သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုးချဲ့စိုက်ပျိုးသင့်သည့် ဝင်ငွေကောင်းသော အစေ့ထုတ်ပြောင်း

            အစေ့ထုတ်ပြောင်းသီးနှံသည် ပြည်တွင်း မွေးမြူရေးအစားအစာနှင့်ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းသီးနှံကို တောင်ပေါ်ဒေသများတွင် ဧကရီ၊ ရေဆင်းစပ်မျိုး(၃)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊ စူဝမ်(၃)၊ ရေဆင်းစပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၄)နှင့် ရေဆင်းစပ်မျိုး (၅) တို့ကို အဓိကထားပျိုးကြပါသည်။

           အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ရေစိမ့်ဝင်မှုကောင်း၍ ရေမဝပ်သောမြေ၊ နုန်းမြေ၊ စနယ်မြေ၊ သဲနုန်းမြေ၊ မြေနီနှင့် စနယ်မြေနက်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် မိုးရာသီ တစ်ဧက အပင်ဦးရေ ၂၃၀၀၀ မှ ၂၅၀၀၀၊ မိုးနှောင်း/ဆောင်းရာသီ တစ်ဧက အပင်ဦးရေ ၁၇၀၀၀ မှ ၂၀၀၀၀ ထိ ရရှိအောင် စိုက်ပျိုးရန် လိုအပ်ပါသည်။ တစ်ဧကတွင် ရှိသင့်သည့် အပင်ဦးရေမပြည့်ပါက အထွက်နှုန်းကျဆင်းနိုင်ပါသည်။ အပင်ပေါက်စုံပြီး ၁၄ ရက်သားတွင် မဖြစ်မနေ သားခွဲပြီးပင်ခြေကို မြေဆွပေးရန် လိုအပ်ပြီး အပင်ပေါက်စုံပြီး ၃၅ မှ ၄၀ ရက်သားတွင် ဘောင်တင်ပေးရန် လိုအပ်ပါသည်။ မြေအစိုဓါတ်ပေါ်မူတည်၍ မျိုးစေ့ အတိမ်အနက်ကို ၂ လက်မမှ ၂.၅ လက်မ ထား၍ စိုက်ပျိုးသင့်ပါသည်။

        သွင်းအားစုအနေဖြင့် နွားချေး သို့မဟုတ် သစ်ဆွေးမြေဩဇာနှင့် ဓါတ်မြေဩဇာများကို မြေမပြုပြင်မီ ညီညာစွာ ထည့်သွင်းရန်လိုအပ်ပါသည်။ အပင်(၁)လသား အရွယ်တွင် ကျရောက်တတ်သော ရွက်စားပိုးနှင့်ပျပိုး၊ ပန်းပွင့်ချိန်တွင် မိုးပြတ်ပါက ကျရောက်တတ်သော ပျပိုးများကို ထိသေ ပိုးသတ်ဆေး များဖြင့် အချိန်မှီ နှိမ်နင်းရန် လိုအပ်ပါသည်။

          အစေ့ထုတ်ပြောင်းတွင် ကျရောက်တတ်သော ရောဂါများကို ကာကွယ်ရန်အတွက် အပင်ပေါက် စုံသည်မှ (၄)ပတ်သားအထိ ပေါင်းလုံးဝကင်းစင်စေရန် ကြားပေါင်းလိုက်ပေးရန်လိုပါသည်။ အစေ့ထုတ်ပြောင်းစေ့အား နို့ရည်တည်ချိန်မှ စတင်၍ ဖျက်ဆီးတတ်သော ကြွက်၊ ခွေး၊ ကြက်တူးရွေးနှင့် ရှဉ့်တို့၏ အန္တရာယ်အား ကာကွယ်ရန်လည်း လိုအပ်ပါသည်။

