ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒစ်ဂျစ်တယ်ခေတ်မှာ ဈေးကွက်ဝင်လာတဲ့ ဟင်္သာတမုန့်ဟင်းခါးအနှစ်

          မုန့်ဟင်းခါးသည် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်ပြီး၊ မြန်မာလူမျိုးအများစု ကြိုက်နှစ် သက်တဲ့ အစားအစာတစ်ခုဖြစ်ပါသည်။ မုန့်ဟင်းခါးချက်ရာတွင်လည်း ဒေသအလိုက်ကြိုက်နှစ်သက်မှုအပေါ်မူတည်၍ ဟင်းရည်ချက်ပြုတ် နည်းစနစ် အနည်းငယ်ကွာခြားပါသည်။ ဟင်းရည် ချက် ရာတွင် အဓိက အသုံးပြုရသော ငါးကိုမူတည်၍ ငါးပေါသောဒေသများဖြစ်သည့် ဧရာဝတီတိုင်း အတွင်းရှိ မြို့အမည်များကို စွဲ၍ခေါ်တွင်သော  ဟင်္သာတမုန့်ဟင်းခါး၊ မြောင်းမြမုန့်ဟင်းခါးတို့မှာ နာမည်ကြီးလူကြိုက် များလှပါသည်။ 

          ဟင်္သာတမြို့သည် လူဦးရေ တစ်သိန်းလေးသောင်းကျော် နေထိုင်သောမြို့ဖြစ်ပြီး ၊ ကျေးရွာ အုပ်စု ၁၀၃ အုပ်စု၊ ရပ်ကွက် ၂၁ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားကာ၊ ဧရာဝတီမြစ်၏ အနောက်ဘက် ကမ်းတွင် တည်ရှိသောမြို့ဖြစ်ပါသည်။ ရပ်ကွက်အလိုက် အသံမစဲ မဟာပဌာန်းပွဲများ မပြတ်သော မြို့ဖြစ်ပြီး ၊ ဝါတွင်း(မိုးသံဃဒါန)/ဝါပ(နွေသံဃဒါန) ဆွမ်းလောင်းအသင်းများဖွဲ့စည်း၍ မြို့ပေါ်ရှိ ကျောင်းပေါင်း တစ်ရာကျော်မှ စာချ၊ စာသင်သံဃာတော်များကို အာရုံဆွမ်းဆက်ကပ် လှူဒါန်းလာ သည်မှာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီဖြစ်ပါသည်။ မိုး/နွေ ဆွမ်းလောင်းအသင်းများ၏ ဆွမ်းသိမ်းပွဲ များတွင် ချက်ပြုတ်ကျွေးမွေးရာတွင် မုန့်ဟင်းခါးနှင့် မင်္ဂလာဆိုင်းမှာမပါမဖြစ်သော အဓိကစားစရာ နှင့် ဖျော်ဖြေရေးလည်းဖြစ်ပါသည်။

          ရပ်ကွက်သားချင်းတွေ့ရင် “ဟေ့ ဒီနေ့အင်္ဂါပတ်ဆွမ်းလောင်း၊ ဆိုင်းလည်းကောင်း၊မုန့်ဟင်း ခါးလည်းကောင်း၊ ညကျရင်ဆိုင်းသွားနားထောင်မယ်ဟေ့” လို့တစ်ယောက်နှင့် တစ်ယောက် နှုတ် ဆက်လေ့ရှိကြပါသည်။ ဆွမ်းပတ်အလိုက် သံဃာတော်များကို အာရုဏ် ဆွမ်းလောင်း လှူပြီးပါက ကြွရောက်လာတဲ့ ဧည့်သည်များကိုမုန့်ဟင်းခါးဖြင့် ဧည့်ခံပါသည်။ မုန့်ဟင်းရည် ချက်ရာမှာ လည်း ဆွမ်းပတ်အလိုက် ငါးနှင့်ပဲပါဝင်မှု အချိုးအစားပေါ်မူတည်ပြီး ဟင်းရည်ချက် နည်းမှာလည်း ကွာခြားပါသည်။ ဆွမ်းပတ်များအပြိုင်အဆိုင် မုန့်ဟင်းခါးချက်ပြုတ်လှူဒါန်းရာမှ ဟင်္သာတမုန့်ဟင်း ခါးရယ်လို့နာမည်ကြီးလာပြီး၊ မုန့်ဟင်းခါးမှာ အလှူပွဲများတွင် မပါမဖြစ် စားစရာ ဖြစ်တဲ့အပြင်၊ အိမ်များနှင့် ဈေးများတွင် တနိုင်တပိုင်ရောင်းချသော မုန့်ဟင်းခါးမှာလည်း မနက် သွားရည်စာအဖြစ် စားသုံးသူ များလှပါသည်။ ယခု ကိုဗစ်-၁၉ ကာလ စည်းကမ်းချက်များကြောင့် မင်္ဂလာဆိုင်းမှာ ဖျော်ဖြေဧည့်ခံခြင်းမရှိတော့သော်လည်း မုန့်ဟင်းခါးမှာတော့ မပါမဖြစ်ဧည့်ခံစားစရာ တစ်ခုဖြစ် လျက်ရှိပါသည်။

