သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူအခွင့်အရေးများသိရှိနိုင်စေရေး  စားသုံးသူကာကွယ်ရေးအသိပညာပေး

      မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူ အခွင့်အရေးနှင့်စားသုံးသူအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ စက်တင်ဘာလ(၆)ရက်၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်း(တွဲဘက်) ဆုံကုန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ (၁၁)ဦး၊ ကျောင်းသား/သူ(၇၂) ဦး၊ စုစုပေါင်း(၈၃)ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဌာန၏သမိုင်းကြောင်း နှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဟောပြောပွဲ ကျင်းပ ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများကို သိရှိ နားလည်ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားဆောင်ရွက်နိုင်ကြောင်း၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင်လည်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် များမှာလည်း အရေးပါကြောင်း Power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စားသုံးသူများတွင် အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များ အကြောင်းမှ စားသုံးသူ၏အခွင့်အရေးများသိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးများ သိရှိပြီး ရယူနိုင်မှသာလျှင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်နစ်နာမှုများအတွက် တိုင်ကြားနိုင်ခွင့် ၊ ပြန်လည်ကုစား နိုင်ခွင့်များရှိပြီး နောင်အနာဂတ်မှာ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည် ဖြစ်ကြောင်း၊ လိုက်နာရ မည့်တာဝန်(၄)ချက်ကိုလည်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဒု-ဦးစီးမှူး ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား စားသုံးသူများအတွက် ကုန်စည် များ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်ကုန်အမှတ်တံဆိပ်၊ ကုန်ပစ္စည်းအမျိုးအမည်၊ အရေ အတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲသည့်နည်းလမ်းများ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်း အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြည်ပမှ ကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုတ်ပိုးသည့် နေရာ၊ ပါဝင်သောကုန်ကြမ်းပစ္စည်းအမျိုးအမည်၊ ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသားအချက်များပြည့်စုံမှသာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်ပစ္စည်းများဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

     ဆက်လက်၍ ဦးစီးမှူးဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် စားသုံးသူများအား အခွင့်အရေးများ သိရှိပြီး နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူနစ်နာမှုများအား စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားပြီး တိုင်ကြား နိုင်ကြောင်း၊ ကုစားပေးခြင်းများ၊ တိုင်ကြားနိုင်သူများနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများမှာ   DOCA Myanmar မိုဘိုင်း Application Facebook စာမျက်နှာနှင့် Consumer Call Center ဖွင့်လှစ် ထားပြီး (1535)မှ တစ်ဆင့်တိုင်ကြားနိုင်သည့်အခြေအနေများအား အကျယ်အဝင့် ဆွေးနွေးခဲ့ ပါသည်။

    အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ကျောင်းသား/သူများအား ဌာန၏သမိုင်းကြောင်း၊ စားသုံးသူများရရှိမည့်အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် ဥပဒေအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက်သည့်သူများက  ပြန်လည် မေးမြန်းခြင်းများ ၊အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီးနောက်တက်ရောက်လာကြသူများအား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကွမ်းစားထုံးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

          ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း ကွမ်းစားထုံးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးသည်  ၎င်းထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေပြဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး လိုအပ်သည်များသိရှိလို၍ (၉-၉-၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်ခရိုင် ခရိုင်ဦးစီးမှူးထံ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              တွေ့ဆုံဆွေးနွေးမှုအရ လုပ်ငန်းရှင်သည် တောင်ကုတ်မြို့နယ်အတွင်း “စွဲ” အမှတ်တံဆိပ်ဖြင့် အသင့်စားကွမ်းစား ထုံးလုပ်ငန်းကို လုပ်ကိုင်ကြောင်း၊ ဒေသတွင်း ဖြန့်ဖြူးရောင်းချသူတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရာ ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ အခန်း (၁၈) ပုဒ်မ (၄၁) (၄၂) (၄၃) ပြဌာန်းချက်များ၊ ကုန်စည်အုပ်စုအလိုက်၊ ကုန်ပစ္စည်းအမျိုးအစားအလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြရန်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသောကုန်ပစ္စည်းများထုတ်လုပ်ရေး၊ စာသုံးသူများအသုံးပြုမည့်ကုန်စည်များ အတွက် သက်ဆိုင်ရာအစိုးရဌာနများ၏ စံသတ်မှတ်ချက်နှင့်အညီလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

