ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“အောင်မြင်ဖြစ်ထွန်းလျှက်ရှိသောမိုးစပါး”

         မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် မိုးစပါးစိုက်ဧက(၁၄၃၇၉၆)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးရေ၊မြစ်ရေ၊ချောင်းရေ လုံလောက်စွာရရှိသောကြောင့် မိုးစပါးများ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည် ။ ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးကို အရည်အသွေးကောင်း ၊ စျေးကောင်းရရှိသော ဧရာပဒေသာ စပါးမျိုးကိုအဓိကထားစိုက်ပျိုးပြီး မနောသုခ၊ ရေဆင်းလုံးသွယ်၊ ရွှေမနော်၊ ရွှေသွယ်ရင် စပါးမျိုး များလည်းစိုက်ပျိုးကြကြောင်း ၊ စပါးစိုက်ပျိုးရာတွင် ပက်ကြဲစနစ်သည် ကုန်ကျစရိတ်သက်သာသော ကြောင့် တောင်သူအများစုမှာ ပက်ကြဲစနစ်ကို အများဆုံးစိုက်ပျိုးလာကြကြောင်း ၊ မိုးစပါးတစ်ဧက လျှင်စိုက်ပျိုးစရိတ်(၄၀၀၀၀ဝိ/-)ကျပ် မှ (၅၀၀၀၀ဝိ/-)ကျပ်ဝန်းကျင်ခန့်ရှိကြောင်း၊ ယခုအချိန်တွင် မိုးစပါးများထွက်ပေါ်ခြင်း မရှိသေးသော်လည်း ယခုလက်ရှိ ဧရာပဒေသာစပါး တင်း(၁၀၀)လျှင် (၁၅၀၀၀၀၀/-)ကျပ်၊ မနောသုခစပါးတင်း(၁၀၀)လျှင်(၁၃၅၀၀၀၀/-)ကျပ်ဖြစ်ပြီး ဧရာပဒေသာဆန် တစ်တင်းခွဲအိတ် တစ်အိတ်လျှင်(၆၅၀၀၀/-)ကျပ်၊ မနောသုခဆန်တစ်တင်းခွဲအိတ် တစ်အိတ်လျှင် (၄၇၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်းကုန်သည်ပွဲစားများထံမှသိရှိရပါသည်။ ယခုအချိန်တွင် မိုးစပါးများ ဖုံးတုံးလုံးတုံးအနေအထားဖြင့် မကြာမှီစပါးနှံများ စတင်ထွက်ပေါ် တော့မည့်အနေအထားဖြင့်အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

                                                 

“စျေးကွက်ရနေသောဖီးကြမ်းငှက်ပျော”

       မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် ငှက်ပျောစိုက်ဧကမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်းစိုက်ဧက(၂၅၃၉)ဧက စိုက်ပျိုးထားရှိပြီး ယခုလက်ရှိအချိန်ထိ ငှက်ပျော စိုက်ဧက(၄၉၄)ဧကခန့် ရိတ်သိမ်းပြီးစီးပြီဖြစ်ရာ အထွက်နှုန်းစုစုပေါင်း(၃၈၆၂၆၈)ခိုင်ထွက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ငှက်ပျောတစ်ဧက ကုန်ကျစရိတ်မှာ(၉၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ငှက်ပျောတစ်ဧက ကုန်ကျစရိတ်မှာ(၁၅၀၀၀၀၀/-) ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ယခင်နှစ် ငှက်ပျောစျေးနှုန်းများအနေဖြင့် အခိုင်(၄၀)ပါ လှည်းတစ်စီးလျှင်(၁၄၀၀၀၀/-)ကျပ်စျေးရရှိပြီး ယခုနှစ်အနေဖြင့် အခိုင်(၄၀)ပါ လှည်းတစ်စီးလျှင် (၂၄၀၀၀၀/-)ကျပ်အထိစျေးနှုန်းများရရှိလျှက်ရှိရာ ယခင်နှစ်ထက်စျေးကောင်းရရှိသဖြင့် တောင်သူ များတွက်ခြေကိုက်လျှက်ရှိကြောင်း ငှက်ပျောသီးစားသုံးသောပြည်သူများအနေဖြင့် ငှက်ပျောသီး ဖီးကြမ်းလက်ရင်းတစ်ဖီးလျှင်(၇၀၀/-)ကျပ်မှ(၈၀၀/-)ကျပ်အထိဝယ်ယူရကြောင်း၊ လက်ဖျားတစ်ဖီး လျှင်(၄၀၀/-)ကျပ်မှ(၅၀၀/-)ကျပ်အထိဝယ်ယူရကြောင်း ၊ ယခင်နှစ်ထက်စျေးကောင်းရနေသော ဖီးကြမ်းငှက်ပျောသီးများအပြင်သီးမွှေးငှက်ပျောတစ်ဖီးလျှင်(၅၅၀/-)ကျပ်၊ရွှေနီငှက်ပျောတစ်ဖီးလျှင် (၃၅၀၀/-)ကျပ်၊ရခိုင်ငှက်ပျောတစ်ဖီးလျှင်(၄၀၀/-)ကျပ်နှင့်ဘရာဇီးငှက်ပျောတစ်ဖီးလျှင်(၁၅၀၀/-) ကျပ်တို့ဖြင့် စျေးကွက်အတွင်းအရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၃၉၆၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

        ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာလ ၂၄ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၉၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

         ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                               

ပဲခူးမြို့ဒေသထွက် ငါးရံ့ခြောက်

          ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားသော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အမျှ မြစ်ချောင်း အင်းအိုင်ပေါများသောကြောင့် ရေထွက်ပစ္စည်းများဖြစ်သော ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များ လည်းထွက်သည့်အနက် ပဲခူး ဒေသထွက် ငါးရံ့ခြောက်သည် နာမည်ကြီးလှပေသည်။ ပဲခူးဒေသထွက် ငါးရံ့ခြောက်သည် ဆားပေါ့၍ အပေါ့ခြောက် ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့် လူကြီးများအား လက်ဆောင်ပေးခြင်းအတွက်သော် လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း၊ ဝယ်ယူလျက်ရှိကြပါသည်။

        ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံများကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင် မြို့နယ်များရှိ ရေချိုအင်းအိုင်များမှ အများဆုံးရရှိလျက်ရှိပြီး ရရှိလာသော ငါးရံ့များကို အကြေးထိုး၊ ခေါင်းဖြတ်၊ ဗိုက်ခွဲ အူထုတ်ပြီး ခွဲသည့်အခါ ပုံကျအောင် စနစ်တကျခွဲရသည်။  ခွဲပြီးသော ငါးရံ့များကို ငါးရံ့အစိမ်း အချိန် (၁၀၀)လျှင် ဆား ၃ ပိဿာ ၅၀ နှုန်းဖြင့် နှပ်ပြီး တစ်ညစိမ်ရကာ မနက် ရောက်လျင် ရေစင်အောင် လေးထပ်လောက်ဆေးပြီး နေလှမ်းရပါသည်။ နေလှမ်းသည့်အခါတွင် နွေတွင်း ဆိုလျှင် နှစ်ရက်လောက်ဖြင့် ခြောက်ပြီး ဆောင်တွင်းနှင့် မိုးတွင်းဆိုလျှင် မီးအပူဖြင့် ကျတ်တင်၍ ခြောက်အောင် လှမ်းရပါသည်။

        ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံအစို တစ်ပိဿာကို ၁၆၀၀၀ ကျပ်မှ  ၁၈၀၀၀ ကျပ်အထိ အကောင်၊ အကြီး၊ အသေးပေါ်မူတည်၍ ဝယ်ယူရပြီး အဆိုပါ ငါးအစိုတစ်ပိဿာကို ခွဲခြမ်းပြီး နေလှန်း ရာတွင် ငါးခြောက်အဖြစ် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားခန့် ထွက်ရှိပါသည်။  ငါးရံ့ခြောက် ထုတ်လုပ်သူများအနေဖြင့် ငါးရံ့အစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာတွင် ခန့်မှန်းကျပ်ကျငွေ ၃၀၀၀၀ ကျပ်ဖြစ်ပြီး ငါးရံ့ခြောက်တစ်ပိဿာကို ၅၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ဈေးအထိ ရောင်းချလျက်ရှိပါ သည်။ ပဲခူးဒေသထွက် ငါးရံ့ခြောက်များကို နယ်ဘက်များအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ၊ လွိုင်ကော် စသည့် ဒေသများအထိ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                                         