          ယခုအခါ ဟင်္သာတမုန့်ဟင်းခါးမှာ အိမ်ဆိုင်၊ ဈေးဆိုင်များမှ တဆင့် Super Market ပေါ်ထိ ရောက်ရှိလာပါပြီ။ ဆိုင်များတွင် ပြင်ဆင်ရောင်းချသော အဆင့်မှ အသင့်စားသုံးနိုင်သော Ready Made မုန့်ဟင်းရည် အနှစ်ထုပ်များ ပြုလုပ်ရောင်းချလာကြပါသည်။ ဟင်္သာတမြို့မှ ထုတ်လုပ်သော မြင့် မုန့်ဟင်းခါးအနှစ်ထုပ်၊ သီရိမေ မုန့်ဟင်းခါးအနှစ်ထုပ်၊ ငွေနန်းထိုက် မုန့်ဟင်းခါးအနှစ်ထုပ်များသည် စားသုံးသူများကြိုက်နှစ်သက်သော အသင့်စား မုန့်ဟင်းခါးအနှစ်ထုပ်များဖြစ်ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ အာဆီယံ-ဟောင်ကောင် China Free Trade Aggrement Work Program တွင် ဝင်ရောက်ပြိုင်ပွဲဝင်သော ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ နတ်မော်လမ်း၊ အိမ်အမှတ် (၁၀)ရှိ သီရီမေစားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သော သီရိမေမုန့်ဟင်းခါး အနှစ်ထုပ်လုပ်ငန်းခွင်သို့ (22.12.2021)နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။ သီရိမေစားသောက်ကုန်လုပ်ငန်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ မုန့်ဟင်းခါးအနှစ်ထုပ်၊ အုန်းနို့်ခေါက်ဆွဲအနှစ်ထုပ်တို့ကို ထုတ်လုပ်ဖြန့်ချီလျက်ရှိပါသည်။ အိမ်တွင်းမှုလုပ်ငန်းဖြစ်ပြီး Digital Marketing အရ ရောင်းအားကောင်းတဲ့ထုတ်ကုန်လည်းဖြစ်ပါသည်။ ပြည်တွင်းထုတ်ကုန်ကြမ်းများဖြစ်တဲ့ ကြက်သွန်အဖြူ၊ အနီ၊ ဂျင်း၊ စပါးလင်၊ ငရုတ်ကောင်း၊ ငါး၊ ငံပြာရည်၊ ကုလားပဲခွဲခြမ်း၊ ဆန်မှုန့်၊ အရောင်တင်မှုန့်၊ ပဲဆီသန့်၊ ဆားတို့ကိုအသုံးပြု၍ သတ်မှတ်အချိုးအစားအတိုင်း ရောစပ်၍ သဘာဝနည်းစဉ်များအတိုင်း ကျန်းမာရေးနှင့်အညီ မုန့်ဟင်းခါးအနှစ်ကို ထုတ်လုပ်ထားကြောင်း သိရှိရပါ သည်။

