ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်တွင် နှမ်းဈေးဆက်လက်မြင့်တက်

      ပြည်ဈေးကွက်တွင် အောက်တိုဘာလဆန်းပိုင်းတွင် နှမ်းဈေးများ ကျဆင်းလာသည်ကို  တွေ့ရှိရပါသည်။ ကံမ၊ မြန်အောင် နှင့် ဥသျှစ်ပင်ဘက်မှ တစ်နေ့လျင် နှမ်းအိတ် (၁၀၀၀)ခန့် ဝင်ရောက်မှုရှိပြီး နှမ်းနက်ကို မန္တလေးဝယ်လက်များက တရုတ်ပြည်သို့ တင်ပိုရန်အတွက် ဝယ်ယူမှုရှိသလို နှမ်းနီကိုဆီစက်များကအဝယ်ရှိနေသော်လည်း  နှမ်းဈေးမှာ ကျလာသည်ကို တွေ့ရှိရပါသည်။ ယခင် စက်တင်ဘာလတတိယပတ်တွင်  ပြည်ဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသော နှမ်းဈေးများမှာ နှမ်းနီ(၃)တင်း တစ်အိတ်လျှင် (၂၆၀၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်း တစ်အိတ်လျှင် (၂၈၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် (၃၂၀၀၀၀)ကျပ်ဈေးဖြစ်ခဲ့ပြီး ယခု အောက်တိုဘာလဆန်းတွင်  နှမ်းနီ(၃) တင်း တစ်အိတ်လျှင် (၂၄၅၀၀၀)ကျပ်ဖြင့် ယခင်လကထက် ၁၅၀၀၀ကျပ် ခန့်ဈေးကျလာပြီး၊ နှမ်းနက် (၃)တင်းတစ်အိတ်လျှင် (၂၇၀၀၀၀)ကျပ်ဖြင့် ယခင်လ ကထက်  (၁)သောင်းကျပ် နှင့် စမုံနက် (၃)တင်းတစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်ဖြင့် ယခင်လ ကထက် (၂)သောင်းကျပ်ခန့် ဈေးကျလာသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ဝယ်လက် အဝယ်ရှိသော်လည်း  ပြည်မြေပဲဆန်ဈေးပြန်ကျလာ

       ပြည်ဈေးကွက်သို့ မိုးမြေပဲဆန်များကို ပြည်-အောင်လံ ကြားရှိကျေးရွာများနှင့် ပေါက်ခေါင်း၊ ကြံခင်း၊ မြန်အောင်ဘက်မှ နေ့စဉ်အိတ် (၁၅၀၀-၂၀၀၀)ခန့် ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများ ကျဆင်း လာသည်ကို တွေ့ရှိရပါသည်။ ယခင်စက်တင်ဘာလ တတိယပတ်တွင် မြေပဲဆန်ဈေးများမှာ ဆီဆန် တစ်ပိဿာလျှင် (၅၃၀၀)ကျပ်၊ ရွေးဆန် တစ်ပိဿာလျှင် (၅၇၀၀)ကျပ် နှင့် လုံးဆန် တစ်ပိဿာ လျှင် (၆၀၀၀-၆၁၀၀)ကျပ်ဈေးဖြစ်ခဲ့ပြီး  ယခု အောက်တိုဘာလဆန်းပိုင်းတွင် မြေပဲဆီ ဆန် တစ်ပိဿာလျှင် (၅၀၀၀-၅၁၀၀)ကျပ်ဖြင့် တစ်ပိဿာလျှင် ၃၀၀ကျပ် ဈေးကျခဲ့သလို မြေပဲလုံး ဆန်တစ်ပိဿာလျှင် (၅၃၅၀-၅၄၀၀)ကျပ်ဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်ခန့် ဈေးကျလာတာသည်ကို တွေ့ရှိရပါသည်။ ဆီဆန်ကို မြို့တွင်းဆီစက်သမားများနှင့် မကွေးရှိ ဆီစက်သမားများက အဝယ်ရှိသလို လုံးဆန်ကို မြဝတီသို့တင်ပို့ရန်နှင့် ဒေသတွင်း ပဲလှော်ဖိုသမားများက အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၁၅၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ကြက်သွန်ဖြူ အဝင်များပြီး အရောင်းအဝယ်အေး၍ဈေးကျ