ညောင်လေးပင်မြို့နယ် ဟင်းသီးဟင်းရွက်ဈေးကွက်

      ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့နယ်သည်  မိုးရွာသွန်းမှုများသည့်ဒေသ ဖြစ်သည့်အလျောက် ယခုအချိန်အခါသည် ဒေသထွက်စိုက်ပျိုးသီးနှံများ ထွက်ရှိမှုနည်းပါးသည့် အတွက် ရှမ်းပြည်နယ်အောင်ပန်းမြို့မှ ထွက်ရှိသော ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ အာလူးနှင့် မုန်ညင်းထုပ်များသယ်ယူရောင်းချလျက်ရှိရာ ညောင်လေးမြို့ထိသယ်ယူပို့ဆောင်ခအနေဖြင့် ၁ ပိဿာ ၂၀၀/ ကျပ် ဝန်းကျင်ခန့်ကုန်ကျပြီး၊ ညောင်လေးပင်မြို့မဈေးတွင် ၊ ၁ ပိဿာ လက်လီရောင်းဈေးအနေဖြင့် ခရမ်းချဉ်သီး -၂၄၀၀ ကျပ်၊ ပန်းဂေါ်ဖီ - ၂၀၀၀ ကျပ်၊ အားလူး-၃၀၀၀ ကျပ်နှင့် မုန်ညင်းထုပ် -၂၀၀၀ ကျပ် ဝန်းကျင်ဖြင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက် မိုးစပါးရိတ်သိမ်းခြွေလှေ့မှုနှင့် စျေးနှုန်းဈေးကွက်

         သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ဖုန်းဆိုးစုအုပ်စု ၊ ဒန့်ဒလွန်ကွင်းကျေးရွာသို့ ၁၁.၁၀.၂၀၂၂ ရက်နေ့ ၊ နေ့လယ် ၁ : ၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများသည် မိုးစပါး ကောက်စောစပါးများ ရိတ်သိမ်း ခြွေလှေ့နေသော တောင်သူ ဦးကျော်ဝင်းပါ (၃)ဦး၏ လယ်ကွင်းသို့ သွားရောက်မေးမြန်းခဲ့ပါသည်။

       ထို့သို့မေးမြန်းရာ လယ်သမားတစ်ဦးလျင် ၃ ဧက ၊ ၅ဧကစီ စိုက်ပျိုးထားကြောင်းနှင့် ရိတ်သိမ်း နေသော စပါးများမှာ မှော်ဘီ ၃ ၊ ရတနာတိုး စပါးအမျိုးအစားများကို ရိတ်သိမ်းကြောင်း ၊ တစ်ဧကလျှင် စပါးတင်း (၈၀)ခန့် ထွက်ရှိပါသည်။ အစိုဓာတ် ၂၆% ရှိပြီး ကွင်းအ‌ရောက်ပေါက်ဈေး ၅၀ပေါင်တင်း ၁၀၀လျှင် ၈၈၀၀၀ဝိ-/ ကျပ် ၊ ၄၆ပေါင် တင်း၁၀၀လျှင် ၈၀၉၆၀ဝိ/ကျပ်ဈေး ရရှိပါသည်။ ရိတ်ခြွေစက်ငှားခ တစ်ဧကလျှင် ၈၀၀၀ဝိ-/ကျပ်နှင့် လုပ်သားခ စပါးတင်း ၄၀ တစ်ခေါက်လျှင် လုပ်သားခ ၄၀၀ဝိ-/ကျပ်မှ ၅၀၀ဝိ-/ ကျပ် ပေးရပါသည်။ ရိတ်ခြွေစက်၏ ဆီဂါလံကုန်ကျမှုမှာ တစ်နာရီလျှင် ဆီနှစ်ဂါလံခွဲနှင့် စက်မောင်းပြီး ရိတ်ခြွေရကြောင်း သိရှိရပါသည်။          

