကြိတ်ခွဲ ပြုပြင်၍ ထုတ်လုပ်ထားသည့် ဂျုံ၊ ပြောင်းပါဝင်သော ထုတ်ကုန်များတွင် ၂ mg/kg ထက် မများရန်၊ ဂျုံ၊ ပြောင်း(၅၀%) ပါဝင်သည့် အစားအစာများနှင့် ပြုပြင်ထုတ်လုပ်ထားသည့် အစေ့အဆန်ထုတ်ကုန်များ တွင် (၁) mg/kg ထက် မများရန် စသည်ဖြင့် ကန့်သတ်ထားရှိပါသည်။ Ochratoxin A ပါဝင်မှု ကန့်သတ်ချက်အနေဖြင့် အစေ့အဆန်များနှင့် အစေ့အဆန်ထုတ်ကုန်များတွင် ၅ µg/kg ထက် မများ ရန်၊ ကော်ဖီစေ့နှင့် ကော်ဖီစေ့လှော်များတွင် ၅ µg/kg ထက် မများရန်၊ အသင့်သောက်ကော်ဖီများတွင် ၁၀ µg/kg ထက် မများရန်၊ အချဉ်ဖောက်ထားသည့် ပဲပုတ် ၊ ငရုတ်ကောင်းမှုန့်တွင် ၇ µg/kg ထက် မများရန်၊ စပျစ်ဖျော်ရည်နှင့် စပျစ်ဝိုင်များတွင် ၂ µg/kg ထက် မများရန်၊ သစ်သီး ခြောက်များတွင် ၁၀ µg/kg ထက် မများရန် စသဖြင့် ကန့်သတ်ချက်များ ချမှတ်ထားသည်ကို တွေ့ရှိရပါသည်။ ကိုးရီးယား နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များအပေါ် Heavy Metal ပါဝင်မှု ကန့်သတ်ချက်များကို အောက်ပါ အတိုင်း တွေ့ရှိရပါသည်-

ထိုင်းနိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

ဆက်လက်၍ ထိုင်းနိုင်ငံ၏ Mycotoxin ပါဝင်မှုကန့်သတ်ချက်များကို တင်ပြလိုပါသည်။ Aflatoxin (B1+B2+G1+G2) ပါဝင်မှုကန့်သတ်ချက်အနေဖြင့် အသင့်စား brazil nut တွင် ၁၀ µg/kg၊ မြေပဲတွင် ၂၀ µg/kg ၊ အသင့်စားမက်မွန်သီးတွင် ၁၀ µg/kg ၊ ဟေဇယ်သီးတွင် ၁၀ µg/kg ၊ မြေပဲဆီနှင့် အုန်းဆီတို့တွင် ၂၀ µg/kg စသဖြင့် အများဆုံးပါဝင်မှုကန့်သတ်ချက်များကို သတ်မှတ်ထားပါသည်။ Aflatoxin M1 ပါဝင်မှုကန့်သတ်ချက်အနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများတွင် ၀.၅ µg/kg ဖြစ်သည်ကို တွေ့ရှိရပါသည်။ Fumonisin ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ပြောင်းကုန်ကြမ်းတွင် ၄၀၀၀ µg/kg ၊ ပြောင်းမှုန့်နှင့် ပြောင်းပါဝင်သည့်အစားအစာများတွင် ၂၀၀၀ µg/kg သတ်မှတ်ထားပါသည်။ Ochratoxin A ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ဘာလီသီးနှံတွင် (၅) µg/kg ၊ ဂျုံတွင် (၅) µg/kg ၊ ငရုတ်သီးခြောက်တွင် ၃၀ µg/kg စသည်ဖြင့် သတ်မှတ်ထားပါသည်။ ထိုင်းနိုင်ငံသည် စိုက်ပျိုးရေး ထုတ်ကုန်များအပေါ် Heavy Metal ပါဝင်မှုကန့်သတ်ချက်များကို သတ်မှတ်ထားရှိရာ Cadmium ပါဝင်မှုအနေဖြင့် အစေ့အဆန်များ (ဂျုံ၊ ဆန်၊ ပန်းဂျုံအပါအဝင်)တွင် ၀.၁ mg/kg ၊ ဆန် (polished)တွင် ၀.၄ mg/kg ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များတွင် ၀.၀၅ mg/kg ၊ အရွက်များတွင် ၀.၂ mg/kg ၊ ခရမ်းချဉ်၊ ခရမ်းသီး သီးနှံများတွင် ၀.၀၅ mg/kg ၊ ကြက်သွန်အပါအဝင် ကန်စွန်းဉ၊ မုံလာဉများတွင် ၀.၀၅ mg/kg၊ ပဲတောင့်ရှည်အပါအဝင် ပဲသီးများတွင် ၀.၁ mg/kg စသဖြင့် အများဆုံးပါဝင်မှု ကန့်သတ်ချက်များကို သတ်မှတ်ထားပါသည်။ Lead ပါဝင်မှုအနေဖြင့် အစေ့အဆန်များ (ဂျုံ၊ ဆန်၊ ပန်း ဂျုံအပါအဝင်) တွင် ၀.၂ mg/kg ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များတွင် ၀.၁ mg/kg ၊ ခရမ်းချဉ်၊ ခရမ်းသီး သီးနှံများတွင် ၀.၀၅ mg/kg ၊ အရွက်များတွင် ၀.၃ mg/kg ၊ ကြက်သွန်အပါအဝင် ကန်စွန်းဉ၊ မုံလာဉများ တွင် ၀.၁ mg/kg ၊ ပဲတောင့်ရှည်အပါအဝင် ပဲသီးများတွင် ၀.၁ mg/kg ၊ ဘယ်ရီသီးအပါအဝင် သေးငယ်သော သစ်သီးများ တွင် ၀.၁ mg/kg ၊ စပျစ်သီးခြောက်တွင် ၀.၂ mg/kg ၊ ပဲခြမ်းများတွင် ၀.၂ mg/kg စသဖြင့် အများဆုံး ပါဝင်မှုပမာဏကို သတ်မှတ်ထားပါသည်။ Arsenic ပါဝင်မှုအနေဖြင့် ဆန်(polished)တွင် ၀.၂ mg/kg ၊ ဆန် (hasked) တွင် ၀.၃၅ mg/kg ၊ လက်ဖက်တွင် ၀.၂ mg/kg စသဖြင့် သတ်မှတ်ထားရှိပါသည်။

အိန္ဒိယနိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

          အိန္ဒိယနိုင်ငံ၏ ကုန်စည်များအလိုက် Mycotoxin ပါဝင်မှုကန့်သတ်ချက်များမှာ Aflatoxin (B1+B2+G1+G2) ပါဝင်မှုကန့်သတ်ချက်အနေဖြင့် အစေ့အဆန်များနှင့် ဆက်စပ်ကုန်ပစ္စည်းများတွင် ၁၅ µg/kg၊ ကတွတ်သီးခြောက်တွင် ၁၀ µg/kg၊ ကွမ်းသီးတွင် ၁၅ µg/kg၊ ဆီထွက်သီးနှံများတွင် ၁၅ µg/kg ၊ ပဲခြမ်းများတွင် ၁၅ µg/kg ၊ ဟင်းခတ်အမွှေးအကြိုင်များတွင် ၃၀ µg/kg စသည်တို့ဖြစ်ပါသည်။ Aflatoxin B1 ပါဝင်မှု ကန့်သတ်ချက်အနေဖြင့် ကွမ်းသီးတွင် ၁၀ µg/kg ၊ အစေ့အဆန်များနှင့် ဆက်စပ် ကုန်ပစ္စည်းများတွင် ၁၀ µg/kg ၊ အသင့်စားအစေ့များတွင် ၁၀ µg/kg ၊ ဆီထွက်သီးနှံများတွင် ၁၀ µg/kg ၊ ပဲခြမ်းများတွင် ၁၅ µg/kg စသဖြင့် သတ်မှတ်ထားပါသည်။ Aflatoxin M1 ပါဝင်မှုကန့်သတ် ချက်အနေဖြင့် နို့တွင် (၀.၅) µg/kg ၊ မလိုင်ထုတ်ပြီးနို့မှုန့်တွင် ၆ µg/kg နှင့် နို့မှုန့် (whole milk powder) တွင် ၄ µg/kg ဖြစ်သည်ကို တွေ့ရှိရပါသည်။ Ochratoxin A ပါဝင်မှုကန့်သတ်ချက်မှာ ဂျုံ၊ ဂျုံရိုင်းနှင့် ဘာလီတို့တွင် ၂၀ µg/kg ဖြစ်ပါသည်။

          အထက်ပါဖော်ပြချက်များမှာ တရုတ်၊ ကိုးရီးယား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်ပစ္စည်းများ အလိုက် Mycotoxin ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ၊ Heavy Metal ပါဝင်မှုကန့်သတ်ချက်များကို ဗဟုသုတအနေဖြင့်သာ တင်ပြခြင်းဖြစ်ပါသည်။ နိုင်ငံအလိုက် တင်သွင်းလာသည့် ကုန်ပစ္စည်းများ၊ အစားအသောက်များအပေါ် အရည်အသွေးဆိုင်ရာ လက်ခံမှုသတ်မှတ်ချက်များကို အသေးစိတ်လေ့လာလိုပါက agriexchange.apeda.gov.in/IR_Standards/Import_Regulation.aspx တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

ကုန်စည်များအား အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်မှုအခြေအနေ

          မြန်မာနိုင်ငံ၌ လယ်ယာထွက်ကုန်များ၏ ပိုးသတ်ဆေးကြွင်းနှင့် Aflatoxin အပါအဝင် အခြားသော မှိုဆိပ်များ၏ ဓာတ်ခွဲစစ်ဆေးမှုများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနအောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး) (CTQM)တွင် လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့တွင်လည်းကောင်း စမ်းသပ် စစ်ဆေးနိုင်ပါသည်။ Heavy Metal များအတွက် ဓာတ်ခွဲစစ်ဆေးမှုများကို စိုက်ပျိုးရေးဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့တွင် စမ်းသပ် စစ်ဆေးနိုင်ကြောင်း သိရှိရပါသည်။ အဓိကအားဖြင့် လယ်ယာထွက်ကုန်သီးနှံများကို CTQM နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ရှိ ဓာတ်ခွဲခန်းများက အဓိကစစ်ဆေးပေးနိုင်ပြီး လယ်ယာထွက်ကုန်များအနက် အစေ့အဆန်များနှင့် စားဖိုချောင်သီးနှံများ၏ ဓာတုဓါတ်ကြွင်းများကို CTQM က လည်းကောင်း၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရေးဦးစီးဌာနက လည်းကောင်း အဓိက စစ်ဆေး ပေးနိုင်ကြောင်း သိရှိရပါသည်။

ဈေးကွက်နိုင်ငံများ၏ သတ်မှတ်အရည်အသွေးများနှင့်ကိုက်ညီသည့်ထုတ်ကုန်များ တင်ပို့ခြင်းမှ ပြည်ပ ဈေးကွက် ခိုင်မာစေရေး