          ကုန်ကြမ်းများကို အနှစ်ထုပ်ရရန် အချိုးအစားမှာလည်း အလှူပွဲများတွင် ချက်လုပ်သော ဟင်္သာတမုန့်ဟင်းခါး ချက်နည်းအတိုင်းပြုလုပ်ပြီး၊ ဟင်းအနှစ်ရအောင်ပြုလုပ်ကာ လှပသေသပ် သော ထုပ်ပိုးမှုများနှင့် ဈေးကွက်တင်ရောင်းချခြင်းဖြစ်ပါသည်။ သီရိမေ မုန့်ဟင်းခါးအနှစ်ထုပ်အနေ ဖြင့် ပုံမှန်(ပတ်ဝန်းကျင်) အပူချိန်တွင် ၃ရက်ခန့်အထားခံပြီး၊ အနှုတ် ၄’ C တွင်ထားသို သိမ်းဆည်း ပါက တစ်လခန့်  အထားခံသည်ကိုလည်းလေ့လာသိရှိရပါသည်။ မုန့်ဟင်းခါးအနှစ်ထုတ်တထုပ် အလေးချိန် (၅၀၀) ဂရမ်ရှိပြီး၊ ရေနွေးတစ်လီတာခန့်နှင့် ချက်ပါက မုန့်ဖတ် ငါးဆယ်သားဖြင့် စားသုံးနိုင်သော မုန့်ဟင်းရည်အနှစ်ထုတ်များကို ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိပါသည်။ လုပ်သား (၅) ဦးနှင့်ထုတ်လုပ်လျက်ရှိပြီး သန့်ရှင်းမှုကို ဦးစားပေးထုတ်လုပ်နေသည်ကိုလည်း တွေ့ရှိ ရပြီး၊ လုပ်ငန်းအနေဖြင့် စည်ပင်လိုင်စင်ရရှိထားပြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းလိုင်စင်  ၊ FDA ထောက်ခံချက်တို့ရရှိအောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကိုလည်းသိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်မှူးမှလည်း အသင့်စား အစားအသောက်များတွင် ဖော်ပြရန်လိုအပ်သော ကုန်အညွှန်းအမှတ်အသားများအား ထုပ်ပိုးမှုအပေါ်တွင် ရေးသားဖော်ပြနိုင် ရေးတို့ကို လမ်းညွှန်အကြံပြုဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်မှ လိုက်နာဆောင်ရွက်သွားမည့်အကြောင်း၊ ထုတ်ကုန်ကိုလည်း မုန့်ဟင်းခါးအနှစ်ထုပ်မှ မုန့်ဟင်းခါးအခြောက်မှုန့်ထိ တို့မြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားမည့် အကြောင်းကိုလည်းရှင်းလင်းပြောကြားပါသည်။

          မုန့်ဟင်းခါးသည် လူမျိုးဘာသာမရွေးစားသုံးပြီး မုန့်ဖတ်အဖြစ် မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲ ဖတ်တို့ဖြင့် ကြိုက်နှစ်သက်ရာ စားသုံးနိုင်ပြီး၊ အိုးဘဲဥ၊ ပဲကြော်၊ ဗူးသီးကြော်၊ ငါးဖယ်ကြော်တို့ကို ထည့်လျှက် စားသုံးနိုင်သောမြန်မာ့ရိုးရာ အစားအစာတစ်ခုလည်းဖြစ်ပါသည်။ မုန့်ဟင်းခါးနှင့် ခေါက်ဆွဲဖတ်တို့ကို ခေါက်ဆွဲခြောက်(Fried Noodle) အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ပါက ပြည်ပထိ တင်ပို့ရောင်းချနိုင်သော ရိုးရာစားသောက်ကုန်လည်းဖြစ်ပါသည်။ ယခုအခါအလှူ မင်္ဂလာပွဲများတွင် နာမည်ကြီးသော ဟင်္သာတ မုန့်ဟင်းခါးသည် Street Market မှ Super Market သို့တက်လှမ်းလာပြီး မဝေးတော့သောကာလတွင် ပြည်ပတင်ပို့နိုင်သော ရိုးရာအစားအစာ ဒေသထုတ်ကုန်တစ်ခုဖြစ်လာတော့မှာအမှန်ပင်ဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

