သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ လူသုံးကုန်ပစ္စည်းရောင်းချနေသော ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

       မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်သာစည်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်စျေးတာဝန်ခံများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် (၀၉၃၀) အချိန်တွင် သာစည်မြို့နယ်၊ မြို့မစျေးအတွင်းရှိ လူသုံးကုန်ပစ္စည်းအရောင်း ဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပပါသည်။

       စျေးကွက်စောင့်ကြည့်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာအမျိုးမျိုးနှင့်သွားတိုက် ဆေးများတွင် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ သာစည် မြို့နယ်တာဝန်ခံက ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထား ရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အားထုတ်ပြန်ထား ရှိကြောင်း ကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတွဲလျက်ရှိစေ ဖော်ပြရမည့်အချက်အလက်များ ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)

 

မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေးဟောပြော

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည်(၁၆.၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ (၉)ရပ်ကွက်၊ ဦးမြင့်ရွှေ၏ “မင်းသားပေါင်မုန့်”လုပ်ငန်းနေ့အိမ်၌ မုန့်မျိုးစုံဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ၊ ဒေါ်ခင်စန်း‌အေးက စားသုံးသူကာကွယ်ရေးဥပဒေပါလုပ်ငန်းရှင်များ၏တာဝန်များ၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပြည့်စုံစွာ ဖော်ပြထားရှိရေးနှင့် ကုန်အညွှန်းပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ဟူ၍တားမြစ်ထားသော ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များကို လိုက်နာမူမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်ဝင် ထင်းအစားထိုးစပါးခွံလောင်စာတောင့်မီးသွေးလုပ်ငန်းသို့ ကွင်းဆင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ(၁၅)ရက်နေ့၊နံနက်(၀၉:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ညီနောင်ဝ ကျေးရွာရှိ တိုးတက်လင်းဆန်စက်သို့ သွားရောက်၍ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဝယ်ယူမှုအခြေအနေ၊ ဆန်ကြိတ်ခွဲတင်ပို့မှုအခြေအနေ၊ ဈေးနှုန်း/ဈေးကွက်အခြေအနေများနှင့် စပါးခွံမီးသွေးတောင့်ထုတ်လုပ်ဖြန့်ဖြူးနေမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းရာတွင်စပါးကြိတ်ခွဲရာမှထွက်ရှိလာသော စပါးခွံများအား စပါးခွံမီသွေးတောင့် လောင်စာအဖြစ် တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ထင်းအစားထိုးလောင်စာတောင့်အဖြစ် ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်လျက် ရှိပါသည်။ တစ်နေ့ထုတ်လုပ်မှု ပိဿာချိန်(၂၀)    အိတ်ရေ (၂၀၀)အိတ်ထွက်ရှိပြီးတစ်အိတ်လျှင် လက်လီလက်ကား(၅၀၀၀)ကျပ်နှုန်း ဖြင့်ရောင်း ချပါသည်။ အလုပ်သမား(၁၀)ဦးရှိပြီး နေ့ချိန်/ညချိန်ခွဲပြီး လုပ်ကိုင်လျက်ရှိပါသည်။ အလုပ်သမားခေါင်းဆောင်ကို တစ်လလျှင် (၂၅၀၀၀ဝိ/)ကျပ်ပေးရပြီး၊ ကျန်လူများကို(၂၂၀၀၀ဝိ/)ကျပ်ပေးပါသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် ပင်လယ်ပိုင်းသို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရပါသည်။

          မြို့နယ်တာဝန်ခံက ပုဂ္ဂလိကလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုံမှန်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်များကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ရောင်းချနိုင်ရေး၊ အလုပ်သမားများအလုပ်အကိုင် မပြတ်လပ်စေရေး၊ စားသုံးသူပြည်သူများသင့်တင့်မျှတသောဈေးနှုန်းဖြင့်ဝယ်ယူသုံးစွဲနိုင်ရေး၊ စွန့်ပစ် ပစ္စည်းများယခုကဲ့သို့တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းများတိုးချဲ့ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအားရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၇.၁.၂၀၂၃) နေ့ (၁၀:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်းရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအနေဖြင့် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်ခရိုင်အတွင်း ဆီပြတ်လပ်မှုမရှိစေရေးအတွက် ကုမ္ပဏီများမှ မှာယူထားသော စက်သုံးဆီဘောက်ဆာကားများအချိန်မှီရောက်ရှိစေရေး နှင့် ကြန်ကြာမှုမရှိစေရေး ချိတ်ဆက်ဆောင်ရွက်ခြင်းများ၊ စက်သုံးဆီ ရောင်းချသည့်လုပ်ငန်းရှင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေး များအတိုင်းရောင်းချရန်၊ ရည်ညွှန်း ဈေးထက်  ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ရောင်းချနေသော ကုန်စည်များ အလေး၊ အချိန်အတွယ် ပြည့်ဝစွာ ရောင်းချကြရန် ဆီဆိုင်လုပ်ငန်းရှင် များသိရှိ လိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

