ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မိုးနှောင်းချည်မျှင်ရှည်ဝါများ အောင်မြင်စွာစိုက်ပျိုးပြီးစီး”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် (မိုးနှောင်း) ချည်မျှင်ရှည်ဝါ ၂၀၂၂-၂၀၂၃ ခုနှစ်စိုက်ဧကစုစုပေါင်း(၁၄၈၇၀)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၃၈၅၃)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၅၅၄၆)ဧက၊ မြစ်သားမြို့နယ်တွင်(၄၅၅၉)ဧကနှင့် တံတားဦးမြို့နယ်တွင် (၉၁၂)ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ ပြောကြားချက်အရသိရှိရပါသည်။ မြစ်သား မြို့နယ်တွင် (မိုးနှောင်း)ချည်မျှင်ရှည်ဝါများကို ဒိုင်း၊မြနဒီနှင့် နွားဘူးကြီးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ (မိုးနှောင်း)ချည်မျှင်ရှည်ဝါများကို သြဂုတ်လဆန်းမှစ၍ စတင်စိုက်ပျိုးကြပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်မှစ၍ စတင်ထွက်ရှိမှာဖြစ်ကြောင်း ဝါတစ်ဧကကုန်ကျစရိတ်မှာ (၃၀၀၀၀ဝိ/-)ကျော်ကုန်ကျစရိတ်ရှိပြီး ဝါစိုက်ပျိုးပြီး (၄၅)ရက်ကျော်အကြာတွင် စတင်၍ပိုးသတ် ဆေးများပက်ဖျန်းရကြောင်း၊ ဝါတစ်ဧကအထွက်နှုန်းအနေဖြင့် အထွက်နှုန်းကောင်းမွန်ပါက (၇၀၀) ပိသာ၊(၈၅၀)ပိဿာထွက်ရှိပြီး အထွက်နှုန်းလျော့နည်းပါက (၃၀၀)ပိဿာထွက်ရှိကြောင်းသိရှိရပါသည်။ ယခုလက်ရှိ မြစ်သားမြို့နယ်အနေဖြင့် ဝါစက်လုပ်ငန်းရှင်များမှ ဝါများကို ဝမ်းတွင်းနယ်မှ ဝယ်ယူနေကြောင်း၊ဝါတစ်ပိဿာလျှင် (၂၅၀ဝိ/-)ကျပ်မှ(၂၆၀ဝိ/-)ကျပ်ထိ ဈေးရှိပြီး ဝါဂွမ်းတစ်ပိဿာလျှင်(၆၄၀ဝိ/-)ကျပ်မှ(၆၃၀ဝိ/-)ကျပ်ရှိကြောင်းကွင်းဆင်းခဲ့သည့် ဝါစက်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“စျေးကောင်းရသောရွှေငရုပ်”