ပန်းတောင်းမြို့နယ် ဒေါင်းမြတ်နားကျေးရွာသို့ စပါးရိတ်သိမ်းခြွေလှေ့နေမှုအား ကွင်းဆင်းလေ့လာ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မိုးစပါးစိုက်ဧကမှာ (၃၈၂၆၀၉) စိုက်ပျိုးနိုင်ခဲ့ပြီး ယခု အချိန်ထိ (၂၄၁၅၁၃)ဧက ရိတ်သိမ်း၍ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှ (၇၀)တင်း ခန့်ထွက် ရှိပါသည်။ ပန်းတောင်းမြို့နယ်အနေဖြင့် (၄၆၉၃၁)ဧကစိုက်ပျိုး၍ (၃၇၁၂၄)ဧက စိုက်ပျိုးရိတ်သိမ် ပြီးဖြစ်၍ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၁၀.၁၂.၂၀၂၁)ရက်နေ့တွင် ဒေါင်းမြတ်နားအုပ်စု၊ ဒေါင်းမြတ်နားကျေးရွာရှိ တောင်သူ ဦးခင်မောင်ဌေး၏ မိုးစပါး ခြွေလှေ့ခြင်း လုပ်ငန်းသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းလေ့လာရာတွင် ဦးခင်မောင်ဌေး၏ မိုးစပါးစိုက်ဧက (၁၀)တွင် စိုက်ပျိုးသော စပါးမျိုးမှာ ကျောက်ရွေးစပါးမျိုးဖြစ်၍  စိုက်ပျိုးစနစ်မှာ ကြဲခင်းစနစ်ဖြစ်ပြီး တစ်ဧကလျှင် တင်း(၇၀) ခန့်ထွက်ရှိပါသည်။ စပါးစျေးမှာ ကွင်းပေါက်စျေး (၄၆)ပေါင် တင်း ၁၀၀လျှင် ၆၁၀၀၀၀ ကျပ်ဖြင့် ကွင်းထဲတွင်ရောင်းချလျှက်ရှိပါသည်။ စက်အရောက်စျေးမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် ၆၃၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ယခင်နှစ်စပါးစျေးမှာ စက်အရောက်စပါး တင်း(၁၀၀) လျှင် ၅၈၀၀၀၀ကျပ်ဖြင့် အရောင်းဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ်အနေဖြင့် သွင်းအားစုဖြစ်သည့် ဓါတ်မြေသြဇာစျေးနှုန်းများ မြင့်မားလာခြင်း၊ စက်သုံးဆီဖြစ်သော ဒီဇယ်ဆီ၊ ဓါတ်ဆီစျေးများ မြင့်တက်လာ၍ စပါးရိတ်သိမ်းခြွေလှေ့ခများ ကြီးမြင့်လာခြင်း၊ စိုက်ပျိုးစရိတ်များ ပိုမိုကုန်ကျခြင်း တို့ရှိခဲ့သော်လည်း စပါးစျေးများယခင်နှစ်ထက်ပိုမိုရရှိသည့်အတွက် အကျိုးအမြတ်ထိုက်သင့်စွာ ရရှိ ကြောင်းသိရှိရပါသည်။ တောင်သူများအနေဖြင့် စပါးစျေးကောင်းမွန်သကဲ့သို့ သွင်းအား စုစျေးနှုန်း များနှင့် ထွန်ယက်ရိတ်သိမ်းခများ စျေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်ရေးမျှော်လင့်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

 