မင်းဘူးမြို့မဈေးအတွင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေး

        မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊မင်းဘူး မြို့နယ်တာဝန်ခံသည် ၈.၉.၂၀၂၂ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မင်းဘူးမြို့မဈေး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီတို့ ပူးပေါင်းပြီး အများပြည်သူအတွက်ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေး နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မင်းဘူးမြို့မဈေးအတွင်းရောင်းချနေသောမုန့်ဆိုင်(၇)ဆိုင်အား FDA မှ စားသုံးရန် မသင့်ဟု တားမြစ်ထားသော Happy Bei Bei အမှတ်တံဆိပ်ပါ သံပုရာရည်၊ နိုင်ငံကျော်သရဖူ အမှတ်တံဆိပ်ပါ အရောင်တင်မှုန့်၊ New Choice မက်မန်းသီး၊ Happy အမှတ်တံဆိပ်ပါ ဆေးမန်းကျည်း၊ Power Ball Energy Drink ၊ အမှတ်တံဆိပ်မပါ ရောင်စုံဂျယ်လီတို့အား ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး တစ်ဆက်တည်း ဒေသတွင်း ထုတ်လုပ်သော အသင့်စား စားသောက်ကုန်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေအရ ပြဌာန်းထားသော ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းထားမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများ ပြည်စုံစွာပါဝင်သည့်ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန်  အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းစွမ်းဆောင်မှုမြှင့်တင်ရေးအထောက်အကူပြု အသိပညာပေး ဟောပြောဆွေးနွေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၏ ဝန်ထမ်းစွမ်းဆောင်ရည်တိုးတက်လာစေပြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန် ရည်ရွယ်၍ တိုင်း/ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၃၁.၈.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီ အချိန်တွင် ပခုက္ကူခရိုင် ဦးစီးမှူးရုံး၊ CICCခန်းမ၌ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်တို့သည် ဝန်ထမ်းစွမ်းဆောင်မှုမြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြော ဆွေးနွေးခြင်း ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    အသိပညာပေးဟောပြောဆွေးနွေးရာတွင် ဒုဦးစီးမှူး ဒေါ်မြင့်မြင့်သန်းမှ ဦးစွာပထမ ဌာန ပေါ်ပေါက်လာပုံ၊ ဌာနရည်မှန်းချက်၊ မျှော်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ နှင့် ပြဌာန်းခဲ့သည့် ခုနှစ်နှင့် ဥပဒေရည်ရွယ်ချက်၊ ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၀)၊ ပုဒ်မ(၂၂၊ ၂၃)ပါ စီးပွား ရေးလုပ် ငန်းရှင်မှ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၂)၊ ပုဒ်မ(၂၄၊၂၅)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့် အရေးများနှင့် တောင်းဆိုပိုင်ခွင့်များ၊ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြ ရမည့် အာမခံချက်များတွင် ဖော်ပြရန်အချက်အလက်များ၊ သတင်းအချက်အလက်များပြည့်စုံစွာ ဖော်ပြခြင်းမရှိလျှင်ဖြစ်စေ စားသုံးသူက ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် တောင်းဆိုနိုင်ခွင့်ရှိကြောင်း၊ အခွင့်အရေး များမှာ စားသုံးသူမှ ကုန်စည်(သို့)ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုရာတွင် ဆုံးရှုံးနစ်နာမှုများဖြစ် ပေါ်လာပါက စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးထားသည့်အတိုင်း ပြန်လည်ပြင်ဆင်လဲလှယ်ပေးခြင်း(သို့) အပိုပစ္စည်း မရရှိလျှင် ထုတ်လုပ်သူထံမှ ကုန်စည်တန်ဖိုး (သို့) ဝယ်ယူသုံးစွဲသည့် ကုန်စည်(သို့) မူလအရည်အသွေးအောက် မနိမ့်သောကုန်စည်ကို ပြန်လည်ရရှိခြင်း၊ စီးပွားရေးလုပ်ငန်းရှင်ဘက်မှ ချို့ယွင်းချက်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ယင်းကုန်စည်တန်ဖိုး နှင့် ညီမျှသောကုန်စည်ကို အစားထိုးလဲလှယ်ပေးခြင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ သတင်းအချက်အ လက်ဖော်ပြရန် ပျက်ကွက်မှုကြောင့် ထိခိုက်နစ်နာမှုရှိခဲ့လျှင် ယင်းအတွက် လျော်ကြေးတောင်းခံခွင့် ရရှိခြင်း စသည့် တောင်းဆိုနိုင်သည့်အခွင့်အရေးများကို စီးပွားရေးလုပ်ငန်းရှင်က စားသုံးသူအပေါ် အာမခံချက် ပေးထားပြီးဖြစ်ကြောင်း အာမခံချက်ပေးထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကုန်စည် နှင့်စပ်လျဉ်း၍ စားသုံးသူမှ တောင်းဆိုပိုင်ခွင့် (၃)ချက်ရှိကြောင်း၊ အာမခံချက်နှင့်ညီသော အရည် သွေးတူကုန်စည်ရရှိရန်၊ ရောင်းချသူမှ ငွေပြန်ပေးရန်၊ ပြင်ဆင်ပေးရန်(သို့)ပြန်လည်လဲလှယ် ပေးရန်နှင့် အာမခံချက်ထားသည့်အတိုင်း အမှန်တကယ်မရရှိပါက လျော်ကြေးရရှိရန်စသည့် အချက် များကို စားသုံးသူမှ ပြန်လည်တောင်းဆိုနိုင်ခွင့်ရှိကြောင်း အာမခံချက်ပေးထားမှုအပေါ် တောင်းဆို နိုင်ခွင့်ရရှိရန်အတွက် စားသုံးသူမှ ကုန်စည်ဝယ်ယူအသုံးပြုရာတွင် သက်သေခံပြေစာအထောက် အထား အာမခံချက်ပါရှိမှသာလျှင် ပြန်လည်တောင်းဆိုနိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပါသည်။

     အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်မှ ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ စားသုံးသူမှ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အမှတ်တံဆိပ်၊ ကုန်ပစ္စည်း အမျိုးအမည်၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ ထုတ်လုပ် သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြည်ပမှကုန်စည်များတင်သွင်းပြီး ပြန်လည် ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်းအမျိုးအမည်၊ ပမာဏအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး(သို့)ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာန များက ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူများမှ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအ မှတ်အသားနှင့်ပြည့်စုံသော ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲမှသာလျှင် ဘေးကင်းလုံခြုံစိတ်ချရမည် ဖြစ်ကြောင်း၊ ရွေးချယ်ဝယ်ယူတတ်ရန် လိုအပ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA( မကွေး)

 

 

သရက်မြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ လုံခြံစိတ်ချရမှုရှိစေရေး အတွက် ရည်ရွယ်၍ (၈.၉.၂၀၂၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် သရက်မြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင် များတွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့်  စားသောက်ကုန်(၆)မျိုးအား ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထို့သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးရန်မသင့် ထုတ်ပြန် ထားသည့် စားသောက်ကုန် (၆)မျိုးအား ရောင်းချမှုမရှိစေရေး၊  စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်းကြားချက်(၂/၂၀၁၉)နှင့်အညီ ပြည်စုံစွာထည့်သွင်းဖော်ပြလာစေရေးနှင့် မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်း ဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော် ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နှစ်နာမှုရှိပါက တာဝန် ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ တိုင်ကြား နိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ တို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ  အရေးယူနိုင်သည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံး သူအသိပညာပေးလက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA( မကွေး)

