သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်မာဆေးဖက်ဝင်သံပရာသီးအကြောင်းသိကောင်းစရာ

         သံပရာသီးသည်ရူတေးစီအီးမျိုးရင်းတွင်ပါဝင်ပြီး ယင်း၏ရုက္ခဗေဒအမည်မှာ စစ်ကြပ်အော်ရင်တီဖောလီးယားဖြစ်သည်။   သံပရာပင်၏မူလပေါက်ရာဒေသမှာအရှေ့အိန္ဒိယကျွန်းစုဖြစ်သည်ဟု ယူဆကြပြီး ထိုမှတဆင့်မြန်မာနိုင်ငံအပါအဝင် အာရှတိုက်အရှေ့တောင်ပိုင်းတိုင်းပြည်များသို့ ယူဆောင်စိုက်ပျိုးခဲ့ကြသည်။ ယခုအခါသံပရာပင်ကိုမြန်မာနိုင်ငံတွင်အနှံစိုက်ပျိုးကြသည်။ သံပရာပင်သည်အပင်အမြင့်ရှစ်ပေမှ၁၅ပေအထိသာရှိသည်။  အရွက်မှာငယ်၍စိမ်းဖျော့ဖျော့အရောင်ရှိသည်။ သံပရာပင်သည်စ၍စိုက်သည်မှသုံးနှစ်သို့မဟုတ်လေးနှစ်တွင်စ၍အသီးသီးပါသည်။ သံပရာပင်သည်ဆယ့်နှစ်ရာသီပတ်လုံးအသီးမပြတ်ပဲ သီးနိုင်သောအပင်မျိုးဖြစ်သည်ဟုဆိုသော်လည်းဇွန်လမှအောက်တိုဘာလအထိသည်အပင်၌အသီးအများဆုံးသီးသောအချိန်ဖြစ်သည်။ မြန်မာဆေး ကျမ်းများအလိုအရသံပရာသီးသည်ချဉ်သည်။ လေ၊ သလိပ်နာ၊ လေနာ၊ အော့အန်ခြင်း၊ ချောင်း ဆိုးခြင်းနှင့်လည်ချောင်းနာ၊ ပန်းနာ ၊ အစာမကြေလေပြည့်ရောဂါတို့ကိုသက်သာစေသည်။  သံပရာရည်ကိုသကြားခတ်၍သောက်သုံးခြင်းဖြင့် အဆီများ၍ချောင်းဆိုးခြင်း ၊ သည်းခြေအားနည်းခြင်း ၊ အဆစ်အမြစ်ကိုက်ခြင်း ခန္ဓာကိုယ်တွင်ဖြစ်ပေါ်တက်သော ရောဂါများကိုသက်သာစေနိုင်ပါသည်။ သံပရာသီးသည် အရွယ်အစားအားဖြင့်သေးငယ်သော်လည်းအခွံရောအတွင်းသားကပါကျန်းမာရေး အထောက်အကူပြုအကျိုးကျေးဇူးဓာတ်များစွာပါရှိပါသည်။ သံပရာသီးအခွံတွင်ကယ်လ်လိုရီ၊ကာဗို ဟိုက်ဒရိတ်၊ ပရိုတင်း၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓါတ် ၊ ဗီတာမင်C ၊ သံဓာတ်စသည်ကျန်းမာရေး အထောက်အကူပြုဓာတ်များစွာပါရှိပါသည်။   သံပရာခွံတွင်ပါဝင်သောlimonene နဲ့ flavonoids တို့ကကင်ဆာကျိတ်များထပ်မပွားစေရန်ကာကွယ်ပေးပါသည်။  သံပရာခွံသည်ခံတွင်းကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာနှင့်အစာအိမ်ကင်ဆာများကိုအထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ သံပရာ သီးဖျော်ရည်ကိုတစ်နေ့နှစ်ခွက်ပုံမှန်သောက်သုံးပါက ကိုယ်အလေးချိန်လျှော့ချရာတွင်သိသာထင်ရှားသောရလဒ်ကိုရရှိစေပါသည်။ သံပရာသီးတွင်အမ်တီအောက်စီးဒန့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သံပရာဟာအသားအရေကို အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးမှုမဖြစ်အောင်ထိန်းသိမ်းပေးနိုင်ပါသည်။ အသားအရေညစ်ညမ်းခြင်းနှင့်အရွယ်တိုင်ခင်အိုမင်းရင့်ရော်ခြင်းတို့ မဖြစ်အောင်လည်းတား ဆီးပေးနိုင်သောကြောင့် အမျိုးသမီးများအနေဖြင့်သောက်သုံးသင့်ပါသည်။ သံပရာသီးတွင်ပါဝင်သောအက်စစ်ဓါတ်သည် အစာချေလမ်းကြောင်းကိုသန့်ရှင်းစေဖို့အထောက်အကူပေးတဲ့အပြင် ဝမ်းချုပ်ခြင်းကိုလည်းသက်သာစေပါတယ်။   ထိုအပြင်သံပရာရည်ထဲဆားခတ်ပြီး များများသောက် သုံးပေးပါကသဘာဝဝမ်းနုတ်ဆေးအဖြစ်အသုံးပြုနိုင်ပါသည်။ သံပရာသီးတွင်ကယ်လ်ဆီယမ်ပါ ဝင်နေသောကြောင့် အရိုးတွေကိုသန်မာစေနိုင်သလို ဆဲလ်များကိုလည်းကျန်းမာစေနိုင်ပါသည်။  ထိုကြောင့်ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို အကောင်းဆုံးလုပ်ဆောင်နိုင်စေရန်လည်းအား ဖြည့်ပေးစေနိုင်ပါသည်။  ထိုကြောင့်ကျန်းမာရေးအတွက်အထောက်အကူများစွာပြုပေးနိုင်သောဂုဏ် သတ္တိရှိသည် သံပရာသီးကိုကျန်းမာရေးအထောက်အကူပြုစေရန် အတွက်စားသုံးပေးသင့်ပါသည်။