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

တောင်ငူမြေရောက်ရွှေဘိုပေါ်ဆန်း

           တောင်ငူမြို့ရှိ စားသုံးသူပြည်သူများ ရွှေဘိုပေါ်ဆန်းဆန်စစ်စစ်ကို ဈေးနှုံးချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တောင်ငူမြို့၊ အမှတ် ၁၁ ရပ်ကွက်၊ ကန်ပတ်လမ်းရှိ မိဘမေတ္တာဆန်စက်တွင် ရွှေဘိုမြို့နယ်မှ ပေါ်ဆန်းစပါးများကို တင်းတစ်ရာလျှင် ကျပ် တစ်ဆယ့်ငါးသိန်းဖြင့် တိုက်ရိုက်ဝယ်ယူ၍ တောင်ငူမြို့သို့ သယ်ဆောင်ပြီး ၎င်းတို့၏ ခေတ်မီဆန်စက်ဖြင့် ၁၀၀% ဆန်သားကြိတ်ခွဲ၍ PK အမှတ်တံဆိပ်ဖြင့် အလေးချိန် ၂ ကီလို ဂရမ်၊ ၆ ကီလိုဂရမ်နှင့် ၁၂ ကီလိုဂရမ် အလေးချိန် သုံးမျိုးဖြင့် ထုပ်ပိုးကာ တောင်ငူမြို့ရှိ Icon Shopping Center တွင် ရောင်းချလျှက်ရှိပါသည်။

          လက်ရှိအချိန်တွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၅ သိန်းဖြင့် ဝယ်ယူရသော စပါးများမှာ စပါး အဟောင်းများဖြစ်သဖြင့် ဆန်ဈေးနှုန်းကို ၂ ကီလိုဂရမ် တစ်အိတ်လျှင် ၂၇၀၀ ကျပ်၊ ၆ ကီလိုဂရမ် တစ်အိတ်လျှင် ၈၁၀၀ ကျပ်၊ ၁၂ ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၂၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ရွှေဘိုပေါ်ဆန်း စပါးသစ်ပေါ်မည်ဖြစ်ပြီး တင်း ၁၀၀ လျှင် ကျပ် ၁၁ သိန်းခန့်ရှိမည်ဟုခန့်မှန်းရပြီး ထိုအချိန်တွင် လက်ရှိ ရောင်းဈေးထက် လျော့နည်းပြီး ၂ ကီလိုဂရမ် တစ်အိတ်လျှင် ၂၃၀၀ ကျပ်မှ ၂၄၀၀ ကျပ်၊ ၆ ကီလိုဂရမ် တစ်အိတ်လျှင် ၆၉၀၀ ကျပ်၊ ၁၂ ကီလိုဂရမ် တစ်အိတ်လျှင် ၁၃၈၀၀ ကျပ်ဖြင့် ရောင်းချ နိုင်မည်ဖြစ်ကြောင်း၊ စပါးတင်း ၁၀၀ ဝယ်ယူကြိတ်ခွဲလျှင် အမြတ် ၄၀၀၀၀ ကျပ်ခန့် ရရှိကြောင်း၊ ပဲခူးမြို့ရှိ Icon Shopping Center တွင် တင်ပို့ရောင်းချနိုင်ရေးကို ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း PK ပေါ်ဆန်းဆန်ထုတ်လုပ်သူ ဦးဖြိုးကိုကိုဝင်းမှ ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

သနပ်ပင်မိုးစပါးဈေးနှုန်းမြင့်တက်၍တောင်သူအကျိုးအမြတ်ပိုလာ

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ်တွင် စပါးများမှာ ယခင်လထက်  ဈေးမြင့်တက်လာကြောင်းကိုသိရှိရသည်။ သနပ်ပင်မြို့နယ်တွင်မိုးစပါး        (၁၇၉၀၄၆)    ဧက စိုက်ပျိုးခဲ့ပြီး ၊ တစ်ဧကလျှင်ပျမ်းမျှ ၆၁.၆၄တင်းနှုန်း ထွက်ရှိ်ကြောင်းသိရှိရပါသည်။  ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်း စပါးတင်း (၁၀၀) လျှင် (၆၀၀၀၀၀_၆၅၀၀၀၀)ထိ သာဈေးရရှိ၍ တချို့တောင်သူကြီးများမှာ စပါးများကို ထုတ်မရောင်းဘဲ ဈေးကောင်းစောင့် ၍လက်ဝယ် သိုလှောင်ထားကြောင်းကိုသိရှိရသည်။

       မိုးစပါးစိုက်ပျိုးစရိတ်တစ်ဧကလျှင် (နှစ်သိန်းရှစ်သောင်း)    ခန့်ကုန်ကျခဲ့ပြီး အစိုဓာတ် လျော့နည်းလာသောကြောင့်တင်း(၁၀၀)လျှင် ၇၂၀၀၀၀ကျပ်နှုန်းဖြင့် ရောင်းချနိုင်သည့်အတွက် မိုးစပါးစိုက် တောင်သူဦးကြီးများအနေဖြင့် ယခင်ထက်ဈေးနှုန်းပိုမိုရရှိလာခြင်းကြောင့် အကျိုးအမြတ် ပိုမိုရရှိလျက် ရှိကြောင်း သတင်းရရှိပါသည်။