     ပြည်ဈေးကွက်တွင်ကြက်သွန်ဖြူဈေးမှာ ယခင်အပတ်ကထက် ဈေးလျော့နည်းနေပါသည်။  ယခင် အပတ်က နေ့စဉ်အဝင်ရှိနေခဲ့သည့်အတွက် အဝင်များပြီး အရောင်းအဝယ်အေးနေခြင်းကြောင့် ဈေးလျော့နည်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ(ရှမ်းစ)များမှာ ပိဿာ(၃၀)ဝင် ဆံ့သောအိတ် တစ်ပတ်လျှင် ၄၀/၅၀ခန့် အဝင်ရှိပြီး ပိဿာအားဖြင့် ၁၂၀၀-၁၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)မှာ ၁၃-၁၄ ပိဿာဝင်ဆံ့သောအိတ် တစ်ပတ်လျှင် ၂၀၀/၃၀၀အိတ်၊  ပိဿာ အား ဖြင့် ၄၀၀၀ပိဿာဝန်းကျင် အပတ်စဉ် အဝင်ရှိကြောင်း သိရှိရပါသည်။ မြို့နယ်များမှ အမှာရှိလျှင် ရှိသလိုပေးပို့ရပြီး ဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ(ရှမ်းစ) များမှာ အရွယ်အစား ပေါ်မူတည်၍ လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၃၂၀၀-၃၅၀၀-၃၈၀၀-၄၂၀၀၊ လက်လီ ဈေးကျပ် ၄၀၀၀-၄၅၀၀၊ ကြက်သွန်ဖြူ(ကြူကုတ်)မှာ တစ်ပိဿာလျှင် လက်ကား(ပွဲရုံဈေး) ကျပ် ၄၀၀၀-၄၂၀၀၊ လက်လီဈေး ကျပ် ၄၂၀၀-၄၃၀၀ဈေးရှိပြီး အရောင်းအဝယ်အေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်အာလူးအရောင်းပါး၍ ချင်းအိတ်ဝင်ရောက်မှုနည်းလာ

       ပြည်ဈေးကွက်သို့ ရှမ်းအာလူးများ ပိဿာ ၃၀ ဝင်ဆံ့သောအိတ် တစ်ပတ်လျှင်အိတ် ၁၀၀မှ ၁၅၀အတွင်း အဝင်ရှိပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရှိ လက်လီဝယ်ယူသူများဖြင့် အနည်းငယ်အရောင်းအဝယ်ရှိသလို လက်ကားဝယ်ယူသူ အဝယ်ပါးလျှက်ရှိပါသည်။ ဈေးနှုန်း အနေဖြင့် အာလူးတစ်ပိဿာလျှင် လက်ကား(ပွဲရုံ)ဈေး ကျပ် ၂၀၀၀-၂၂၀၀-၂၃၀၀ဈေးရှိပြီး လက်လီ တစ်ပိဿာလျှင် ကျပ် ၂၄၀၀-၂၈၀၀ဈေးဖြင့် အရောင်းအဝယ်ပါးလျက်ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ် ချင်းပွဲရုံများသို့ ချင်းဝင်ရောက်မှုမှာ ပုံမှန်ရှိနေသော်လည်း ချင်းအိတ် အဝင်နည်း လာကြောင်း  သိရှိရပါသည်။ ယခင်အပတ်တွင် အဝင်လှိုင်နေပြီး၊ ယခုအပတ် အဝင်နည်းသော ကြောင့် ချင်းဈေးလည်း တစ်ပိဿာပေါ်တွင် ၄၀၀-၅၀၀ ကျပ် ထိုးတက်လာသည်ကို တွေ့ရှိ ရပါသည်။ ယခုအပတ်တွင် ချင်း(ပွဲရုံ)ဈေး တစ်ပိဿာလျင် ၁၉၀၀-၂၀၀၀ကျပ် နှင့် လက်လီဈေးမှာ ၂၅၀၀-၂၆၀၀ကျပ် တို့ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဆန်နှင့်စားသုံးဆီ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အခြားအခြေခံစားသောက်ကုန် ဈေးနှုန်းများတည်ငြိမ်

