သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ”

    မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဇန်နဝါရီလ (၁၇)ရက် နေ့တွင် ပြင်ဦးလွင်မြို့နယ်၊ကြီးကိုင်ကျေးရွာ၌ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အိမ်တွင်း လျှပ်စစ် သွယ်တန်းမှုနည်းပညာပေးသင်တန်း တွင်စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးဆွေးနွေးခဲ့ပါသည်။ပြင်ဦးလွင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးသက်လွင်ထူးက ၂၀၁၉ခုနှစ်၊မတ်လ ကစတင်ပြဌာန်းလိုက်သော စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရယူ သုံးစွဲသောပြည်သူများ၏ စားသုံးသူအခွင့်အရေးများ၊ သိရှိလိုက်နာ ရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်  မှထုတ်ပြန်သော ညွှန်ကြားချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူ များမှ မိမိတို့သိလိုသည့်အချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်းနှင့်အဆိုပါသင်တန်းသို့ သင်တန်းသား(၃၀)ဦးတက်ရောက်ကြောင်းသိရှိ ရပါသည်။

DOCA(မန္တ‌လေး)

တရားမဝင်မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M Tablet ပုံစံတူဆေးဝါးများရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်မှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများသည် ၁၁-၁-၂၀၂၃ ရက်နေ့၊ နံနက် (၁၁:ဝဝ) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးနှင့် မင်္ဂလာဈေးရှိ ဆေးဝါးများရောင်းချလျက်ရှိသော ဆေးဆိုင်များသို့သွားရောက်၍ Diclon-M Tablet ပုံစံတူဆေးဝါးများရောင်းချခြင်း ရှိ/မရှိ ကိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ဈေးတာဝန်ခံများနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        Diclon-M Tablet ဆေးဝါးများရောင်းချမှုမပြုရန်၊ ဆေးနှင့်ဆေးပစ္စည်းများကို စနစ်တကျထားသိုရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းမပြုရန်၊ သက်တမ်းကုန်ဆေးဝါးများအား သက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ တင်ပြရန် ညွှန်ကြားချက်နှင့်အညီဆောင်ရွက်၍ တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးများသာ ရောင်းချရန် အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကျင်းပ

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်၊ ခရိုင် များရှိ ဝန်ထမ်းများအနေဖြင့် လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ပြီး လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မိတ်ဖက်ဌာနများနှင့် ပေါင်းစပ်ပြီး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ကို ၁၈-၁-၂၀၂၃ မှ   ၁၉-၁-၂၀၂၃ ရက်နေ့ထိ နံနက် ၀၉:၀၀ နာရီအချိန်မှစ၍ ညနေ ၁၅:၅၀ နာရီအချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ သင်းတန်းဖွင့်လှစ်ပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။  အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြများဖြစ်သော မိတ်ဖက်ဌာနဆိုင်ရာများက သင်တန်းသားများနှင့် ရင်းနှီးစွာ မိတ်ဆက်စကား ပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

       သင်တန်းတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကရင်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်သောသီးနှံများအကြောင်း၊ သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများအကြောင်း၊ မြေဩဇာဥပဒေအကြောင်း၊ မျိုးစေ့ဥပဒေအကြောင်းနှင့် ပိုးသတ်ဆေးအကြောင်းကို ပို့ချဆွေးနွေးခဲ့ပြီး ပြည်နယ်စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနက ဌာန၏ဥပဒေအကြောင်းနှင့်  ဌာနတွင်လုပ်ကိုင်နေရသောလုပ်ငန်း အကြောင်းကို အသေးစိတ်ရှင်းလင်းပို့ချဆွေးနွေးခဲ့ပြီး၊ ပြည်နယ်အသေးစားနှင့်အလတ်စားစက်မှုလက်မှုဦးစီးဌာနက ဌာနတွင် အသေးစားလုပ်ငန်း၊ အလတ်စားလုပ်ငန်း၊ အကြီးစားလုပ်ငန်း နှင့်ပတ်သက်၍ လုပ်ငန်းမှတ်ပုံတင်၊ လုပ်ငန်းလိုင်စဉ်လုပ်ပေးခြင်းအကြောင်းနှင့် ဌာန၏ လုပ်ငန်းအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်း၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုအကြောင်းနှင့် ဈေးကွက်စီးပွားရေးစနစ်အကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး ပြည်နယ်ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာနက ဌာန၏လုပ်ငန်းအကြောင်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်းနှင့် ဌာန၏ လုပ်ငန်းအကြောင်းကို အသေးရှင်းလင်းဆွေးနွေးပို့ချဆွေးခဲ့ပြီး၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန)က ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်းနှင့် ဌာန၏ လုပ်ငန်းအကြောင်းကို အသေးရှင်းလင်းဆွေးနွေးပို့ချဆွေးခဲ့ပြီး၊   ဌာနအလိုက် သင်ခန်းစာများကို (၂) ရက်တာ ပို့ချခဲ့ပြီး သင်တန်းသားဦးရေ(၁၆)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းဆင်းဂုဏ်ပြုလွှာများ ပေးအပ်ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ပြည်တွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိ

        ရွှေဘိုခရိုင်အနေဖြင့် ဆီထွက်သီးနှံများကို နှစ်စဉ် နွေ၊ မိုး၊ ဆောင်းသုံးရာသီလုံးစိုက်ပျိုးလျက်ရှိသော်လည်း ဒေသထွက်ဆီထွက်သီးနှံများအားလုံးကို ဆီကြိတ်ခွဲမှုမရှိဘဲ ကုန်ကြမ်းဈေးနှုန်းများ ကောင်းသည့်အတွက်  ကုန်ကြမ်းအဖြစ်ရောင်းချခြင်းများရှိသည့်အပြင် စားသုံးဆီဈေးနှုန်းသည် ဒေသထွက် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများထက် ဈေးနှုန်းချိုသာသဖြင့် ဒေသတွင်းဆီစားသုံးရန် လိုအပ်သော ဆီအတွက် ပြည်ပမှတင်သွင်းသည့်စားသုံးဆီများကို မှာယူ၍ ရောင်းချလျက်ရှိသောကြောင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ချစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ဆီတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရွှေဘိုမြို့နယ်အတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြို့နယ်အဆင့်လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့  ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရှိရပါသည်။

       အဆိုပါအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ ရွှေဘိုခရိုင်အတွင်း ဆီထွက်သီးနှံစိုက်ဧကတိုးချဲ့ရေး၊ လျာထားချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် မျိုးစေ့များရရှိရေးနှင့် အမှန်တကယ်စိုက်ပျိုးသူများထံ စိုက်ပျိုးစရိတ်ချေးငွေရရှိရေးအတွက် သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ တောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ မိမိမြို့နယ်အတွင်း စိုက်ပျိုး ထုတ်လုပ်မှုအပါအဝင် ဆောင်ရွက်ပြီးစီးမှုများအား စိုက်ပျိုးရာသီးအပြီး အချိန်နှင့်တစ်ပြေးညီ စုစည်းစိစစ်၍ ခရိုင်အဆင့်လုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့သို့ တင်ပြသွားရန်၊ တိုင်းဒေသကြီး အကောင်အထည်ဖော်ရေးအဖွဲ့နှင့် ခရိုင်အဆင့် လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့များ၏ ညွှန်ကြားချက်များကို သက်ဆိုင်ရာကျေးရွာများ၌ အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်တို့ဖြစ်ကြောင်းနှင့် အဆိုပါမြို့နယ်အဆင့်လုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့တွင် သက်ဆိုင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၉)ခုပါဝင်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်”

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ကျောက်ဆည်ခရိုင် ၊ စားသုံးသူ ရေးရာ ဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် (၁၃-၁-၂၀၂၃) ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ၊ ငါးအိုးကျေးရွာ၌ ကျေးရွာသူ၊ကျေးရွာသားများအား စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများဟောပြော ဆွေးနွေး ခဲ့ပါ သည်။ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက အဖွင့်အမှာစကားပြောကြား ပြီး စားသုံးသူရေး ရာဌာနခွဲတာဝန်ခံ ဦးဇော်မင်းလတ် (ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေး ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ ကုန်စည် နှင့်ဝန်ဆောင် မှုနှင့် စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့် အရေးများနှင့် စားသုံးသူ များနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး၊ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာ ဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသား(၁၀၀)ဦးအား စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ထို့နောက် ခရိုင် ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် ကျေးရွာ အတွင်းရှိစားသုံးသူပြည် သူများ အား ကျောက်ဆည်ခရိုင်၊ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား သက်သာ သောစျေးနှုန်းများဖြင့် ရောင်းချနေမှုအား စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိ ပါသည်