       ကြို့ပင်ကောက်မြို့ပေါ်တွင် ယခင်အပတ် စက်အရောက်ပေါက်ဈေး စပါးအစို ၂၅ % နှင့် ပေါင် ၅၀ တင်း၁၀၀လျှင် ဆယ်သိန်းနှင့် ဝယ်ယူပြီး ယခုအပတ်တွင် စပါးတင်း ပေါင် ၅၀ တင်း၁၀၀လျှင် ကိုးသိန်းခွဲ ဈေးဖြင့်သာ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ညောင်လေးပင်မြို့နယ် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းဈေးကွက်

       ယခုတစ်ပတ်တွင် ညောင်လေးပင်မြို့နယ်၏    ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများအနေဖြင့်  ပင်သန်ပုလဲ ၅၀ kg (ဩဘာ) တစ်အိတ်လျှင် ၁၅၀၀၀ကျပ် ၊  အီမို ပိုကောင်းပုလဲ  50 kg တစ်အိတ်လျှင် ၁၂၀၀၀ ကျပ် ၊ ရွှေဖားစည် ဆေးပုလဲ ၅၀ kg တစ်အိတ်လျှင် ၁၁၀၀၀ကျပ် တို့ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ အရောင်းအဝယ်ဖြစ်နေကြာင်း သိရှိရပြီး  မာရသွန် 21 ပုလဲ ( ဩဘာ) ဓာတ်မြေသြဇာ 50kg  တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်ဖြင့် ယခင်အပတ်ထက်ဈေး ၅၀၀၀ကျဆင်းသွားပြီး  နဂါးမင်းပုလဲ ( ဩဘာ )   50kg တစ်အိတ်လျင် ၉၅၀၀၀ ကျပ် တို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။  ယခုအပတ် ပိုးသတ်ဆေးဈေးနှုန်းအနေဖြင့် အဗေတာ အီဗို ၅၀၀ g (သြဘာ)  တစ်ထုပ်လျှင် ၁၈၀၀၀ကျပ်၊ အဗေတာ အီဗို 1kg တစ်ထုပ်လျှင် ၃၅၀၀၀ကျပ်၊ နိုင်တလုံး (ဩဘာ) 1000 CC တစ်ဗူးလျှင် ၄၅၀၀၀ ကျပ် ၊ ယက္ခ (ဩဘာ) 1000 CC တစ်ဗူးလျှင် ၄၅၀၀၀ ကျပ် ၊ ဂရိတ်တား အီဗို ၄ လီတာ တစ်ဗူးလျှင် ၆၇၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ် အခြေခံစားသောက်ကုန် ဈေးနှုန်းအခြေအနေ

       သြဂုတ်လ ပထမပတ်တွင် ဒိုက်ဦးမြို့နယ်ရှိ အခြေခံစားသောက်ကုန်များဖြစ်သော  ကြက်သွန်နီ ၊ ချင်း ၊ နနွင်းဈေးများ အနည်းငယ်ကျင်းဆင်းသွားကြောင်း သိရှိရပါသည်။

       စက်တင်ဘာလစတုတ္ထပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ၃၈၀၀ ကျပ်ဖြင့် အ‌ရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခု အောက်တိုဘာလ ပထမပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် ယခင် အပတ်ကထက် ၃၀၀ကျဆင်းသွားကြောင်း သိရှိရပါသည်။