 

မကွေးမြို့ရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် မော်တော်ယာဉ်လိုင်းဂိတ်တာဝန်ခံများအား တရားမဝင်ကုန်ပစ္စည်းများ ဝယ်ယူရောင်းချခြင်းမရှိစေရေးနှင့် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းမှသာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရေး အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခြင်း

        တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ (၁၉.၈.၂၀၂၂) ရက်နေ့ ကျင်းပပြု လုပ်ခဲ့သည့် (၄/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ “တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိမှု တိုးတက်ရရှိရေး ဆောင်ရွက်သကဲ့သို့ ကုန်သည်လုပ်ငန်းရှင်များအား လမ်းကြောင်းမှန်သို့ ရောက်ရှိရေး ထိန်းကျောင်းပေးရန်” ဟု ဆုံးဖြတ်ခဲ့မှုအရ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်စည် စီးဆင်းမှု ထိန်းချုပ်တားဆီးရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် ကွပ်ကဲမှုကော်မတီ၏ အောက်ရှိ စားသုံးသူ‌ ရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ အကောက်ခွန် ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကျော်မိုး၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး စိုးနိုင်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်သူတို့မှ ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၀၉:၃၀)မှ (၁၁:၄၅)နာရီထိ မကွေးမြို့၊ ကုန်တင်ယာဉ်ကြီးများ စစ်ဆေးရေးစခန်းရှိ ကွပ်ကဲရေး ရုံးခန်းတွင် ကုန်သည်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ်လိုင်းဂိတ်တာဝန်ခံများနှင့် စစ်ဆေးရေးဂိတ် တာဝန် ကျဌာနဆိုင်ရာဝန်ထမ်းများအား တရားမဝင် ကုန်ပစ္စည်းများ ဝယ်ယူရောင်းချခြင်း မရှိစေရေးနှင့် တရားဝင် ကုန်သွယ်မှုလမ်းကြောင်းမှသာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရေး အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

     ထိုအသိပညာပေးဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ(၁၆)ဦး၊ လုပ်ငန်းရှင်(၁၀)ဦးနှင့် ယာဉ်လိုင်းဂိတ် များဖြစ်သော ဦးသောင်းနှင့် သားများ၊ ပစ်တိုင်းထောင်၊ ရွှေပွင့်ဖြူ၊ နှင်းဝေဝေ၊ ရွှေပြည်‌အောင်နှင့် အောင်သူ ဂိတ် တာဝန်ခံ(၆)ဦး စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူ ကာကွယ်ရေးဥပဒေ-၂၀၁၉ ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ တားမြစ်ချက်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံရမည့်အချက်များပါဝင်သော လက်ကမ်းစာစောင်များ လည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA( မကွေး)

 

မကွေးမြို့၊ ကံလှရွာ GBS စက်ရုံ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့၏ နှမ်း စုပေါင်းရောင်းချပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့မှ သွားရောက် ကြည့်ရှုအားပေး

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန (နေပြည်တော်) ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် အဖွဲ့၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း နှင့် မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှတို့သည် (၇.၉.၂၀၂၂)ရက်နေ့ (၁၂:၃၀)နာရီ တွင် မကွေးမြို့၊ ကံလှရွာ GBS စက်ရုံတွင် ဖွင့်လှစ်ထားသော တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့၏ နှမ်း စုပေါင်းရောင်းချပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

