သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး (၂) ဦးသည် ၆-၃-၂၀၂၃ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဗန်းမော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသောဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်များ၌ FDA အသိအမှတ်ပြု  DRC No. မပါရှိသည့် Parbisure အမည်ဖြင့် ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိသော အခြားဆေးဝါးများရောင်းချနေမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးရာ Parbisure အမည်ဖြင့် ဆေးဝါးရောင်းချမှုမရှိကြောင်းနှင့် တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးများကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ဆေးပစ္စည်းအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး (ဌာနခွဲစာရေး)သည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁.၃.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန(Community Center)၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန “စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများ” ဆောင်ရွက်ပေးနေမှုအခြေအနေများကို ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) အစီအစဉ်ကို တင်ဆက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ချောက်မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် မျှော်မှန်းချက်ဖြ့ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်အရည်အသွေးဆိုင်ရာစိစစ်ကြပ်မတ်မှုလုပ်ငန်းများဆောင်ရွက်ရန်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်စျေးကွက်သုတေသန လုပ်ငန်းများဆောင်ရွက်ရန် ရည်မှန်းချက်(၄)ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ကို ပြဌာန်းဆောင်ရွက်လျက်ရှိပြီး ဥပဒေ၌ စားသုံးသူအခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက်၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်တို့ ပါဝင်ကြောင်း စားသုံးသူများ ၏ နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို တိုင်ကြားလိုပါကတိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားနိုင်သူများ  ဆက်သွယ်တိုင်ကြားနိုင်သည့် Website, Facebook page များ၊  Call Center No များအား ပြည်သူများ သိရှိနိုင်စေရေး ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

စီးပွား‌ရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၆-၃-၂၀၂၃ ရက်နေ့၊ ၉:၀၀ နာရီအချိန်တွင် လွယ်ဂျယ်မြို့၊ ကုန်သွယ်ရေးစခန်းရှိ အစည်းအဝေးခန်းမ၌ ဆန်၊ ပဲ၊ ပြောင်းနှင့် နှမ်းလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စီးပွား‌ရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များဖြစ်သည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့်အရည်အသွေး၊ စံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသောအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်းကို စီးပွားရေးလုပ်ငန်းရှင်များ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြည်ပမှကုန်စည်များတင်သွင်းလာကြပြီး ပြည်တွင်းရှိ စားသုံးသူများအား ဖြန့်ဖြူးသူမှတစ်ဆင့် ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခု၌ဖြစ်စေ ဝန်ဆောင်မှုကို ပြည်တွင်းစားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူများတွင် တာဝန်ရှိကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ဦးစီးမှူးက ပြန်လည်ပြောကြားဆွေးနွေးခဲ့ကြောင်း သိးရရှိပါသည်။

DOCA(ကချင်)

တောင်ငူခရိုင်တွင် နေကြာသီးနှံ အစုအဖွဲ့များ ဖွဲ့စည်း

         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လေ့လာသိရှိရသော စာရင်းများအရနေကြာသီးသန့်စိုက်ဧက (၅၄၃၂) ဧကနှင့် သီးညှပ်စိုက်ဧက (၁၄၉၉၀)ဧက၊ စုစုပေါင်း စိုက်ဧက (၂၀၄၁၃) ဧကရှိပါသည်။ နေကြာစိုက်တောင်သူများအနေဖြင့် အစုအဖွဲဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စည်းရုံး ဆောင်ရွက်လျက်ရှိပါသည်။

          တောင်ငူခရိုင်အတွင်းရှိ  မြို့နယ်(၅)မြို့နယ်ရှိရာ နေကြာအစုအဖွဲ့များကို စတင်ဖွဲ့စည်း ဆောင်ရွက်လျှက်ရှိရာ ယခုလအတွင်း ရေတာရှည်မြို့နယ်တွင် ဆင်ဂွေနေကြာအစုအဖွဲ့၊ တောင်ငူမြို့နယ်တွင် ကရင်ချောင်းနေကြာအစုအဖွဲ့၊ အုတ်တွင်းမြို့နယ်တွင်ဆွဲလဲချောင်းနေကြာအစုအဖွဲ့နှင့် ပိတောက်ခင်နေကြာအစုအဖွဲ့၊ ဖြူးမြို့နယ်တွင်လင်းယောခင်နေကြာအစုအဖွဲ့၊ တံခွန်တိုင်နေကြာ အစုအဖွဲ့နှင့်လိပ်သေနေကြာအစုအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။

         စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ နေကြာစိုက်ဧကများတိုးချဲ့နိုင်ရေးနှင့်ဈေးကွက်ပိုမိုရရှိစေရေး အတွက်ရည်ရွယ်၍ တောင်ငူခရိုင်အနေဖြင့် နေကြာအစုအဖွဲ့များဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခြင်းဖြစ်ပါသည်။

         ကျေးရွာများအလိုက် နေကြာစိုက်တောင်သူများကို စည်းရုံး၍နေကြာအစုအဖွဲ့များ ဖွဲ့စည်းပေးပြီးအစုအဖွဲ့များစုပေါင်း၍ မြို့နယ်နေကြာအသင်းအဖွဲ့၊ ခရိုင်နေကြာအသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ 

DOCA(ပဲခူး)

 

                                               

ဝန်ထမ်း ခေါ်ယူခြင်း

၁။     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် (နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာ (၉၅)နေရာအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပါသည်။

၂။       လျှောက်ထားသူသည်-

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

          ( ခ )   ၃၁.၃.၂၀၂၃ ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

          ( ဂ )   ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် နိုင်ရမည်။

          (ဃ)    ပါတီနိုင်ငံရေးကင်းရှင်းသူ၊ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသူဖြစ်ရမည်။

          ( င )   ဌာနဆိုင်ရာတစ်ခုခုတွင်တာဝန်ထမ်းဆောင်ခဲ့ပြီး ပြစ်မှု၊ပြစ်ဒဏ်တစ်ခုခု ကျခံခဲ့သူ၊

                   နုတ်ထွက်ခဲ့သူ  မဖြစ်စေရ။

          ( စ )   ဌာနတွင် အနည်းဆုံးတစ်ဆက်တည်း(၃)နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။

          (ဆ)    ခိုင်လုံသောအကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ(၃)နှစ်ပြည့်သည်အထိတစ်ဆက်တည်း တာဝန်ထမ်းဆောင်ရန်ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၁၀)သိန်း(ကျပ်တစ်ဆယ် သိန်းတိတိ)ကို တစ်လုံးတစ်ခဲတည်း ပေးလျော်ရမည်။

၃။      လျှောက်လွှာတွင်-

          (က)    လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်။

          ( ခ )   မွေးသက္ကရာဇ်။

          ( ဂ )   လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ။

          (ဃ)    ပညာအရည်အချင်း၊ အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့် ကျောင်း/တက္ကသိုလ်။

          ( င )   မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်။

          ( စ )   ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့်ဖုန်းနံပါတ်။

          (ဆ)    အမြဲတမ်းနေရပ်လိပ်စာ အပြည့်အစုံနှင့်ဖုန်းနံပါတ်။

၄။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

          (က)    နှစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၂)ပုံ။

          ( ခ )   အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ။

          ( ဂ )   အလုပ်သမားမှတ်ပုံတင်မိတ္တူ။

          (ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။

          ( င )   အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်မူရင်း။

          (စ)     သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ သို့မဟုတ် ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း။

          (ဆ)    အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ပြန်တမ်းဝင် အရာရှိတစ်ဦးဦး၏ ထောက်ခံချက် မူရင်း။

၅။      လျှောက်လွှာကို စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ ၁၅-၃-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော၊ အချက်အလက်မပြည့်စုံသော လျှောက်လွှာ များကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၆။      ပဏာမရွေးချယ်ခံရသူများကို ဌာနမှ ဆက်သွယ်အကြောင်းကြားပါမည်။

