သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်မရောမြို့၊ အ-မ-က (အတ္တရံ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

   (၁၁-၇-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကျိုက်မရောမြို့နယ်တာဝန်ခံတို့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုက်မရောမြို့၊ အ-မ-က (အတ္တရံ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် အ-မ-က (အတ္တရံ) ရှိ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အာဇာနည်နေ့အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူစားသုံးအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားများကို သေချာစွာဖတ်ရှုပြီးမှသာ ဝယ်ယူစားသုံးအသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်သိကောင်းစရာများ၊ စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများ၊ Consumer Call Center ဖွင့်လှစ်ရခြင်းအကြောင်းအရာများနှင့် www. doca. gov. mm တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၂၀၅) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကရင်ပြည်နယ်၊ ဆင်ကျုံးကျေးရွာတွင် တပ်ဆင်လျက်ရှိသော စပါး/ပဲအခြောက်ခံစက်အား ကွင်းဆင်းလေ့လာ

    ဒေသတွင်းဝမ်းစာဖြစ်သော ဆန်/စပါးများဖူလုံပိုလျှံပြီး ပြည်တွင်းကုန်သွယ်မှုနှင့် ပြည်ပကုန်သွယ်မှုများကို အထောက်အကူဖြစ်စေရန်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည် (၁၆-၇-၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဆင်ကျုံးကျေးရွာသို့သွားရောက်၍ စပါး/ပဲအခြောက်ခံစက်အား ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရပါသည်။

   ထိုသို့လေ့လာရာတွင် စပါး/ပဲအခြောက်ခံစက်နှင့်ပတ်သက်၍ တစ်နေ့လျှင် အခြောက်ခံသိုလှောင်နိုင်မှုပမာဏ၊ ကုန်ကြမ်းရရှိမှု၊ ဝန်ဆောင်ခနှင့် အခြောက်ခံစက်တပ်ဆင်မှုအပေါ် ဒေသလွှမ်းခြုံဆောင်ရွက်နိုင်မှုနှင့် အခြောက်ခံစက်ပြုလုပ်တပ်ဆင်မှုကုန်ကျစရိတ်များကို မေးမြန်းခဲ့ကြောင်းသိရသည်။

   စပါး/ပြောင်းအခြောက်ခံစက်နှင့်ပတ်သက်၍ ကရင်ပြည်နယ်းတွင် ဆန်စက် ၂၉လုံးရှိသည့်အနက် ဆန်စက် ၄လုံးတွင်သာ အခြောက်ခံစက် ၄လုံးတပ်ဆင်အသုံးပြုနိုင်သေးပြီး ၂လုံးမှာ ကုမ္ပဏီများမှတိုက်ရိုက်မှာယူသော အခြောက်ခံစက်များဖြစ်ကြောင်းနှင့် ယခုအခြောက်ခံစက်နှင့် ခနိမ်းဒိုကျေးရွာရှိ အခြောက်ခံစက်မှာ ဒေသတွင်းပညာရှင်၏ ပြုလုပ်တပ်ဆင်သော အခြောက်ခံစက်ဖြစ်ကြောင်းနှင့် ဒေသတွင်းပညာရှင်အနေဖြင့် နည်းပညာကို ထိုင်းနိုင်ငံမှရရှိကာ ကရင်ပြည်နယ်နှင့်ကိုက်ညီသော အခြောက်ခံစက်အား ပြန်လည်တီထွင်ဖန်တီးပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ဈေးနှုန်းအနေဖြင့် ပြင်ပကုမ္ပဏီစက်များနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာကြောင်းနှင့် ဆင်ကျုံးကျေးရွာနှင့် ခနိမ်းဒိုကျေးရွာတို့တွင်ရှိသော ယခုတပ်ဆင်သောအခြောက်ခံစက်များမှာ တစ်နေ့လျှင် စပါး/ပဲသီးနှံ တင်း ၃၅၀ခန့်အခြောက်ခံနိုင်ကြောင်းနှင့် အစိုဓာတ် ၃၀ရာခိုင်နှုန်းရှိသောသီးနှံများမှာ ၈နာရီခန့်သာအခြောက်ခံရကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

