သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေတောင်မြို့နယ်တွင် အခြေခံလူတန်းစားများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချ

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး (အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ (၁၇.၈.၂၀၂၂)နေ့နှင့် (၁၈.၈.၂၀၂၂) နေ့တွင် ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက်ကြီး (၃)ရပ်ကွက်ဖြစ်သော သရက်တောရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့် ကြာနီကန် ရပ်ကွက်တို့တွင် အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချ ပေးခဲ့ပါသည်။

     ထိုသို့ရွှေတောင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ အခြေခံလူတန်းစားများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် မနောသုခဆန် (၁)ပြည်လျှင် (၁၆၀၀)ကျပ်ဖြင့် အိမ်ထောင်စု (၁၂၀၀)အတွက် ဆန်အိတ်(၁၀၀) အားရောင်းချပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် သက်သာသောနှုန်းထားဖြင့် စားသုံးဆီများရောင်းချမှုကို ကြီးကြပ်ဆောင်ရွက်

     ပဲခူးတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံတာဝန်ခံ ဦးမင်းဇော်၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့နှင့်အတူ ဩဂုတ်လ ၃၀ ရက်နေ့ က Diamond Dragon Co.,Ltd က တောင်ငူမြို့ အခြေခံလူတန်းစားများရာ ရပ်ကွက်များတွင် စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချနေမှုများကို ကြီးကြပ်ဆောင်ရွက်ပေးပါသည်။

     Diamond Dragon Co.,Ltd သည် စားသုံးဆီ ၅၀ ကျပ်သား တစ်ဘူးလျှင် ၃၁၀၀ ကျပ်၊ (တစ်ပိဿာလျှင် ၆၂၀၀ ကျပ်)နှုန်းဖြင့် တောင်ငူမြို့ အမှတ် ၁၈ ရပ်ကွက်၊ ငွေလှံအိုးကုန်းတွင် စားသုံးဆီပိဿာ ၆၆၀ ကိုလည်းကောင်း၊ အမှတ် ၂၂ ရပ်ကွက်၊ မင်းကြီးညိုတွင်  စားသုံးဆီပိဿာ ၆၆၀ ကိုလည်းကောင်း ရောင်းချပေးခဲ့ပါသည်။ ၎င်းကုမ္ပဏီသည် တောင်ငူခရိုင်အတွင်း အခြေခံ လူတန်းစားများသို့ စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျှက်ရှိရာ ဩဂုတ်လ ၃၀ ရက်နေ့အထိ ၈၉၃၂ ပိဿာကို ရောင်းချပေးပြီးဖြစ်ပါသည်။

    စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာန နှင့် တောင်ငူခရိုင်မှ ဆီကုန်သည်များပူးပေါင်း၍ တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီများကို ကော်မတီမှ အပတ်စဉ်ထုတ်ပြန်ကြေညာလျှက်ရှိသည့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ အခြေခံ လူတန်းစားများသို့ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် စားသုံးဆီများရောင်းချခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်အတွင်း စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ပဲခူးတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဩဂုတ်လ ၂၉ ရက်နေ့က တောင်ငူမြို့ရှိ စားသုံးဆီအရောင်းဆိုင်များတွင် စားသုံးဆီပုံးများ တရားမဝင် ဝင်ရောက်မှု အခြေအနေနှင့် တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချနေသည့် စားသုံးဆီများကို ကော်မတီမှ အပတ်စဉ်ထုတ်ပြန်ကြေညာလျှက်ရှိသည့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာ သည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးများ ပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေး အန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များ ကြီးကြပ်စစ်ဆေးဆောင်ရွက်လျှက်ရှိပါ သဖြင့် ဈေးကွက်အတွင်း စားသုံးဆီပုံးများ တရားမဝင် ဝင်ရောက်မှုအခြေအနေနှင့် စားသုံးဆီများ ကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချမှုရှိ/မရှိ အခြေအနေများကို ကွင်းဆင်းစစ်ဆေး ခြင်း ဖြစ်ပါသည်။

    တောင်ငူခရိုင်ဦးစီးမှူးဦးဆောင်၍ သက်ဆိုင်ရာမြို့နယ်များမှ မြို့နယ်တာဝန်ခံများသည် ဈေးကွက်အတွင်း စားသုံးဆီပုံးများ တရားမဝင်ဝင်ရောက်မှု မရှိစေရေးနှင့် စားသုံးဆီများအား ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အထက(၂)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