      အခြေခံစားသောက်ကုန်များအနေဖြင့် သြဂုတ်လ ပထမပတ်တွင် ပဲ( ကုလားပဲခြမ်း) တစ်ပိဿာ လျှင် ၅၀၀၀ကျပ် ၊ ငြုပ်သီးခြောက် တစ်ပိဿာလျှင် ၅၀၀၀ကျပ် ၊ ချင်းတစ်ပိဿာလျှင် ၄၀၀၀ကျပ် ၊ နနွင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ် ၊ မန်ကျည်းမှည့် တစ်ပိဿာလျှင် ၅၀၀၀ကျပ် ၊ လက်ဖက် ခြောက်တစ်ပိဿာလျှင် ၈၀၀၀ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

      စားသုံးဆီအနေဖြင့် မြေပဲဆီ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ် ၊ နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ် ၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲတောင့်ရှည်သီးနှံ ဈေးနှုန်း/ဈေးကွက် အခြေအနေနှင့်အကျိုးအမြတ်ရရှိမှု

         ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ ပေါင်းတည်မြို့နယ်ရှိ ပေါက်တန်းကျေးရွာတွင် ပဲတောင့်ရှည် များ စိုက်ပျိုးလျက်ရှိပါသည်။

       ပဲတောင့်ရှည်စိုက်ပျိုးရန် မြေကိုရှေးဦးစွာမစိုက်ပျိုးမီ ဘောင်များဆွဲ၍ လုပ်ကိုင်ရပါသည်။ ဘောင်ပေး ရာတွင် တစ်ဧကဘောင်ပေးရန် လုပ်သားငှားရမ်းခ ၂၅၀၀၀/ကျပ်ဖြင့် ၃ ရက်ခန့်ဘောင်ပေးရပါသည်။ ပဲစေ့ချ စိုက်ပျိုးရန်လုပ်သားငှားရမ်းခ ၂၀၀၀၀/    ကျပ်ဖြင့် တစ်ဧကကို ၂ ရက်ခန့် စိုက်ပျိုးရပါသည်။ မျိုးစေ့များကို စိုက်ပျိုးရေးဆေးဆိုင်များမှဝယ်ယူရရှိပြီး  နို့ဆီဗူး တစ်လုံးလျှင် (၅၀၀၀)/ ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးရရှိပါသည်။ အပင်များကြီးထွားပြီးအညွန့်တက်လာပါက ဝါးကျစ်ဝါးများကို တိုင်ထောင်ရန်အသုံးပြုရပါသည်။ တစ်ဧက တိုင်ထောင်ရန်အတွက် ဝါးကျစ်ဝါး ၂၀၀၀ မှ ၂၂၀၀ ထိ တိုင်ထောင်၍ စိုက်ပျိုးကြရပါသည်။ တိုင်ထောင်ရန်ဝါးကျစ်ဝါး တစ်လုံးလျှင် ၁၀၀ကျပ် မှ ၁၅၀ ကျပ်ပေး၍ ဝယ်ယူသုံးစွဲရပါသည်။ သွင်းအားစု သုံးစွဲမှုအနေဖြင့် ပိုးသတ်ဆေး၊ အပင်သန်ဆေး၊ အသီး၊ အပွင့်ဆေး၊ မှိုဆေး တို့ကို သုံးစွဲရန် လိုအပ်ပါသည်။ တစ်ဧကလျှင် သွင်းအားစုကုန်ကျစရိတ်မှာ ၁၈၀၀၀၀ကျပ်ခန့် ကုန်ကျနိုင်ပြီး စိုက်ပျိုးပြီးချိန်မှစ၍ နှစ်လ အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ပါသည်။ စတင်ခူးဆွတ်ချိန်မှ အသီးတုံးချိန်ထိ တစ်ရက်ခြား ခူးဆွတ် နိုင်ပြီး တစ်လခွဲကြာသည်ထိ ခူးဆွတ်ရကြောင်း သိရပါသည်။  အပင်စတင်စိုက်ပျိုးချိန်မှစ၍ အသီးသီးပြီး ခူးဆွတ်ချိန်ထိ စုစုပေါင်း တစ်ဧက ကုန်ကျစရိတ်မှ  ၅၁၅၀၀၀/ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ ပဲတောင့်ရှည်သီး အပင်ကောင်းလျှင် အသီးစတင်ပြီးသီးချိန်မှစ၍ အသီးတုံးသည့်အချိန်ထိ အတောင့်အရေအတွက် နှစ်သိန်းတောင့်မှ နှစ်သိန်းတစ်သောင်းခန့်အထိ ထွက်ရှိကြောင်းသိရှိရပါသည်။