DOCA(ကယား)

လက်လီ/လက်ကား ကုန်စုံဆိုင်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၇.၁.၂၀၂၃ ရက်နေ့နံနက်၁၀း၃၀နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊ဝါရှောင်ကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ လက်လီ/ လက်ကားကုန်စုံဆိုင်ရောင်းချနေသောစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ  စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊  ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းရေးအာမခံပေးရမည်ဖြစ်ကြောင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းသို့မဟုတ် ရောင်းချခြင်းမပြုရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ထည့်သွင်းဖော်ပြပေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့ နယ်တာဝန်ခံ ရုံးအုပ် ဦးဇော်နေလင်းသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်ရည်ရွယ်၍ (၁၃.၁.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက် “ဒေါ်အုန်းမြ’’ ပဲပွကြော်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်စေရေးအတွက် သွားရောက်အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းစေပြီး အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များပြည်စုံစွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုများရရှိလာပြီး အကျိုး စီးပွားများ ပိုမိုရရှိလာမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ အစားအသောက်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့်တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ သိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ တွေ့ရှိလာပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ အလေးထားလိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံရုံးအုပ် ဦးဇော်နေလင်းသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိတ်ဖက်ဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၁၀. ၁. ၂၀၂၃)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များမှာ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်ပစ္စည်းမျိုးစုံ ရောင်းချနေသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိသည့် ကုန်စည်များကို ရောင်းချရန်နှင့်  မြန်မာနိုင်ငံ စားသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုး အမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း  လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းမရှိသော ကုန်စည်များ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

COFFEE SHOP (Very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသော စားသောက်ကုန်များကို ဈေးကွက်အတွင်း ရောင်းဝယ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီ အချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁/၂/၃/၅)နှင့် ယန်းလောအုပ်စုအတွင်းရှိ လက်လီကုန်စုံဆိုင်များတွင် Coffee Shop (Very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသော စားသောက်ကုန်များကို ဈေးကွက်အတွင်း တရားမဝင်ရောင်းဝယ်ဖောက်ကားမှု ရှိ/မရှိ ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကျိုင်းတုံမြို့၊  ရပ်ကွက်အတွင်းရှိ လက်လီရောင်းချလျက်ရှိသော ကုန်စုံဆိုင် (၆)ဆိုင်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Coffee Shop (Very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသော စားသောက်ကုန်များအား ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။   

     ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရပ်ကွက်လက်လီ အရောင်းဆိုင်ရှင်များအား Coffee Shop (Very good)အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသော စားသောက်ကုန်များကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ တရားမဝင် တားမြစ်ထားသော ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ခြင်း စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

           

ငါးခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

         ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင် ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး    (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဂွမြို့၊ ကင်းရုံရပ်ကွက်၊ ကမ်းနားလမ်းရှိ ငါးခြောက်များ ပြုလုပ်ရောင်းချသည့် လုပ်ငန်းရှင် ဒေါ်နီနီမော်နှင့်တွေ့ဆုံဆွေးနွေးပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်များထုတ်လုပ်ရောင်းချရာတွင် ဈေးကွက်မရောက်မီ ကုန်စည်များနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်လျှက်ရှိသည့် အခြေအနေများ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း ဆွေးနွေးပြောကြား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

နေကြာစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်း

       ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တောင်ကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် (၁၇-၁-၂၀၂၃) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စုသို့သွားရောက်ပြီး နေကြာစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

      ထိုသို့ ဟောပြောဆွေးနွေးရာတွင် တောင်ကုတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ရခိုင်ပြည်နယ်အနေဖြင့် နေကြာစိုက်ပျိုးသည့်ဧက (၃၀၀၀) ကျော်စိုက်ပျိုးသည့်အနက် တောင်ကုတ်ခရိုင်အနေဖြင့် ဧက(၁၅၇၀)ကျော်စိုက်ပျိုးသည့်အတွက် အများဆုံးစိုက်ပျိုးသည့် ခရိုင်ဖြစ်ပါကြောင်း၊ စပ်မျိုးနေကြာစေ့ထုတ်လုပ်နည်းစနစ်အား အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြေအသုံးချမှုဆိုင်ရာအကြောင်းအရာများအားလည်းကောင်း ရှင်းလင်းပြောကြားခြင်းနှင့် ဆက်လက်၍ တောင်ကုတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့်က တောင်သူများအနေဖြင့် ပိုးသတ်ဆေးဓါတ်မြေဩဇာများသုံးစွဲရာတွင် တရားမဝင်ပိုးသတ်ဆေးဓါတ်မြေဩဇာများ မသုံးစွဲစေရေး၊ သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများ၏ ထောက်ခံချက်ပါသော ပိုးသတ်ဆေးဓါတ်မြေဩဇာများကိုသာ သုံးစွဲကြရန်နှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းမျာကိုး ထောက်ပံ့အားပေးနေမှု၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အကျိုးရှိသည့်အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့်လည်း နိုင်ငံစီးပွားရေးတိုးမြှင့်ရေး ဖော်ဆောင်အားပေးကူညီဆောင်ရွက်နေမှုအခြေအနေတို့အား ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရန် ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဒေါ်နှောင်းနှောင်းဝင်းသည် ၁၈-၁-၂၀၂၃ ရက်နေ့ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်နှင့် ဟန်းတဲရပ်ကွက်ရှိ လက်လီ/လက်ကားရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Pop CORN အမှတ်တံဆိပ်ဖြစ်သော ဘီစကွတ်မုန့်ကြွပ်နှင့် ဒင်္ဂါးအမှတ်တံဆိပ်ဖြစ်သော နို့ကိတ်ခြောက်တို့တွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားရှိခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ကုန်မျိုးစုံရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး) သည် ၁၇ - ၁ - ၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါ(မြောက်)ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သော စီးပွား‌ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       တွေ့ဆုံဆွေးနွေးရာတွင် ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ  ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊  သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးကမ်းခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်‌ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွား‌ရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွား‌‌ရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းတို့ကိုရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသောအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်(၈)ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။၊

DOCA(ကချင်)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိကုန်မျိုးစုံဆိုင်များတွင် တရားမဝင်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာမြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊အကောက်အခွန်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့နှင့် ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များ၌“COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ရောင်း ချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  တရားမဝင် “COFFEE SHOP (very good)   ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တင်သွင်းရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဈေးကွက် အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိမရှိ၊ မည့်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြ ရမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် စားသုံးသူ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