HighLight News

Powered by Drupal

“ကွမ်းခြံကုန်းမြို့နယ်အတွင်း စားအုန်းဆီလက်လီ/လက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စားအုန်းဆီလက်လီ/ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ရန် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပူးပေါင်းအဖွဲ့ဖြင့် နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အခွန်ကောက်စာရေး ဦးသန့်ဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် ရပ်ကွက် အတွင်း ရောင်းချသောဆိုင်များဖြစ်သည့် ဈေးပိုင်းရပ်ကွက် ဦးဟိန်းသော်ဇင်ဦး လက်လီလက် ကားအရောင်းဆိုင်၊ ဦးခင်မောင်အေး လက်လီအရောင်းဆိုင်၊ ကံကြီးမကျီးရပ်ကွက်ရှိ ဦးကျော်လွင် လက်လီအရောင်းဆိုင်၊ ဦးရဲတင်းဟိဏ်း လက်လီအရောင်းဆိုင်၊ မြို့မရပ်ကွက် မြို့မဈေးအတွင်း ရောင်းချသော ဦးဟိန်းမင်းလတ်နှင့် ဒေါ်မြသီတာကျော် လက်လီဆိုင်၊ ဒေါ်လဲ့လဲ့သင်း လက်လီအရောင်းဆိုင်၊ ဦးစန်းဌေး လက်လီအရောင်းဆိုင်၊ ဒေါ်မျိုးသူဇာထွန်း လက်လီအရောင်းဆိုင်၊ ဦးမြင့်မင်းသူ လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ ခွဲတမ်းရရှိသည့်ပိဿာ၊ ပေပါ၊ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့် လက်လီလက်ကား ဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျက်ရှိသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအပေါ် ၂%အမြတ်နှင့် သယ်ယူခ၊ အလုပ်သမားခများကို ထည့်သွင်းတွက်ချက်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် စားအုန်းဆီ ရောင်းချသော လက်လီ/လက်ကား ကိုယ်စားလှယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်တွင် နွေစပါးစိုက်ဧကများအားလုံး Drum Seeder ဖြင့်စိုက်ပျိုးနိုင်ရေးနှင့် ဆီထွက်သီးနှံနေကြာ လျာထားဧကပြည့်မီနိုင်ရေး တောင်သူများကွင်းဆင်းတွေ့ဆုံ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လာဝတီကျေးရွာအုပ်စု ဧက (၁၀၀) စံပြကွက်တောင်သူများနှင့် တွေ့ဆုံခန်းမ၌ နိုဝင်ဘာလ(၂၁)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် နွေစပါးစိုက်ဧကများအားလုံး Drum Seeder ဖြင့် စိုက်ပျိုး‌ရေးနှင့် ဆီထွက်သီးနှံ နေကြာလျာထားဧက ပြည့်မီနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ တွေ့ဆုံပွဲတွင် ကော့မှူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ဧက(၁၀၀) စံပြကွက်အတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ ပြီးပါက သီးထပ်အတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တောင်သူများအား နေကြာလျာထားဧက (၂၅)ဧက ပြည့်မီအောင်စိုက်ပျိုးရေး၊ နွေစပါးဧက (၇၅)ဧကအား Drum Seeder ဖြင့်စိုက်ပျိုးရေး၊ မြေဩဇာများ အချိန်ကိုက် အချိုးကျသုံးစွဲရေး မြေဆီလွှာတိုး တက်ကောင်းမွန်စေရေးအတွက် ပိုက်ဆံလျော်များ တွဲဖက်စိုက်ပျိုးနိုင်ရေး‌ ဆွေးနွေးပြောကြားခဲ့ကြောင်း ကွင်းဆင်းတွေ့ဆုံပွဲသို့ မြို့ပေါ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ၊ လာဝတီ၊ လက်စိုက်၊ ဆပုဂံ၊ ထန်းပင်ချောင်း၊ တောင်ကျောင်း၊ စမ်းကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ အင်အား(၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ကွမ်းခြံကုန်းမြို့နယ်တွင် စားသုံးသူအသိပညာပေးTalk Show ဆောင်ရွက်ခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွေဦးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးတို့က စားသုံးသူအခွင့်အရေးနှင့် ပတ်သတ်တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအား ကာကွယ်ပေးနေသည့် အကြောင်းအရာများ၊ ကုန်စည်အမျိုးအစားအလိုက် အုပ်စု(၈)စုကို စစ်ဆေးနိုင်ရန် စားသုံးသူကာကွယ်ရေး ကော်မရှင်မှ (၂/၂၀၁၉) အမိန့်ကြော်ငြာချက်ကို ထုတ်ပြန်ထားရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ရှိပြီး ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိနှင့် စစ်ဆေးနေခြင်းများ အကြောင်းတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက နိဂုံးချုပ်အနေဖြင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်း ပြောခွင့်ပေးနေကြောင်းနှင့် နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်သည့်နည်းလမ်းများ ယခုလက်ရှိ အလွယ်ကူဆုံးဖြစ်သော Consumer Call Center ၁၅၃၅ သို့ တိုင်ကြားများ ဆွေးနွေးခဲ့ကြပြီး ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးမှ ဆွေးနွေးမှုများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဒဂုံမြို့နယ်ရှိ Trusty Family Co.ltd အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Trusty Family Co.ltdအား နိုဝင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

       ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ Olympic Hotel, National Swimming Pool Complex, U Wisara Road, Dagon tsp, Ygn ရှိ  Trusty Family Co.ltd သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/ မရှိနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေး ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်ပေးရာတွင်လည်း အမှန်တကယ်သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား မှန်ကန်ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန် စိတ်မကျေနပ်မှုရှိပါက Call Center သို့ အလွယ်တကူခေါ်ဆိုနိုင်စေရေးနှင့်  တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ဒဂုံမြို့နယ်ရှိဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Compana Mythic Co.ltd အား နိုဝင်ဘာ လ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၂၂/၂၄)၊ ယောမင်းကြီးလမ်း၊ ယောမင်းကြီးရပ်ကွက်ရှိ Compana Mythic Co.lt သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာ များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/ မရှိ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် အမှန်တကယ်သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိ ထိုက်သည့်အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်မှုများအား အမှန်တကယ်သုံးစွဲနေသည့် စားသုံးသူများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ကြိုတင်အသိပေး ဆောင်ရွက်ကြရန် စားသုံးသူများအနေဖြင့် စိတ်မကျေနပ်မှုရှိပါက Call Center သို့ အလွယ်တကူခေါ်ဆိုနိုင်စေရေး ဆောင်ရွက်ထားကြရန်နှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မန္တလေးစျေးကွက်တွင် ဂဗ္ဗလာသီးစျေးကျဆင်း

        မန္တလေးစျေးကွက်သို့   နတ်တော်လဆန်းတွင်  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့် ဂဗ္ဗလာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့်၂၅၀၀ ကျပ်၊ အလုံး (လတ်)၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ဖြင့်ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဂဗ္ဗလာသီးများ အားအသီးအတိုင်းစားသုံးခြင်းနှင့် ကျမ္မာရေးဓါတ်စာဖျော်ရည်အဖြစ် စားသုံးခြင်းတို့ကြောင့် စျေးကွက် အတွင်းအရောင်း သွက်လျက်ရှိကြောင်း ရှမ်းစျေးရှိသစ်သီးရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကလေးနှင့်လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်လှလှဝင်း (ဒု-ဦးစီးမှူး)သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍  ၁၉.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀)နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်ရှိ ကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

            ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) ပါ အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေများအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Thursday Talk ကျင်းပပြီးစီး

      (၂၀.၁၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးအစည်းအဝေးခန်းမ၌ Thursday Talk အား တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ခရိုင်ရုံးများမှ Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။ Thursday Talk အစီအစဉ်အား အစီအစဉ် (၉)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခုလို Thursday Talk အား လစဉ် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ခရိုင်ရုံးများဖြင့် ကျင်းပပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်အနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာအောင်၊ ဟောပြောနိုင်မှုစွမ်းအားနှင့်လုပ်ရည်ကိုင်ရည် မြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း၊ Thursday Talk အား မန္တလေးတိုင်းဒေသကြီးအတွင်းသာပြုလုပ်ပြီး ဆောင်ရွက်နေရသည့်အတွက် အခြားတိုင်းနှင့် ပြည်နယ်များဖြင့် ချိတ်ဆက်၍ ပါဝင်ဆွေးနွေးအကြံပြုသုံးသပ်နိုင်ရန် Zoom ဖြင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနဖြင့် ခေါင်းစဉ်ကောင်းများ ရွေးချယ်၍ လေယူလေသိမ်းကောင်းမွန်စွာဖြင့် ဟောပြောစွမ်းရည်မြှင့်တင်ပါလို့ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော ဒေါ်သီတာဝင်း၊ ဒု-ဦးစီးမှူးက "စားသုံးသူတိုင်ကြားမှုနှင့် ပတ်သက်၍ သိကောင်းစရာများနှင့် ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ" ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြရာတွင် နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် လူပုဂ္ဂိုလ်၊ မိသားစုဝင်၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ အောက်တိုဘာလအထိ တိုင်ကြားမှုပေါင်း (၇၂၁)မှုအပေါ် ဖြေရှင်းရန်ကျန် ကျန် (၇)မှုအား စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ SOP များနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဖြေရှင်းဆောင်ရွက်ခဲ့သည့်  စံပြအမှုတွဲများဖြစ်သည့် ကုန်စည်၊ ဝန်ဆောင်မှု၊ ဆက်သွယ်ရေးတိုင်ကြားမှုများအား အကျယ်တဝင့် ရှင်းလင်းတင်ပြဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စံပယ်လှိုင်၊ ဒု-ဦးစီးမှူးက "ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအား မဖြစ်မနေ လိုက်နာရမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရန်အတွက် ကုန်စည်အုပ်စု (၈) မျိုး သတ်မှတ်ထားမှုများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များအား အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ပါသည်။