      ပဲတောင့်ရှည်သီးများကို တင်ပို့ရောင်းချရာတွင် ဝက်ပုတ်၊အင်းမ၊ပေါင်းတည်မြို့များရှိ ကုန်စိမ်းဒိုင် များသို့ ရောင်းချရပြီး ၊ တစ်တောင့်လျှင် ၈ ကျပ် မှ ၁၀ ကျပ်ထိ ဈေးနှုန်းအတက်/အကျဖြင့် ရောင်းချရပါသည်။ ပဲတောင့်ရှည်သီး တစ်ဧကကုန်ကျစရိတ်မှာ ငါးသိန်းကျော်ကုန်ကျနိုင်ပြီး တစ်ဧက ပျှမ်းမျှဝင်ငွေမှာ သိန်းနှစ်ဆယ်ခန့် ဝင်ငွေရရှိနိုင်ပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် တစ်ဆယ့်ငါးသိန်းကျော် အမြတ်    ရရှိနိုင်သဖြင့် ပဲတောင့်ရှည်စိုက် တောင်သူများ အကျိုးဖြစ်ထွန်းနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေတောင်ဒေသထွက် မက်တိုဘူးသီး

        ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ကျောက်အိုးရွာတွင် ဘူးသီးများစိုက်ပျိုးထား ရှိပါသည်။

      မြန်မာလူမျိုးများသည် ဘူးသီး၊ ဘူးရွက်၊ ဘူးညွှန့်တို့ကို ချက်ပြုတ်စားသောက်ကြသလို ဘူးသီးကို ဆန်မှုန့်များဖြင့် ဘူးသီးကြော်၍ စားသုံးကြပါသည်။ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ကျောက်အိုးရွာတွင် ခြံဝင်းများ၊ အိမ်ယာများတွင် စင်ထိုး၍စိုက်ပျိုးကြပါသည်။ ဘူးပင်ကို မိုးရာသီ တွင် စိုက်ပျိုးကြသလို ဆောင်းရာသီတွင်လည်း ရေသွင်း၍ စိုက်ပျိုးပါသည်။ ဘူးသီးကိုစိုက်ပျိုးပြီး နောက် (၄၅) ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးသော ဘူးသီးအမျိုးအစားမှာ မက်တိုဘူးသီးမျိုးဖြစ်ပြီး ဘူးစင်တစ်စင်လျင် အများဆုံးအလုံး(၁၀၀) ခန့် ထွက်ရှိပြီး အနည်းဆုံးအလုံး(၆၀)ထိ သီးကြောင်းသိရှိရပါသည်။ မက်တိုဘူးသီးမျိုးမှာ အခေါင်းပွ မရှိဘဲ အလေးချိန်စီးသောကြောင့် စိုက်ပျိုးသူများကြောင်း သိရှိရပါသည်။ ထွက်ရှိလာသော ဘူးသီး များကို ကျောက်အိုးကျေးရွာရှိ ကုန်စိမ်းဒိုင်သို့ သွားရောက်၍ ရောင်းချကြောင်း သိရှိရပါသည်။ ဘူးသီးဈေးနှုန်းများမှာ လက်ကား တစ်လုံးလျင် (၅၀၀) ကျပ်ရရှိပြီး လက်လီတစ်လုံးကျပ် (၆၀၀) ကျပ်ခန့် ရရှိသည်ဟု သိရှိရပါသည်။

      ရွှေတောင်ဒေသထွက် စိုက်ပျိုးသော မက်တိုဘူးသီးမျိုးမှာ အခေါင်းမပွဘဲ စားသုံးသူများ လည်း ကြိုက်နှစ်သက်၍ စိုက်ပျိုးသူများသလို ဈေးနှုန်းလည်းကောင်းသဖြင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း