          တောင်ငူမြို့ရှိ ဆန်ပွဲရုံများတွင် ယခင်အပတ်က ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၈၉၀၀၀ ကျပ်နှင့် ဗျော့ထွန်း တစ်အိတ်လျှင် ၄၄၀၀၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၈၆၀၀၀ ကျပ်နှင့် ဗျော့ထွန်း တစ်အိတ်လျှင် ၄၁၀၀၀ ကျပ် ရှိသဖြင့် တစ်ပတ်အတွင်း ဆန် တစ်အိတ်လျှင် ၃၀၀၀ ကျပ် ဈေးနှုန်းကျဆင်းခဲ့ပါသည်။

         စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ အလေးချိန် ၁၀ ပိဿာ ပုံးလိုက်ယူလျှင် တစ်ပုံး ၇၀၀၀၀ ကျပ်ရှိခဲ့ပြီး ယနေ့တွင် စားသုံးဆီတစ်ပိဿာ ၇၀၀၀ ကျပ်၊ ၁၀ ပိဿာ ပုံးလိုက်ယူလျှင် တစ်ပုံး ၆၇၀၀၀ ကျပ် ရှိသဖြင့် တစ်ပတ်အတွင်း စားသုံးဆီတစ်ပိဿာလျှင် ၅၀၀ ကျပ် ကျဆင်းခဲ့ပါသည်။

        အခြားအခြေခံစားကုန်များဖြစ်သော ဆားမှာ ဆားကြမ်း၊ တစ်ပိဿာလျှင် ၅၀၀ ကျပ်၊ အိုင်အိုဒင်းဆား ၂၅ ကျပ်သားတစ်ထုပ်လျှင် ၃၀၀ ကျပ်၊ ငရုပ်သီးခြောက်အပု တစ်ပိဿာလျှင်၂၂၀၀၀ ကျပ်၊ အရှည် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်အထိ၊ ကြက်သွန်နီအသေး တစ်ပိဿာလျှင် ၃၂၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၃၄၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၃၆၀၀ ကျပ်၊ အာလူး ဂေါ်လီအသေး တစ်ပိဿာလျှင်၁၈၀၀ ကျပ်၊ အသေး တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၂၃၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၂၆၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်အတွင်း မိုးစပါးများ စတင်ရိတ်သိမ်း

        တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းနှင့် ဖြူးမြို့နယ် (၅)ခုတို့တွင် မိုးစပါး ၄၅၂၁၇၀ ဧက စိုက်ပျိုးထားရှိရာ ယခုအခါ စတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။

        ပြီးခဲ့သည့် ရက်များက မုန်တိုင်းအရှိန်ကြောင့် မိုးများ အဆက်မပြတ်ရွာသွန်းနေသဖြင့်  ရိတ်ခြွေစက်များမှ ထွက်ရှိလာသော စပါးများကို လယ်ကွင်းပြင်တွင် နေလှန်းရန် အခက်အခဲရှိခြင်းကြောင့် ဆန်စက်များမှ ဝယ်ယူပြီးအခြောက်ခံခြင်းဖြစ်ပါသည်။

         စပါးအစိုဓာတ်များပြားသဖြင့် ဆန်စက်များက စပါးများကို တစ်တင်းလျှင် ၅၄ ပေါင်ဖြင့် ဝယ်ယူပါသည်။ စပါးအမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ ဆန်စက်အရောက် စပါးတင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀ မှ ကျပ် ၁၁၀၀၀၀၀ အထိ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

       ယခင်နှစ်စပါးပေါ်ခါစတွင် စပါးဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ၆၃၀၀၀၀ ကျပ်မှ ၆၅၀၀၀၀ ကျပ် အထိသာရှိခဲ့သဖြင့် ယခင်နှစ်ကထက် အကျိုးအမြတ်ပိုမိုရရှိမည်ဟု ထင်ရသော်လည်း သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ လုပ်သားစရိတ်များမြင့်တက်ခြင်းနှင့် ရိတ်သိမ်းခြွေလှေ့ခ မြင့်တက်ခြင်းတို့ကြောင့် ယခင်နှစ်ကထက် အကျိုးအမြတ်အနည်းငယ်သာ ပိုမိုရရှိမည် ဖြစ်ပါသည်။

