သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ်ရှိ စားအုန်းဆီလက်ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့် လက်လီ/လက်ကား အရောင်းဆိုင်များသို့ ၂၀၂၆ခုနှစ် မတ်လ ၁၉ ရက်နေ့  နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စစ်ဆေးမှုတွင် ဦးအောင်လွင် ဦးစီးအရာရှိက ညောင်တုန်းမြို့နယ် လက်ကားကိုယ်စားလှယ် ၃ဦး မှ  စားအုန်းဆီရောင်းချသည့် လက်လီဆိုင်များအား ဆီဖြန့်ခွဲရောင်းချမှုကို စစ်ဆေးခဲ့ပြီး  စားအုန်းဆီကိုယ်စားလှယ်ထံမှ လက်ကားဈေး ဖြင့်ဝယ်ယူကာ ၂ ရာခိုင်နူန်း အမြတ်ဖြင့် မိမိတို့တာဝန်ယူရောင်းချပေးရမည့် ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ခွဲရောင်းချမှုအခြေအနေနှင့် စာရင်းဇယာများကို တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး   ကိုယ်စားလှယ် လက်လီအရောင်းဆိုင်များဖြစ်သည့် ဈေးအတွင်း ရပ်ကွက်နေပြည်သူများအတွက်လည်း နေ့စဉ်ဈေးနှုန်းဖော်ပြ၍ ရောင်းချပိဿာနှင့်အတူ မြင်သာသောနေရာတွင် ရောင်းချနေကြောင်း တွေ့ရှိရသည်။  ဆိုင်ရှင်များကို ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုရန် စားအုန်းဆီ လက်လီ/ လက်ကား အရောင်းဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား ဆွေးနွေးခဲ့ပြီး  သတ်မှတ်ချက်များနှင့် အညီ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူ‌‌ရေးရာဦးစီးဌာနမှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့အား စားအုန်းဆီဖြန့်ဖြူးမှုမှတ်တမ်း (၆) မျိုး၊  မှန် ၆မှန်ဖြင့် တိုက်ဆိုင်စစ်ဆေးမည့်အစီအစဉ်များကို ချပြရှင်းလင်းခဲ့ပြီး ပူးပေါင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်သောက်ကော်ဖီမစ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦး တို့သည် ညောင်တုန်းမြို့နယ် စတိုးဆိုင်များသို့ ၂၀၂၆ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် အသင့်သောက်ကော်ဖီမစ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် စတိုင်းဆိုင်ကြီး ၄ ဆိုင်တွင် လက်ကားရောင်းချပေးလျက်ရှိသော  အသင့်သောက်ကော်ဖီမစ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ရောင်းချနေသော ကုန်ပစ္စည်း(၇) မျိုးတို့တွင် ဥပဒေပါ အခန်း (၁၈)တွင် ဖော်ပြရမည့်အချက်များဖြစ်သော အသင့်ဖျော်ကော်ဖီ၊ ပုံမှန်အရသာ၊ မြန်မာကော်ဖီမိုက်ခရိုဂရောင်း အသင့်ဖျော်ဟက်ပီလက်ဖက်ရည်နှင့် ကော်ဖီထုတ်တို့ကို မြန်မာဘာသာဖြင့် သိသာထင်ရှားစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ခံအား စီးပွားရေးလုပ်ငန်းရှင် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပြီး စစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိ သော ဆေးဝါးများ၏ အရည်အသွေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးကို အာမခံနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              ယင်းစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဌာန၊ မြို့နယ် ကျန်းမာရေးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းပါဝင်ကာ ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များကို သွားရောက်စစ်ဆေးခဲ့ကြသည်။ စစ်ဆေးရာတွင်ဆေးဝါးများ၏ ထုတ်လုပ်ရက်စွဲ နှင့် သက်တမ်းကုန်ဆုံးရက်များ၊ မှတ်ပုံတင်ခွင့်ပြုချက် (FDA)ထောက်ခံချက်ရှိ/မရှိ၊ ထုတ်လုပ်သူနှင့် တင်သွင်းသူ အချက်အလက်များ ပြည့်စုံမှုရှိမရှိတို့ကို အသေးစိတ်စစ်ဆေးခဲ့ကြပြီး သက်တမ်းလွန် ဆေးဝါးများ၊ အရည်အသွေးမပြည့်မီသောဆေးဝါးများ မရောင်းချရန် ဆိုင်ရှင်များအား အသိပညာပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။