         အလားတူပင် မအူပင်ခရိုင် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်လည်း ၁၆၊၁၊၂၀၂၃ ရက်နေ့တွင် ပန်းတနော် မြို့တွင်းနှင့် မြို့ပြင်ကားလမ်းဘေးရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်း၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်းရောင်းချရန် စက်သုံးဆီရောင်းချမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့ တဂူသိမ်‌စျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၈ ရက်နေ့ ၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ တဂူသိမ်စျေးအတွင်းရှိ စားသောက်ကုန်မျိုးစုံ အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းရှိ စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

           ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မင်္ဂလာစျေးအပေါ်ထပ်ရှိ တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းခန်းမတွင် MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူတာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်စည်များနှင့်ပတ်သက်သည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ပြည့်စုံမှန်ကန်စွာ ဖော်ပြနိုင်ရေး ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်အောင်ကျော်က ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးနှင့် ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာ ဖော်ပြပေးရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို တိကျ မှန်ကန်စွာဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှ ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များ အကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသောက်ကုန်လုပ်ငန်းရှင်များအား အစုအဖွဲ့၊ အသင်းအဖွဲ့များ ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်ပါက ပိုမိုတိုးတက်ကောင်းမွန်မှု ရရှိလာမှာဖြစ်ကြောင်း ပြောကြားပြီး ဆွေးနွေးပွဲအား ၁၁:၃၀အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ထားဝယ်မြို့ပေါ်ရှိ ကမြောကင်းလမ်း၊ DDPC Shopping Centre နှင့် ဆန်ချီရပ်၊ C.C.C စတိုးဆိုင်များတွင်   Ninolac (နို့စို့ကလေးနှင့် ကလေးငယ်များအတွက်) (ကလေးဖော်စပ်ဖြည့်စွက် စာ)နှင့် Coffee Shop အသင့်သောက်ကော်ဖီမစ်ထုပ်များ စားသုံးရာတွင် အန္တရာယ်ဖြစ်စေသည့် ဘေးအန္တရာယ်ကင်းရှင်းစွာ ‌အသုံးပြုနိုင်စေရန်အတွက် စစ်ဆေးဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် အချက်အလက်များအား မိမိတို့ဌာနတွင် အသေးစိတ်မေးမြန်းဆွေးနွေးနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားကို လာရောက်လျှောက်ထားစေလိုကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

“ဂွေးပင်စိုက်ပျိုးဝင်ငွေတိုး”

           ကျောက်ဆည်ခရိုင်သည် မြေဆီ၊ မြေလွှာကောင်းမွန်သောဒေသဖြစ်ပြီး၊ ရာသီပေါ်သီးနှံမျိုးစုံကို စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများာကိုးလည်း စိုက်ပျိုးလျက်ရှိရာ ၄င်းတို့အနက်မှ   မိသားစုအပိုဝင်ငွေရရှိသည့် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သော ဈေးကွက်ဝယ်လိုအားရှိသည့်ဂွေးပင်များကို တိုးချဲ့စိုက်ပျိုးလာကြပါသည်။         