တောင်ကြီးမြို့ပေါ်ရှိ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  တောင်ကြီးမြို့၊ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား သိသင့်သိထိုက်သောအသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    ရှေးဦးစွာ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးကိုယ်စား ဆရာမ ဒေါ်လွမ်းမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်သီတာထွန်းမြင့် (ဒုတိယဦးစီးမှူး) က စားသုံးသူအဓိပ္ပါယ်၊ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော အခန်း (၉) ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် စားသုံးသူထိခိုက်နစ်နာဆုံးရှုံးဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်ပုံစံနည်းစနစ်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ အခမ်းအနားတွင် အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၇၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းမြောက်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များတွင် သက်ဆိုင်ရာဌာန၏ထောက်ခံမှုမရှိသောစားသုံးဆီများရောင်းချနေမှုမရှိစေရန်အတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထို့တူ ကျောက်မဲ၊ မူဆယ်ခရိုင်များနှင့် မြို့နယ်အသီးသီးတွင်လည်း ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော Sprite® အချိုရည်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တောင်ကုတ်မြို့နယ်တာဝန်ခံ ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၂၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊  မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ကျန်းမာရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် တောင်ကုတ်မြို့ပေါ်ရပ်ကွက်များရှိ အချိုရည်များရောင်းချသည့် ဈေးဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော Sprite® အချိုရည်များ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ၎င်း Sprite®  အချိုရည်များသည် Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော်လည်း ယခုအခါ ဈေးကွက်အတွင်း ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite® အမှတ်တံဆိပ် အချိုရည်နှင့် ပုံစံတူ၍ ကုန်အညွှန်းအမှတ်အသားအား ထိုင်းဘာသာဖြင့် ဖော်ပြထားခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ထောက်ခံချက်မပါရှိသော Sprite® အချိုရည်များ ရောင်းချနေကြောင်း သိရှိရသဖြင့် အဆိုပါ အချိုရည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တောင်ကုတ်မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များတွင် ၎င်းအချိုရည်များ ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည်။

     အချိုရည်များရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော အချိုရည်များ၊ FDA ထောက်ခံချက်မရှိသော အချိုရည်များ ရောင်းချခြင်းမပြုရန်၊ အတုအပသတိပြု မှာယူရောင်းချကြရန်၊ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်

     ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၃၁) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် သတင်းအချက် အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးက  Google၊ Microsoft အသုံးပြုမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မုဒုံမြို့နယ်တာဝန်ခံ ဦးစည်သူက စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်တွယ်တာလမင်းက နေ့စဉ်ကုန်ဈေးနှုန်း စာရင်းပြုစုမှုအကြောင်းကို လည်းကောင်း Power Point များဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊  မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ   ဦးဝင်းသိန်းဦး (ရုံးအုပ်) သည်  (၂၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော  လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက်မှ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များဖြစ်သည့် စားသုံးသူကလက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ နမူနာပစ္စည်းတွင်ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ (သို့မဟုတ်) အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း (သို့မဟုတ်) လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်(သို့မဟုတ်) အရောင်းမြှင့်တင်ခြင်းတွင်ပါဝင်သော ဖော်ပြချက်နှင့်ကိုက်ညီမှုရှိခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကိုက်ညီမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် လာရောက်လျှောက်ထားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဝါရှောင်ကျေးရွာတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၂၁.၇.၂၀၂၃ ရက်‌နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ အ.မ.က(ဂေါ်ဆက်ယာန်)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို သေချာဖတ်ရှု၍ သတင်းအချက်အလက်ပြည့်စုံသော မိမိလိုအပ်ချက်နှင့်ကိုက်ညီ၍ စိတ်ကျေနပ်မှုရရှိသည့် ကုန်စည်ကိုသာ ဝယ်ယူကြရန် အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ(၉)ဦးနှင့် ကျောင်းသူ/ကျောင်းသား(၉၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

မိုးညှင်းမြို့၊ ရွာသစ်ကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ   ဦးဝင်းသိန်းဦး(ရုံးအုပ်)သည်   (၂၁.၇.၂၀၂၃) ရက်နေ့ (၁၀:၃၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊ ရွာသစ်ကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်ကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ စားသုံးသူ၏ တာဝန်များ ဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်းစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူများမှ သိရှိလိုသည်များ မေးမြန်းခဲ့၍ ပြန်လည်ရှင်းလင်းခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၀.၇.၂၀၂၃ ရက်နေ့ ၊၁၁:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်အတွင်းရှိ ဒေါ်နှင်းခိုင် (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မာမီးခေါက်ဆွဲ အမှတ်တံဆိပ်ပါ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းစသည့်အချက်များ ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန့်အမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များအား မရောင်းချရန် အသိပညာ ပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