ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာ၏ ရက်ကန်းလုပ်ငန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်လျက်ရှိကြသော်လည်း မိသားစု၏ပုံမှန်အပိုဝင်ငွေရရှိစေရန်နှင့် စားရေး၊ ဝတ်ရေး၊ နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် တစ်မြို့နယ်လုံးရှိ ကျေးရွာတိုင်းနီးပါးနှင့် မြို့ပေါ်ရှိရပ်ကွက်များပါမကျန် စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းများ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာသည် စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းများဖြင့် အလွန်ထင်ရှားသော ကျေးရွာတစ်ရွာဖြစ်ပြီး  ရက်ကန်းလုပ်ငန်းကို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product)အဖြစ် ယခင်တည်းကဆောင်ရွက်လျက်ရှိရာ ထိုရွာမှတစ်ဆင့် နီးစပ်ရာ ကျေးရွာများဖြစ်သည့် နံ့သာကုန်းကျေးရွာ၊ ချီပါကျေးရွာ၊ ဗိုလ်တည်းကုန်းကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ကြောင်လျှာတောကျေးရွာ၊ ဝါးရုံကန်ကျေးရွာ၊ နှမစားရစ်ကျေးရွာ၊ ရေကြည်ဝကျေးရွာ၊ ထူးကြီးကျေးရွာ၊ တည်ပင်ကျေးရွာ၊ ထန်းဇင်ကျေးရွာ၊ စောင်တန်းကျေးရွာ၊ တင့်တယ်ကျေးရွာ၊ ကျောက်မြင့်ကျေးရွာ၊ မင်္ဂလာကျေးရွာ၊ ပန်းရံကျေးရွာ၊ လိပ်ချင်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ခွန်တောင်းကြီးကျေးရွာ၊ ကျားကျေးရွာ၊ ဇီးကုန်းလေးကျေးရွာစသည့် ကျေးရွာများတွင် အဓိက  ဆောင်ရွက်လာကြပြီး ယခုအချိန်တွင် တစ်မြို့နယ်လုံးနီးပါး ဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။ ရက်ကန်းလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် စက်ရက်ကန်းစင်၊ လက်ရက်ကန်းစင်များ၊ စက်တတ်ဆင်ပြုပြင်နိုင်သည့် စက်ဆရာများ၊ ချည်ထည်ရက်လုပ်ခြင်းကို သင်ပြနိုင်သည့်ဆရာများ၊ ချည်ထုတ်အမျိုးမျိုး၊ ချည်ဆိုးဆေးအမျိုးမျိုးရောင်းချသူများ၊ ချည်ဆေးဆိုးခြင်းလုပ်ငန်းလုပ်ကိုင်သူများ၊ ဆေးဆိုးပြီးချည်အရောင်မျိုးစုံရောင်းချသူများ၊ ချည်ချ၊ ရဟတ်ပုတ်လုပ်ငန်းဆောင်ရွက်သူများ၊ စည်းဆက်သည့်သူများ၊ ရက်ကန်းအပိုပစ္စည်းမျိုးစုံရောင်းချသူများနှင့် ရက်လုပ်ပြီးသောအထည်များကို ပြန်လည်ကောက်သူများ လိုအပ်ပါသဖြင့် ရက်ကန်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိသော်လည်း နေရာတိုင်းတွင် ဆောင်ရွက်၍မရနိုင်ပါ။ ဆိပ်ခွန်ကျေးရွာတွင်အဆိုပါဆိုင်များနှင့်  လုပ်သားများလွန်စွာပေါများသည့်အပြင် လူငယ်၊ လူလတ်နှင့်လူကြီးများပါမကျန် ရက်ကန်းနှင့် ဆက်စပ်သောလုပ်ငန်းများကို မိမိနိုင်ရာလုပ်ကိုင်ကြပြီး အခြားသော ကျေးရွာများတွင်လည်း ဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်၊ ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ်များရှိ ရက်ကန်းလုပ်ငန်း ဆောင်ရွက်သူများသည်လည်း ရက်ကန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆိပ်ခွန်ကျေးရွာ နှင့်အများဆုံး ချိတ်ဆက်ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။