          ပြည်ပတင်ပို့မှု ခိုင်မာအားကောင်းရေးတွင် မိမိတို့ထုတ်ကုန်များ၏ အရည်အသွေးပြည့်မီမှုမှာ လွန်စွာအရေးပါ,ပါသည်။ ဈေးကွက်နိုင်ငံများမှ လက်ခံသော အရည်အသွေးသတ်မှတ်ချက်အတိုင်း တင်ပို့ရောင်းချနိုင်မှသာ ရေရှည်တည်တံ့သော ဈေးကွက်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ စိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် မိမိတို့ ထုတ်လုပ်လိုက်သည့် ကုန်စည်များ၏ အရည်အသွေးကို အထူး အလေးထားရန် လိုအပ်သကဲ့သို့ ကုန်သည်များ၊ exporter များကလည်း ဈေးကွက်သို့ မပို့မီ သိုလှောင်မှု လုပ်ငန်းများ၌ စနစ်တကျဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။ ထို့ပြင် exporter များအနေဖြင့် မိမိတို့ တင်ပို့မည့် ဈေးကွက်နိုင်ငံများမှ ကုန်ပစ္စည်းအလိုက် လက်ခံသော အရည်အသွေးသတ်မှတ်ချက်များကို လေ့လာ၍ လိုအပ်သောဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ တစ်ဖက်နိုင်ငံမှ importer များနှင့် စနစ် တကျ ချိတ်ဆက်ကာ တင်ပို့မှုလုပ်ငန်းများကို ဂရုပြုဆောင်ရွက်သင့်ပါသည်။ သို့မှသာ မိမိတို့ထုတ်ကုန် များအတွက် ခိုင်မာသောဈေးကွက်ရရှိနိုင်ရုံသာမက မိမိတို့နိုင်ငံမှ ထွက်ကုန်များ၏ပုံရိပ်ကိုပါ မြင့်တက် စေနိုင်မည် ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

ကိုးကားချက်။     

(၁) agriexchange.apeda.gov.in

(၂) China Notifies Standard for Maximum Levels of Mycotoxins in Foods

(၃) Foods and Agricultural Import Regulations and Standards Report

(၄) Food and Agricultural Import Regulations and Standards Country Report – 2020

(၅) Food and Agricultural Import Regulations and Standards Country Report

  အောင်ဆန်းလင်း(DOCA)

လက်ရှိဖြစ်ပေါ်နေသော တရုတ်နိုင်ငံ၏ ပြောင်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ

           တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ယခင်က ပြောင်းစိုက်ဧရိယာ လျော့နည်းခဲ့သဖြင့် ယခုနှစ်တွင် ပြောင်းစိုက်ပျိုးသည့် အဓိကနယ်မြေများ၌ စိုက်ဧရိယာတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

        ပြောင်းစိုက်ပျိုးဧရိယာ တိုးချဲ့စိုက်ပျိုးမှုမှာ တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး ဘက်စုံစီမံကိန်း ၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၏ ဝန်ကြီးက နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနတွင် ပြောကြားခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြောင်းစိုက်ပျိုးမှုအနေဖြင့်  ဟက်တာ (၄၁ .၂၆၄) သန်း ရှိပြီး ပြောင်းထွက်ရှိမှုအခြေအနေမှာ- (၂၆၀.၆၇) သန်း ရှိခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

          တရုတ်အစိုးရသည် ပြောင်းလက်ကျန်များကို လေလံစနစ်ဖြင့် ရောင်းချပြီးနောက်ပိုင်းတွင် ပြောင်းစျေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ ပြောင်း‌စျေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ အမြတ်အစွန်းနည်းပါးလာသော စက်မှုလုပ်ငန်းများ၏ ပြောင်းသုံးစွဲမှုမှာ  ပျမ်းမျှ တန်ချိန် (၈၂) သန်း ခန့်  လျော့ကျလာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ တရုတ်သွင်းကုန်လုပ်ငန်းများသည် ပြည်တွင်း၌ ပြောင်းပြတ်လပ်မှု မရှိစေရေးအတွက် ပြည်ပမှ ပြောင်းများကို တင်သွင်းလျက်ရှိနေပါသည်။

       ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း၌ ပြည်ပမှ ပြောင်းတန်ချိန် (၁၀) သန်းအထိ တင်သွင်းရမည့် အလားအလာရှိပြီး ယခင်ခန့်မှန်းချက်ဖြစ်သည့် တန်ချိန် (၇) သိန်းထက် ပိုမိုများပြားလာနိုင်ကြောင်း၊ လာမည့် (၁၀) နှစ်တာကာလအတွင်း၌ အစိုးရသည် စက်မှုလယ်ယာကဏ္ဍကို နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးမြေနည်းပါးသော တောင်သူများ၏ဝင်ငွေတိုးလာစေရန် တောင်သူများအား အဆင့်မြင့်စိုက်ပျိုးရေး စက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊         တရုတ်နိုင်ငံသည် ပိုမိုကောင်းမွန်သည့် သီးနှံမျိုးစေ့များ အသုံးပြုရေးနှင့် စိုက်ပျိုးနိုင်သော လယ်ယာမြေများ ကာကွယ်ရေးကို အလေးထား ဆောင်ရွက်ကာ ပြည်တွင်းကောက်ပဲသီးနှံများ ဖူလုံမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၏ ဝန်ကြီးက ပြောကြားခဲ့ပါသည်။

Source- Reuters

ဘာသာပြန် - ဒေါ်ထူးမြတ်အိ

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့၊ အစုအဖွဲ့များ၏ အခန်းကဏ္ဍ

       ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံတော်၏စီးပွားရေးတွင် များစွာအရေးပါလျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှုသည် ၉၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦီးစီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် တိုင်းဒေသကြီး/ပြည်နယ်များတွင် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် ဇုန်များ တိုးချဲ့ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဗဟို အသင်းအဖွဲ့ချုပ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသကဲ့သို့ ဖွဲ့စည်းပြီးသည့် အသင်းအဖွဲ့များ၊ အစု အဖွဲ့များ၊ ဇုန်များ ဆက်လက်ရှင်သန်ခိုင်မာအားကောင်းစေရေးအတွက်လည်း စည်းရုံးအားပေး ဆောင်ရွက်လျှက်ရှိပါသည်။

          ၎င်းအပြင် ဒေသအသီးသီးမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးနှုန်းများအတိုင်း ရရှိခံစားနိုင်ရေး၊ ကုန်ပစ္စည်းများကို ရောင်းသူနှင့် ဝယ်သူ တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် မလိုလားအပ်တဲ့ စရိတ်စကများ လျော့နည်းသက်သာမှု ဖြစ်ပေါ်စေရေး၊ ကုန်စည်များရဲ့ စံချိန်စံညွှန်းနှင့် အလေး၊ တင်းတောင်း၊ အချိန်အတွယ် တစ်ပြေးညီဖြစ်ပေါ်စေရေး တို့ကိုရည်ရွယ်ပြီး ကုန်စည်ဒိုင်များတိုးချဲ့ဖွင့်လှစ်ခြင်းနဲ့ ဖွင့်လှစ်ပြီးကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကုန်သည် အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် (၁--၂၀၂၀)ရက်နေ့မှ (၃၁-၁၂-၂၀၂၀) ရက်နေ့အထိ တစ်နှစ်အတွင်း အသင်းအဖွဲ့(၁၇)သင်း၊ အစုအဖွဲ့(၃၅)ဖွဲ့၊ကုန်စည်ဒိုင်(၁)ခု ထပ်မံ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

          တိုင်းဒေသကြီး/ပြည်နယ်များတွင် အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရခြင်းမှာ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ (လုပ်ကွက်ငယ်များအပါအဝင်) အားပွဲစား၊ ကုန်သည် များ၏ ဈေးနှုန်းထိန်းချုပ်မှုမခံရစေဘဲ ထိုက်သင့်သည့်ဈေးနှုန်းများရရှိရေး၊ စိုက်ပျိုးထုတ်လုပ်ရာ တွင်ဖြစ်ပေါ်လာသည့်အခက်အခဲများ၊ လိုအပ်ချက်များကို သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ ဈေးနှုန်းဈေးကွက်၊ ကုန်သွယ်မှုအတားအဆီး၊ နည်းပညာ၊ ချေးငွေများရရှိရေး ကို ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရေမြေသဘာဝရာသီဥတု အခြေခံများအရ သီးနှံအမယ်စုံ စိုက်ပျိုးဖြစ် ထွန်းသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ၏ ကွဲပြားခြားနားသော ရေမြေသဘာဝအရ သီးနှံတစ်မျိုး ကို ရာသီကာလအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသောကြောင့် စျေးကွက်များ၌ သီးနှံမျိုးစုံကို တစ်နှစ်ပတ်လုံးရောင်းဝယ်ဖောက်ကားမှုများရှိပါသည်။ မိမိစိုက်ပျိုးထုတ်လုပ်သောသီးနှံများသည် စျေးကွက်လိုအပ်ချက်နှင့်အညီကိုက်ညီသော အရည်အသွေးရှိသည့်သီးနှံများ အမျိုးအစားများ ဖြစ်ရန် လိုအပ်သကဲ့သို့ စျေးနှုန်းမှန်မှန်ကန်ကန်ဖြင့် ရောင်းချနိုင်မည့်စျေးကွက်လည်းရှိရန် လိုအပ်ပါသည်။ ကုန်ဝယ်သူများအနေဖြင့် ပစ္စည်းမှန်၊ စျေးမှန်ရရှိရန် လိုအပ်သလို ရောင်းဝယ်ဖောက်ကားသူများသည်လည်း ပြည်တွင်း/ပြည်ပစျေးကွက်နှင့် စျေးကွက်သတင်းအချက်အလက်များ အပေါ်အခြေခံ၍ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် စျေးနှုန်းကိစ္စ စိတ်ချရမည်ဖြစ်ပါသည်။ ကုန်စည် စီးဆင်းမှုနှင့်နီးစပ်သော အချက်အခြာကျသည့် ဒေသများ၌ ကုန်စည်ဒိုင်များ ဖွင့်လှစ်ပေး၍  အရောင်းအဝယ်ကိစ္စရပ်များဆောင်ရွက်ကြခြင်းဖြင့် အကျိုးကျေးဇူးပိုမိုဖြစ်ထွန်းလာစေရန် ဖြစ်ပါသည်။

အသင်းအဖွဲ့၊ အစုအဖွဲ့နှင့်ဇုန်များ ဖွဲ့စည်းခြင်း

အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် ပန်းတိုင်တူ၊ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ၊ စိတ်ဝင်စားသူ၊ ကျေးရွာအုပ်စုအတွင်း စိုက်ဧကအပေါ် မူတည်၍ အဖွဲ့ခေါင်းဆောင်(၁) ဦး အပါအဝင် အဖွဲ့ဝင်(၅) ဦး မှ (၁၀) ဦးထိ ပါဝင်သည့်သီးနှံအမျိုးအစားအလိုက် စုဖွဲ့ပြီး အစုအဖွဲ့ခေါင်းဆောင်များကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် အဖွဲ့ဝင်များအဖြစ် အဆင့်ဆင့်ရွေးချယ်ပြီး ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ ပါဝင်ဖွဲ့စည်းဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

အစုအဖွဲ့များ ဖွဲ့စည်းရာတွင်လည်း ပန်းတိုင်တူ၊ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ၊ စိတ်ဝင်စားသူ၊ ကျေးရွာအုပ်စုအတွင်း စိုက်ဧက အပေါ်မူတည်၍ အဖွဲ့ခေါင်းဆောင်(၁)ဦး အပါအဝင် အဖွဲ့ဝင် (၅) ဦးမှ (၁၀) ဦးထိ ပါဝင်သည့် သီးနှံအမျိုးအစားအလိုက် အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