       ဂွေးပင်မှာ မည်သည့်မြေအမျိုးအစားတွင်မဆို ရှင်သန်ဖြစ်ထွန်းနိုင်ပါသည်။ မိုးဦးကျကာလများတွင် စတင်စိုက်ပျိူးပါက အပင်များပိုမိုရှင်သန်ပြီး အသေအပျောက်နည်းပါးပါသည်။ တစ်ဧကစိုက်ပျိုးမှုတွင် အပင်(၅၀)ပင်မှ (၆၀)ပင်အထိစိုက်ပျိုးရကြောင်း၊ ခြောက်လဂွေးမျိုး၊ တစ်နှစ်ပတ်လုံးသီးသောဂွေးမျိုးနှင့် ပင်ကြီးဂွေးဟူ၍ ဂွေးပင်အမျိုးမျိုးရှိရာ နှစ်ရှည်ပင်ကြီးဂွေးမျိုးကိုသာ စိုက်ပျိုးကြပါသည်။ ခြောက်လဂွေးပင်မျိုးဖြစ်သော ပျိုးပင်တစ်ပင်လျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ တစ်နှစ်လုံးသီးသော ဂွေးပင်ပျိုးပင်တစ်ပင်လျှင် (၄၅၀၀)ကျပ်ခန့်ရှိပြီး ပင်ကြီးဂွေးပင်တစ်ပင်လျှင် အပင်ပေါ်မူတည်၍ (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိရှိကြောင်း၊ ဂွေးပင်စိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မိသားစုလုပ်အားခမပါ(၇၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး သုံးနှစ်ကြာလျှင် အသီးများကို စတင်ခူးဆွတ်ပြီး ရောင်းချနိုင်ကြောင်းသိရှိရပါသည်။ ဂွေးသီးပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်အသီးသီးပြီး တစ်ကြိမ်လျှင် ခြံပြတ်ရောင်းမည်ဆိုပါက အသီးပါးလျှင်(၂၅၀၀၀၀-၃၀၀၀၀၀)ကျပ်ရရှိပြီး အသီးများလျှင် (၃၅၀၀၀၀-၄၀၀၀၀၀)ကျပ်အထိရောင်းချရကြောင်း၊ တချို့ပွဲစားများက တစ်နှစ်ပတ်လုံးသီးသော အသီးကိုကြိုတင်ပေးဖြင့်လည်းဝယ်ယူကြောင်း ၊ တစ်ချို့ခြံရှင်များမှာ ကြိုတင်ပေးရောင်းချခြင်းကို မပြုလုပ်ဘဲ အသီးများကိုနေ့စဉ်ခူး၍ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးတွင် နေ့စဉ် ဖောက်သည်ပေးရောင်းချသလို လက်လီဈေးများဖြင့် စားသုံးသူများ စိတ်ကြိုက်ဝယ်ယူနိုင်စေရန်လည်း ရောင်းချပေးလျက်ရှိကြောင်း ဖောက်သည်ဝယ်ယူသူများအနေဖြင့် (၂)တင်းဝင်အိတ်တစ်အိတ်လျှင်(၁၀၀၀၀-၁၅၀၀၀)ကျပ်အထိရောင်းချရပြီး လက်လီဈေးအနေဖြင့် အလုံးပေါ်မူတည်၍ (၁၀)လုံးလျှင် (၂၀၀)ကျပ်၊ အလုံး(၃၀)လျှင် (၅၀၀)ကျပ်၊ အလုံး(၂၅)လုံးလျှင် (၅၀၀)ကျပ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း မြို့ပေါ်ရှိပွဲစားများသည် ဂွေးသီးများကို ခြံကအသီးကိုကြည့်၍ ကြိုတင်လာဝယ်ယူမှုများရှိသကဲ့သို့ အချဉ်ပေါင်းသည်၊ ကျောင်းမုန့်ဈေးသည်များကလည်း လာရောက်ဝယ်ယူကြပါသည်။

          လက်လီဝယ်ယူသူများမှ အိမ်တွင်ဂွေးသီးကို ငရုတ်သီး၊ ကြက်သွန်နီတို့ဖြင့်ရော၍ထောင်းကာ ထမင်းနှင့်တွဲဖက်၍ စားသုံးကြသကဲ့သို့ ဂွေးသီးကို ပါးပါးလှီး၍ ငပိ ၊ ပုဇွန်ခြောက်တို့နှင့်ရောကာ ဂွေးသီးငပိချက်အဖြစ်လည်း ချက်၍စားသုံးကြပါသည်။ လူငယ်လူရွယ်များမှ သွားရေစာအဖြစ် ခံတွင်းရှင်းစေရန် ချဉ်ချဉ်စပ်စပ်ဂွေးသီးသုပ်များကိုလည်း ပြုလုပ်၍စားသုံးကြပါသည်။ စားသုံးသူပြည်သူများမှာ ဂွေးသီးများကို အမျိုးမျိုးပြုလုပ်၍စားသုံးကြသဖြင့် တောင်သူဦးကြီးများအနေဖြင့် နေ့စဉ် ဝင်ငွေတိုးစေမည့် နှစ်ရှည်စားသုံး၍ရသော ဂွေးပင်များကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