     ရွှေဘိုမြို့နယ်အနေဖြင့် စက်ရက်ကန်းစင်များကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်း မြို့နှင့်တောင်မြို့တို့မှ အသစ်မှာယူ၍ တတ်ဆင်အသုံးပြုခြင်းအပြင် အခြားသောဒေသများမှ စက်ရက်ကန်း လုပ်ငန်းလုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ခြင်းမပြုတော့သည့် စက်အဟောင်းများကို ပြန်လည်ဝယ်ယူ၍ တတ်ဆင်အသုံးပြုခြင်းများဆောင်ရွက်ကြကြောင်း၊  လက်ရက်ကန်းစင်များကို ဆိပ်ခွန် ကျေးရွာတွင် ပြုလုပ်၍ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ စက်ရက်ကန်း၊ လက်ရက်ကန်း ရက်လုပ်ရာ တွင်၂/၁၀၀တိုင်ချည်၊ ၂/၁၀၀တိုင်ဖောက်၊ ၂/၈၀တိုင်ချည်နှင့် ၂/၈၀တိုင်ဖောက်၊ ၂/၈၀တိုင်ချည်နှင့် ၁/၄၀တိုင် ဖောက်စသည်ဖြင့် ရက်လုပ်ကြပြီး အပွင့်၊ အမိတ်ပါသည့်အထည်များတွင် အဖွင့်ဖောက်ခြင်း၊ အမိတ်ဖောက်ခြင်းကို စပန့်ချည်၊ ပိုးပန်းချည်၊ ရွှေချည်၊ ငွေချည်များကို အသုံးပြု၍ ဈေးကွက်အကြိုက် အဆင်များကို ရက်လုပ်ကြကြောင်း သိရှိရပါသည်။

     ရက်လုပ်သည့်အထည်များမှာ လွယ်အိတ်၊ တဘက်၊ လက်သုတ်ပဝါ၊ အမျိုးသား ဝတ်ပုဆိုးကြမ်း၊ အမျိုးသမီးဝတ်လုံချည်ကြမ်းအပြင် အမျိုးသမီးဝတ် ဝမ်းဆက်၊ ကွင်းဒီဇိုင်းအမျိုးမျိုး၊ အခြားအဆင် ပုဆိုး အမျိုးမျိုးတို့ကို ရက်လုပ်ကြပါသည်။ အမျိုးသမီးဝတ်အနေဖြင့် မျက်ဝန်း၊ ပရီမီယမ်ကျစ်ပိုးခြောက်ကြိုး ချိတ်၊ ရိုးရာရောင်စုံလရှီးမိတ်၊ ပရီမီယမ်ကျစ်ပိုးရေလှိုင်း၊ လိတ်စံ၊ အလယ်ချိတ်၊ ဒုတ်ထိုး၊ နေကြာ၊ မိုးစက်ရေလှိုင်း၊ ခါးချိတ်၊ ဂျပ်ပြင်၊ ဒေါင်းမြီး၊ လွန်းရှယ်၊ ဂျစ်ပိုးကွက်ဒူးနားစင်း၊ ချစ်ပန်း၊ ဖဲဘရိတ်၊ ပိုးချည်ကျဲ၊ လ၄ပွင့်၊ ချစ်မျှားအစိတ်ဒေါင်းစင်း၊ ကျစ်ပိုးသံစဉ်၊ အသဲ၊ ချည်ပြည့်၊ ကျစ်ပိုးအုတ်ကွက်မိတ်၊ ခခူးရိုးရာချိတ်၊ ခရေမိုက်ကွက်၊ စီးပွင့်ကျဲကွင်း၊ မိုးရေစက်၊ အသဲရcolour၊ သမ္ဘူလစံကွဲ၊ ပတ္တမြားစံကွဲ၊ ခရေစံကွဲ၊ စီးကွက်မိတ်စံကွဲ၊ ဝိုင်းဝိုင်းလည်မိတ်ကွင်း၊ စိန်တုံးလေးပွင့်ဆုပ်၊ ကျွဲချို၊ နှစ်ချိတ်စပေါ့ စသည်ဖြင့် အဆင်မျိုးစုံရက်လုပ်ကြကြောင်း သိရှိရပါသည်။ ကျောင်းစိမ်းပုဆိုး၊ လုံချည်များ၊ တိုင်းရင်းသားရိုးရာ အဆင်အမျိုးမျိုးနှင့် ဓမ္မစကူးလ်းကျောင်းများဖွင့်ပါကလည်း ဓမ္မစကူးလ်းလုံချည်၊ ပုဆိုးများပါ တိုးချဲ့ ရက်လုပ်၍ ရောင်းချကြကြောင်း သိရှိရပါသည်။  အထည်ကောက်သူများမှ တစ်ဆင့်ဝယ်ယူထားသော အထည်များကို ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့၊ မန္တလေးတိုင်းဒေသကြီး၊ တောင်မြို့နှင့် မန္တလေးမြို့သို့ အများအပြားတင်ပို့ပြီး ကျန်မြို့များသို့လည်း အမှာရှိပါက တင်ပို့ခြင်း၊ နိုင်ငံခြားရောက် အသိမိတ်ဆွေများမှ မှာယူပါကလည်း ချိတ်ဆက်တင်ပို့ခြင်းများရှိကြောင်း သိရှိရပါသည်။

  ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအနေဖြင့် ရွှေဘိုမြို့နယ် ရက်ကန်းလုပ်ငန်းရှင်များအသင်းကို (၁၇.၃.၂၀၁၄)ရက်နေ့တွင် အလုပ်အမှုဆောင် အဖွဲ့ဝင်(၁၅)ဦးဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအပြင် ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှကြီးမှူး၍ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာတွင် ရက်ကန်းအဆင့်မြင့်နည်းပညာသင်တန်းကို (၁၄.၁၂.၂၀၁၅)မှ(၁၈.၁၂.၂၀၁၅)ထိ (၅)ရက်တိုင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

    ရက်ကန်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း များပိုမိုရရှိခြင်း၊ မိသားစုဝင်ငွေတိုးတက်ပြီး  လူမှုစီးပွားဘဝများဖွံ့ဖြိုးလာစေခြင်း၊ ဆင်းရဲမှုလျော့ကျစေ နိုင်သည့်အပြင် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ခြင်း၊ နည်းပညာဗဟုသုတများရရှိခြင်း စသည့် အကျိုး ကျေးဇူးများရရှိစေနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

ကသာမြို့အတွင်း ဆန်၊ ဆီ၊ ကြက်သွန်နီများ သက်သာဈေးနှုန်းဖြင့် ရောင်းချပေး 

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံခန့်ခွဲရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် စက်တင်ဘာလ  ( ၁၂ )ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ကသာမြို့စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့၌ ကသာမြို့ပေါ်ရှိ စားသုံးသူပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်သွန်နီများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

     ရောင်းချပေးသော ဈေးနှုန်းမှာ တစ်ဦးလျှင် ဆန်(၁) ပြည်၊ ဆီ(၁၀)ကျပ်သားနှင့် ကြက်သွန်နီ (၂၅)ကျပ်သား ပါဝင်သော မူရင်းဈေး (၃၈၀၀)ကျပ်တန် တစ်အိတ်အား (၂၈၀၀)ကျပ်ဖြင့် စုစုပေါင်း အိတ်(၂၀၀)ခန့် ရောင်းချပေးခဲ့ပြီး စက်တင်ဘာလ(၁၄)ရက်နေ့တွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း နှင့် တစ်လလျှင် အနည်းဆုံး (၂ - ၃)ကြိမ်ခန့် ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကသာခရိုင် ပြည်ပပို့ကုန် အစေ့ထုတ်ပြောင်း ဈေးကောင်းရသော်လည်း အထွက်နှုန်းလျော့   

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ပြည်ပပို့ကုန်အစေ့ထုတ်ပြောင်း စိုက်ဧက (၆၆၆၆၈) ဧက ရှိပြီး ၂၀၂၂-ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် စတင်ရိတ်သိမ်းနေကြောင်း သိရသည်။

    မိုးသီးနှံ အစေ့ထုတ်ပြောင်းကို နှစ်စဉ် မေလတွင် စိုက်ပြီးကြပြီး ကသာခရိုင် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက် ကုန်းမြေများတွင် တောင်သူများအနေဖြင့် နှမ်းသီးနှံတစ်လှည့် အစေ့ထုတ်ပြောင်း တစ်လှည့်ဖြင့် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ယခုနှစ် ကသာခရိုင်တွင် မိုးအစေ့ထုတ်ပြောင်းသီးနှံသည် စိုက်ပျိုးမှုများသော်လည်း မြေဆီ၊ မြေဩဇာ ပုံမှန်မကျွေးနိုင်သည့် အတွက် အထွက်နှုန်းကျဆင်းသော်လည်း ဈေးကွက်တွင် ဈေးကောင်းရကြောင်း သိရသည်။