               ထို့အပြင် ဆေးဝါးများကို စည်းကမ်းတကျ သိုလှောင်ထားရှိမှု ရှိ/မရှိ၊ ဆေးဆိုင်လိုင်စင် တရားဝင်ရှိမရှိတို့ကိုလည်း စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း၊ စားသုံးသူများ၏ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယခုကဲ့သို့ အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများကို ဆက်လက်အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

Doca(စစ်ကိုင်း)

သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုသင်တန်းတွင် လုပ်ငန်းရှင်သင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

        မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း သင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ကို ၂၀၂၆ခုနှစ် မတ်လ ၁၉ရက် နေ့နံနက် (၀၉း၀၀)နာရီခွဲအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

       ရှေ့ဦးစွာသင်တန်းကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို နားလည်သဘောပေါက်စေရန်၊ သဘာဝဘေးအန္တရာယ် ကျရောက် နေစဉ်အတွင်း တုံ့ပြန်ဆောင်ရွက်မည့်လုပ်ငန်းအစီစဉ်များကို သိရှိနားလည် သ‌ဘောပေါက်စေရန်၊ သဘာဝဘေးအန္တရာယ်ကျ‌ရောက်ပြီးနောက် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းစဉ်များအား သိရှိနားလည် သဘောပေါက်စေရန်၊ မိမိနေထိုင်ရာ ရပ်ကွက်/ ကျေးရွာအတွင်း သဘာဝဘေးဖြစ်ပေါ်လာပါက ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ သဘာဝဘေးဒဏ် ကြံကြံခံရင်ဆိုင်တုံ့ပြန် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်မှူးက ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး) က လုပ်ငန်းရှင်သင်တန်းသား(၃၀)ဦးကို စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁)ပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ အခန်း (၁၀) စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် အကြောင်းအရာများကို ရှင်းလင်းသင်ကြား ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့ နယ်တာဝန်ခံရုံသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် နံနက် ၀၉:၃၀ နာရီအချိန်တွင် တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည့် ကန့်ဘလူမြို့နယ်တွင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးနှင့်ဆန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိသီရိရတနာဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

                    ထိုသို့တွေ့ဆုံရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းမှ ပြည်တွင်းဆန်ဈေးကွက် တည်ငြိမ်ရေး၊ အရည်အသွေးမြင့်ဆန်ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့သည်။ ထို့ပြင်စပါးဝယ်ယူသိုလှောင်ရေးတွင် ကြုံတွေ့ရသော အခက်အခဲများ၊ ထုတ်လုပ် မှုကုန်ကျစရိတ် လျော့ချနိုင်ရေးနည်းလမ်းများ၊ စက်ကိရိယာများ အဆင့်မြှင့်တင်အသုံးပြုနိုင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်ရေးတို့ကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။တာဝန်ခံမှ ပြည်တွင်းကုန်သွယ်မှု တိုးတက်စေရန် ဆန်စက်လုပ်ငန်းများ၏ အရေးပါမှုကို ရှင်းလင်းပြောကြားခဲ့ပြီး စံချိန်စံညွှန်းပြည့်မီသော ဆန်ထုတ်လုပ်မှုဖြင့် ပြည်တွင်းစားသုံးသူများ၏ ယုံကြည်မှုရရှိစေရန်နှင့် ပြည်ပဈေးကွက်ဝင်နိုင်ရေးအတွက်အရည်အသွေးကိုအထူးအလေးထားဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။ဆန်စက်လုပ်ငန်းရှင်များကလည်းလုပ်ငန်းအတွေ့ အကြုံများကို မျှဝေပြောကြားခဲ့ကြပြီး အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် ကန့်ဘလူမြို့နယ်အတွင်း စပါးနှင့်ဆန်ကုန်သွယ်မှု ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော အချိုရည်အမျိုးမျိုးနှင့် ကလေးအာဟာရဖော်စပ် ဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

      မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော အချိုရည်အမျိုးမျိုးနှင့် ကလေးအာဟာရဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ၂၀၂၆ခုနှစ် မတ်လ ၁၇ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့မဈေး နှင့် ဈေးတန်းရပ်ကွက် ကုန်မျိုးစုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အချိုရည်အမျိုးမျိုးနှင့် ကလေးအာဟာရဖော်စပ် ဖြည့်စွက်စာများတွင် မြန်မာစာကုန်ညွှန်းအမှတ်အသားပါရှိမှု၊ ကျန်းမာရေးထောက်ခံချက်ပါရှိမှု၊ ထုတ်လုပ်မှုလိုင်စင် အမှတ်ပါရှိ မှု၊ FDA လက်မှတ်ပါရှိမှု အခြေအနေ  စစ်ဆေးခြင်းများကို ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခြင်းဖြစ်သည်။ ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရခြင်းမှာ စားသောက်ကုန်များ အန္တရာယ်ကင်းရှင်းစေရေးနှင့် ပြည်သူများ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေမင်းအောင်ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ  ကျုံတနော်ကျေးရွာရှိ  ရွှေအောင်မင်းဆန်စက်သို့ ၂၀၂၆ခုနှစ် မတ်လ ၁၇ ရက်နေ့က စက်မှုကြီးကြပ်ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးမှုကို ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ကျုံတနော်ရှိ ရွှေမင်းအောင်ဆန်စက်အား ကွင်းဆင်းစစ်ဆေးရာ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ၎င်းတို့ဆန်စက်မှ စပါးကြိတ်ခွဲလည်ပတ်မှုအနေဖြင့် မနက်(၀၈း၀၀)နာရီမှ ညနေ ၄နာရီထိလည်ပတ်ပြီး ၁ရက်လျှင် စပါးတင်း(၁၄၀၀)ခန့် (၂၀)တန်ကျကြိတ်ခွဲပြီး ဆန်များကို တင်ပို့မှု ဒေသတွင်းကုန်သည်များသို့ရောင်းချကြောင်း၊ ဆန်စက်တွင် စပါးလက်ကျန်-၄၅၀၀တင်း ဆန်-၃၁၂ အိတ်ခန့်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆန်စက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးဆန် လက်ကျန်စာရင်များ Myro တွင် ဖြည့်သွင်းဆောင်ရွက်မှုမဖြစ်မနေ လုပ်ဆောင်ပေးရန်ကို မှာကြားခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ငွေလမင်း ကုန်မျိုးစုံဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဝင်းမင်းစိုး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ် မတ်လ ၁၇ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ငွေလမင်း ကုန်စုံဆိုင်များတွင် သွားတိုက်ဆေး ကုန်အညွှန်းအမှတ်အသား ပါဝင်မှု ရှိ/ မရှိ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆိုင်ရှင်များအနေဖြင့်  သွားတိုက်ဆေးအမှတ်တံဆိပ် ကုန်ပစ္စည်းအစစ်နှင့် ကုန်ပစ္စည်းအတု၏ အသေးစိတ်အချက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် သက်ဆိုင်ရာထောက်ခံချက်များကို စစ်ဆေးခဲ့ပြီး၊ သွားတိုက်ဆေးအတုရောင်းချနေခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့်  အမှတ်တံဆိပ်သွား တိုက်ဆေးအတုအား စျေးကွက်အတွင်း ရောင်းချမှုရှိလျှင် နောက်နောင်စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား မြို့နယ်ဆီကိုယ်စားလှယ်နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာအုပ်စုနှင့် တော်ကွဲကျေးရွာအုပ်စုများတွင် ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ၂၀၂၆ခုနှစ် မတ်လ ၁၉ရက်နေ့က မြို့နယ်ဆီကိုယ်စားလှယ်နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ရောင်းချမှုများကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကြည်ရှုစစ်ဆေးပြီး သတ်မှတ်ချက်များနှင့် အညီရောင်းချနိုင်ရေး အသိပေးလမ်းညွှန်ဆောင်ရွက်ခဲ့ပြီး ကျေးရွာများမှ ထုတ်ယူသည့် အိမ်ထောင်စု-၅၂၁ဦးထုတ်ယူသည့်ပိဿာ-၂၆၀ပိဿာ၅၀ကျပ်သား၊ ထုတ်ယူသည့်ဈေးနှုန်း-၇၁၈၀ကျပ်၊ ရောင်းချ သည့်ဈေးနှုန်း-၇၄၀၀ကျပ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ထုတ်ယူသည့် အိမ်ထောင်စု-၆၆၈ဦးထုတ်ယူ သည့်ပိဿာ-၃၃၄ပိဿာ၊ ထုတ်ယူသည့်ဈေးနှုန်း-၇၁၈၀ကျပ်၊ ရောင်းချသည့်ဈေးနှုန်း-၇၅၀၀ကျပ် တော်ကွဲကျေးရွာအုပ်စု၊ ထုတ်ယူသည့်အိမ်ထောင်စု-၄၆၇ဦး၊ ထုတ်ယူသည့်ပိဿာ-၂၃၃ပိဿာ ၅၀ကျပ်သား၊ ထုတ်ယူသည့်ဈေးနှုန်း-၇၁၈၀ကျပ်၊ ရောင်းချ သည့်ဈေးနှုန်း-၇၅၀၀ကျပ် ဖြင့်ရောင်းချပေးလျက်ရှိရာ၊  ကျေးရွာနေပြည်သူများကိုလည်း ဆီထုတ်ယူခွင့် စာအုပ်ဖြင့် ဝယ်ယူရာတွင် လိုက်နာရမည့် အချက်အလက်များကို သိရှိနိုင်စေရန်နှင့် စားသုံးသူဝယ်ယူမှုတွင် အခက်အခဲရှိပါက ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်အကူအညီယူ အကြောင်း ကြားနိုင်ကြောင်းကို အသိပညာပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်၍ မိတ်ဖက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ၂၀-၃-၂၀၂၆ ရက်နေ့ တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။  

            ကွင်းဆင်းစစ်ဆေးရေးအဖွဲ့အနေဖြင့် စားသုံးသူများ အစားအသောက်များ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ ကုမ္ပဏီများမှ စားသုံးသူများကို ဘေးအန္တရာယ် ကင်းရှင်းမှုမရှိသော၊ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ အရည်အသွေးမပြည့်မီသော ကုန်စည်များထုတ်လုပ်ခြင်းမှ ကာကွယ်ရန်ရည်ရွယ်၍ စစ်ဆေးခဲ့ပါသည်။ အဆိုပါ သောက်ရေသန့်လုပ်ငန်းရှင်အနေဖြင့် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင် ၊ အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရယူထားသည့်အပြင်  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏  ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား လိုက်နာဆောင်ရွက်ထားရှိပြီး ဈေးကွက်သို့  ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

     ထို့ပြင် ခရိုင်ဦးစီးမှူးက သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်ကျင့်ဝတ်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူ ကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူသည် ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများအကြောင်း၊ သက်ဆိုင်ရာဌာနများ ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်း လိုက်နာဆောင်ရွက်သွားရန်စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