အလားတူ သီးနှံဇုန်များအား ဒေသတွင်း သီးနှံတစ်မျိုးတည်းကို တဆက်တစပ်တည်းရှိပြီး ဧကများစွာ တစ်အုပ်တစ်မ စိုက်ပျိုးထားသည့် သီးနှံအလိုက် သီးနှံဇုန်အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဇုန်ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီများဖြင့် ဖွဲ့စည်းထားခြင်းပင် ဖြစ်ပါသည်။

ရရှိလာမည့် အကျိုးကျေးဇူးများ

          အသင်းအဖွဲ့၊ အစုအဖွဲ့ ဖွဲ့စည်းခြင်းကြောင့် ကျေးရွာဒေသများရှိ သီးနှံအလိုက် စိုက်ပျိုး၊ ထွက်ရှိမှုအခြေအနေများ၊ ဈေးနှုန်းများကို အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ပြီး စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်၊ ဈေးနှုန်း၊ သတင်းအချက်အလက်များအား အချိန်တိုအတွင်း ရရှိနိုင်ခြင်း၊ ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများ၊ အခက်အခဲများကို စုပေါင်း ဖြေရှင်းနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်ခြင်း၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း၊ သင်တန်းများတက်ရောက်ခြင်း၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းတို့တွင် အချိန်တိုအတွင်း စုစည်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

          သီးနှံအမျိုးအစားအလိုက် ဇုန်များဖွဲ့စည်းခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအနေဖြင့် တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ အရည်အသွေးနှင့်အရေအတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ဝေစုပိုမိုရရှိရေး၊ အရည်အသွေးချင်းတူလျင် ဈေးနှုန်းယှဉ်ပြိုင်နိုင်ရေးနှင့် နာမည်ကောင်းရပြီး သီးနှံများကို တွင်တွင်ကျယ်ကျယ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ ပြည်တွင်း/ပြည်ပ ရောင်းဝယ်ဖောက်ကားသူများ Supply Chain ၊ Value Chain ပိုမိုမှန်ကန်လာစေရန် ဖြစ်ပါသည်။

အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရာတွင် ဂရုပြုရမည့်အချက်များ

          အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရာတွင် ချေးငွေမက်လုံးပေးစည်းရုံးခြင်းမျိုး မပြုရန်၊ အာမခံပေးခြင်း၊ ကတိကဝတ်ပြုခြင်းများမပြုရန်နှင့် ယုံကြည်မှုလျော့နည်းစေသည့် အပြုအမူများ မပြုလုပ်မိစေရန်လိုအပ်ပြီး အသင်းသားအချင်းချင်းအငြင်းပွားမှု၊ ပဋိပက္ခများ ဖြစ်ပေါ်လာပါက ဖြစ်စဉ်အပေါ် လေ့လာစုံစမ်း၍ သမာသမတ်ကျစွာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။  အသင်းတွင် ဖြစ်ပေါ်လာသည့် အခက်အခဲများကိုလည်း အသင်းသားများ ပူးပေါင်းဖြေရှင်းနိုင်မှသာ အောင်မြင်မည်ဖြစ်ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှအစ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်ဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ လုပ်ငန်းနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံတတ်စေရန်လည်း လိုအပ်ပါသည်။ သို့မှသာ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစုအဖွဲ့၊ အသင်းအဖွဲ့၏ စုပေါင်းအင်အားဖြင့် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

          ထို့အပြင် လုပ်ငန်းကဏ္ဍတစ်ခုတွင် ဖြစ်ပေါ်လာသည့်အခက်အခဲပြဿာနာများကို တစ်ဦး တစ်ယောက်ချင်းဖြင့် ဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့၏ စုပေါင်းအင်အားဖြင့် ကျော်လွှား ဖြေရှင်းမှသာ ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါသည်။ အသင်းအဖွဲ့၊ အစုအဖွဲ့များတွင် ပါဝင်သူတိုင်းကလည်း မိမိတို့ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို ရှေ့ရှု၍ စည်းလုံးညီညွတ်စွာ တိုင်ပင်ဆွေးနွေးခြင်းဖြင့် အချိန်တိုတွင်းအောင်မြင်မှုအရွေ့များ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ မိမိတို့၏ လုပ်ငန်းကဏ္ဍနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများကိုလည်း စနစ်တကျစီမံဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်လိုသည့် စိတ်ဆန္ဒဖြင့် စဉ်ဆက်မပြတ် တိုးတက်ရေးဟူသော ရည်မှန်းချက်ကို အားလုံးတူညီစွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ ဇုန်များ၊ ကုန်စည်ဒိုင်များ ရှင်သန်ခိုင်မာအားကောင်းစေရေးနှင့် တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဗဟိုအသင်းအဖွဲ့ချုပ်များနှင့် ပူးပေါင်းချိတ် ဆက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

တင်မိုးအောင်

ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုမှ အမျိုးသားအကျိုးစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ …

ပြည်တွင်းကုန်သွယ်ရေးဆိုသည်မှာ

          ပြည်တွင်းကုန်သွယ်ရေး(Domestic Trade) ဟုဆိုရာ၌ ပြည်တွင်း၌ထွက်ရှိသည့် ထွက်ကုန်များ၊ ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို နိုင်ငံ၏ နယ်နိမိတ်ဧရိယာအတွင်း ဒေသ တွင်း၌ လည်းကောင်း၊ ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့လည်းကောင်း ရောင်းဝယ်ခြင်း၊ ဖလှယ်ခြင်း ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ ကုန်သွယ်ရောင်းဝယ်မှုပြုရာတွင် လက်ကားရောင်းဝယ်ခြင်း (Wholesale trade) နှင့် လက်လီရောင်းဝယ်ခြင်း (Retail trade) ဟူ၍ (၂) ပိုင်း ပါဝင်ပါသည်။ လက် ကားကုန်သွယ်ရောင်းဝယ်ခြင်းသည် ကုန်ပစ္စည်းများကို ကုန်ထုတ်လုပ်သူများ၊ ကုန်သည်များထံမှ ပမာဏများများ ဝယ်ယူ၍ လက်လီရောင်းသူများ၊ စားသုံးသူများထံသို့ ပမာဏအနည်းငယ်စီဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်ပြီး လက်ကားကုန်သည်များ၊ လက်ကားကိုယ်စားလှယ်အဖွဲ့များက လုပ် ကိုင်ဆောင်ရွက်လေ့ရှိကြပါသည်။ လက်လီရောင်းဝယ်ခြင်းမှာ လက်လီရောင်းဝယ်သူများက ပမာဏ အနည်းငယ်စီဖြင့် စားသုံးသူများထံ တိုက်ရိုက်ရောင်းချမှုပြုလုပ်ကြခြင်း ဖြစ်ပါသည်။

          ပြည်တွင်းကုန်သွယ်ရေးသည် နိုင်ငံတစ်နိုင်ငံအတွက် များစွာအရေးပါသော ကဏ္ဍတစ်ခုဖြစ်ပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးခြင်းဖြင့် နိုင်ငံအတွင်းရှိ ထွက်ကုန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်း များ စီးဆင်းခြင်းကို လွယ်ကူချောမွေ့စေမည့်အပြင် ပြည်တွင်းထုတ်လုပ်မှုနှင့် နိုင်ငံ့စီးပွားရေးကိုပါ တိုးတက်စေမည် ဖြစ်ပါသည်။ ထိုသို့ ကုန်စည်နှင့်ဝန်ဆောင်မှုများ နိုင်ငံအတွင်း ဒေသအနှံ့အပြားသို့ ဖြန့်ကျက်စီးဆင်းစေခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ခြင်း၊ လူနေမှုအဆင့် အတန်း မြင့်မားခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ တိုးတက်စေနိုင်မည်ဖြစ်ပေသည်။ ထို့ပြင် ပြည်တွင်း၌ ကုန်ကြမ်းထွက်ကုန်များ ပေါများစွာရရှိခြင်းဖြင့်လည်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးခြင်း အတွက်ပါ အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်ပါသည်။ ပြည်ပကုန်သည်များအနေဖြင့်လည်း လိုအပ် သည့်ကုန်ပစ္စည်းများ ရရှိရန်နှင့် ပြည်တွင်းသို့ လာရောက်ရန် မလွယ်ကူခြင်းတို့ကြောင့် ပြည်တွင်း ကုန်သည်များနှင့်ချိတ်ဆက်ကာ ကုန်သွယ်မှုပြုလုပ်ကြလေ့ရှိပါသည်။ ထို့ကြောင့် ပြည်တွင်းကုန်သွယ် ရေးသည် ပြည်တွင်းထုတ်လုပ်မှု၊ ကုန်သွယ်ရောင်းဝယ်မှုနှင့် စက်မှုလုပ်ငန်းများ တိုးတက်ရန်အတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ပြည်ပကုန်သွယ်ရေးအတွက်ပါ အထောက်အပံ့ဖြစ်စေသည့် ကြီးမားသော ကဏ္ဍတစ်ရပ်ပင် ဖြစ်ပါသည်။

ကုန်သွယ်မှုဆိုရာတွင် ထုတ်လုပ်မှုသည်အဓိကနှင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်စေရေး

          ကုန်သွယ်မှုဟုဆိုရာတွင် ထုတ်လုပ်မှု (Production) သည် အဓိကအကျဆုံးသော ကဏ္ဍတစ်ခု ဖြစ်ပါသည်။ ထုတ်လုပ်မှုမရှိပါက ကုန်သွယ်ရောင်းဝယ်မှုကို မည်သို့မျှ ပြုလုပ်နိုင်မည်မဟုတ်ပေ။ ထုတ် လုပ်မှုဟုဆိုရာတွင် Mass Production ကို အခြေခံသည့် Quantity-base-Production (အရေအတွက် အခြေခံထုတ်လုပ်ခြင်း) ဖြစ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကို အခြေခံသည့် Quality-base-Production (အရည်အသွေးအခြေခံထုတ်လုပ်ခြင်း) ဖြစ်ရန်လည်း လိုအပ်ပါသည်။ အထူးသဖြင့် ဈေးကွက်၏ ဝယ်လိုအား၊ ဈေးကွက်၏ လိုအပ်ချက်ပေါ်မူတည်၍ စနစ်တကျထုတ်လုပ်ကြရမည် ဖြစ်ပါ သည်။ တစ်နည်းဆိုရလျှင် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ အရေ အတွက်နှင့် အရည်အသွေးတို့ကို အခြေခံသည့် ထုတ်လုပ်ခြင်းအား အားပေးဆောင်ရွက်ကြရန် လိုအပ် လျက်ရှိပါသည်။