         ယခုအခါတွင် ရာသီဥတု ပြန်လည်ကောင်းမွန်လာပြီး စပါးများလည်း လှိုင်လှိုင်ပေါ်တော့မည်ဖြစ်သဖြင့် စပါးအရည်အသွေးမြင့်မားလာကာ စပါးဈေးလည်း ကျဆင်းလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ထက်အောင်လင်း ငှက်ပျောခြောက်လုပ်ငန်း

       တောင်ငူမြို့ အမှတ်(၁၄)ရပ်ကွက်၊ ဦးစက်ဝန်းလမ်းရှိ ထက်အောင်လင်း ငှက်ပျောခြောက် လုပ်ငန်းတွင် ငှက်ပျောခြောက်အတွက်လိုအပ်သောကုန်ကြမ်းများကို တောင်ငူမြို့ အရှေ့ဘက် တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ် သံတောင်မြို့နယ်မှ အခြောက်လှန်းပြီးသား ငှက်ပျောသီးများနှင့် မလှန်းရသေးသော ငှက်ပျောအစို နှစ်မျိုးလုံးအား ဝယ်ယူသော်လည်း ယခုကဲ့သို့ မိုးရာသီ ကာလများတွင် အခြောက်လှန်းပြီးသား ငှက်ပျောသီးများကိုသာ ဝယ်ယူပါသည်။ ငှက်ပျောခြောက် ပြုလုပ်ရာတွင် နေလှန်းပြီးသောငှက်ပျောခြောက်များအား ပျားရည်၊ ပဲဆီတို့နှင့် နှပ်ပြီး (၁)ရက်ခန့် ပေါင်းထား၍ ပါကင်ထုပ်ပိုးပြီး ဈေးကွက်ဝင် ငှက်ပျောခြောက်ထုပ်များ ‌ရောင်းချကြပါသည်။

    ငှက်ပျောခြောက်ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ရိုးရိုးအိတ်ဖြင့် ထုပ်ပိုးထားသော ငှက်ပျော ခြောက် (၁)ထုပ်လျှင် ၄၅၀ ကျပ်နှုန်းဖြင့် ဖောက်သည်ပေးပြီး၊ ပါကင်ဗူးဖြင့် ထုပ်ပိုးထားသော ငှက်ပျောခြောက် (၁)ဗူးလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ဖောက်သည် ပေးသွင်းရကြောင်း သိရှိရပါသည်။ ထုတ်လုပ်မှု အနေဖြင့် (၁)လလျှင် ငှက်ပျောခြောက်ထုပ် ၄၀၀၀ မှ ၆၀၀၀ ခန့်ထိ ထုတ်လုပ်နိုင်ပြီး လုပ်သားအင်အား (၅)ဦးအား စားရိတ်ငြိမ်း (၁)ဦးလျှင် တစ်လ ၆၀၀၀၀ ကျပ်၊ ၉၀၀၀၀ ကျပ်နှင့် ၁၂၀၀၀၀ ကျပ်အထိ ပေးကာ ငှားရမ်းထားကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ထက်အောင် လင်း အမှတ်တံဆိပ် ငှက်ပျောခြောက်မှာ မိဘဘိုးဘွား လက်ထက်ကတည်းက ထုတ်လုပ်ရောင်းချလာသော အမှတ်တံဆိပ် ဖြစ်ပါသည်။ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံမြို့တို့ အထိအောင် တင်ပို့ရောင်းချလျှက်ရှိကြောင်း ငှက်ပျောခြောက်လုပ်ငန်းပိုင်ရှင် ဒေါ်နီနီအောင်၏ ပြောကြားချက်အား တင်ပြလိုက်ပါသည်။

DOCA(ပဲခူး)

 

မိတ္ထီလာခရိုင်၊သာစည်မြို့၊အ.ထ.က မယ်ဇလီကန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

     မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့၊နံနက် (၀၉း၀၀) အချိန်တွင်သာစည်မြို့၊ အ.ထ.ကမယ်ဇလီကန်ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ဟောပြောပွဲတွင် သာစည်မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး စားသုံးသူရေးရာဦးစီးဌာနသည် ယခင်နှစ်များက  အသိပညာပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ သော်လည်း Covid-၁၉ ရောဂါကူးစက်မှု အခြေအနေများကြောင့်CICC Meiktila Facebook Pageတွင် Onlineမှ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်သွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များဖြင့်လည်းကောင်း၊ စားသုံးသူအသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ စားသုံး သူများအနေဖြင့် မိမိတို့အခွင့်အရေးများဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါ‌ကြောင်း၊ တိုင်ကြားမှုများကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးလျှက်ရှိ ကြောင်း ဆွေးနွေးပြောကြားပေးခဲ့ပြီး ဟောပြောပွဲကိုဖွင့်လှစ်ပေးခဲ့ပါသည်။ 