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ငရုပ်(မိုး)စိုက်ဧက စုစုပေါင်း(၁၆၁၈၁)ဧက စိုက်ပျိုးထားရှိပြီး (၁၂၆၇)ဧက ရိတ်သိမ်းထွက်ရှိလျှက်ရှိပါသည်။တစ်ဧကအထွက်နှုန်းမှာ(၅၅၀)တင်း ထွက်ရှိပြီး ဒေသအလိုက် ငရုပ်မျိုးများကွဲပြားကြပါသည်။အများဆုံးစိုက်ပျိုးသော ငရုပ်မျိုးများမှာ (၆၉၂)မျိုး၊(၉၂၉)မျိုးနှင့်ဒီမွန်မျိုးများ စိုက်ပျိုးကြပါသည်။ငရုပ်သီးအစို တစ်ပိဿာလျှင်(၃၅၀၀/-)ကျပ် ဖြင့်ရောင်းချလျှက်ရှိကြောင်း ၊ ပွဲရုံများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူသူများရှိသလို အချို့တောင်သူများမှာ ပွဲရုံသို့ ကိုယ်တိုင်သွားရောက်ရောင်းချခြင်းများလည်းရှိပါသည်။ ငရုပ်ပွဲရုံ ပိုင်ရှင်တစ်ဦးအားကွင်းဆင်းမေးမြန်းခဲ့ရာ ငရုပ်အစို တစ်ပိဿာလျှင်(၃၅၀၀/-)ကျပ်ဖြင့်ဝယ်ယူပြီး ငရုပ်အစို အညှာချွေခ တစ်ပိဿာလျှင်(၁၅၀/-)ကျပ်ပေးရကြောင်း၊လူတစ်ဦး တစ်နေ့လျှင် ငရုပ် အချိန်(၁၅)ပိဿာမှ(၂၀)ပိဿာအထိ ပြီးစီးကြောင်း၊ အစိုအချိန်(၂၀)ပိဿာချွေလျှင် ငရုပ်သီးအသန့် (၁၆-၁၇)ပိဿာဝန်းကျင်ခန့်အသားတင်ရရှိကြောင်း၊ ပွဲရုံသို့လာရောက်ချွေသော အလုပ်သမားများ ရှိသလိုအိမ်သို့သယ်ယူ၍ချွေသောသူများလည်းရှိကြောင်း၊ အိမ်မှာနေ၍ အိမ်မှုကိစ္စများလုပ်ရင်းဖြင့် ငရုပ်အညှာချွေကြသောကြောင့်အပိုဝင်ငွေများရရှိပြီးအဆင်ပြေနေကြကြောင်း၊အညှာချွေငရုပ်စိုများ ကိုခြင်းများဖြင့်ထည့်ရကြောင်း၊တစ်ခြင်းလျှင် ငရုပ်အစို(၅)ပိဿာဝင်ဆံ့ကြောင်း၊ Box ကားများဖြင့် တင်ပို့လျှက်ရှိပြီး Box ကားတစ်စီးလျှင် ပိဿာ(၃၀၀၀)ဝင်ဆံ့ပြီး မူဆယ်မြို့သို့ တိုက်ရိုက်တင်ပို့ ရောင်းချလျှက်ရှိကြောင်း ၊ ငရုပ်အစိုစျေးကွက်မှာ စျေးကောင်းများရရှိလျှက်ရှိကြောင်း ကွင်းဆင်း မြေးမြန်းချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

“နနွင်းများ အောင်မြင်စွာစိုက်ပျိုးပြီးစီး”

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင်၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် နနွင်းစိုက်ပျိုးပြီးစီးမှု (၂၂၉၆)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ ပြောကြားချက်အရသိရှိရပါသည်။ တောင်သူများမှာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံကို ယာမြေများတွင် အများဆုံးစိုက် ပျိုးကြပါသည်။ ယခုနှစ်၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် နနွင်းတစ်ဧက စိုက်ပျိုးစရိတ်မှာ (၁၅၀၀၀၀ဝိ/-) ကုန်ကျကြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် နနွင်းခေါင်း (သို့မဟုတ်) နနွင်းတက်များကိုသာ စိုက်ပျိုးကြကြောင်း နနွင်းခေါင်းဖြင့်စိုက်ပျိုးလျှင် တစ်ဧက တင်း(၁၀၀)ကုန်ကျပြီး နနွင်းတက်စိုက် ပျိုးလျှင် တစ်ဧကတင်း(၅၀)ကုန်ကျကြောင်း၊နနွင်းခေါင်းတင်း(၁၀၀)လျှင် (၆၅၀၀၀ဝိ/-)ကျပ်၊နနွင်း တက်တင်း(၅၀)လျှင် (၆၀၀၀၀ဝိ/-)ကျပ်ကုန်ကျကြောင်း ၊ နနွင်း‌ဈေးအနေဖြင့် နနွင်းတက် အဟောင်းတစ်ပိဿာလျှင်(၄၂၀ဝိ/-)ကျပ်၊ နနွင်းခေါင်းတစ်ပိဿာလျှင်(၄၀၀ဝိ/-)ကျပ်နှင့် နနွင်းမှုန့်နို့ ဆီဘူးတစ်ဘူးလျှင် (၁၀၀ဝိ/-)ကျပ်ပေါက်ဈေးဖြင့် ယခုလက်ရှိရောင်းချလျှက်ရှိကြောင်း ၊စိုက်ပျိုးမှု အနေဖြင့် အခြားသီး နှံများကဲ့သို့ မြေပြင်ပြီး ဘောင်ဖြင့်စိုက်ပျိုးရကြောင်း၊ ယခုနှစ်နနွင်းသီးနှံများ စိုက်ပျိုးမှုမှာ မိုးများကောင်းမွန်စွာရွာသွန်းသောကြောင့် အောင်မြင်စွာဖြစ်ထွန်းလျှက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

 DOCA(မန္တလေး)

“ မိုးစပါးများစိုက်ပျိုးမှုအခြေအနေ”