၇။      ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ ကွန်ပျူတာ ကျွမ်းကျင်မှု (လက်တွေ့)ကို  ဖြေဆိုရမည်။

၈။      ရေးဖြေစာမေးပွဲကို ၂၀ - ၃ - ၂၀၂၃ ရက်နေ့တွင် စစ်ဆေးမည်ဖြစ်ပါသည်။

၉။      ၂၁ -၃-၂၀၂၃ ရက်နေ့ လူတွေ့/ လက်တွေ့ စစ်ဆေးမည် ဖြစ်ပါသည်။

၁၀။    အသေးစိတ် သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၂၅နှင့် ၀၆၇-၃၄၃၀၁၅၆ သို့ ဖြစ်စေ၊ လျှောက်လွှာတင်သွင်းသည့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးဖုန်းနံပါတ်များသို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

                                                                                                စားသုံးသူရေးရာဦးစီးဌာန

စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၈.၂.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ တာဂွနယ်မြေအတွင်းရှိ စားသောက်ကုန်လုပ်ငန်းရှင် ဒေါ်ကြည်ကြည်လွင်၏ PK အမှတ်တံဆိပ် ကိတ်မုန့်နှင့် ပေါင်မုန့်လုပ်ငန်းသို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်ထုတ်လုပ်ရောင်းချရာ လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ ကုန်စည်၏ထုပ်ပိုးမှု အပြင်အဆင်ပေါ်၌ ကုန်အညွှန်းအမှတ်အသားများ ရေးသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရန်၊ မြန်မာဘာသာ (သို့မဟုတ်) မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့် အချက်အလက်များပြည့်စုံစွာဖော်ပြရန်၊ စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် သာမာန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျှော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာရရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့် ကာလ အတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း စသည်တို့ကို သိသာထင်ရှားစွာဖော်ပြပေးရန်နှင့် တားမြစ်ချက်များကို ဖောက်ဖျက်ပါက ထိုလုပ်ငန်းရှင်ကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း တရားမဝင်အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ရွှေတောင်မြို့နယ်၊ ပန်းတောင်မြို့နယ်၊ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်တို့ရှိ စည်ပင်သာယာဈေးများ၊ မြို့ပေါ်ရပ်ကွက်လက်လီ၊ လက်ကားကုန်မျိုးစုံဆိုင်များနှင့် ဆေးဝါးအရောင်းဆိုင်များ၌ တရားမဝင်အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များနှင့် ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ မှတ်ပုံတင်ထားသော တရားဝင်ဆေးဝါးများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော စားသောက်ကုန်များ ရောင်းချမှုရှိစေရေး ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့စစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စည်ပင်သာယာဈေးတာဝန်ခံတို့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ မြို့နယ်အလိုက် ရောင်းချနေသော စည်ပင်သာယာဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်တို့ရှိ လက်လီ/လက်ကား ကုန်မျိုးစုံဆိုင်များတွင် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသော အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ အဆိုပါပစ္စည်းများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တရားမဝင်ကုန်စည်များရောင်းချခြင်း မပြုရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ရောင်းချကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ခရိုင်အတွင်းမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့မှ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တရာမဝင်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိကို မြို့နယ်အလိုက်ရောင်းချနေသည့် ဆေးဝါးအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ ပြည်မြို့နယ်၊ ရွှေဟင်္သာအရှေ့ပေါက်ရှိ ဆေးဆိုင်တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ပုံစံတူဆေးဝါးအတု ဆေးဝါး(၁၀)လုံးပါ (၂၃)ကဒ်အား စစ်ဆေးတွေ့ရှိရပါသဖြင့် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တာဝန်ရှိသူများမှ သိမ်းဆည်းခြင်း ဆောင်ရွက်ခဲ့ပြီး ဆိုင်ရှင်အား ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်၊ ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

   စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများနှင့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်ဆိုင်ရာ အသိပညာများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ပြည်ကွန်ပျူတာတက္ကသိုလ်တွင် ဖေဖော်ဝါရီလ (၂၇)ရက်၊ နံနက် (၁၀)နာရီ၌ စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်၊ ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာအေးပပမြနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၉၆)ဦး တက်ရောက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ပြည်ခရိုင်ဦးစီးမှူးဦးမင်းဆွေ မှ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ် လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲရခြင်း၏ ရည်ရွယ်ချက်၊ ဥပဒေပါစားသုံးသူများ ရရှိမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များ၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ နည်းလမ်းများ Call Center ဖုန်းနံပါတ်များ၊ CICC ရုံးခန်း ဖုံးနံပါတ်များ၊ တိုင်ကြားနိုင်သည့် e-mail လိပ်စာနှင့် ဥပဒေပါပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

  ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဓါတုကြာရှည်ခံဆေးများဖြစ်သည့် Boric Acid၊ ဖော်မလင်၊ ဆိုဒီယမ်ဟိုက်ဒရိုဘာလဖိုက်၊ ဆယ်လီစလစ်အက်ဆစ် တို့၏ဘေးထွက် ဆိုးကျိုး များအကြောင်း၊ အစားအသောက်များတွင် သုံးခွင့်မပြုသော ဓာတုဆိုးဆေးအန္တရာယ်များအကြောင်း၊ အစားအစာများအန္တရာယ်ကင်းစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များအကြောင်း ၊ ဆေးဝါးဝယ်ယူသုံးစွဲရာတွင် သတိပြုဝယ်ယူရမည့်အချက်များ အိမ်သုံးဆေးပစ္စည်း ကိရိယာများကို လုံခြုံထိရောက်စွာအသုံးပြုရမည့် နည်းလမ်းများ၊ အလှကုန်များဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော အရည်အသွေးကောင်းမွန်သော FDA တွင်မှတ်တမ်းတင်ထားသော အလှကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဆွေးနွေးဟောပြောပြီးနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များအားမေးမြန်းဆွေးနွေးရာ ပုစွန်ခြောက်တွင် ဓာတုဆိုးဆေးသုံးစွဲမှုနှင့် ပတ်သက်သည့်ကိစ္စ၊ မုန့်ဟင်းခါးဖတ်တွင် ဖော်မလင်သုံးစွဲမှု၊ ကိုရီးယားအကင်များတွင် တာရှည်ခံဆေးများ သုံးစွဲသည့် ကိစ္စ၊ ပြန်ကြော်ဆီများသုံးစွဲသည့်ကိစ္စ၊ အလေးချိန်အချိန်အတွယ်ပြည့်ဝစွာ ရရှိနိုင်ရေးအတွက် ဌာနမှ မည်သို့ဆောင်ရွက်နေမှုကိစ္စ၊ မြေပဲဆီစစ်စစ်တွင် အရောအနှောများ ရောနှောပါဝင် ရောင်းချနေသည့်ကိစ္စ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာနနှင့် အစားအသောက်၊ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိ အကြီးအကဲပုဂ္ဂိုလ်များမှ မေးမြန်းဆွေးနွေးသည်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိစေရေး အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက် မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနကဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေးရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၂၃) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနက ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများကလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိကို စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့်ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားမှုများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)   

စစ်ကိုင်းတိုင်းဒေသကြီးတွင် ‌ဖေ‌ဖော်ဝါရီလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိစေရေး အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးကာ အသိပညာ‌ပေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   ထိုသို့ လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိကို စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့်စပ်လျဥ်း၍ ဌာနက မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခ စသည့်ကုန်ကျစရိတ်များကို ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေမှုအား အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ဆီလုပ်ငန်းရှင်၊ လက်ဖက်လုပ်ငန်းရှင်၊ မုန့်လုပ်လုပ်ငန်းရှင်၊ ခေါက်ဆွဲလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ရေသန့်လုပ်ငန်းရှင်၊ ကျောက်စိမ်း အချောထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းကို (၃၆) ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