          ထုတ်လုပ်မှုတွင် တစ်ဦးတစ်ယောက်ချင်းဖြင့် ဆောင်ရွက်ပါက လိုအပ်သောပမာဏ၊ လိုအပ် သော အရည်အသွေးများကို ရရှိရန်ခက်ခဲမည် ဖြစ်ပါသည်။ အစုအဖွဲ့၊ အသင်းအဖွဲ့များဖြင့် ဇုန်များ တည်ထောင်၍ ထုတ်လုပ်ခြင်း၊ Contract farming စနစ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ခြင်းများသည်သာ များစွာထိရောက်နိုင်မည် ဖြစ်ပါသည်။ ထိုသို့​ ဆောင်ရွက်နိုင်ရန် စိုက်ပျိုးထုတ် လုပ်သူများ၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များက စနစ်တကျ ပူးပေါင်းအကောင် အထည်ဖော်ရန် လိုအပ်ပြီး သက်ဆိုင်ရာအစိုးရဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များက ပေါင်းစပ် ညှိနှိုင်းကာ အားပေးကူညီရန် လိုအပ်ပါသည်။ ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ် သောအရင်းအမြစ်များ ကူညီထောက်ပံ့ခြင်းအပြင် စိုက်ပျိုးထုတ်လုပ်မှုအတွက် အရေးပါသော သတင်း အချက်အလက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကူညီပံ့ပိုးပေးရန်လည်း လိုအပ်ပါသည်။ ဈေးကွက်၏ ဝယ်လိုအားနှင့် အရည်အသွေးလိုအပ်ချက် ကဲ့သို့သော အရေးကြီးသည့် သတင်းအချက် အလက်များကို စိုက်ပျိုးထုတ်လုပ်သူများ အချိန်နှင့်တပြေးညီသိရှိ၍ စနစ်တကျထုတ်လုပ်နိုင်ရေး အတွက် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါသည်။

အထူးသဖြင့် ပြည်တွင်းကုန်သွယ်မှုသည် ထုတ်လုပ်သည်မှ တင်ပို့ရောင်းချသည်အထိ Supply Chain တစ်လျှောက်လုံးတွင် ပါဝင်ပတ်သက်လျှက်ရှိသည့်အတွက် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကဏ္ဍကို အထူးအလေးထားကာ ဆောင်ရွက်သွားကြရန် လိုအပ်ပေသည်။ ထုတ်လုပ်မှုကို ပုဂ္ဂလိကကဏ္ဍမှ အဓိကဆောင်ရွက်ကြသည်ဆိုသော်လည်း နိုင်ငံတော် အနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ အစိုးရ ဌာနများကလည်း ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပါဝင်ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ ထို့ကြောင့် " ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဒေသအလိုက်၊ ထွက်ကုန်များအလိုက် ထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို စနစ်တကျလေ့လာပြုစုခြင်း၊ အရည်အသွေးနှင့်အရေအတွက်တို့ကို အခြေခံ၍ ဟန်ချက်ညီစွာ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်လုပ်ငန်းရှင် များနှင့် အစိုးရဌာနများ အချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ ဒေသတွင်း ကုန်သွယ်မှုအခြေ အနေများကို လေ့လာဆန်းစစ်ခြင်းနှင့် သတင်းအချက်အလက်များ ပံ့ပိုးဆောင်ရွက်ခြင်း" စသည့် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုအတွက် အရေးပါသည့် လုပ်ငန်းများကို အစီအမံများချမှတ်၍ ဆောင် ရွက်သွားရန် အထူးလိုအပ်ပါသည်။

ယခုဆောင်းပါးတွင်ပါရှိသည့် အချို့သော အကြောင်းအရာများသည် စာရေးသူ၏ အာဘော်မျှသာ ဖြစ်ပါသည်။)ဆက်လက်ဖော်ပြပါအုံးမည် … ။
  အောင်ဆန်းလင်း(DOCA)

မွန်ပြည်နယ်မှ ဝဥ

       စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်း ဝဥအခြောက်ခံစက်ရုံ(၆)ရုံသို့ သွားရောက်လေ့လာခဲ့ရာ မွန်ပြည်နယ်ဒေသအတွင်းတွင် စိုက်ပျိုးသည့် သဘာဝ ဝဥ ထုတ်လုပ်မှုတိုးတက်လာခြင်းကြောင့် စက်ရုံများအနေဖြင့် ဝဉကို ယခင်နှစ်ထက် ပိုမိုဝယ်ယူရရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကုန်ကြမ်းပိဿာချိန် ၈၉၀,၀၀၀ခန့် ဝယ်ယူရခဲ့ပြီး ယခုနှစ်တွင် ၁,၀၃၀,၀၀၀ ပိဿာချိန် ဝယ်ယူရရှိခဲ့ရာ ပိသာချိန်(၁၀၄,၀၀၀)ခန့်  ပိုမိုတိုးတက် ဝယ်ယူရရှိခဲ့ကြောင်း၊ သို့ရာတွင်လည်း ဈေးနှုန်းအနေဖြင့် ၂၀၁၉ခုနှစ် ရာသီအစတွင် အစိုတစ်ပိဿာလျှင် ၁၆၀၀/- ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ပြီး ရာသီကုန်ချိန်တွင် အစိုတစ်ပိဿာလျှင် ၂၂၀၀/- ကျပ်ခန့်ရှိခဲ့ပါကြောင်း ၊ ယခု ၂၀၂၀ ခုနှစ်တွင် အဖွင့်ဈေး  အစိုတစ်ပိဿာ လျှင် ၁၄၅၀/- ကျပ် မှစ၍  ရာသီပိတ်ချိန်တွင် အစိုတစ်ပိဿာ လျှင် ၂၀၅၀/- ကျပ် သာရှိခဲ့‌ပါကြောင်း သိရှိရပါသည်။

       ယခင်နှစ်ထက် အစိုတစ်ပိဿာဈေးနှုန်း ၁၀၀ကျပ်မှ ၁၅၀ကျပ်ခန့် လျော့နည်းခဲ့ပြီး ဈေးနှုန်းလျော့နည်းဝယ်ယူရခြင်းမှာ  စက်ရုံများမှ ထုတ်လုပ်သော ဝဥ ခြောက်များအား ယခင်နှစ်တွင် ချင်းရွှေဟော်နှင့် ယခုနှစ်တွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးတို့မှတဆင့် တင်ပို့ခဲ့သော်လည်း ၃၀.၁၀.၂၀၂၀ ရက်နေ့မှစ၍ တရုတ်နိုင်ငံမှ အဆိုပါနယ်စပ်စခန်းများမှ တင်ပို့/တင်သွင်းခွင့်မပြုတော့သဖြင့် ဝဥခြောက်များအား လက်ရှိအနေအထားတွင် ထိုင်းနိုင်ငံ မှ လာအိုနိုင်ငံ( CO– Country Origin) သို့ တင်ပို့နေရသဖြင့် တစ်ပိဿာကို ၅၇၅/- ကျပ် ခန့် ပိုမိုကုန်ကျလျက်ရှိကြောင်း၊ စက်ရုံများအနေဖြင့် လုပ်ငန်းလည်ပတ်နိုင်ရန်အတွက်သာ ရောင်းချနေရခြင်းဖြစ်ပြီး အကျိုးအမြတ်နည်းသည့်အတွက် ကုန်ကြမ်းများဝယ်ယူရာတွင် ဈေးလျော့၍ ဝယ်ယူနေရသည့် အခြေအနေရှိကြောင်းနှင့် မွန်ပြည်နယ်၏ ဝဥရာသီသည် ဒီဇင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်ပါကြောင်း ရွှေဝါမြေ ဝဥခြောက်စက်ရုံ လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းမှုများအရ မွန်ပြည်နယ်၏ ဝဥထုတ်လုပ်မှုအခြေအနေများအား တင်ပြလိုက် ရပါသည်။

မွန်ပြည်နယ်(DOCA)

အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် စည်းမျဉ်းရေးဆွဲပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်း

နေပြည်တော်၊ (၁၅.၁.၂၀၂၁)

       အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် စည်းမျဉ်း ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းဝေးခန်းမ၌ ကျင်းပသည်။

          အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ၈-၁-၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း တို့ဦးဆောင်သော ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့က အသီးသီးရေးဆွဲထားကြသော အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှုဆိုင်ရာ စည်းမျဉ်း (EEE Safety Regulation) မူကြမ်း (၂) ခုအား ပေါင်းစပ်၍ သက်ဆိုင်ရာ ဥပဒေနှင့်ကိုက်ညီမည့် မူကြမ်းတစ်ရပ်ရေးဆွဲ ပြုစုရန်ဖြစ်ပါကြောင်း၊ စားသုံးသူများအတွက် အမှန်တကယ်လိုအပ်သည့် မူကြမ်းတစ်ခုအဖြစ် ဥပဒေတစ်ခုကို အခြေပြု၍ စည်းမျဉ်းစည်းကမ်း သို့မဟုတ် လုပ်ထုံးလုပ်နည်းများ ရေးဆွဲ ရမည်ဖြစ်ရာ မူရင်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်ကိုက်ညီစေရေး ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ပူးပေါင်းရေးဆွဲ ထားသောမူကြမ်းအား ဒုတိယဝန်ကြီးများထံ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန် ရှိသူများက  အီလက်ထရောနစ် ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးစည်းကမ်းများဆိုင်ရာ ညွှန်ကြားချက် သို့မဟုတ် စဉ်းမျဉ်း(မူကြမ်း)အားရေးဆွဲရာတွင် အခြေခံရမည့်ဥပဒေ၊ အဓိပ္ပါယ်ဖွင့်ဆို ချက်များ၊ပါဝင်သင့်သည့် အခန်းကဏ္ဍများ၊အခြေပြုရေးဆွဲသင့်သည့်ဥပဒေနှင့်ဆီလျှော်စေမည့် အသုံး အနှုန်း များ စသည်တို့ကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

ITQM

တနင်္သာရီတိုင်းဒေသကြီး၏ ပြည်ပဝင်ငွေရှာဖွေ ပေးနေသည့် ဇီဝဇိုးငှက်သိုက်

ဇီဝဇိုးငှက်သိုက်

            တနင်္သာရီတိုင်းဒေသကြီးသည် သယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံတောင်ဘက်ဆုံးတွင် တည်ရှိ သည့် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပါသည်။ သဘာဝသယံဇာတများတွင် ထူးခြားသည့် ထွက်ကုန်များ ထွက်ရှိ ရာ ဒေသလည်းဖြစ်ပြီး ထိုအထဲတွင် မြန်မာနိုင်ငံတောင်ဘက်စွန်းဒေသ ကျောက်တောင်များတွင် ထွက်ရှိသည့် ဇီဝဇိုးငှက်၏အန်ဖက်(သို့မဟုတ်)ငှက်သိုက်သည် ဆေးဖက်ဝင်ထူးခြားသည့် ထွက်ကုန်တစ်မျိုးဖြစ်ပြီး တနင်္သာရီ တိုင်းဒေသကြီးအတွင်း၌သာ အဓိကထွက်ရှိပါသည်။

ဇီဝဇိုးငှက်၏ နေထိုင်မှုသဘာဝ

            ဇီဝဇိုးငှက်သည်လူနှင့်ဝေးသည့် ပင်လယ်တွင်း ကျွန်းအချို့၌ ကျောက်ဆောင်လှိုင်ဂူများ အကြားတွင် အုပ်စုဖွဲ့၍ တစ်အုပ်စုလျှင် ထောင်ပေါင်းများစွာ နေထိုင်ကြပါသည်။ မြေပြင်တွင် ကျက်စားလေ့မရှိဘဲ ဝေဟင်နှင့်ပင်လယ်ရေပြင်အထက်လျင်မြန်စွာပျံသန်းစဉ် တောင်ပံပါ အင်းဆက်များကို ဖမ်းယူစားသောက် ကြပါသည်။ တစ်နှစ်လျှင်(၂) ကြိမ် ဥ ပြီး တစ်မြုံလျှင် ဥ နှစ်လုံး ပါရှိကာအထီးတစ်ကောင် အမ တစ်ကောင် ပေါက်လေ့ရှိကြောင်း လေ့လာသိရှိရပါသည်။