ပဲခူးခရမ်းချဉ်သီးဝယ်လိုအားကြောင့်စျေးကောင်းရနေ

             ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဒေသထွက်ခရမ်းချဉ်သီး စံချိန်တင် စျေးကောင်း ရရှိသော်လည်း အထွက်နှုန်း နည်းပါးချိန် ရောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

              ခရမ်းချဉ်ကို မြေတစ်ဧကလျှင်၁၀၀ဂရမ်နှုန်း ပျိူးထောင်ရန်အပင်အ‌ရေအတွက် (၈၀၀၀)မှ (၁၀၀၀၀)ထိဝင်အောင်စိုက်ပျိုးနိုင်ကြောင်း၊ ရာသီဉတုအေးသောကြောင့် ပိုးမွှားကျ‌ရောက်မှုနည်းပြီး တောင်သူများအတွက် အထွက်နှုန်းတိုးကာ ဝင်ငွေကောင်းစေကြောင်း သိရှိခဲ့ရပါသည်။ ယခုအခါ စိုက်ပျိုးသူ ဦးရေနည်းပါးသော်လည်း စားသုံးသူဦးရေ များပြားသောကြောင့် ခရမ်းချဉ်စျေးနှုန်းမှာ အလွန် ကောင်းလျှက်ရှိကြောင်း၊ ခရမ်းချဉ် အပင်တစ်ပင်လျှင် (၄)ပိဿာ မှ (၆)ပိဿာအထိ ထွက်နှုန်း ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်ကခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀-၁၅၀၀)ကျပ်ထိသာ ရှိသော်လည်း ယခုအခါဒီဇင်ဘာလအတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၈၀၀-၃၅၀၀)ကျပ်အထိစျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ပဲခူးငှက်ပျောဈေးနှုန်း/ဈေးကွက်ပြန်လည်ကောင်းမွန်လာ

      ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ကိုဗစ်ကာလအတွင်း ငှက်ပျောဈေးကွက် အနည်းငယ် အေးစက်နေခဲ့ပြီး ယခုအခါ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ ကိုဗစ်ကာလအတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများ၊ အလှူပွဲ၊ မင်္ဂလာပွဲများနှင့် ပွဲလမ်းသဘင်များနည်းပါးခြင်းကြောင့် ငှက်ပျောသီး ဈေးနှုန်း ကျဆင်းခြင်း၊ အရောင်းအဝယ်အေးစက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပဲခူးမြို့၊ ညောင်ဝိုင်း၊ ဈေးကြီးတွင် ငှက်ပျောသီးရောင်းဝယ်သူ ကုန်သည်တစ်ဦးကပြောကြားခဲ့ပါသည်။

         ယခင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဖီးကြမ်းတစ်ဖီး(၁၈၀၀-၂၀၀၀)ကျပ်၊ သီးမွှေးတစ်ဖီး(၁၅၀၀-၁၈၀၀)ကျပ်၊ ရခိုင်တစ်ဖီး(၇၀၀-၈၀၀)ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ရာမှ ယခုအခါ၊ နိုဝင်ဘာလ မှစတင်၍ အလှူပွဲ၊ မင်္ဂလာပွဲများ၊ ရိုးရာနတ်တင်ခြင်းများကြောင့် သီးမွှေးငှက်ပျောနှင့် ရခိုင်ငှက်ပျောများ အရောင်းအဝယ်သွက်လျက်ရှိရာ သီးမွှေးတစ်ဖီး(၂၀၀၀-၂၅၀၀)ကျပ်၊ ရခိုင်တစ်ဖီး (၉၀၀-၁၀၀၀)ကျပ်အထိ ရောက်ရှိခဲ့ပြီး ဈေးနှုန်း/ဈေးကွက် ပြန်လည်ကောင်းမွန် လာကြောင်း သိရှိရပါသည်။