       ပြောင်းဖူးဖက်သည် အဝါရောင်သန်းပြီး အစေ့ထုတ်ပြောင်းရိုးညှာတွင် အညိုရောင်ကွင်းကို တွေ့ရချိန်တွင် ရိတ်သိမ်းရန်လိုအပ်ပြီး ရိတ်သိမ်းပြီး ချက်ချင်းဖက်ခွာ၍ နေလှန်ရန်၊ ဖက်ခွာပြီး အဖူးများကို စုံပြုံထားခြင်း မပြုရပါ။ စုပုံထားသော အဖူးများတွင် မှိုအလွယ်တကူတက်၍ အစေ့ထွက်နှင့်အရည်အသွေးပါ ကျဆင်းစေပါသည်။ ဖက်ခွာနေလှန်းခြင်းကို ၅ ရက်မှ ၇ ရက်ခန့်ပြုလုပ်ပြီး အစေ့ခြွေရန်နှင့်အစေ့များကို ထပ်မံနေလှန်ရန် လိုအပ်ပါသည်။ အစေ့များကို အစေ့တွင်း အစိုဓါတ် ၁၅ ရာခိုင်နှုန်းအောက်ကျစေရန် နေလှန်းရန် လိုအပ်ပြီး နေလှန်းရာတွင် အထူ ၂ လက်မခွဲ မှ ၃လက်မအထိ ညီညာစွာနေလှန်းရန် လိုအပ်ပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မိုးစိုက်ဧက(၂၁၀၆၀၈)ဧကနှင့် ဆောင်းစိုက်ဧက(၂၅၀၂၅)ဧက၊ စုစုပေါင်း(၂၃၅၆၃၃) စိုက် ပျိုးခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စက်တင်ဘာလကုန်အထိ မိုးစိုက်ဧက(၁၅၇၆၂၃)ဧက စိုက်ပျိုးပါကြောင်း၊ ကန့်ဘလူခရိုင်၊ ကလေးခရိုင်၊ ရွှေဘိုခရိုင်နှင့် စစ်ကိုင်းခရိုင်တို့တွင် အများဆုံး စိုက်ပျိုးပြီး ယခုနှစ်တွင် လုပ်အားခများပြားခြင်း၊ လုပ်သားရှားပါးခြင်းနှင့်ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အစေ့ထုတ်ပြောင်း(CP)ကိုပိုမို စိုက်ပျိုးလာကြကြောင်း၊ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၄)သိန်းခန့် ကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် ယခင်နှစ် အောက်တိုဘာလက တစ်တင်းလျှင် (၁၀၅၀၀) ကျပ်၊ ယခုနှစ် တစ်တင်းလျှင် (၁၇၈၀၀)ကျပ်ရရှိပါသဖြင့် ယခင်နှစ်ကာလတူ နှင့်နှိုင်းယှဉ်လျှင် (၇၃၀၀)ကျပ် ပိုမိုရရှိပါကြောင်း၊ တစ် ဧကပျှမ်းမျှအထွက်နှုန်း အနေဖြင့် (၇၀)တင်း ထွက်ရှိပါသဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ်(၁၂)သိန်းကျော်ခန့် ရရှိပါသဖြင့် တစ်ဧကအကျိုး အမြတ် အနေဖြင့် ကျပ်(၈)သိန့်ခန့် ရရှိကြောင်း၊ ပဲတီစိမ်းသီးနှံ ကဲ့သို့ လုပ်သားအင်အား အသုံးမပြုရသည့်အပြင်  ပြည်တွင်းမွေးမြူရေးအစားအစာနှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုး ဖြစ်သည့်အတွက် အစေ့ထုတ်ပြောင်းသီးနှံကို ပိုမို တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုး ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)

ကလေးခရိုင်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အသိပညာပေးဟောပြောခြင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်မှ ဝန်ထမ်းများသည် အောက်တိုဘာလ ( ၂၀ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဆရာ/ဆရာမ ( ၅ ) ဦး၊ ကျောင်းသား/ ကျောင်းသူ ( ၇၀ ) ဦး၊ စုစုပေါင်း(၇၅ )ဦးကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