          Thursday Talk ဆွေးနွေးတင်ပြချက်များအပေါ် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဌာနခွဲအလိုက် အမှုထမ်းများ၊ ခရိုင်ဦးစီးမှူးရုံးများရှိ အမှုထမ်းများ၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးတို့မှ အကြံပြုသုံးသပ်ချက်များ အသီးသီးပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး ဦးစီးမှူးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး Thursday Talk အား (၁၁:၂၀) နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ပြင်ဦးလွင်မြို့မစျေးကွင်းဆင်းစစ်ဆေး”

        ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ပြင်ဦးလွင်မြို့မစျေးကြီးအတွင်း ရောင်းချ သောစျေးဆိုင်များအား နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စျေးကွက်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ပါသည်။ ပြင်ဦးလွင်မြို့မစျေးကြီးအတွင်း ရောင်းချသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥ၊ဘဲဥ၊ ဆန်၊ ဆီ၊ ကုန်စုံဆိုင်များအား စျေးနှုန်းကြီးမြှင့်ရောင်းချခြင်းမပြုရန်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များအနေဖြင့် ရောင်းချသောပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိသည့် ပစ္စည်းများကိုသာရောင်းချရန်၊ ဆန်ဆိုင်များအနေဖြင့်လည်း လစဉ်ထုတ်ပြန်သော သက်မှတ်ရည်ညွှန်း ဆန်စျေးများဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဗွီနိုင်းများ ချိတ်ဆွဲ၍ရောင်းချနိုင်ရေး၊ သက်မှတ်ရည်ညွှန်းစျေးထက်ကျော်လွန်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်ရောင်းဝယ်မှုဖြင့် အရေးကြီးကုန်စည်နှင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

         ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ(၂၁)ရက်နေ့တွင် မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူးက) တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ လူတွေရဲ့နေထိုင်မှုပုံစံမှာ အမျိုးမျိုးပြောင်းလဲလာပြီး အလွယ်တကူစားသောက်လို့ရသည့်(အသင့်အစားအစာ)များကို စားသောက်လာကြကြောင်း၊ ဒီလိုစားသောက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာ စားသုံးသူတွေရဲ့ အလိုကိုလိုက်ပြီး အရောင်အသွေးလှပရန်နှင့် အနံ့အရသာပြည့်စုံရန် မျက်စိပသာဒရှိစေရန်အတွက် အသင့်အစားအစာတွေကို တရားမဝင်ဆေးဝါးတွေ၊ ခွင့်မပြုဓါတုဆေးဝါတွေ အသုံးပြုပြီးထုတ်လုပ်လာကြတဲ့အတွက် လူတွေဟာအရွယ်မတိုင်ခင် ရောဂါဆန်းတွေဖြစ်ပွားခြင်း၊ နာတာရှည်‌ရောဂါတွေဖြစ်ခြင်း၊ သေကျေပျက်စီးခြင်းတွေဖြစ်ပေါ်သည့်အတွက် နိုင်ငံရဲ့လူစွမ်းအားအရင်းအမြစ်တွေဆုံးရှုံးကာ နိုင်ငံတော်၏ဘက်ဂျက်ထိခိုက်ပြီး နိုင်ငံဖွံ့ဖြိုးမှုအတွက် ထိခိုက်လာလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သားဖွားဆရာမ ဒေါ်ရီရီဆွေမှ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ မသန့်ရှင်းသောအစားအစာ မသန့်ရှင်သောရေ၊ ယင်နားစာများစားသောက်လျှင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တက်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကိုကာကွယ်ရန်အတွက် သန့်ရှင်းသောရေ၊ သန့်ရှင်းသောအစားအစာနှင့် ယင်နားစာများ စားသုံးခြင်းနှင့် အိမ်သာမှအထွက်တိုင်း လက်ကို သန့်ရှင်းစင်ကြယ်စွာဆေးကြောရန်လိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ကိုအသုံးပြုရမှာဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစပ်သော ရောဂါဖြစ်ကြောင်း၊ ရေကြည်ရေသန့်မှာပေါက်ဖွားသောခြင်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ရေအိုးများကို ဖုံးအုပ်ထားရန်၊ မလိုအပ်သောရေများကိုသွန်ရန်၊ ဘုရားပန်းအိုးတွေကို တစ်ရက်တစ်ခါရေလဲပေးရန်၊ သွန်ရန်အခက်အခဲရှိတဲ့ရေတွေကို ရေစစ်ဖြင့်စစ်၍ ပိုးလောက်လန်းများကို ခပ်ပေးရမှာဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေး၏ အဓိက ခြင်ပေါက်ရန်အတွက် ပိုးလောက်လန်းကအဓိကဖြစ်ကြောင်း၊ ပိုးလောက်လန်းကို ကြိုတင်နှိမ်နင်းပါက ခြင်ပေါက်ဖွားမှုကို ကာကွယ်ပေးကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်ကာကွယ်နိုင်မှသာ အသက်ဆုံးရှုံးမှုများ  မဖြစ်နိုင်ကြောင်း စသည့် သိကောင်းစရာများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းမုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News