ဇီဝဇိုးငှက်သိုက်ထွက်ရှိရာဒေသ

          တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ် ကျွန်းစု၊ ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့ နယ်ရှိ ရေအေး၊ ကျွန်းစု၊ ဘုတ်ပြင်းမြို့ရှိ ပုလုတ် ကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်ကျွန်းစုများမှာ အဓိကထွက်ရှိပြီး ယင်း ကျွန်းစုများအနက် မလိကျွန်းမှ ငှက်သိုက် အများ ဆုံး ရရှိကြောင်း လေ့လာသိရှိရပါသည်။

ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

ဒေသထွက်ဇီဝဇိုးငှက်သိုက်အနုတစ်ပိဿာလျှင် ကျပ် (၂၆၀၀၀၀၀) မှ ကျပ် (၃၀၀၀၀၀၀) နှင့် အကြမ်းတစ်ပိဿာလျှင် ကျပ်(၁၂၅၀၀၀၀)မှ (၁၃၀၀၀၀၀) ထိရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး အတွင်း ထွက်ရှိသော ဘဘာဝငှက်သိုက်များကို တရုတ်နိုင်ငံ၊ မလေးရှား နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများ ဆုံးဝယ်ယူကြောင်းနှင့် ထိုင်းနိုင်ငံသို့တင်ပို့ရာတွင် ထိုင်း-မြန်မာနယ်စပ်ရနောင်းမှတဆင့် တင်ပို့ပြီး အချို့ကို အမျိုးအစားအရည်အသွေးခွဲခြား၍ ဒေသတွင်းနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း သိရှိရပါ သည်။ ရန်ကုန်သို့ ရောက်ရှိလာသောငှက်သိုက်များကို ကုန်သည်များက သန့်စင်မှုများ၊ ထုတ်ပိုးမှု များ ပြုလုပ်ကာ မလေးရှားနိုင်ငံသို့လည်းကောင်း၊ မန္တလေးမှတဆင့် တရုတ်နိုင်ငံသို့လည်းကောင်း ဆက်လက် တင်ပို့ရောင်းချ ကြောင်းသိရှိရပါသည်။ ယခုအခါ Covid-19 ရောဂါဖြစ်ပွားမှုကြောင့် ပြည်ပသို့ တင်ပို့ နိုင်ခြင်းမရှိဘဲ ဒေသတွင်းသုံးစွဲမှုသာ ရှိကြောင်းသိရှိရပါသည်။

 သုံးသပ်ချက်

          သဘာဝငှက်သိုက်သည် အရှေ့တောင်အာရှတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက တရုတ်တိုင်းရင်းဆေးအဖြစ် နာမည်ကြီးလာခဲပါသည်။ ယခုအခါ သဘာဝငှက်သိုက်များရှားပါးလာ သည့်အတွက် လူတို့ဖန်တီးသော ဇီဝဇိုးငှက်များနေထိုင်ရာ ငှက်အိမ်များတိုးချဲ့တည်ဆောက်ပြီး သန့်စင်မှုများ၊ စနစ်တကျထုပ်ပိုးမှုများပြုလုပ်၍ ရောင်းချပါက ဈေးကောင်းပိုမိုရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးခြင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး အတွက်လည်း ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။     

ကမ္ဘာ့နိုင်ငံများရှိ လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်နှင့် အခြားစီးပွားရေးသတင်းများ

ထိုင်းနိုင်ငံ

၁။      ထိုင်းနိုင်ငံ၏ ပုဇွန်တင်ပို့မှုသည် ယခုနှစ်အတွက်(၁၄%)ကျဆင်းမည်ဟု ခန့်မှန်းထား ပြီး တန်ချိန်အားဖြင့်(၁၅၀၀၀၀)သာရှိမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ(၄၄)ဘီလီယံရှိ ကြောင်း၊ ၎င်းမှာ(၂၁%)ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ များသောအားဖြင့် ကပ်ရောဂါနှင့် ဘတ်ငွေတန်ဖိုးမြင့်မားနေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ် ပထမ (၁၀)လအတွက် ထိုင်းနိုင်ငံ၏ ပြည်ပပုဇွန်တင်ပို့မှုမှာ စုစုပေါင်းအားဖြင့် တန်ချိန် (၁၂၃.၂၉၇)ရှိခဲ့ကြောင်း၊ နှစ်အလိုက်တွင်(၉%)ကျဆင်းခြင်းဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် (၃၅.၉)ဘီလီယံရှိပြီး (၁၁%)ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်အတွက် ထုတ်လုပ်မှု ကျဆင်းမည်ဖြစ်ကြောင်း၊ တန်ချိန်(၂၇၀၀၀၀)သာရှိမည် ဖြစ် ကြောင်း၊ ၎င်းမှာ ၂၀၁၉ခုနှစ်က ရှိခဲ့သော တန်ချိန်(၂၉၀၀၀၀)ထက် (၇%)ကျဆင်းသွား ခြင်း ဖြစ်ပြီး ကပ်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ပုဇွန်ရောဂါနှင့် ဝယ်လိုအားနည်းခြင်းတို့ ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

၂။       တစ်ကမ္ဘာလုံး၏ပုဇွန်ထုတ်လုပ်မှုအနေဖြင့် (၃%)ကျဆင်းမည်ဖြစ်ပြီး တန်ချိန်အားဖြင့် (၃.၃၂)သန်းရှိမည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။ တိုင်းပြည်၏ ပုဇွန်ထုတ်လုပ်မှုမှာ လာမည့်နှစ်တွင် (၁၅%)တိုးတက်လာနိုင်မည်ဖြစ်ပြီး တန်ချိန်အားဖြင့် (၃၁၀၀၀၀)ရှိလိမ့်မည် ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် (၁၅%)တိုးတက် နိုင်လိမ့်မည်ဟု ခန့်မှန်းထား ကြောင်း သိရှိရပါသည်။ ပြည်တွင်းဝယ်လိုအားမှာ စုစုပေါင်းပုဇွန်ထုတ်လုပ်မှု၏(၂၀%)အထိ တိုးတက်လာနိုင်ဖွယ်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ လာမည့်(၅)နှစ်တာ ကာလအတွင်း ပြည်တွင်း ပုဇွန်စားသုံးမှုမှာ (၄၀%-၅၀%)အထိ တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထား ကြောင်း သိရှိရပါသည်။

၃။      ပုဇွန်လုပ်ငန်းအတွက် အဓိကအတားအဆီးမှာ ဘတ်ငွေဖြစ်ကြောင်း၊ ဘတ်ငွေတန်ဖိုး မှာ ၂၀၁၇ ခုနှစ်ကစ၍ (၁၁%)မြင့်တက်ခဲ့ကြောင်း၊ ဒေါ်လာနှင့်ဘတ်ငွေလဲနှုန်းမှာ ပျမ်းမျှအား ဖြင့် (၃၃.၆၈)ဖြစ်ကြောင်း၊ အိန္ဒိယ ရှုပီးနှင့် ဗီယက်နမ် ဒေါင်ငွေတို့မှာ (၁၄%)နှင့် (၂%)တို့ ဖြင့် အသီးသီး တန်ဖိုးလျော့ကျခဲ့ကြောင်း Mr.Somsak ကပြောကြားခဲ့ပါသည်။ ဘတ်ငွေ တန်ဖိုး မြင့်တက်မှုမှာ အမျိုးသားအဆင့်ကိစ္စဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။      

၄။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် ပတ် သက်၍ ယခုနှစ်တွင် (၇%) အထိ ကျဆင်းခဲ့ရပြီးနောက်လာမည့်နှစ်အတွက် ပို့ကုန် တင်ပို့မှု အား (၄%) တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်မှု မူဝါဒနှင့် မဟာဗျူဟာ ရုံးညွှန်ကြားရေးမှူး ချုပ် Ms. Pimchanok Vonkorpon က ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူလာမှုနှင့် ကာကွယ်ဆေးရရှိလာမှုတို့ကြောင့် နောက်နှစ်အတွက် အစားအစာ ၊ အိမ်မှနေ၍ အလုပ်လုပ် ခြင်းနှင့် ဆက်စပ်ပတ်သက်သည့် ထုတ်ကုန်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာ ရေးပစ္စည်းအများစုတို့အနေဖြင့် လာမည့်နှစ်တွင် ပြည်ပတင်ပို့မှု တိုးတက်လာလိမ့်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ ကုန်သွယ်ဖက်နိင်ငံအများစု၏ တင်ပြချက်များအရ ဒုတိယ လှိုင်းကူးစက်မှုများရှိနေသော်လည်း ၎င်းတို့၏ ပိတ်ဆို့မှု Lockdown အစီအမံများမှာ စီးပွား ရေးတစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေရန် ပထမလှိုင်း အချိန်ကဲ့သို့ တင်းကြပ်စွာ မပြုလုပ် ကြကြောင်း Ms. Pimchanok က ပြောကြားခဲ့ပါသည်။ ဒုတိယ (၃)လပတ်တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်သောကာကွယ်ဆေးကြောင့် ကမ္ဘာ့စီးပွားရေးအလားအလာ အပေါ်ယုံကြည်မှု များစွာရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွက် ပို့ကုန်အလားအလာနှင့် ပတ် သက်၍ အခြားသော အပြုသဘောဆောင်သည့်အချက်များမှာ ကုန်သွယ်ရေးဆိုင်ရာ ထောက် ပံ့ပို့ဆောင်ရေးသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်းနှင့် ကမ္ဘာ့ရေနံ ဝယ်လို အား ပြန်လည်မြင့်တက်လာခြင်းတို့ဖြစ်ကြောင်း၊ အနှုတ်သဘောဆောင်သော အချက် အလက်များမှာမူ ရှိနေဆဲဖြစ်ကြောင်း၊ ကြာရှည်စွာကူးစက်ဖြစ်ပွားနေသည့် ကပ်ရောဂါ၊ ထောက်ပံ့ပို့ဆောင်ရေးအခက်အခဲများ၊ ဘတ်ငွေတန်ဖိုးမြင့်တက်နေမှုနှင့် အမေရိကန်စီးပွား ရေး၏ သက်ရောက်မှု၊ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်၏ ကုန်သွယ်ရေးမူဝါဒတို့ပါဝင် ကြောင်း သိရှိရပါသည်။

၅။         (၂၃.၁၂.၂၀၂၀)ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလတွင် တိုင်းပြည်၏ အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ (၁၈.၉)ဘီလီယံ ရှိခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလထက် (၃.၆၅%) ကျဆင်း သွားခဲ့ခြင်းဖြစ်ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၀.၉၉%) ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ (၁၈.၉) ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ (၅၂.၆)သန်းရှိခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံသည် တရုတ်၊ အာဆီလံ (၅) နိုင်ငံနှင့် CLMV  နိုင်ငံများသို့ ပို့ကုန်တင်ပို့မှုများလည်း (၈.၉%၊ ၁၅%၊ ၁၃% ) တို့ဖြင့် အသီးသီးကျဆင်းခဲ့ကြောင်း၊ တောင်အာရှဈေးကွက်သို့ တင်ပို့မှုမှာ (၁.၇%) ကျဆင်းခဲ့ ကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ခုနှစ် တစ်နှစ်လုံးအနေဖြင့် ထိုင်းပြည်ပပို့ကုန်တင်ပို့မှုသည် ၇% ကျဆင်းသွားနိုင်ပြီး၊ အမေရိ ကန်ဒေါ်လာ (၂၃၈)ဘီလီယံရှိလာနိုင်လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