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် မိုးစပါးများ (၁၄၃၇၉၆)ဧက စိုက်ပျိုးပြီးစီး လျှက်ရှိကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရှိရပါသည်။ ယခုနှစ်မိုးစပါးစိုက်ပျိုးမှုတွင် ပက်ကြဲ စနစ်ဖြင့် စိုက်ပျိုးမှုမှာ အများဆုံးစိုက်ပျိုးလျှက်ရှိပါသည် ။ ဇူလိုင်လ တတိယပတ်မှစတင်၍ မိုးစပါးများ စတင်စိုက်ပျိုးလျှက်ရှိရာ မိုးစပါးတစ်ဧကလျှင် စိုက်ပျိုးစရိတ် (၄၀၀၀ဝိ/-)ကျပ် မှ (၅၀၀၀ဝိ/-)ကျပ်ဝန်းကျင်ခန့်ရှိပြီး  ၊ ပျိုးနှုတ်ခမှာ ပျိုးတစ်ရာလျှင်(၁၅၀ဝိ/-)ကျပ် ပေးရကြောင်း၊ ထွန်ယက်ခတစ်ဧကလျှင်(၅၀၀၀ဝိ/-)ကျပ်ပေးရကြောင်း၊ ပက်ကြဲစနစ်တွင် တစ်ဧက စပါးတစ်တင်း လျှင်လူတစ်ဦးနှုန်းသာကုန်ကြောင်း ၊ မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးကြကြောင်း ၊ ပက်ကြဲစနစ်သည် ကုန်ကျစရိတ်သက်သာသောကြောင့် တောင်သူအများစုမှာ ပက်ကြဲစနစ်ကို အများဆုံးစိုက်ပျိုး လာကြပါသည်။မိုးစပါးနှင့်နွေစပါးနှိုင်းယှဉ်လျှင် နွေစပါးသည်အထွက်နှုန်းပိုမိုကြောင်း ၊ အထွက်နှုန်း ပိုရခြင်းမှာ မိုးတိမ်ကင်းစင်သည့် နွေရာသီဖြစ်သည့်အတွက် စပါးပင်အတွက် နေရောင်ခြည်စွမ်းအင်ဖြင့် အပင်အတွက်အစာချက်လုပ်ကာ ကြီးထွားဖွံဖြိုးပွင့်သီးရသောကြောင့် စပါးအထွက်နှုန်းပိုခြင်းဖြစ်ကြောင်း၊ တောင်သူများမှာ တစ်သီးစားမှနှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးရေးစနစ်ကို ကျင့်သုံးနေကြကြောင်း ၊ နွေစပါးပြီးလျှင် မိုးစပါးကိုလည်းဆက်လက်စိုက်ပျိုးကြပါသည်။

    မျိုးစပါးဈေးမှာ ပဒေသာမျိုးတစ်တင်း (၁၆၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပဒေသာစပါးမျိုး လေးလ သက်တမ်းမျိုး၊ ဧရာပဒေသာစပါးမျိုး လေးလသက်တမ်းနှင့် သုခပဒေသာမျိုး သုံးလသက်တမ်းဖြင့် သက်တိုမျိုးများကိုလည်းစိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် မိုးများအဆက်မပြတ်ရွာသွန်းလျှက်ရှိခြင်းကြောင့် မိုးစပါးများမှာ ပိုမိုဖြစ်ထွန်းအောင်မြင်လျှက်ရှိကြောင်း ကွင်းဆင်းသည့်ကျေးရွာမှ တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