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစန်းအောင် ဒု-ဦးစီးမှူး က စားသုံးသူကာကွယ်ရေး ဥပဒေကိုမြန်မာနိုင်ငံတွင်၂၀၁၄ခုနှစ်၊မတ်လ(၁၄)ရက်နေ့တွင် စတင် ပြဌာန်းခဲ့ပြီး ၊စားသုံးသူ ကာကွယ်ရေးဥပဒေသစ်ကို ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင် အခန်း (၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်သော ဥပဒေအသစ်ကိုပြင်ဆင်အတည်ပြုပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများ အနေဖြင့်မိမိအခွင့်အရေးများသိရှိမှသာ ကုန်စည်(သို့)ဝန်ဆောင်မှုများအပေါ်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်‌လာပါကအရေးဆို တိုင်ကြားနိုင်မည် ဖြစ်ပါကြောင်း၊ အခန်း(၉)ပါစားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များကို တိုင်ကြားမှုဥပမာများဖြင့် စားသုံးသူများ သိရှိနား လည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး ၊ လိုက်နာရမည့် တာဝန်များ နှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့ပါသည်။ ၎င်းအပြင်အခန်း(၁၈)၊ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား သည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့်ဗဟုသုတများကိုပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံး မှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက်တိုင်ကြားနိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူ၊ဆရာဆရာမ စုစုပေါင်း (၁၁၅)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲကို နံနက်(၁၀း၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။   

DOCA(မန္တလေး)

                                                                                        

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

       ၂၀၂၂ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၈၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၅၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၃၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၅၀ကျပ်၊ (သေး) တစ်လုံး ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

       စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၆၉၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည်လည်ပတ်ခဲ့ကြောင်းသိရပါသည်။ အောက်တိုဘာလ ပထမပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၄၅၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၂၅၀၀၊ မတ်ပဲ တစ်တင်းကျပ် ၅၉၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၅၈၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၆၀၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၂၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၆၂၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       ဂျုံဖြူသန့်တစ်တင်း ကျပ် ၆၂၀၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၇၄၀၀၀-၇၅၀၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်း ကျပ် ၄၅၀၀၀-၄၇၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၈၀၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၈၀၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၈၀၀၀-၅၀၀၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၇၀၀၀၀-၇၅၀၀၀-၈၀၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၇၀၀၀-၇၀၀၀၀၊ ပဲလွန်းဖြူ တစ်တင်း ကျပ် ၄၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၃၇၀၀၀-၄၀၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ် တင်း ကျပ် ၁၈၅၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၇၀၀၀၊ ပြောင်းဖြူ တစ်တင်းကျပ် ၁၈၅၀၀၊ ဆီထွက် သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများ မှာ နှမ်းညို တစ်တင်းကျပ် ၇၃၀၀၀၊ နှမ်းနက် တစ်တင်း ကျပ် ၇၂၀၀၀-၈၀၀၀၀-၉၀၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၇၅၀၀၀-၈၅၀၀၀-၈၉၀၀၀၊ နေကြာစေ့ တစ်တင်း ကျပ် ၄၀၅၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၅၃၀၀၊ မြေပဲလုံး ဆံဖြူ တစ်ပိဿာကျပ် ၅၁၀၀-၅၂၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၂၇၀၀-၂၈၀၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၂၀၅၀-၂၁၅၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၇၂၀ ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ကုလားပဲသီးနှံဈေးနှုန်းများနှင့် တရိစ္ဆာန် အစားအစာများဖြစ်သော ပဲဖတ်ဈေးနှုန်းများ အနည်းငယ်ဈေးတက်နေပြီး၊ ကျန်ပဲဈေးနှုန်းများနှင့် ဆီထွက်သီးနှံဈေးနှုန်းများ အနည်းငယ်ကျဆင်နေပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း