၆။         ထိုင်းနိုင်ငံ၏ ကုန်စည်ဈေးနှုန်းများသည် ၂၉-၁၂-၂၀၂၀ နေ့တွင် Makro Super market ၊ Tesco Lotus Supermarket ၊ Makro နှင့် Knlong Toey Market များ၌ ရောင်းချ နေသော လက်လီနှင့် လက်ကားဈေးနှုန်းများဖြစ်ပါသည်။ ဆန်၊ ပဲမျိုးစုံ၊ ငါး၊ ပုဇွန်များ သိသာ စွာ ပြောင်းလဲခြင်းမရှိကြောင်း၊ ဝက်သားဈေးနှုန်းနှင့် ကြက်သားဈေးနှုန်းများလည်း သိသာစွာ ပြောင်းလဲမှုရှိကြောင်း၊ ဒီဇယ်ဆီဈေးနှုန်းနှင့် ဓါတ်ဆီဈေးနှုန်းသည် ယခင်အပတ်ကထက် ဈေးနှုန်း အနည်းငယ်ပြန်ကျသွားကြောင်း၊ ဘတ်ငွေလဲနှုန်းသည် ပျမ်းမျှအားဖြင့် အမေရိကန် တစ်ဒေါ်လာလျှင် ၃၀.၀၈ဘတ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဟောင်ကောင်နိုင်ငံ

၇။         ဟောင်ကောင်ဒေသသို့ ခရီးသွားများ လာရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် လျော့ နည်းလာရာ (၉၉.၈%) အထိ လျော့ကျခဲ့ပြီး COVID-19  စတုတ္ထ လှိုင်းကြောင့် ကူးစက်မှု နှုန်းများ ဆက်လက်ဖြစ်ပွားနေရာ နိုဝင်ဘာလအတွင်းက ခရီးသွား (၆၀၀၀)ဦးအောက် လျော့ နည်းခဲ့ကြောင်း၊ ခရီးသွားများ လာရောက်မှု၏ (၆၀%) ရှိသော တရုတ်ပြည်မကြီးမှ လာ ရောက်မှုမှာလည်း လျော့ကျခဲ့ပြီး နိုဝင်ဘာလအတွင်းက (၃၅၅၅)ဦးသာ လာရောက်ခဲ့ ကြောင်း၊ ခရီးသွားများလာရောက်မှုအနေဖြင့် စက်တင်ဘာလကတည်းကပင် အနိမ့်ဆုံးဖြစ် နေကြောင်း၊ COVID-19 ကြောင့် ဟောင်ကောင်ဒေသသို့ ဝင်ပေါက်ဂိတ် (၃)ခု ဖြစ်သော  ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း လေကြောင်း အချို့လာရောက်မှုတို့ကို ပိတ်ထားမည်ဖြစ်ကြောင်း၊ ပြည်ပမှာ လာရောက်သူများကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး နှစ်ပတ်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်နေထိုင်ရမည်ဖြစ်ကြောင်း၊ ယခုနှစ် ပထမ (၁၁) လအတွင်း ခရီးသွားများလာရောက်မှုမှာ (၃.၅၆)ဘီလီယံ ရာခိုင်နှုန်းအားဖြင့် (၉၃.၂) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က ဟောင်ကောင်သို့ လာရောက်သည့်ဧည့်သည် (၅၅.၉၁)မီလီယံ လာရောက်ခဲ့ပြီး၊ ခရီးသွားများလာရောက်မှုမှာ နိုဝင်ဘာလနှင့် နှိုင်းယှဉ်လျှင် ယခင်ကထက် လူဦးရေ (၆၀၀၀)ခန့်နီးပါးလျော့ကျခဲ့ကြောင်း သိရှိရပါသည်။

၈။      ဟောင်ကောင်ဒေသသည် နိုင်ငံတကာမှ ဒေသ (၁၁၇)ခု နှင့် လေကြောင်းလိုင်း ချိတ်ဆက်ပြေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ခရီးသည်တင်လေယာဉ် (၂၉၆၉၈)စီး ပြေးဆွဲခဲ့ရာ အနီးဆုံးဒေသရှိ ကွမ်ကျိုးလေဆိပ်ထက် (၃)ဆများခဲ့ကြောင်း၊ သို့ သော် တရုတ်ပြည်မကြီး၌ မတ်လအတွင်း ကူးစက်မှုလျော့ကျလာခဲ့ပြီး စီးပွားရေး ပြန် လည်ဖွင့်လှစ်လိုက်သည့်အတွက် မဟာပင်လယ်ကွေ့ဒေသ၌ ဟောင်ကောင်လေဆိပ် ပြေးဆွဲ မှုကို ထိခိုက်မှုရှိသောကြောင့် လေဆိပ်ကို ပြန်လည်ဆန်းစစ်မှု မြင့်တက်လာကြောင်း၊ ၂၀၁၇ ခုနှစ်က စတင်၍ တရုတ်ပြည်မကြီးဗဟိုအစိုးရသည် ရှန်းကျန့်ဒေသအား အချက်အချာကျ သည့် နိုင်ငံတကာလေဆိပ်အဖြစ် ဆောင်ရွက်နိုင်ရန် ၂၀၁၇ ခုနှစ်ကတည်းက စတင်၍ လျင်မြန်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ရှန်းကျန့်လေဆိပ်မှ ကမ္ဘာ့နိုင်ငံများသို့ လေကြောင်း လိုင်းများ ပြေးဆွဲနိုင်မှုမှာ ၂၀၁၇ ခုနှစ်တွင် (၆၈) % ၊ ၂၀၁၈ ခုနှစ်တွင် (၂၄) % နှင့် ၂၀၁၉ ခုနှစ်တွင် (၂၉) % အသီးသီးဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသမှ ပြေးဆွဲမှုမှာ ၂၀၁၇ ခုနှစ် တွင် (၂) %နှင့် ၂၀၁၈ ခုနှစ်တွင် (၇) % အသီးသီးမြင့်တက်ခဲ့ကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ် တွင် ပြေးဆွဲမှုမှာ (၃)% လျော့ကျခဲ့ကြောင်း၊ အဆိုပါလျော့ကျမှုမှာ မဟာပင်လယ်ကွေ့ ဒေသအတွင်း ဆက်သွယ်သွားလာမှု အဆင်ပြေစေရန် ဟောင်ကောင်ဒေသအနီးရှိ ကျူးဟိုင် လေဆိပ်ကို (၅၅)% တိုးမြှင့်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဟောင်ကောင်လေဆိပ်တွင် အသုံးပြု မည့်သူများ၊ ဆက်သွယ်ရန် ကွန်ယက်လမ်းကြောင်းများရှိသော်လည်း ရှန်းကျန့်နှင့် ကွမ်ကျိုး ဒေသတို့တွင်မရှိကြောင်း၊  အကယ်၍ ဟောင်ကောင်ဒေသမှ ကုန်ပစ္စည်းများ ပို့ဆောင်မှု ကွင်းဆက်ကို အားလုံးမပို့နိုင်လျှင် ပုံစံအသစ်ဖြင့် ပြောင်းလဲပို့ဆောင်ကြမည် ဖြစ်ရာ ကမ္ဘာ့ ကပ်ရောဂါ  COVID – 19ကြောင့် အဆိုပါဒေသများမှ ပြေးဆွဲနိုင်မှုများမှာ တစ်ပြေးညီဖြစ် သွားနိုင်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ  COVID – 19 ဖြစ်ပွားမှုမှာ (၁)နှစ် သို့မဟုတ် (၂)နှစ်ခန့် ကြာမြင့်နေလျှင် ကုမ္ပဏီများသည် ကုန်ပစ္စည်းများပို့ဆောင်ရန် အခြားသော လမ်းကြောင်း များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံပေါင်း (၂၃၀)ကျော်သို့ ပို့ဆောင်နေသည့် ဟောင်ကောင်ဒေသအခြေစိုက် Freight Amigoသည် ဟောင်ကောင်ဒေသ အပြည်ပြည်ဆိုင် ရာလေဆိပ်အနေဖြင့် မဟာပင်လယ်ကွေ့ဒေသ၌ အချက်အချာကျသည့် လေဆိပ်အဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်လျက် ရှိကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံ

၉။      ဂျပန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း ကဏ္ဍစုံ ခြုံငုံသုံးသပ်ချက်အနေဖြင့် နိုင်ငံ၏ လူနေမှုပုံစံအသစ်နှင့် လိုက်လျောညီထွေဖြစ်စေနိုင်သည့် ခေတ်မီဒစ်ဂျစ်တယ် လူ့ ဘောင် အဖွဲ့အစည်းသို့ ပြောင်းလဲရေးအတွက်  ဂျပန်အစိုးရသည် အထူးကြိုးပမ်းဆောင်ရွက် သွားရန် ပြင်ဆင်လျှက်ရှိရာ ကိုရိုနာကူးစက်ရောဂါသည် နိုင်ငံစီးပွားရေးကို များစွာ သက်ရောက်မှုရှိသဖြင့် ကူးစက်ရောဂါစောင့်ကြည့်လေ့လာမှုမှာ အရေးပါသည့် အချက် တစ်ချက် ဖြစ်သည့်အတွက်  ဂျပန်နိုင်ငံအစိုးရအနေဖြင့် ရောဂါတိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်မှုနှင့်အတူ စီးပွားရေးနှင့် လူမှုရေးကဏ္ဍတို့တွင် ဟန်ချက်ညီမျှစွာ ဖွံ့ဖြိုးတိုး တက်လာစေရန် အထူးအလေးထား ကြိုးပမ်းနေ သကဲ့သို့ ကာဗွန်ကင်းစင်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ စီးပွားရေးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ် စနစ်အသုံးပြုမှုမြှင့်တင်ရေး၊ ထုတ်လုပ်မှုစွမ်းရည်နှင့် လုပ်ခလစာများ ဟန်ချက်ညီ မြင့်မား လာစေမည့်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေရေးအတွက် အစိုးရမှ တွန်းအားပေး ဆောင် ရွက်နေကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင် အခြေအနေများ တည်ငြိမ် လာစေရန် ဘက်စုံမူဝါဒများချမှတ်ကာပံ့ပိုးဆောင်ရွက်နေသော်လည်း ယခုသုံးလ ပတ်ကာလ အတွင်း နိုင်ငံ၏စီးပွားရေးမှာ ဆက်လက်ထိုင်းမှိုင်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

