သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးရှိ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

          (၃.၉.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်တွင်ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦး စီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးရှိ အလှကုန် ပစ္စည်းများတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိရမှာ ဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့် ကြောင်း ဖော်ပြချက် တို့ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်း မရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါကဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

မကွေးမြို့၊ ရန်ပယ်ဈေး၌ ကုန်စည်နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည် ( ၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် မကွေးမြို့၊ ရန်ပယ်ဈေး၌ရောင်းချလျက်ရှိသော ကုန်စည်များအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ငရုတ်သီးမှုန့်၊ အ‌ရောင်တင်မှုန့်၊ ပဲပြား (S/ K)၊ မုန့်ဟင်း ခါးဖတ်၊ ချင်းပေါက်၊ ငပိ၊ ဆားပုဇွန်၊ လက်ဖက်၊ ကွမ်းသီးစိပ်၊ ခေါက်ဆွဲခြောက်၊ ပုဇွန်ချဉ်၊ မျှစ်အနီ၊ ကြက်အူချောင်းတို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/ မရှိ  Mobile Lab Van  ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ ပဲပြား (S) ၌ ခွင့်မပြုတာရှည်ခံ ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  ပဲပြား (S) ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင် အား ဆက်လက်ရောင်းချခြင်းမပြုရန် အဖွဲ့စုံရှေ့တွင် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းနှင့် သုံးစွဲရန် ခွင့်မပြုတာရှည်ခံဆေးသုံးစွဲထားသော ပဲပြား(S)အား ဖျက်ဆီး၍ မြို့ရှောင်လမ်းရှိ အမှိုက်စွန့်ပစ်နယ်မြေသို့ သွားရောက်ပြီး မြေမြှုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၅-ခုနှစ်၊ ဩဂုတ်လအတွင်း မကွေး/ ချောက်ခရိုင်၏ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏ မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။

    မကွေး/ ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၅-ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၁၂)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိ ပညာပေးခြင်း (၂၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              ၂. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ပုဇွန်တောင်ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ ပုဇွန်တောင်မြို့နယ်၊ ပုဇွန် တောင်ဈေးသို့ ကုန်စုံဆိုင်များတွင် ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက် များမှ အခန်း(၁၈)ပါ ကုန်ညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ် စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင်ကုန်အညွှန်အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ နှင့်ကုန်ဈေးနှုန်းအတက်အကျရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

၂၀၂၅- ခုနှစ်၊ ဩဂုတ်လအတွင်း မကွေး/ ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာ ပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၅-ခုနှစ်၊ ဩဂုတ်လအတွင်း စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို  မကွေးမြို့နယ်(၇)ကြိမ်၊ နတ်မောက် မြို့နယ် (၂)ကြိမ်၊ တောင်တွင်းကြီးမြို့နယ် (၅)ကြိမ်၊ မြို့သစ်မြို့နယ် (၃)ကြိမ်၊ ချောက်မြို့နယ် (၄)ကြိမ်၊ ရေနံချောင်းမြို့နယ် (၇)ကြိမ်၊ စုစုပေါင်း (၂၈)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

 

မကွေးမြို့၊ ကန်သာဈေး၌ ကုန်စည်နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည် ( ၃.၉. ၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်တွင် မကွေးမြို့၊ ကန်သာဈေး၌ ရောင်းချလျက်ရှိသော ကုန်စည် များအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ပိတ်ဆွယ်၊ ပဲသွေး၊ ငပိ၊ မျှစ်(အနီရောင်၊ အဖြူရောင်၊ အဝါရောင်)၊ ပဲပြား (S/ K)၊ ငါးဘတ်ခြောက်၊ အသားတု၊ ခေါက်ဆွဲ၊ ကြက်အူချောင်း၊ ချင်းပေါက်၊ လက်ဖက်၊ အမဲသွေးခဲတို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/ မရှိ  Mobile Lab Van     ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ ပဲသွေး၌ ခွင့်မပြုတာရှည်ခံဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  ပဲသွေးရောင်းချသည့်စျေးသည်အား စျေးတာဝန်ခံရုံးသို့ ‌ခေါ်ယူ၍ ဆက်လက်ရောင်းချခြင်းမပြုရန် အဖွဲ့စုံရှေ့တွင် ဝန်ခံကတိလက်မှတ် ရေးထိုးစေခြင်းနှင့် သုံးစွဲရန်ခွင့်မပြုတာရှည်ခံဆေးသုံးစွဲထားသော ပဲသွေးအား ဖျက်ဆီး၍ စျေးတာဝန်ခံရုံးရှိ အမှိုက်ပုံးထဲသို့ စွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd  နှင့် Yadanarbon Global Network Distribution Co,Ltd တို့မှတင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ(၁၀၄)ပေပါကို ယာဥ်မောင်း ဦး‌‌‌‌ဌေးဟန်‌၊ ယာဉ်အမှတ် 1I-6178/FUSOမော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း(၁၀၄) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်း ရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်း စျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စားအုန်းဆီ စျေးကွက်ဖြန့်ဖြူးခြင်းနှင့် စက်မှုလုပ်ငန်းသုံးဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးစက်မှုလုပ်ငန်းသုံးဆီ ဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများတက်‌ရောက်