DOCA(မန္တလေး)

 

 

 

စစ်ကိုင်းမြို့၌ တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ /မရှိ ကွင်းဆင်းစစ်ဆေး

          New Magnate Co;Ltd မှ ဆေးဝါးတစ်မျိုးဖြစ်သော Diclon-M Tablet ဆေးဝါးများကို အတုပြုလုပ်၍ ရောင်းချခြင်း ရှိ /မရှိ စစ်ဆေးသွားရန် ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        မင်းမင်း၊ စွယ်စုံ၊ အောင်ဇမ္ဗူ၊ မြန်မာဦး၊ ဗိုလ်ဗိုလ်ဆေးဝါးအရောင်းဆိုင် (၅)ဆိုင်တွင် တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ပုံစံတူဆေးဝါးများအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် စံမညီဆေးဝါးများ မရောင်းချရန်၊ ဆေးနှင့် ဆေးပစ္စည်းများရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ လိုင်စင်ပါသတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဖောင်းပြင်မြို့၊ စည်ပင်သာယာဈေးအတွင်း တရားဝင်‌ရောင်းချခွင့်မရှိသည့် ကော်ဖီမစ်များ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ဖောင်းပြင်မြို့၊ စည်ပင်သာယာဈေးအတွင်းရှိ  ကုန်စုံဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသည့် စားသောက်ကုန်များအနက် Very Good အမှတ်တံဆိပ်ပါ တရားမဝင်ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ Coffee Shop ( Very Good ) အမှတ်တံဆိပ်ပါ တရားမဝင် ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးရာတွင် ယင်းအမှတ်တံဆိပ်များအား ရောင်းချခြင်း မရှိပါကြောင်းနှင့် မိမိတို့ ရောင်းချသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရောင်းချမှု ပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။   

DOCA(စစ်ကိုင်း)

 

ဟုမ္မလင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ( ၁၉.၁.၂၀၂၃ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  Diclon – M ( Diclofenac Sodium 50mg, Paracetamol 500 g ) အမှတ်တံဆိပ်ပုံစံကို တုပ၍ ‌ရောင်းချနေသော ဆေးဝါးများ  ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ဆေးနှင့် ဆေးပစ္စည်းရောင်းချသူများအနေဖြင့် မိမိတို့ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများကို သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသည့်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း မပြုရန်နှင့် ( ၂/၂၀၁၉ ) ညွှန်ကြားချက်ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် မဖြစ်မနေဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ကိုက်ညီမှုရှိသော ဆေးနှင့် ဆေးပစ္စည်းများကိုသာ ဖြန့်ဖြူး ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Thursday Talk အသိပညာပေး ဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၉.၁.၂၀၂၃ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်လာစေရန် Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

       အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်နှောင်းနှောင်းဝင်းက သတင်း၊ဆောင်းပါးရေးသားရာတွင် ပါဝင်သင့်သည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ သတိပြုရမည့်အချက်များ၊ သတင်းခေါင်းစဉ်ရေးသားရာတွင် ဂရုစိုက်ရမည့်အချက်များ၊ ဌာနခွဲအလိုက်ရေးသားပေးပို့နိုင်သည့် သတင်း၊ဆောင်းပါးအမျိုးအစားများ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပါသည်။ThursdayTalk အသိပညာပေးဆွေးနွေးပွဲသို့ ဝန်ထမ်း(၅)ဦး  တက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မိုးညှင်းမြို့နယ်၊ပင်းဟဲကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) သည် ၁၉.၁.၂၀၂၃ ရက်နေ့ နေ့လယ် ၁၀း၀၀နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ ပင်းဟဲကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊စားသုံးသူအခွင့်အရေးများဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုအပေါ်ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားများရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင် စေခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို  ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာ ဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ကုစားခွင့်ရရှိခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိ ပညာဗဟုသုတများ၊ အခွင့်အရေးနှင့်လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်းစသဖြင့် အသိပညာပေးဟောပြောခဲ့ပြီး  စားသုံးသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