၁၀။    ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသုံးစွဲမှုအပိုင်းတွင် ကြီးမားစွာကျဆင်းနေပြီး ပြည် တွင်းစီးပွားရေး မတည်မငြိမ်ဖြစ်နေသောကြောင့် စီးပွားရေးလုပ်ငန်းအများစုအနေဖြင့် ရင်းနှီး မြှုပ်နှံမှုဆောင်ရွက်ရန် ရပ်ဆိုင်းနေသကဲ့သို့ နိုင်ငံ၏ထက်ဝက်ကျော်ရှိသည့် ပုဂ္ဂလိကစားသုံးမှု အခြေအနေသည်လည်း ကြီးမားစွာထိခိုက်ခဲ့ရကြောင်း၊ ကမ္ဘာတစ်လွှားပြန့်ပွားနေသည့် ကိုရိုနာ ကပ်ရောဂါဂယက်ကြောင့်  အနာဂတ်ကာလ၌ ဂျပန်နိုင်ငံနှင့်အခြားနိုင်ငံများ၏ အလုပ်အကိုင်/ ဝင်ငွေ/ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု/ ဘဏ္ဍာရေးကဏ္ဍနှင့် အရင်းအနှီး ဈေးကွက်များကို ဆက်လက်ထိခိုက်လာနိုင်သဖြင့် အတက်အကျများကို အထူးအာရုံစိုက် လေ့လာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ဆက်လက်အားနည်း နေမှုများ၊ ခရီးသွားလုပ်ငန်း ဆက်လက်ကျဆင်းနေမှုများ၊ ဒေသတွင်းပထဝီနိုင်ငံရေးအပိုင်း တင်းမာနေမှုများ၊ ရံဖန်ရံခါ ရင်ဆိုင် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များ စသည် တို့ကြောင့် လက်ရှိဂျပန်နိုင်ငံ၏ စီးပွားရေးသည် ယခင်သုံးလပတ်ကာလများထက် အနည်းငယ် တိုးတက်လာသော်လည်း ကဏ္ဍစုံဖွံဖြိုးတိုးတက်မှုအနေဖြင့် ယခင်ကိုရိုနာ ကူးစက် ရောဂါမပြန့်ပွားမီကာလ ဖွံ့ဖြိုးတိုးတက်မှုအနေအထား မျိုးသို့ ပြန်လည် မရောက်ရှိ သေးဘဲ ဆက်လက် ထိုင်းမှိုင်းနေမည်ဖြစ်ကြောင်း သိရှိရပါသည်။

၁၁။    ဂျပန်နိုင်ငံ၏ အဓိကမိတ်ဖက်ပို့ကုန်တင်ပို့သည့်နိုင်ငံများနှင့် ကုန်သွယ်မှု ပြန်လည် ဆောင်ရွက်ခဲ့သည့်အတွက် မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ဆက်စပ်ပစ္စည်းတင်ပို့မှုများ ပြန်လည် မြင့်တက်လာခဲ့သည့်ဒေသများမှာ အာရှတိုက်နိုင်ငံများ၊ အမေရိကန် ပြည်ထောင်စု နှင့် ဥရောပ သမဂ္ဂနိုင်ငံများဖြစ်ကြကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေးဖြစ်သည့် ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်းသည် ကိုရိုနာကပ်ရောဂါပြန့်ပွားမှုဒဏ်ကြောင့် အထိနာခဲ့ပြီး နိုင်ငံ တကာ ခရီးသွား ဝင်ရောက်မှုသည် ဆက်လက်ကျဆင်းနေဆဲ ဖြစ်ကြောင်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်း နာလန်ထူ လာစေရန် ပြည်တွင်းခရီးသွားလှုံ့ဆော်မှုအစီအစဉ်ဖြစ်သည့်  “Go To Travel Campaing” ကို ဆောင်ရွက်နေသော်လည်း ပြည်တွင်း ကိုရိုနာ ကူးစက် ရောဂါပြန်လည် မြင့်တက်လာမှုများကြောင့် Osaka နှင့် Sapporo  မြို့များကို နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာအဆိုပါ အစီအစဉ်မှ ရပ်နားထားခဲ့ကြောင်း၊ ပြည်တွင်း ကူးစက်မှု များ နေ့စဉ်နှင့်အမျှ ဆက်လက်မြင့်တက် နေခြင်းကြောင့် ဒီဇင်ဘာလကုန်တွင်စတင်မည့် နှစ်ကူးအားလပ်ရက်တွင် ကူးစက်မှုများ ပိုမိုမြင့်မားလာနိုင်သည့် အတွက် အစိုးရ၏ ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ကာ ဂျပန်အစိုးရမှ ပြည်တွင်း ခရီးသွား လာမှု လှုံ့ဆော်ရေးအစီအစဉ် “Go To  Travel Camping” ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ၂၈ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ဆိုင်းငံ့ထားမည် ဖြစ် ကြောင်း သိရှိရပါသည်။

၁၂။     ကာလတိုသုံးသပ်ချက်အနေဖြင့် ဂျပန်နိုင်ငံသည် ကိုရိုနာပြန့်ပွားမှုထိန်းချုပ်ရေး ဆောင် ရွက်ချက်များအရ နိုင်ငံတကာဝင်ထွက်မှုများပိတ်ထားခြင်း၊ စီးပွားဖြစ် နိုင်ငံတကာ လေကြောင်း ခရီးစဉ်အများစု ရပ်ဆိုင်းထားခြင်းတို့ကို ဆက်လက်ဆောင်ရွက်နေသော်လည်း အခြားသော နိုင်ငံတကာမိတ်ဖက်များ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ဆောင် ရွက်မှုများကြောင့် ပို့ကုန်ကဏ္ဍတွင် ပြန်လည်မြင့်တက်လာသော်လည်း အဆိုပါနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အားနည်းချက်/ အားသာချက်များကိုပါ ထည့်သွင်းစဉ်းစား ရမည်ဖြစ်ကြောင်း၊ အဓိက သွင်းကုန်မိတ် ဖက်နိုင်ငံများဖြစ်ကြသည့် အမေရိကန် ပြည်ထောင်စုနှင့် ဉရောပသမဂ္ဂနိုင်ငံများမှ သွင်းကုန်များဝင်ရောက်မှုအားနည်းနေပြီး ကာလ တို သုံးသပ်မျှော်မှန်းချက်အနေဖြင့် လူမှုစီးပွား ရေး ဆောင်ရွက်ချက်များ ပြန်လည် စတင် နေပြီဖြစ်၍ သွင်းကုန်ကဏ္ဍ ပြန်လည်မြင့်တက်လာနိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရှိရ ပါသည်။

စင်ကာပူနိုင်ငံ

၁၃။    စင်ကာပူနိုင်ငံ၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ နိုင်ငံစီးပွားရေးသည် ၂၀၂၀ ခုနှစ်၊ စတုတ္ထ(၃) လပတ်တွင် ၃.၈ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ရာ  ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန၏ ကြိုတင် ခန့်မှန်းချက်ဖြစ်သော ၂၀၂၀ ခုနှစ်တွင် ၆ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းကြား ကျဆင်းနိုင်သည်ဆိုသည်ခန့်မှန်းချက်ထက် ရလဒ်ကောင်းမွန်ခဲ့ကြောင်း၊ ယခု ကဲ့သို့ ၂၀၂၀ ခုနှစ် စတုတ္ထ (၃)လပတ်အတွင်းနှင့် ၂၀၂၀ ခုနှစ်တစ်နှစ်လုံးအတွက် စင်ကာပူ၏ စီးပွားရေးအခြေအနေကို ခန့်မှန်းရာတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ရရှိခဲ့သော စာရင်းအချက်အလက်များကိုသာ အဓိကထည့်သွင်းတွက်ချက် ထားပါကြောင်း နှင့် ပိုမိုပြည့်စုံသော စာရင်းအချက်အလက်များရရှိချိန်တွင် စာရင်းပြန်လည် ညှိနှိုင်းချက်များ ပြုလုပ်၍ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက်မှုနှုန်းကို တွက်ချက် တိုင်းတာသည့် လုပ်ငန်းကဏ္ဍအလိုက် တိုးတက်ပြောင်းလဲမှု အခြေအနေများတွင် ကုန်ထုတ် လုပ်မှု လုပ်ငန်းကဏ္ဍ၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ၊ ငွေရေး ကြေးရေးနှင့် အာမခံလုပ်ငန်းကဏ္ဍတို့မှာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်သော်လည်း ၂၀၁၉ ခုနှစ် ထက်ပင် တိုးတက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ် ၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံများကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင် ထိန်းသိမ်းရေးလုပ်ငန်းကဏ္ဍ၊ တည်းခိုနေထိုင်မှုနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍ၊ လက်လီရောင်းဝယ်ရေးနှင့် လက်ကားကုန်သွယ်ရေးလုပ်ငန်းကဏ္ဍနှင့် စီးပွားရေး လုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့မှာ ထိခိုက်မှုများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရှိရပါ သည်။

အီးယူနှင့်ဗြိတိန်နိုင်ငံ

၁၄။       အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား ဗြိတိန်ခွဲထွက်မှုအလွန် ကုန်သွယ်မှု သဘောတူ ညီချက်ရရှိခဲ့ကြောင်း ၂၄-၁၂-၂၀၂၀ နေ့တွင်ကြေညာခဲ့ပြီး အီးယူ-ဗြိတိန် ကုန်သွယ်မှုသဘော တူညီချက်သည် ဥရောပ၏အကျိုးစီးပွားဖြစ်သကဲ့သို့ ဗြိတိန်နိုင်ငံ၏အကျိုးစီးပွားလည်း ဖြစ် ကြောင်း၊ ဗြိတိန်နိုင်ငံသည် အီးယူအတွက် တတိယနိုင်ငံတစ်နိုင်ငံဖြစ်သွားသော်လည်း တူညီ သော တန်ဖိုးစံနှုန်းများနှင့် အကျိုးစီးပွားများကိုမျှဝေလျှက် မိတ်ဖက်အဖြစ် ဆက်လက် တည် ရှိနေမည်ဖြစ်ကြောင်း၊ အီးယူနှင့်ဗြိတိန်နိုင်ငံတို့အနေဖြင့် ကမ္ဘာ့လုံးဆိုင်ရာ ဘုံရည်မှန်းချက် များအတွက် အတူတကွရပ်တည် သွားမည်ဖြစ်ကြောင်း၊    ဥရောပကော်မရှင်၏ ၂၄-၁၂-၂၀၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် အီးယူ-ဗြိတိန်ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် ဥရောပ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ မျှတသော ယှဉ်ပြိုင်မှုကို သေချာစေခြင်းနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် နယ်ပယ်များတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ခြင်း ဟူသောခေါင်းဖြင့် ဖော်ပြထားကြောင်း၊ ၎င်း သဘောတူညီချက် (မူကြမ်း)တွင် အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီ ချက်( Free Trade Agreement)နှစ်ဖက်နိုင်ငံသားများ၏ လုံခြုံမှုအတွက် မိတ်ဖက် ပြုစုမှုနှင့် စီးပွားရေးလုပ်ငန်းများ၊ စားသုံးသူများနှင့် နိုင်ငံသားများ၏ ရပိုင်ခွင့်များ သေချာစေရေး နှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဘက်ညီမျှတစွာ ယှဉ်ပြိုင်နိုင်စေရေး၊ အငြင်းပွားမှု ဖြေရှင်း ရေးယန္တရားလုပ်ငန်းစဉ်များ စသည်တို့အတွက် စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာသဘောတူညီခြင်း စသည့် မဏ္ဍိုင် (၃) ရပ် ပါဝင်ကြောင်းသိရှိရပါသည်။