COFFEE SHOP (very good)တံဆိပ် ကော်ဖီမစ်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ရှမ်းပိုင်းရပ်ကွက်ရှိ ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်များသို့ COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက် ကားခြင်းရှိ/မရှိ စားသုံး သူရေးရာဦးစီးဌာနနှင့် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ လွိုင်ကော်မြို့ပေါ်ရှိ ကုန်ပစ္စည်းမျိုးစုံအရောင်း ဆိုင်များတွင် COFFEE SHOP (very good)တံဆိပ် ကော်ဖီမစ်များ တင်သွင်းရောင်းချဖြန့်ဖြူး မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့အန္တရာယ်ဖြစ်စေသည့်စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက် ကားခြင်း မပြုကြရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်း အမှတ် အသားသတ်မှတ်ချက်နှင့်ပြည့်စုံပြီး တရားဝင်မှတ်ပုံတင်ထားသော ကော်ဖီဖစ်များကိုသာတင်သွင်း ရောင်းချဖြန့်ဖြူးကြရန်၊ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ကော်ဖီမစ်များ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းတွေ့ရှိပါက သက်ဆိုင်ရာဌာန၏ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကုန် ပစ္စည်းမျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ကွင်းဆင်းအသိပေးဆောင် ရွက်ခဲ့မှုအားသတင်းရရှိပါသည်။

DOCA(ကယား)

Online Shopping လိမ်လည်မှုမခံရဖို့အရေး တိုက်တွန်းနှိုးဆော်ပေး

         Online Shopping အများစုသည် တစ်ဦးတစ်ယောက်(သို့)တစ်ပိုင်တစ်နိုင်(သို့) မိသားစု ပိုင်အသွင်ဖြင့် Informal လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြစ်ရာ ကတိကဝတ်များ (Terms & Conditions) မရှိခြင်း၊ ကုန်စည်မှာယူပြီးနောက် ပြန်လည်ရုပ်သိမ်းခြင်းအစီအစဉ် (Cancelling) မရှိခြင်း၊ကုန်စည်လက်ခံရရှိပြီးနောက် ကျေနပ်လက်ခံနိုင်သည့် အခြေအနေမရှိသဖြင့် ငွေပြန်လည်ပေးအပ်သည့် မူဝါဒ ( Return Policy )မရှိခြင်း၊ အခွန်အခများ၊ သယ်ယူပို့ဆောင်စရိတ်များနှင့် အခြားကုန်ကျစရိတ်များ၊ ငွေကြေးနှုန်းထားပြောင်းလဲမှုများအတွက် စားသုံးသူထံကုန်စည်တန်ဖိုး အပေါ်ထပ်ဆောင်းတောင်းခံခြင်းမရှိကြောင်း ရှင်းလင်းစွာဖော်ပြထားမှု(Transparency)မရှိခြင်း၊ ငွေကြေးလွှဲပြောင်းပေးချေသည့် စနစ်တိကျစွာ(Payment Term) မရှိခြင်း၊ ကုန်စည်ပေးပို့ခြင်း များအတွက် ခြေရာခံနိုင်သည့်စနစ် တည်ဆောက်ထားမှု (Trancability) မရှိခြင်း၊ လိမ်လည် လှည့်ဖျားလိုသည့် သဘောဖြင့် တာဝန်ယူမှုတာဝန်ခံမှုမရှိသည့်အပြင် ခြေရာခံရှာဖွေရာတွင်Facebook၌ ဖော်ပြထားသော လိပ်စာ၊ ဖုန်းနံပါတ်များ ဆက်သွယ်၍မရခြင်း၊ မြေပြင်၌ နေရပ်လိပ်စာ အမှန်တကယ်မရှိခြင်းစသည်တို့ကြောင့် စားသုံးသူပြည်သူအများစုမှာ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရပါသည်။    