   ပဲခူးတိုင်း‌‌ဒေသကြီး၊ တောင်ငူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် လူငယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း ဖိုးကွန်းခန်းမ၌ ကျင်းပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်တက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ များကို အသိပညာပေး ဟောပြောခဲ့ပါသည်။

   အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းထိုက် ကျော်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံမှုမရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများက ဈေးကွက်အတွင်း ကွင်းဆင်း လေ့လာစောင့်ကြည့်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှု သင့်ပုံများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းဟော ပြောပါသည်။

     ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်း က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါး အန္တရာယ်များကို လည်းကောင်း၊ အားကစား နှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်သူဇာထွေးက အားကစားလှုပ်ရှားခြင်း၏ အကျိုး ကျေးဇူးများကို လည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၅၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် တောင်နန်ချွန် မူ/လွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

        ပဲခူးတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့် ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်တို့သည် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ တောင်နန်ချွန်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် တောင်ငူမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဇော်ဇော်ထွေးက စားသုံး သူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံနှင့် ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားပြီး ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ဦးစားပေးဖတ်ရှုသင့်ခြင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ပါသည်။

       ဟောပြောပွဲသို့ တောင်နန်ချွန် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူ ၈၅ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်တွင် ဩဂုတ်လအတွင်းဆန်နှင့် စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် အခြေခံလူတန်းစားများ ဆန်နှင့်စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်ရန်အတွက် တောင်ငူခရိုင်အတွင်းရှိ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် ညှိနှိုင်း၍ ဆန်များကိုလည်းကောင်း၊ ဆီကုန်သည်များနှင့် ညှိနှိုင်း၍ စားသုံးဆီများကို လည်းကောင်း သက်သာသောနှုန်းထားဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

   ဩဂုတ်လအတွင်း တောင်ငူခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်နှင့် ဖြူးမြို့နယ် များတွင် သက်သာသောဈေးနှုန်းဖြင့် ဆန်အိတ် ၃၉၈ ကိုရောင်းချပေးနိုင်ခဲ့ပါသည်။

  စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့ရာ ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ် ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျှက်ရှိရာ ဩဂုတ်လ အတွင်း Six Winner Brothers, Grand Unity နှင့် First Top ကုမ္ပဏီ ၃ ခုမှ တောင်ငူခရိုင်အတွင်း အခြေခံလူတန်းစားများသို့ စားအုန်းဆီ ပိဿာ ၃၅၀၉၀ ရောင်းချနိုင်ခဲ့ပါသည်။

    ထို့အတူ Diamond Dragon Co.,Ltd သည် Yarthetpan အမှတ်တံဆိပ် အဆင့်မြင့် စားအုန်းဆီ ၉၅၉၂ ပိဿာကို ရောင်းချပေးခဲ့ပါသည်။ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်နှင့် စားသုံးဆီများကို အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချနိုင်ရေး သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

သာယာဝတီခရိုင်အတွင်း မြို့နယ်များတွင် သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချ

     ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အနောက် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဩဂုတ်လအတွင်းတွင်  ဆန်များကို သက်သာသော ဈေးနှုန်း ဖြင့် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်ဖြင့် ဆန်အိတ်များ ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်းသိရှိရပါသည်။

     မြို့နယ်များအလိုက် ဆန်များရောင်းချပေးမှုအနေဖြင့် သာယာဝတီမြို့နယ်တွင် အိတ်၁၀၀၊ လက်ပံတန်းမြို့နယ်တွင် အိတ်၂၆၃ ၊ မင်းလှမြို့နယ်တွင် အိတ်၁၀၀၊ မိုးညိုမြို့နယ်တွင် အိတ်၁၆၀၊ အုတ်ဖိုမြို့နယ်တွင် အိတ်၁၅၀၊ ကြို့ပင်ကောက်မြို့နယ်တွင် အိတ်၂၀၀၊ အိတ်လုံးရေ စုစုပေါင်း ၉၇၃ အိတ်ရောင်းချပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဇီးကုန်းမြို့နယ်တွင် ကောက်စောမိုးစပါးများ စတင်ရိတ်သိမ်း