၁၅။    ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဗြိတိန်နိုင်ငံသည် အီးယူတစ်ခုတည်း သော စျေးကွက်နှင့် အကောက်ခွန်သမဂ္ဂ၊ အီးယူ၏ မူဝါဒများနှင့် နိုင်ငံတကာ သဘောတူ ညီချက်များမှ ထွက်ခွာမည်ဖြစ်ပြီး၊ အီးယူနှင့်ဗြိတိန်နိုင်ငံတို့အကြား လူပုဂ္ဂိုလ်များ၊ကုန်စည် နှင့် ဝန်ဆောင်မှုများ၊ အရင်းအနှီးများ လွတ်လပ်စွာရွေ့ပြောင်းသွားလာနိုင်မှုသည် အဆုံး သတ်မည်ဖြစ်ကြောင်း၊ အီးယူနှင့်ဗြိတိန်နိုင်ငံတို့သည် ၎င်းတို့၏သီးခြားလုပ်ထုံးလုပ်နည်းများ၊ ဉပဒေများနှင့်အတူသီးခြား စျေးကွက်နှစ်ခုအဖြစ် ရပ်တည်ကြမည်ဖြစ်ရာ နှစ်ဘက်အကြား ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ ကုန်သွယ်ခြင်း၊ နယ်စပ်ဖြတ်ကျော်သွားလာခြင်းတို့တွင် ယခင်ကနှင့်မတူဘဲ အတားအဆီး များရှိ လာ မည ဖြစ်ကြောင်းကိုသိရှိရပါသည်။

၁၆။    အဆိုပါ အီးယူ-ဗြိတိန်ကုန်သွယ်မှုသဘောတူညီချက်ကို အီးယူအဖွဲ့ဝင်(၂၇)နိုင်ငံမှ သံ အမတ်ကြီးများက၂၈.၁၂.၂၀၂၀နေ့တွင် တညီတညွတ်တည်းအတည်ပြုခဲ့ကြပြီး ဗြိတိန် ပါလီမန် က ၃၀.၁၂.၂၀၂၀နေ့တွင် ယင်းသဘောတူညီချက်ကို အတည်ပြုသွားရန်ရှိကြောင်း၊ အီးယူဘက်တွင် အဆိုပါသဘောတူညီချက်ကို ဉရောပပါလီမန်က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လတွင် မဲခွဲဆုံးဖြတ်မည် ဖြစ်သော်လည်း အီးယူ၏လုပ်ထုံးလုပ်နည်းများအရ သဘော တူညီ ချက်သည် ယင်းကာလမတိုင်မီတွင် ယာယီအနေဖြင့် အသက်ဝင်နိုင်ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ

၁၇။    အိန္ဒိယမှာ မြန်မာမတ်ပဲ၊ ကုလားပဲနဲ့ ပဲတီစိမ်း စျေးနှုန်းတွေဆက်တက်ခဲ့ပြီး ပဲစဉ်းငုံနဲ့ ပဲရာဇာများမှာ ဈေးများပြန်ကြခဲ့ပါကြောင်း၊  အိန္ဒိယ၏ ဆောင်းရာသီကာလမှာ ဟင်းသီး ဟင်းရွက်တွေ စျေးချိုလာသည့်အတွက်ကြောင့်  ပဲမျိုးစုံစားသုံးမှုလျော့ကျပြီး အသင့်စား ခွဲခြမ်းပဲဝယ်လိုအား နည်းပါနေတယ်လို့လည်း သိရှိရပါသည်။ အရင်အပတ်က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းတွင်  ပဲခွဲစက်များက  လတ်တလောလိုအပ်ချက်အရ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ပြည်ပက တင်သွင်းထားတဲ့ မတ်ပဲလက်ကျန်နည်းပါးနေတာတွေကြောင့် မြန်မာ့မတ်ပဲ FAQ ဟာ ၁၀၀ ရူပီမြင့်တက်ပြီး တစ်ကွမ်တယ်(၁၀၀ ကီလိုဂရမ်)ကို ၇၂၀၀ ရူပီးစျေးနှုန်းများ ဖြစ်ပေါ်လာ ခဲ့ပါသည်။

၁၈။    ချန်နိုင်းစျေးကွက်တွင်  မြန်မာမတ်ပဲ FAQ ဟာ ၇၃၀၀ ရူပီးမှာစျေးဆက်ငြိမ်နေခဲ့ပြီး SQ တစ်မျိုးပဲ ၁၀၀ ရူပီးမြင့်တက်ပြီးတော့ ၈၀၀၀ ရူပီးစျေးဖြစ်လာခဲ့ပြီး၊ တစ်ချိန် တည်း တွင်လည်း လက်လီ လက်ကားအရောင်းဆိုင်တွေမှာ ခွဲခြမ်းသန့်စင်ပြီး မတ်ပဲတွေကို ဝယ်လို အားနည်းလာကြောင်း သိရှရပါသည်။ ပြည်တွင်းပဲစျေးကွက်တစ်ချို့မှာ မတ်ပဲအသစ်တွေ ဝင်လာချိန်တွင်  အစိုးရပိုင် အေဂျင်စီက မိုးစိုက်မတ်ပဲလက်ကျန်အဟောင်းတွေကို ခပ်သွက် သွက် ထုတ်ရောင်းနေပါကြောင်း၊  ဒီလလယ်နဲ့ နောက်လကုန်လောက်တွင် အိန္ဒိယမှာ မတ်ပဲ အသစ်တွေပိုပြီး အဝင်များလာနိုင်ပါကြောင်း၊ မတ်ပဲစျေးမြင့်တက်ခဲ့ပေမယ့် ယခင် အပတ် မွန်ဘိုင်းစျေးကွက်က မြန်မာပဲစဉ်းငုံလီမွန်အနေဖြင့်  စျေးအတက်မှာ ပဲခွဲစက်များက ပြန်လည်ဝယ်ယူထိန်းခဲ့သည့်အတွက်ကြောင့် ၁၀၀ ရူပီး ပြန်ကျပြီး တစ်ကွမ်တယ်ကို ၅၆၀၀ ရူပီး စျေးပဲရှိခဲ့ပါသည်။ အိန္ဒိယပဲစဉ်းငုံစျေးကလည်း ၅၀ ရူပီးကျပြီး ၆၀၀၀-၆၀၅၀ ရူပီး ဝန်း ကျင်စျေးရှိခဲ့ပါသည်။ အိန္ဒိယမှာ ပဲစဉ်းငုံသစ်တွေ စျေးကွက်ထဲဆက်တိုက်ဝင်လာကာ အစိုးရက ပဲစဉ်းငုံ ဟောင်း လက် ကန်တွေကို ခပ်သုတ်သုတ်ရောင်းထုတ်နေတာနဲ့ စျေးချိုတဲ့ အာဖရိကပဲ စဉ်းငုံတွေ လက်ကျန် ရှိနေတာကြောင့် ပဲစဉ်းငုံစျေးကွက်မှာ ဖိအားတွေ ဆက် များ နေမယ့် သဘောရှိပါသည်။

၁၉။    ကာနာတာကာပြည်နယ်တွင်  ဒေသအစိုးရအဖွဲ့အစည်းများက အရင်နှစ် လက်ကျန် ပဲစဉ်းငုံ ဟောင်းတွေကို အနိမ့်ဆုံးသတ်မှတ်စျေး MSP အောက်နဲ့တောင် ချရောင်း လာသည့်အတွက်ကြောင့် စျေးလျှော့ရောင်းရမှာကို တောင်သူတွေစိုးရိမ်တကြီးဖြစ်လာကြပါ သည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယက ပဲစဉ်းငုံအများဆုံးစိုက်တဲ့ဒေသတွေမှာ တိမ်ထူပြီး မိုးရွာလို့ရာသီဥတု မကောင်းမှာ စိုးရိမ်စရာဖြစ်လာပါတယ်။ ရာသီဥတုမကောင်းလို ပဲစဉ်းငုံ သစ်အဝင်နောက်ကျမှာနဲ့ အရည်အသွေးအပေါ်မှာရှိလာနိုင်ပါသည်။ အထွက်နှုန်း နည်း မယ်လို့ ခန့်မှန်းရတဲ့အတွက် စျေးကွက်ထဲဝင်တဲ့ ပဲစဉ်းငုံသစ်တွေကလည်း မျှော်လင့်သလို မများနိုင်ဘဲ အရင်နှစ်ထက်လည်း လျော့နည်းသွားဖွယ်ရှိနေပါတယ်။ ကုန်သည် တွေကလည်း ပဲစဉ်းငုံစိုက်တဲ့ဒေသကနေပဲအဝင် ဘယ်လောက်ရှိမလဲဆိုတာကိုပဲ စောင့်ကြည့်နေကြပါ သည်။မဟာရာသျှတ္တရာပြည်နယ်၊ တစ်ချို့ဒေသက ထွက်လာတဲ့ ပဲစဉ်းငုံသစ်တွေမှာဆိုရင် အစိုဓာတ် ၁၇-၂၂ % ထိ ပါဝင်နေပြီး အရောအနှောက ၃-၄ % လောက် ပါနေပါကြောင်း၊ အိန္ဒိယ အစိုးရက ပဲစဉ်းငုံသစ်တွေကို MSP စျေး ၆၀၀၀ ရူပီးနဲ့ ဒီလထဲမှာ စဝယ်ပေးမယ် လို့ခန့်မှန်းနေကြပြီး၊ အစိုးရလက်ထဲမှာလည်း ပဲစဉ်းငုံဟောင်းတွေ လက်ကျန်နည်းနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

ချောင်းဦးမြို့နယ်ရှိ သခွားစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်သည် နှစ်စဉ် ဖရဲသခွားဧက တစ်သောင်းကျော် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းပြည်ပတင်ပို့ရောင်းချလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဖရဲသခွားစိုက်ခင်းသို့ ကွင်းဆင်းခဲ့ရာ လက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည် ၂ဝ၁၅ ခုနှစ်မှစတင်၍ ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဖရဲသခွားနှင့်ပတ်သက်၍လည်း အသင်းအဖွဲ့ဆိုင်ရာများ၊ အသိပညာပေးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ကုန်စည်ပြပွဲများဆောင်ရွက်ခဲ့ပါကြောင်း၊ ဖရဲသခွားနှင့်ပတ်သက်၍ ချိတ်ဆက်ပေးရန်လိုသည်များကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ချောင်းဦးမြို့နယ် မင်းခေါင်/မင်းတည်ကျေးရွာသို့ သွားရောက်၍လည်း တိုင်းဒေသကြီး သစ်သီးဝလံအသင်းနှင့် တိုင်းဒေသကြီး ဖရဲ/သခွား အသင်းတို့မှ ဥက္ကဌနှင့်တာဝန်ရှိသူများအား တွေ့ဆုံ၍ ချိတ်ဆက်ပံ့ပိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသည့်နည်းစနစ်၊ GAPလက်မှတ်၊ ပိုးမွှားကင်းစင်ကြောင်း လက်မှတ်များအတွက် စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူပေးလျက်ရှိပြီး အပင်ပြုစုကိုင်တွယ်ခြင်းနှင့်အရည်အသွေးပိုင်းကို စိုက်ပျိုးတောင်သူများက တာဝန်ယူကြကြောင်း၊ ဈေးကွက်ရရှိရေးအတွက် ပြည်ပတင်ပို့သော ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်းဆွေးနွေးပြောကြားခဲ့ရာ ဖရဲစိုက်တောင်သူများက COVID 19 ကာလ အတွင်း ကုန်တင်ယာဉ်များ နယ်စပ်ဂိတ်၌ ကြန့်ကြာနေမှုများကို ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

Pages

Subscribe to RSS - HighLight News