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျင်းပပြုလုပ်သော စားအုန်းဆီ စျေးကွက်ဖြန့်ဖြူးခြင်းနှင့် စက်မှု  လုပ်ငန်းသုံးဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး နှင့်တိုင်းဒေသကြီးစက်မှုလုပ်ငန်းသုံးဆီ ဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ Virtual စနစ် ဖြင့် တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ စက်မှုလုပ်ငန်းသုံးဆီ ဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် များမှ မိမိတို့တိုင်းဒေသကြီး/ပြည်နယ်များတွင် စက်မှုလုပ်ငန်းသုံးဆီ ဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့များ အနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကာ၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(တနင်္သာရီတိုင်းဒေသကြီး) ဖွဲ့စည်းခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင်တိုင်းဒေသကြီး စိုက်ပျိုးရေးအစည်းအ‌ဝေးခန်းမပြုလုပ်သော မြန်မာနိုင်ငံဒူးရင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(တနင်္သာရီတိုင်းဒေသကြီး)အား မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌမှကြီးမှူး၍ EC/CECများ ရွေးချယ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူး  ဦးစိုးဦးမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင်  မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဒူးရင်း စိုက်ဧက၊ အထွက်နှုန်းများနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့များ၊ အစုအဖွဲ့ များ ဖွဲ့စည်းခြင်းဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုစေပြီး ရရှိလာနိုင်မည့်အကျိုးကျေးဇူးများနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူးမှ အသင်းအဖွဲ့၊ အစုအဖွဲ့စည်းမျဥ်း၊ စည်းကမ်းများနှင့် ရွေးချယ်ဖွဲ့စည်းပုံများအကြောင်း ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    အခမ်းအနားဒုတိယပိုင်းအနေဖြင့် တက်ရောက်လာကြသော ဒူးရင်းလုပ်ငန်းရှင်များမှ EC/CEC များ ရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ခဲ့ကာ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

(တနင်္သာရီ)

စစ်ကိုင်းတိုင်းဒေသကြီးတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မှတ်ပုံတင်လက်မှတ်ရရှိထားသော လုပ်ငန်း ရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့မှု အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မှတ်ပုံတင်ခြင်းအတွက် အမိန်ကြေငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့်  ၂၀၂၃၊ဇူလိုင်လ ၂၁ ရက်နေ့တွင်  အမိန့်ကြေငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့်ရက်မှစ၍ မှတ်ပုံတင်မှုမရှိဘဲ  ရောင်းချပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရနိုင်ကြောင်း  Online Sale မှတ်ပုံတင်ခြင်းတွင်  လိုအပ် သည့်အချက်များနှင့် မိမိကိုယ်တိုင်စားသုံးသူရေးရာဦးစီးဌာန  ခရိုင်ရုံး(သို့မဟုတ်) မြို့နယ် ရုံးများသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း  မိမိကိုယ်တိုင် https://www.ecomreg.gov.mm သို့ဝင်ရောက် ကြည့်ရှု့လျေက်ထားနိုင်ကြောင်း မှတ်ပုံတင်လျှောက်ထားရာတွင်  ကုန်စည်အုပ်စု၊ ဝန်ဆောင်မှုအုပ်စု သတ်မှတ်ချက်များရှိပြီး ကုန်စည်အမျိုးအစား (၂၂)မျိုး၊ဝန်ဆောင်မှုအမျိုးအစား (၁၄) မျိုးရှိကြောင်း တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။စစ်ကိုင်းတိုင်းဒေသကြီးတွင် ဩဂုတ်လအတွင်း အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် ယခင်မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင် (၁၇) ဦး နှင့် မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင် (၄) ဦး စုစုပေါင်း (၂၁) ဦး တို့အား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