သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး  စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်လျက်ရှိရာစီးပွားရေးလုပ်ငန်းရှင်များ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြနိုင်ရေးအတွက် ဒီဇင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျရပ်ရှိ တီစူး အာလူးကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  ဒု-ခရိုင်ဦစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များထုတ်လုပ်သည့် ကုန်စည်များပေါ်တွင်စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၁၉)တွင် ကုန်စည်အုပ်စု(၈)ခု၏ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များကို ထုတ်ပြန်ထားကြောင်း၊ အာလူးကြော်သည် ကုန်စည်အုပ်စု(က)အစားအသောက်များထဲမှ အသင့်စားမုန့်အမျိုးမျိုးထဲတွင် ပါဝင်ပြီး ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်ပြီး မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြနိုင်ကြောင်း၊ ၎င်းအပြင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့် လိပ်စာများကို ဖော်ပြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ဌာန၏ အတည်ပြုချက်ရယူရေး ဆောင်ရွက်ရန်လိုအပ်သည့်အကြောင်းများကို ဆွေးနွေးပြီး  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၁/၂၀၁၉)အားဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့မှ တာဝန်ရှိသူများသည် (၇.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) အချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ အ-လ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၇၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ စားသုံးသူရေးရာဦးစီးဌာနကြီး ပေါ်ပေါက်လာပုံနှင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်း ပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ခွင့်ပြုဓာတုဆိုးဆေးနှင့် တားမြစ်ဓာတုဆေးဝါးများအကြောင်း၊ ကျောင်းသား၊ ကျောင်းသူမျာအနေဖြင့် အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံး ရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိက‌ဖတ်ရှု့ရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေးဟောပြောပွဲကျင်းပ

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃.၁၂.၂၀၂၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့်  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ  တက်ရောက်ခဲ့ကြပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပေါ်ပေါက်လာရခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် လုပ်ဆောင်ချက်များ ကွဲပြားပုံအကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့ရွေးချယ် အသုံးပြု လိုက်သော ကုန်စည်ကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှုကြောင့်ဖြစ်စေ ထိခိုက်နစ်နာမှုများရှိပါက မိမိတို့၏ စားသုံးသူအခွင့်အရေးကို အဆုံးရှုံးမခံဘဲတိုင်ကြားကြစေလိုကြောင်း၊ ပြည်သူအားလုံးကို တိုင်ကြားသည့်အလေ့အကျင့်များ ရှိစေလိုကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ဘက်မှလည်း လိုက်နာရမည့် တာဝန်များကို လိုက်နာကြရန် လိုအပ်ကြောင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကြောင့် တိုင်ကြားလာသောကိစ္စရပ်များအားလည်း ဌာနမှ ညှိနှိုင်းပေးသဖြင့် အဆင်ပြေသွားသည့် အမှုကိစ္စများ များစွာရှိပါကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိပါကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်ဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရသည်များကို  ရှင်းလင်းဆွေးနွေးခဲ့ရာ  ဝန်ထမ်းများမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊  ပြန်လည်ဖြေကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဌာနမှဆောင်ရွက်လျက် ရှိသောလုပ်ငန်းများကိုသိရှိနိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ ပဂိုးကုန်းကျေးရွာရှိ Leo One စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် ဌာနမှဆောင်ရွက်နေသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စက်သုံးဆီရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊  စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများ၊ တိုင်ကြားခြင်းအပေါ် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်းအကြောင်းများ၊ အခန်း(၂၃)ပါ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူရောင်းချသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

           စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်(၃)ချက်အနက် ဒုတိယအချက်ဖြစ်သည့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဒီဇင်ဘာလ ၆ ရက်နေ့က စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ Blue Moon သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

          Blue Moon သောက်ရေသန့်လုပ်ငန်းရှင် ဒေါ်ချောအိထူးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ် ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာ မှန်ကန်မှုရှိ /မရှိ၊ ထုတ်ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်မှုရှိ /မရှိ၊ ကွင်းဆင်း စစ်ဆေးခဲ့ရာ သောက်ရေသန့်ဘူးခွံ၌ အသားတင်အလေးချိန်ကို ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ  ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်နှင့် ကုန်ချော (ရေသန့်ဘူး)များ စနစ်တကျ သိုလှောင်ထိန်းသိမ်းရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးပြောကြား ခဲ့ကြပါသည်။

DOCA(စစ်ကိုင်း)