        ယခု ဒီဇင်ဘာလ အတွင်း အအေးဓာတ်ပိုကဲလာခြင်းကြောင့် ငှက်ပျောသီးစားသုံးနှုန်း ကျဆင်းကာ အရောင်းအဝယ် ဈေးကွက်အနည်းငယ် အေးသော်လည်း ငှက်ပျောသီးဈေးနှုန်းမှာ ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျိုင်းတုံမြို့၌ ရာသီပေါ်သီးနှံ ချင်းဈေးကွက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ ချင်းများ ရာသီပေါ်ထွက်ရှိ သော်လည်း ကုန်စည်ဒိုင်မရှိ၍  မြို့မဈေးကြီးတွင်သာ ကျပန်းစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ ကြောင်းနှင့် ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်အုပ်စုများဖြစ်သော လွိုင်မွေအုပ်စု၊ ကတ်ထိုက်အုပ်စုနှင့် ပင်းတောက်အုပ်စုများတွင် ချင်းကို မိုးဥတုနှင့်ဆောင်းဥတု တစ်နှစ်လျှင် နှစ်ကြိမ်ကျ အများဆုံး စိုက်ပျိုးလျှက်ရှိကြောင်းနှင့် ကျိုင်းတုံမြို့နယ်မှ ပိုလျှံသောချင်းများကို မိုင်းခတ်မြို့နှင့် မိုင်းလားမြို့သို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။ ယခင်အောက်တိုဘာလတွင် ချင်းတစ်ပိဿာလျှင် လက်ကား (၂၅၀၀/-)ကျပ်နှင့် လက်လီ(၃၀၀၀/-)ကျပ် ယခု နိုဝင်ဘာလတွင် ချင်းတစ်ပိဿာလျှင် လက်ကား(၂၀၀၀/-)ကျပ်နှင့် လက်လီ(၂၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ဖောက် ကားမှုရှိပြီး ယခင်လနှင့် ယခုလ ဈေးနှုန်းနှိုင်းယှဉ်ပါ ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း လေ့လာသိရှိရပါသည်။

မိုင်းယောင်းမြို့တွင် ရော်ဘာအစေးခြစ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၏ ဒေသခံအများစုသည် တောတောင်ရေမြေသဘာဝကောင်းမွန်၍ ရာသီသီးနှံအလိုက် စိုက်ပျိုးရေးအဆင်ပြေသောကြောင့် လယ်ယာနှင့် ရော်ဘာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသည်။ ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ခုနှစ် တွင် မိုင်းယောင်းမြို့ရှိ ရော်ဘာစိုက်ဧက (၁၇၈၆၇)ဧကခန့်ရှိပြီး ရိတ်ဧက(၅၂၀၄)ဧက အစေးခြစ်၍ (၂၇၃၀၅၅၆)ပေါင်ထွက်ရှိကြောင်း သိရှိရပါသည်။ နှစ်စဉ် ဧပြီလ (တတိယပတ်)မှ နိုဝင်ဘာလကုန် အထိ ရော်ဘာအစေးခြစ်ခြင်းကိုလုပ်ကိုင်ပြီး ကျန်(၄)လအတွင်း နှစ်ရှည်ပင်များ ဖြစ်သည့်အလျှေက် ပေါင်းရှင်းပေးခြင်းနှင့် သဘာဝမြေဩဇာ(နွားချေး၊ ဝက်ချေး) စသည်များထည့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရပါသည်။ ရော်ဘာစေးကို တစ်ကီလိုလျှင် (၇၀၀)ကျပ်မှ (၈၅၀)ကျပ်အထိ ရရှိကြောင်းနှင့် အလုပ်သမား(၁၀)ဦးခန့်ဖြင့် လုပ်ကိုင်လျှက်ရှိပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ လျှက်ရှိကြောင်း သိရှိရသောကြောင့် ရော်ဘာစေးခြစ်လုပ်ငန်းဖြင့် တောင်သူများ တဖက်တလမ်းမှ ဝင်ငွေတိုးပွားလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရှမ်းပြည်နယ်