        စားသုံးသူများအနေဖြင့် Websiteနှင့် Facebook များတွင် ကုန်စည်များ ဝယ်ယူမည်ဆိုပါက မိမိဝယ်ယူမည့် Website နှင့် Facebook များသည် တရားဝင်(Official Page )ဟုတ်/မဟုတ် စုံစမ်းစိစစ်ပြီးမှသာ ဝယ်ယူရန်နှင့် တရားဝင်(Official Page ) ဖြစ်ပြီး Profile နှင့် Page များကို မှန်ကန်ကြောင်း အတည်ပြုပေးသည့် (Verification) အမှတ်အသားတစ်ခုဖြစ်သည့် Blue Mark (Blue Check Mark) ပါ/မပါ ကြည့်ရှု့၍ ရွေးချယ်ဝယ်ယူရန် လိုအပ်ပါသည်။ ထို့အပြင် ယုံကြည် စိတ်ချရသော Online Shop Platform  နှင့် ချိတ်ဆက်ထားခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံတွင် တရား ဝင်မှတ်ပုံတင်ထားသော Online Website ဟုတ်/မဟုတ် ၊ ကုမ္ပဏီမှတ်ပုံတင်ထားရှိမှု ရှိ/ မရှိ၊ ဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် သုံးသပ်ချက်များကို လေ့လာဖတ်ရှု့ရန်လည်း လိုအပ်ပါ သည်။ စားသုံးသူအများစု လက်ခံယုံကြည်ပြီး ဝယ်ယူအားပေးလျက်ရှိသည့် လုပ်ငန်းဖြစ်သည့်အပြင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက ခွင့်ပြုထားခြင်းရှိ/မရှိ၊ လုံခြုံစိတ်ချရသော ငွေပေး ချေမှု စနစ်များဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းဟုတ်/မဟုတ်၊ သုံးစွဲသည့်စားသုံးသူ ပြည်သူများမှန်ကန်သော သုံးသပ်ချက်များ Review များ ရှိ/မရှိ ကြည့်ရှု့ဝယ်ယူကြရန် လိုအပ်ပါသည်။ စားသုံးသူများအနေဖြင့် ပေးထားသည့် ကတိအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ပေးသည့် Online Shopping များက သာစိစစ်ပြီးမှသာ ဝယ်ယူသုံးစွဲကြရန်နှင့် သက်ဆိုင်ရာ အရောင်း ပြခန်း၊ အရောင်းဆိုင်များတွင်သာ မျက်မြင်ရွေးချယ်ဝယ်ယူရန်ကြရန် လိုအပ်ပါသည်။ ၎င်းအပြင် အချို့သော Online Shopping Page များသည် ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ပစ္စည်းလက်ခံ ပြေစာများကို အတုအပပြုလုပ်၍ ငွေကြိုတောင်း၍ လိမ်လည်ခြင်း၊ Digital စနစ် ငွေပေးချေရာတွင် ဆောင်ရွက်သည့် နည်းလမ်းများဖြင့်လိမ်လည်ခြင်း၊ နာမည်ကြီး Online Shopping Page ပစ္စည်းလက်ခံပြေစာများကို Copyယူ အတုပြုလုပ်၍ ငွေလိမ်လည် ခြင်း၊ Pre Order လုပ်ချိန်တွင် ငွေပေးချေခိုင်း၍ Deliver မလုပ်ခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် မမှန်မကန်ဆောင်ရွက်နေသည့်အတွက် စားသုံးသူများနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ပစ္စည်း လက်ဝယ်ရောက်မှသာ ငွေပေးချေသည့် နည်းလမ်းကို အသုံးပြုသင့်ပါသည်။ စားသုံးသူမိဘ ပြည်သူများအနေဖြင့် Online Shopping များတွင် ကုန်စည်များ၊ ဝန်ဆောင်မှုများမှာယူ သုံးစွဲပြီးနောက် နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာများ ကြုံတွေ့ရပါက Doca Myanmar Application မှတစ်ဆင့်ဖြစ်စေ၊ တိုင်းဒေသကြီး/ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူသတင်းပြန် ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)မှ တစ်ဆင့်ဖြစ်စေ၊ Websiteမှ တစ်ဆင့်ဖြစ်စေ Consumer Call Center (၁၅၃၅)တို့မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်တိုင်ကြား နိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

  • ကယား)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