ဝက်လက်မြို့၊ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့၌ မြို့နယ်တာဝန်ခံဦးမျိုးအောင်သည် ကျောင်း သား/ကျောင်းသူ (၅၀)ဦးနှင့် ဆရာ/ဆရာမ(၆)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ဝက်လက်မြို့နယ်တာဝန်ခံဦးမျိုးအောင်မှ စားသုံးသူရေးရာဦးစီး ဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Missionများ၊စားသုံးသူ၏ အခွင့်အရေး များကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ပြဌာန်းထားကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)  ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုဖြစ်ပါက ဝယ်ယူသည့်သက်သေအထောက်အထားနှင့်တကွ အရေးဆိုတိုင်ကြားရမည်ဖြစ်ကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပါက Online ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ် တိုင်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် 1535 သို့ ရုံးဖွင့်ရက် ရုံးချိန်အတွင်းမည်သည့် Operator Ph No.က ဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်း မေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ ဆရာမ(၆)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦးတို့အား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ညောင်လေးပင်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့ ၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စည်သွပ်အစားအစာများကို ၁၃.၁၂.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ စည်သွပ်အစားအစာများသည် စားသုံးသူများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ရှိ/မရှိ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပါ အာမခံချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ၊ အာမခံချက်နှင့်ကိုက်ညီသော အရည်အသွေးမြင့်မားသော ကုန်စည်များကို  ရောင်းချရန် နှင့် စားသုံးသူကာကွယ်‌ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန် ၊ ဝတ္တရားများကို ဆိုင်ပိုင်ရှင်များ သိရှိနိုင်စေရန် အသိပညာပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် နှစ်ပတ် တစ်ကြိမ် Thursday Talk ကျင်းပပြုလုပ်

       ၈.၁၂.၂၀၂၂ ရက်နေ့ ၊ နေ့လယ် (၁ : ၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ Zoom Application ကို အသုံးပြု၍ Online Virtual စနစ်ဖြင့် နှစ်ပတ်လျှင်တစ်ကြိမ် Thursday Talk အား ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ Thursday Talk တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများ ၊ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံ   စုစုပေါင်း (၁၀၂) ဦးတက်‌ရောက်ခဲ့ပြီး တောင်ငူခရိုင် ဦးစီး မှူးရှိ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm နှင့် စပ်လျဉ်း ၍ Website တွင် ပါဝင်သည့် ခေါင်းစဉ်အလိုက် ဝန်ထမ်းများအတွက် လေ့လာနိုင်သည့် ဉပ‌ဒေနှင့် အမိန့်ညွှန်ကြားချက်များ ၊ စာအုပ်စာတမ်းများ ၊ ကုန်ပစ္စည်းသတိပေးချက်များ ၊ စားသုံးသူရေးရာ သတင်းနှင့် လှုပ်ရှားမှုများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လေ့လာရေးခရီးသွားရောက်

        ၆.၁၂.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ၊ ဌာနခွဲတာဝန်ခံများနှင့် ပဲခူးခရိုင်ဦးစီးမှူး ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများ စုစုပေါင်း (၁၅) ဦးသည် ပဲခူးတိုင်းဒေသကြီး ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရှိ ရုံးလုပ်ငန်းဆိုင်ရာများ ၊ စာရင်းဇယားထားသို သိမ်းဆည်းမှုနှင့် စပ်လျဉ်း၍ လေ့လာနိုင်ရန်အတွက် ရက်တိုလေ့လာရေးခရီးစဉ်သွားရောက်ခဲ့ပါသည်။

        အဆိုပါ လေ့လာရေးခရီးစဉ်တွင် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ရုံးစတင်ဖွဲ့စည်း၍ ဝန်ထမ်းနေရာချထားမှု အခြေအနေများ ၊ မိမိတို့ ဌာနမှ ဆောင်ရွက်နေရသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ယခုလိုရုံးဌာနအတွင်း စာရင်းဇယား ထားသို သိမ်းဆည်းမှုများကို လေ့လာခွင့်ရသည့်အတွက်  ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ဝန်ထမ်းများမှ ရုံးအသုံးအဆောင်ထားသိုသိမ်းဆည်းမှုများ ၊ စာရင်းဇယား ထားသိုသိမ်းဆည်းမှုနှင့် စာအုပ်စာတမ်း ထားသိုသိမ်းဆည်းမှုများကို လှည့်လည်ကြည့်ရှု၍ လေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးစောသန်းထိုက်ကျော် နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ် ၂၂ ရပ်ကွက်ရှိ၊ ထီးနီကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသား ကျောင်းသူ ၁၂၄ ဦးအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဇီးဒိုင်းကျေးရွာ တံတားဦးအခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူ ၉၆ ဦးတို့အား စားသုံးသူ ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

            ယင်းနေ့ မွန်းလွဲပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော် ဇော်ထွေးနှင့် ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်တို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံတို့နှင့်အတူ ရေတာရှည်မြို့ အမှတ် ၄ ရပ် ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသား ကျောင်းသူ ၉၇ ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

         ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို အရေးဆိုတိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများကို ကဏ္ဍအလိုက် တာဝန်ရှိသူများက ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