လွိုင်ကော် စပါးဈေးအနည်းငယ်ကျသော်လည်း ဆန် ဈေးနှုန်းတည်ငြိမ်နေ

         လွိုင်ကော်မြို့အတွင်း လက်ရှိဖြစ်ပေါ်နေသော (မိုး) စပါးဈေးနှုန်းမှာအနည်းငယ်ကျဆင်း လျက်ရှိပါသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင် တင်း (၁၀၀) လျှင် (၇၄၁,၂၄၀)ကျပ်ဖြစ်၍ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင်တင်း (၁၀၀) လျှင် (၇၀၂,၉၀၀) ကျပ်သို့ ဈေးနှုန်းကျဆင်းလာပြီး ယခင်လနှင့် ယခုလ နှိုင်းယှဉ်မည်ဆိုလျှင် (၃၈,၃၄၀) ကျပ် ကွာဟလျက်ရှိပြီး ပြည်နယ်အတွင်းမှာလည်း အရောင်းအဝယ်အေးနေကြောင်း၊  စပါး ဈေးနှုန်း အနည်းငယ်ကျဆင်းရခြင်းမှာ ပြည်တွင်းတွင် (မန္တလေး၊ မူဆယ်)ဘက်မှ ဆန်ဝယ်ယူမှုလျော့နည်းခြင်းကြောင့်ဖြစ်ကြောင်း  စက်ပိုင်ရှင်တစ်ဦးထံမှသိရပါသည်။

         ဧည့်မထဆန် ဈေးနှုန်းမှာ နိုဝင်ဘာလ ဒုတိယပတ်တွင် ဆန် တစ်အိတ်လျှင် (၃၇,၀၀၀)ကျပ်ဖြစ်ပြီး၊ ဒီဇင်ဘာလ ဒုတိယပတ် တွင်လည်း ဆန်တစ်အိတ်လျှင် (၃၇၀၀၀)ကျပ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း၊ ဒေသဆန်ဧည့်မထကို မန္တလေးမြို့သို့ အများဆုံး တင်ပို့ရာ ယခုကာလတွင် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ တင်ပို့မှု လျော့နည်းနေခြင်းကြောင့် ဆန်ဈေးနှုန်းမှာလည်း ဆက်လက်တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)

မော်လမြိုင် ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

          မော်လမြိုင်မြို့၌ ယခုအပါတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးတည်ငြိမ် နေကြောင်းသိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ ဈေးမှာ ကြံ့နှစ်ကောင် (အနီ) ၇၃၀၀ကျပ်၊ ဆင်(ထိုင်း) ၇၆၀၀ ကျပ် ၊ ကြံ့တံဆိပ်(အဝါ) ၆၇၀၀ ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ  ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ပုံမှန်ရှိကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပါတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ၇၅၄၀၀ ကျပ် ၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ၇၂၂၀၀ကျပ်၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ မှာ ၇၅၀၀၀ ကျပ် ၊ ပုလဲ(အသေး)၄၆%  မြန်မာ (MPE)  မှာ ၄၈၀၀၀ ကျပ် ၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) ၅၈၀၀၀ ကျပ် ၊ ပုလဲ(အကြီး)၄၆% ထိုင်း(မြင်းပျံ) ၆၈၀၀၀ ကျပ် ၊ တီစူပါ တရုတ် (သံကွင်း) ၄၀၅၀၀ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်)၁၅:၁၅:၁၅မှာ ၇၅၅၀၀ ကျပ် ၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ၇၃၈၀၀ ကျပ်၊ ကွန်ပေါင်း(Thai Grow How)၁၅:၁၅:၁၅မှာ ၇၈၀၀၀ ကျပ် ၊ ပုလဲ(အသေး)၄၆%  မြန်မာ (MPE) မှာ ၄၅၀၀၀ ကျပ် ၊ ပုလဲ (အသေး)၄၆%  တရုတ်(ရွှေေတောင်) ၅၈၀၀၀ ကျပ် ၊ ပုလဲ(အကြီး)၄၆% ထိုင်း(မြင်းပျံ) ၇၂၅၀၀ ကျပ် ၊ တီစူပါ တရုတ် (သံကွင်း) ၄၂၀၀၀ ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း