“ ကြက်သွန်နီများအောင်မြင်စွာစိုက်ပျိုးပြီးစီး”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် မိုးကြက်သွန်နီကို ဇူလိုင်လဆန်းတွင် စိုက်ပျိုးပြီးဧက ၂၀၂၂-၂၀၂၃ ခုနှစ်တွင် (၁၅၀)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ် ၂၀၂၁-၂၀၂၂ ခုနှစ်တွင်လည်း အလားတူစိုက်ဧက(၁၅၀)ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခင်နှစ် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းကြက်သွန်နီစိုက်ဧက(၁၄၈၂၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆောင်း ကြက်သွန်နီစိုက်ဧက ယခုအချိန်ထိ စိုက်ပျိုးပြီးစီးမှုဧက(၁၇၈၆)ဧက စိုက်ပျိုးပြီးစီးလျှက်ရှိကြောင်း၊ ဆောင်းကြက်သွန်နီကို ယခင်နှစ် စက်တင်ဘာလဆန်းမှစ၍ စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် သြဂုတ်ဒုတိယပတ်မှစ၍ ဆောင်းကြက်သွန်နီများကို စိုက်ပျိုးလျှက်ရှိပါသည်။ ယခုနှစ် ကြက်သွန်နီ စိုက်ပျိုးမှုကုန်ကျမှုမှာ တစ်ဧကလျှင်(၁၅)သိန်းဝန်းကျင်ခန့်ကုန်ကြကြောင်း ၊ ယခုလက်ရှိ ကြက်သွန်‌ဈေးနှုန်းများမှာ ကြက်သွန်အကြီး လက်လီတစ်ပိဿာလျှင်(၃၅၀ဝိ/-)ကျပ် ၊ အလတ်တစ်ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်၊အသေးတစ်ပိသာလျှင်(၂၉၀ဝိ/-)ကျပ်နှုန်းဖြင့်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ကြက်သွန်နီစီးဆင်းမှုအနေဖြင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျှက်ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးသည့် ပွဲရုံပိုင်ရှင်များ၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

       အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ စက်တင်ဘာလ(၂)ရက်နေ့မှ စက်တင်ဘာလ(၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၃၀၀ မှ ၂၂၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၃၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၃၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၄၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၃၀၀၀ မှ ၃၈၅၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၃၀၀၀ မှ ၃၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၄၆၀၀ မှ ၅၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၂၄၀၀ မှ ၂၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၅၀၀ မှ ၂၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၃၉၁၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၃၃၂၅)ကျော်၊ ဗူးသီးအလုံး ပေါင်း (၁၅၆၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၁၀၃၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၂၁၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၅၁၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၂၀၆၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၄၃၂၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA (ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၃၀) ရက်နေ့မှ စက်တင်ဘာလ (၅) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၂၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၇၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး(ကီလို) အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀ ၊ အလုံးသေး ၂၀၀ မှ ၁၀၀၊ တိုက်ကြီးမှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀၊ အလုံးသေး ကျပ် ၅၀၀ ၊ တိုက်ကြီး မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၂၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၇၀၀၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၂၀၀၊ ၁၀၀၀ မှ ၈၀၀၊ ၅၀၀ မှ ၃၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) အိတ်စွပ် အလုံးကြီး သေတ္တာ အလုံး ၅၀ လုံးပါ ကျပ် ၂၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၆၀ ပါကျပ် ၂၀၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၇၅ ပါကျပ် ၁၈၀၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) ရိုးရိုး အလုံးကြီး သေတ္တာ အလုံး ၆၀ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၇၅ ပါကျပ် ၁၅၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၀ ပါကျပ် ၁၃၀၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး(နီ) ၊ (ဖြူ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၃၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၇၀၀၀၊ ပြည် မှ ဩဇာသီး အလုံးကြီး သေတ္တာ အလုံး ၁၂၀ လုံးပါ ကျပ် ၁၉၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၃၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA (ရန်ကုန်)

အရှေ့ပိုင်းခရိုင်အတွင်းရှိ အခြေခံစားသုံးကုန်ဈေးနှုန်း

     အရှေ့ပိုင်းခရိုင်အတွင်းရှိမြို့နယ်များ၏ အခြေခံစားသောက်ကုန်ကုန်ဈေးနှုန်းများသည် မြို့နယ် ဒေသအလိုက်ဈေးနှုန်းများ မတူညီသော်လည်း မြို့နယ်တစ်ခုနှင့် တစ်ခုကွာဟမှု အနည်းငယ်မျှသာ ရှိပါသည်။

    အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် အရှေ့ပိုင်းခရိုင်အတွင်းရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းများကို နေ့စဉ်ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့လျက်ရှိရာ ၂.၅.၂၀၂၂ ရက်နေ့ရှိ ဈေးနှုန်းစုံ စမ်းကောက်ယူရရှိမှုအရ ပုဇွန်တောင်မြို့နယ်ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် (၆၇၀၀၀) ကျပ်၊ ဧည့်မထဆန်တစ်အိတ်(၄၇၅၀၀) ကျပ်၊ ငစိန်ဆန်တစ်အိတ် (၄၀၅၀၀) ကျပ်၊ စားအုန်းဆီ ၁ ပိဿာ (၅၅၀၀) ကျပ်၊ ပဲဆီသန့် ၁ ပိဿာ (၁၃၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ (၃၃၀၀/၄၂၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ ပိဿာ (၆၅၀၀) ကျပ်၊ အာလူး ၁ ပိဿာ (၂၄၀၀/ ၃၀၀၀)ကျပ်၊ ဂျင်း ၁ ပိဿာ (၂၅၀၀/၃၀၀၀) ကျပ်၊ ကုလားပဲ(ပဲခြမ်း) ၁ ပိဿာ (၄၀၀၀) ကျပ်၊ ပဲနီလေး ၁ ပိဿာ (၇၀၀၀) ကျပ်၊ ပဲဝါလေး ၁ ပိဿာ (၄၂၀၀) ကျပ်၊ ခရမ်းချဉ်သီး ၁ ပိဿာ (၂၅၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ် (၁၅၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးကောက်စော စပါးများ စတင်ထွက်ရှိ