       မကွေးမြို့၊ ကံလှရွာ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့စင်တာသို့ မကွေးမြို့၊ မြို့သစ်မြို့၊ မင်းဘူး မြို့နယ်၊ ‌ချောင်းဖြူရွာ၊ မင်းလှနှင့် ဆင်ပေါင်ဝဲမြို့နယ်များရှိ အဖွဲ့ဝင် တောင်သူများမှ လာရောက် ရောင်းချကြောင်း သိရှိရပါသည်။ (၇.၉.၂၀၂၂)ရက်နေ့ ဝယ်ယူသော နှမ်းသီးနှံစျေးနှုန်းများမှာ နှမ်းနက်(A)(၁၅)ပိဿာလျှင် (၁၀၃၁၀ဝိ/-)၊ နှမ်းနက်(B)(၁၅)ပိဿာလျှင်(၁၀၁၆၀ဝိ/-)၊ နှမ်းနက်(C)((၁၅)ပိဿာလျှင် (၁၀၀၁၀ဝိ/-)၊ နှမ်းဖြူ(A) (၁၅)ပိဿာလျှင် (၁၀၃၀၀ဝိ/-)၊ နှမ်းဖြူ(B)(၁၅)ပိဿာလျှင်(၁၀၁၅၀ဝိ/)၊ နှမ်းဖြူ(C) (၁၅)ပိဿာလျှင်(၁၀၀၀၀ဝိ/-)နှင့် နှမ်းနီ(A)(၁၅)ပိဿာလျှင် (၈၄၀၀ဝိ/-)စျေးနှုန်းအသီးသီးဖြင့် ဝယ်ယူ နေကြောင်းတွေ့ရှိရပြီး တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ မကွေး၊ ကံလှစင်တာအား (၁၅.၈.၂၀၂၂)မှ စတင်ဖွင့်လှစ်ဝယ်ယူခဲ့ပြီး (၆.၉.၂၀၂၂) ရက်နေ့ထိ နှမ်းမျိုးစုံ (၇၃၅.၃၅)တန် ဝယ်ယူပြီးဖြစ်ကြောင်းနှင့် တောင်သူ(၃၃၉၅)ဦးထံမှ နှမ်းတန်ချိန် (၃၀၀၀)ကျော် ဝယ်ယူမည်ဖြစ်ကြောင်း တောင်သူအကျိုးဆောင် ခေါင်းဆောင်များထံမှသိရှိရပါသည်။

DOCA( မကွေး)

အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း

     ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၁၀-၉-၂၀၂၂)ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ နိုင်ငံဝန်ထမ်းများနှင့်ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ အခြေခံစားသောက်ကုန်များဖြစ်သော ကြက်သား၊ ဝက်သား၊ ဘဲသား၊ ကြက်ဉ၊ ဟင်းသီးဟင်းရွက်များ၊ စားသုံးဆီများရောင်းချပေးခြင်းနှင့် ရခိုင်ပြည်နယ်စားသုံးသူရေးရာဦးစီး ဌာနမှကြီးကြပ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှPerfect King Trading Co.,Ltd.က စားသုံးဆီများအား နိုင်ငံဝန်ထမ်းနှင့်ဒေသခံပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့မှုများကို ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

စားသုံးသူများအား အသိပညာပေးဟောပြော

      ကရင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၁၂.၉.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ညောင်ကုန်းကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

     စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်ခြင်းပြုရန်၊ အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု၊ အခြားသူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလို ကြောင်း၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်‌ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်‌ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း သည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းစသည့်အချက်များအား အသိပညာပေးရှင်းလင်း‌ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

စိုက်ပျိုးရေးဆေး၊မျိုးစေ့နှင့် ဓါတ်မြေသြဇာ ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၂.၉.၂၀၂၂ရက်နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ဝိုင်းမော်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ (အောင်)စိုက်ပျိုးရေးဆေး၊ မျိုးစေ့နှင့် ဓါတ်မြေသြဇာ ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ဖော်ပြရမည့် အာမခံချက်များ ဖြစ်သည့် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန် အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက် အတွက်သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင်ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊ အာမခံချက် ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည် ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင်ပါဝင်သောဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်းစသည့် အချက်အလက်များပါဝင်ရမည်ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီးကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