           အသိပညာပေးဟောပြောရာတွင် ဦးစွာပထမ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကားနှင့် နုတ်ခွန်းဆက် စကားပြောကြားပြီး ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စန္ဒာမွန် (ဒု-ဦးစီးမှူး)မှ အစား အသောက်များကိုဝယ်ယူရာတွင် သတိပြုရမည့်အချက်များအကြောင်း၊ ကလေးခရိုင် စားသုံးသူ ရေးရာဦးစီးဌာန ဒေါ်ဇင်မိုးဝါ (ကြီး/ရေး)မှ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( CICC ) ဖွင့်လှစ်ထား ရှိပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက (CICC) ရုံးသို့ လာရောက်တိုင်ကြားနိုင်ပါကြောင်း ထိုသို့ တိုင်ကြားရာတွင် ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် အခြားသူများနစ်နာဆုံးရှုံးစေရန် ရည်ရွယ်၍ တိုင်ကြာမှုမျိုးမဟုတ်ဘဲ မိမိဘက်မှအမှန်တစ်ကယ် နစ်နာဆုံးရှုံးမှသာ တိုင်ကြားကြရန် အသိပညာ ပေးဆွေးနွေး ပြောကြားခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မြေနူကျွန်းများ၌ ပဲနီကြားများ ရာသီအမီ စိုက်ပျိုးလျှက်ရှိ

       မုံရွာမြို့ အနောက်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ရေဝင်ဒေသများဖြစ်ကြသည့် ရွာရှည်အုပ်စု လက်ပန်းတောင်းအုပ်စုနှင့် တုံအုပ်စုရှိ ကျေးရွာများမှ ပဲမျိုးစုံသီးနှံကို အဓိကစိုက်ပျိုး ကြောင်းသိရသည်။ အဆိုပါ ကျေးရွာများလည်းမြေနူကျွန်းနှင့် ရေတင်အင်းမြေများတွင် ယခင်ကမြေပဲ သီးနှံကို အဓိကစိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကွက် ရရှိနေသည့် ပဲနီကြားများကို ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

   ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ မြေနူကျွန်းများ၌ ပဲနီကြားသီးနှံကို နှစ်စဉ် ဧက(၇၀၀)ကျော် ပုံမှန်စိုက်ပျိုးကြောင်း၊ ယခုနှစ် အောက်တိုဘာလဆန်းပိုင်မှ စတင်စိုက်ပျိုးခဲ့သော်လည်း မိုးအဆက် မပြတ်ရွာသွန်းနေသည့်အတွက် အောက်တိုဘာလ ဒုတိယပတ်မှသာ ဆက်လက်စိုက်ပျိုးခွင့်ရရှိခဲ့ ကြောင်း တောင်သူအများစုမှ ရာသီအမီ အင်နှင့် အား နှင့် စိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်နှစ်က မိုးနှေင်းရွာသွန်းခဲ့ခြင်းမရှိသည့်အတွက် တောင်သူအများစု ရေပေးသွင်းပြီးစိုက်ပျိုးခဲ့ရကြောင်း၊ ပဲ ပေါ်ချိန်ဈေးကောင်းရရှိခဲ့သည့်အတွက် တောင်သူများ အကျိုးအမြတ်ရရှိခဲ့ကြောင်း ဒေသခံတောင်သူ များထံမှ သိရှိရပါသည်။

       ပဲနီကြားသီးနှံမှာ စိုက်ပျိုးရလွယ်ကူပြီး ထွန်ရေးပြုပြင်စရိတ်နှင့် သွင်းအားစုစရိတ်သက်သာခြင်း၊ ဈေးနှုန်းနှင့် ဈေးကွက်ရရှိနေခြင်းများကြောင်း‌တောင်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးလာ ကြောင်း၊ ရာသီဥတုကောင်းမွန်ပါက တစ်ဧက (၂၀)တင်းခန့် ထွက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် (၂)သိန်းကျော်သာ ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်တင်းလျှင် (၄၀၀၀၀)‌ကျပ် ရရှိခဲ့ သည့်အတွက် တစ်ဧက (၇)သိန်းဝန်းကျင်ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း တောင်သူဦးဌေးလွင်၏ ပြောပြချက်အရ သိရှိပါသည်။