     ပဲခူးတိုင်းဒေသကြီး အနောက်နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် မိုးစပါး ကောက်စောစပါးများ စတင်ရိတ်သိမ်းနေမှုအား ၂၆.၈.၂၀၂၂ ရက်နေ့၌ မော်ရအုပ်စု ထန်းတပင်ကျေးရွာမှ တောင်သူဦးဟန်ကြီး စိုက်ဧက ၇ ဧက စိုက်ပျိုးထားသည့်အနက်မှ ကောက်စောစပါး GW-11 စပါးတစ်ဧက စတင်ရိတ်သိမ်းနေမှုအား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

      မိုးစပါးစိုက်တောင်သူ ဦးဟန်ကြီးမှ မိုးစပါးများကို မေလ ပထမပတ်မှ စတင်၍ စပါးကြဲခင်း များ စတင်စိုက်ပျိုးခဲ့ပြီး စိုက်ခင်းမြေ စက်မောင်းခတစ်ဧကလျှင် တစ်ထပ်မောင်းခ ၃၂၀၀၀/ကျပ်နှုန်း ဖြင့် ၂ ထပ်၊ မျိုးစပါး GW-11 တစ်အိတ်လျှင် ၁၂၀၀၀/ကျပ်ဖြင့် ၂ အိတ်၊ ဓါတ်မြေသြဇာ တစ်အိတ်လျှင် ၉၀၀၀၀/ကျပ်နှုန်းဖြင့် ၂ အိတ်၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ သုံးစွဲမှု ခန့်မှန်း ကုန်ကျစရိတ် ၄၀၀၀၀/ကျပ်၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ လုပ်သားခ စုစုပေါင်း ၂၅၀၀၀/ကျပ်၊ တစ်ဧက ရိတ်သိမ်းခ ၆၅၀၀၀/ကျပ်၊ ယခင်နှစ် ၅၅၀၀၀/ကျပ်သာရှိခဲ့ပါသည်။ တစ်ဧက စုစုပေါင်း ကုန်ကျစရိတ်မှာ ၃၉၈၀၀၀/ကျပ် ခန့်မှန်းကုန်ကျကြောင်း သိရှိရပါသည်။ တစ်ဧကလျှင် အထွက်နှုန်း ၇၀ တင်းနှုန်းခန့်ထွက်ရှိပါသည်။ ၅၀ ပေါင်တင်း ၁၀၀ ဈေးနှုန်းမှာ ဆယ်သိန်းကျပ်ဖြင့် အစိုဓာတ် သတ်မှတ်ချက်မရှိ ကွင်းအရောက် ကုန်သည်ကြီးများ လာရောက်ဝယ်ယူလျှက်ရှိကြောင်း သိရှိရပါသည်။ တစ်ဧကဝင်ငွေမှာ ခုနှစ်သိန်းခန့်ရရှိနိုင်ပြီး တစ်ဧကအကျိုးအမြတ်မှာ သုံးသိန်းကျော်ခန့် အမြတ်ရရှိနိုင်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊စားသုံးသူရေးရာဦးစီး ဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်ဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အလှကုန်ပစ္စည်းရောင်းချသူများကို သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိပြီး တရားဝင်တင်သွင်းထားသည့်အလှကုန် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသည့် အလှကုန်ပစ္စည်းများကို ရောင်းချခြင်း မပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်း၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက် စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

အခြေခံစားသောက်ကုန်ဈေးနှုန်းများ မအူပင်မြို့တွင် ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီကုန်သည်များအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မအူပင်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်များရှိ လုပ်သားပြည်သူများအား (၆.၉.၂၀၂၂) ရက်နေ့ နံနက်(၀၈း၀၀) အချိန်တွင် ကံလေးလုံးကျောင်းရှေ့၌ ဆန်၊ဆီ၊ဆား၊ကြက်ဥနှင့် ဒေသထွက်ကုန် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။

   အဆိုပါ အခြေခံစားသောက်ကုန်များမှာ ဆန်တစ်ပြည် ၁၅၀၀/-၊ ဆီ (၅၀)ကျပ်သား ၂၅၀၀/-၊ ကြက်ဥ (၆)လုံးလျှင် ၁၀၀၀/-၊နှင့် ဆား(၅၀)သားလျှင် ၂၀၀/-၊ ဟင်းသီးဟင်းရွက်များကိုပါ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