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါး စိုက်ပျိုးဧက (၁၁၀၆၄၂)ဧက စိုက်ပျိုးထားရှိပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း ရက် (၉၀) စိုက်ပျိုးသည့် ရွှေမန်းသူ အခြောက်ကြဲ စပါးများ စိုက်ပျိုးသည့် ခရမ်းမြို့နယ်ရှိ ပိန်းကန်၊ မောင်းမ၊ မင်းဝဲ၊ ကြူတော ကျေးရွာအချို့တွင် စတင်ရိတ်သိမ်းထွက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။ ၎င်း ကောက်စောစပါး ရိတ်သိမ်းချွေ လှေ့စက်ခမှာ တစ်ဧကလျှင် (၈၅၀၀၀/-)ကျပ်နှုန်းရှိပြီး စပါးတစ်ဧကလျှင် အထွက်နှုန်းမှာ (၆၅) တင်းခန့် ပျမ်းမျှထွက်ရှိကြောင်း သိရှိရပါသည်။ စပါးဈေးနှုန်းမှာ စပါးအစိုဓာတ် (၂၉% ၊ ၃၀%) ခန့် ရှိပြီး အလေးချိန် (၂)တင်းလျှင် ပေါင် (၁၁၀)ကိုက် တင်း (၁၀၀)လျှင် ကွင်းဈေး (၉၅၀၀၀၀/-) ကျပ် ခန့်နှင့် စက်အရောက် (၉၈၀၀၀၀/-)ကျပ်မှ (၁၀၀၀၀၀၀/-)ကျပ်ခန့်ထိ ဈေးပေါက်လျက်ရှိကြောင်း သိရှိရပြီး ယခင်နှစ်တွင် ကောက်စောစပါးသစ် ပေါက်ဈေးမှာ (၅၆၀၀၀၀/-)ကျပ်မှ (၅၈၀၀၀၀/-) ကျပ်ခန့်သာရရှိကြောင်းနှင့် မြို့ပေါ်စက်အနည်းငယ်သာ စပါးသစ်ဝယ်ယူနေပြီး စပါးရိတ်သိမ်းပြီး ဧကမှာလည်း ပျမ်းမျှ (၅၀)ဧကခန့်သာ ရိတ်သိမ်းရသေးကြောင်း စုံစမ်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ၂၀၂၂ ခုနှစ် ဇွန် ၊ ဇူလိုင် ၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း အခြားပြည်နယ်တိုင်းများမှ ဆန်စီးဝင်မှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ အခြားတိုင်းဒေသကြီးများဖြစ်သည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးတိုင်းဒေသကြီး (အနောက်)တို့မှ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ဆန်စီးဝင်မှုမှာ ဆန်အိတ်ရေ စုစုပေါင်း (၈၅၁၅၈၀)အိတ် ၊ တစ်ရက်ပျှမ်းမျှ (၂၈၃၈၆)အိတ် ၊ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ဆန်အိတ်ရေ စုစုပေါင်း (၇၇၆၈၄၉) ၊ တစ်ရက်ပျမ်းမျှ (၂၅၀၆၀) ၊ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ဆန်အိတ်ရေ စုစုပေါင်း (၉၅၅၉၇၈) ၊ တစ်ရက်ပျမ်းမျှ (၃၀၈၃၈)အိတ် စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း (၁)ရက်နေ့မှ (၇)ရက်နေ့ထိ ဆန်အိတ်ရေ စုစုပေါင်း (၂၁၃၂၄၃)အိတ် စီးဝင်ခဲ့ပြီး တစ်ရက်ပျမ်းမျှ (၃၀၄၆၃)အိတ် စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း