     ယခုလက်ရှိ ဈေးကွက်အတွင်း၌ ပဲနီကြားလက်ကျန်နည်းပါလာသည့်အတွက် နေ့စဥ်ပေါက် ဈေးနှုန်း မထွက်ရှိကြောင်း၊ မျိုးပဲများအဖြစ် ဝယ်ယူမှုရှိနေကြောင်း၊ ပဲနီကြား တစ်တင်းကို (၄၈၀၀၀) ကျပ်မှ (၅၀၀၀၀)ကျပ်အထိ ပေါက်ဈေးရှိကြောင်း၊ ပုံမှန်အားဖြင့် ဒေသတွင်း ပဲကြော်ဖိုနှင့် စက်သမား များအပြင် မန္တလေး၊ ပဲခုက္ကူမြို့များမှလည်း ဝယ်လိုအားရှိနေသည့်အတွက် တောင်သူများ ပိုမိုစိုက်ပျိုး လာကြောင်းပဲကုန်သည်တစ်ဦး၏ သုံးသပ်ပြောကြားချက်များအား ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးမြို့၊ ကလေးဝမြို့များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ၂၀ ) ရက်နေ့တွင် နယ်မြေအတွင်းရှိ ကလေးမြို့နှင့် ကလေးဝမြို့ စည်ပင်သာယာဈေးတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိကို စည်ပင်သာယာ ဈေးနှင့် ရပ်ကွက်များသို့ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

     သွားရောက်စစ်ဆေးရာတွင် အသင့်စား ငါးပိထောင်းနှင့် ဟင်းသီးဟင်းရွက်ဆီများကို စစ်ဆေးခဲ့ပြီး လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မြို့နယ်များအလိုက် ဆောင်ရွက် လျက်ရှိပြီး  ကွင်းဆင်းဆောင်ရွက်ရာတွင် လူအများစုအသုံးပြုသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်များအနေဖြင့်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ် ( ၂/၂၀၁၉ )နှင့်အညီ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြပါရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုများ ရှိလာ သည်ကို တွေ့ရှိရပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

             

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

    ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ဇေတဝန်ဘုန်းတော်ကြီးအတတ်သင်ကျောင်း၊ အ.မ.က (မူလွန်)ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ အပါအဝင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၀)ဦး တက်ရောက်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦးအောင်လင်းဦး (ဒုတိယဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပါသည်။ စားသုံးသူကာ ကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆို ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေး ကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများ နှင့် စားသုံးရန်သင့်မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး စားသုံးသူအခွင့်အရေး (၈)ချက်ကို ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(ရှမ်း)

“ (မိတ္ထီလာ/ရမည်းသင်း) ခရိုင်အတွင်း စားအုန်းဆီများကို စျေးကားဖြင့် လှည့်လည်ရောင်းချနေ”

     စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ ဆောင်ရွက်လျှက်ရှိရာ ဒေသအလိုက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့် အစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိရာ (၁၁-၁၀-၂၀၂၂) ရက်နေ့မှစ၍ နေ့စဉ် (၁၄-၁၀-၂၀၂၂) ထိ ယာဉ်(၄)စီးဖြင့် မိတ္ထီလာခရိုင်အတွင်း   မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်များရှိ ရပ်ကွက် ၊ ကျေးရွာ၊ စျေးများတွင် လည်းကောင်း ၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ၊ စျေးများတွင် လည်းကောင်း တစ်ပိဿာလျှင် (၅၃၅၀ိ/-) (၅၃၀၀ိ/-)နှုန်းဖြင့် ပီပါ(၈၀)ပီပါ ရောင်းချခဲ့ရာ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ဆေးဈေးနှုန်းများ ဈေးကွက်စောင့်ကြည့် စာရင်းကောက်ယူခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၂၁/၂၀၂၀ အရ ဆေးဝါးများကို အ‌ရေးကြီးကုန်စည်အဖြစ်သတ်မှတ်လိုက်သဖြင့် ဆေးဝါးများကို စျေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ စျေးကစားရန်ရည်ရွယ််၍ သိုလှောင်ခြင်းမပြုရန်ကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တရားမဝင်ဆေးဝါးများ၊ အတုအပနှင့် အရည် အသွေး နိမ့်ဆေးဝါများ ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်မှုရှိစေ‌ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သောဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည်၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် သာစည်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိခြင်း၊ ဆေးစျေးနှုန်းမှာ အခြားကုန်စည်များ နည်းတူ အတိုင်းအတာတစ်ခုထိ မြင့်တတ်လာသော်လည်း စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်း၊ တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။ အရောင်ဆိုင်ရှင်များအား ကုန်စည်များကို စျေးကွက်အတွင်း စျေးနှုန့်မြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မ ဟုတ်) စျေးကစားရန်ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အ‌ရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

 

 

“မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

     မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်း မြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိကို သာစည်မြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော  ရွှေသင်းသူ၊ ပန်းစံပယ်၊ ကျော်စံ၊ ‌ရှမ်းရွှေတောင်၊ ကောင်းဇော်ဟိန်း နှင့်  ဟိန်းရာဇာ စက်သုံးဆီဆိုင်များအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ၊  အရည်အသွေးပြည့်မီမှန်ကန် သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ချောဆီ များကိုသာတင်သွင်း ၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေး လုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ််သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိ ပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များမှ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ရောင်းချမှုရှိပြီး၊ အချိန်အတွယ် လီတာ ၊ ဂါလံများ ပြည့်ဝမှုရှိ/မရှိ (၂၀) လီတာစံဝင်ခွက် ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မလှိုင်မြို့နယ်အတွင်း အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

       မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ၊ (မိတ္ထီလာ/ ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ   ၁၇  ရက်နေ့ (၁၀း၀၀) အချိန်တွင် မလှိုင်မြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းရောင်းချသော အလှကုန်ဆိုင် (၈) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ စစ်ဆေးရာတွင် စျေးကွက်အတွင်း အလှကုန်ပစ္စည်းရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ မည်သည့်လုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်‌ရေးဥပဒေ ပြဌာန်းချက်နှင့်အညီ ဖော်ပြ၍ တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန်လိုအပ်ကြောင်း ၊ မြန်မာစာ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိပြီး တရားဝင်တင်သွင်းထားသည့် အလှကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသည့် အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး’ အကယ်၍ လိုက်နာဆောင်ရွက်မှု မရှိပါက ဥပဒေအရ အ‌ရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထောက်ခံချက်အမှတ်များပါရှိပြီး ကုန်အညွှန်း အမှတ်သားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       အလှကုန်ပစ္စည်းရောင်းဆိုင်များအနေဖြင့် အလှကုန်များကို တရားဝင်ကုမ္ပဏီများမှ ဝယ်ယူ‌ ရောင်းချပါကြောင်းနှင့် ထောက်ခံချက်အမှတ်များပါရှိပြီး ကုန်အညွှန်း အမှတ်သားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချနေကြကြောင်းနှင့် အလှကုန်များတွင် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာမြို့နယ်၊ ကျောက်ဖူးရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

    မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၁၃) ရက် နေ့  နံနက်(၁၀း၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်၊ ကျောက်ဖူးရပ်ကွက်ရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချလျှက်ရှိသောကုန်စည်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်မျိုးအောင်ရပ်ကွက်၍ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူ ကာကွယ်‌ရေးဥပ‌ဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ ဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဥပဒေအခန်း (၂၃) ပါ တားမြစ် ချက်များ၊ ဥပဒေအခန်း (၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ဆက်စပ်း၍ ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင် (ဆ)တို့ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