      ကသာခရိုင် ပဲ၊ ပြောင်း၊ နှမ်း သီးနှံအသင်း အတွင်းရေးမှူး ဦးမြင့်သိန်းမှ ယခုနှစ် အစေ့ထုတ် ပြောင်း စိုက်ပျိုးမှုများပြီး မြေဆီ၊ မြေဩဇာ ပုံမှန်ကျွေးနိုင်ပါက တစ်ဧက တင်း (၇၀ မှ ၈၀)ထိ ထွက်နိုင် ကြောင်း၊ သို့သော်လည်း ယခုနှစ် မြေဩဇာဈေးနှုန်းမြှင့်တက်လာပြီး ပုံမှန် မြေဩဇာ မကျွေးနိုင်သည့် အတွက် တစ်ဧက တင်း(၃၀ မှ ၄၀)သာ ထွက်ကြောင်း၊ ဈေးမှာ အထိုင်ဈေးတစ်တင်းလျှင် (၁၅၀၀၀) ကျပ်ရှိပြီး မန္တလေးပွဲရုံဈေးမှာ (၂၀၀၀၀)ကျပ် ဈေးရှိကြောင်း၊ ဒေသတွင်း တိရိစ္ဆာန်အစာစပ်စက်ရုံ၊ စားသောက်ကုန်စက်ရုံများ မရှိသည့်အတွက် ကသာခရိုင်မှ ထွက်ရှိသော အစေ့ထုတ်ပြောင်း အားလုံး နီးပါး မန္တလေးပွဲရုံသို့ တင်ပို့ကြကြောင်းနှင့် အစေ့ထုတ်ပြောင်းများအား မန္တလေးပွဲရုံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုများလည်းရှိကြောင်း ဦးမြင့်သိန်း၏ ဆွေးနွေးပြောကြားချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးတည်ငြိမ်

     တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလတွင် ဓါတ်မြေသြဇာ စျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်း များမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၁၈၅ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင်  ကျပ် ၁၂၅၀ဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀/-၊  တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၆၂၀၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၄၀၀၀၊ သန်ဒါး(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၉၀၀၊ ဒိုဇာ(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၅၀၀/-ဖြင့် အရောင်း အဝယ်ဖြစ် နေကြောင်းစုံစမ်းသိရှိရပါသည်။

       စက်တင်ဘာလ ဒုတိယအပတ်တွင် ဘိလပ်မြေစျေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ဆင်နီ(ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၅၈၀၀၊ ကြံ့(၂)ကောင်တံဆိပ် ကျပ် ၁၀၇၀၀၊ apache တံဆိပ် ကျပ် ၁၁၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိ ရပါသည်။

       ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်  ဘိလပ်မြေစျေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းများတည်ငြိမ်နေပြီး အရောင်းအဝယ်မှာပုံမှန်ရှိနေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၆၉၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့် ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၆၉၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

    ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

 အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Pageနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                               

ဆင်ဖြူကျွန်းရှိ ဒီမိုငရုတ်သီးစိုက်ပျိုးသူများ အမြတ်ငွေရရှိနေ

         မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့ပတ်ဝန်းကျင်ရှိ နွယ်တမယ်ကျေးရွာ၊ ချောင်းကောက် ကျေးရွာများမှ တောင်သူများသည် မိရိုးဖလာ တောင်သူလယ်ယာလုပ်ငန်းအပြင် အခြားသီးနှံစားပင် မျိုးစုံကိုလည်း စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ငရုတ်ပင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေ ပိုမိုရရှိနေကြောင်း သိရသည်။ ငရုတ်ပင်မှာ နှစ်တိုစားဖိုဆောင်သုံး သီးနှံဖြစ်သည့််အပြင် ဈေးကွက် ပုံမှန်ရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ ငရုတ်ပင်မျိုးများစွာရှိသည့် အနက် ငရုတ်အစိုမိုးထောင်မျိုးဖြစ်သော ဒီမိုငရုတ်မျိုးကို ပိုမိုတိုးချဲ့စိုက်ပျိုးကြကြောင်း သိရသည်။ ငရုတ်ပင်များကို ဝါခေါင်လတွင် ပျိုးထောင်၍ တော်သလင်းလတွင် စိုက်ပျိုးကြကြောင်း၊ ငရုတ်ပင် သက်တမ်း(၃)လခန့်ရှိလျှင် စတင် ခူးဆွတ်နိုင်ကြောင်း သိရသည်။ ငရုတ်ပင်၏သက်တမ်းမှာ (၈)လ ခန့်ရှိပြီး အပင်(၁၀၀၀၀)ခန့်စိုက်ပျိုးလျှင် စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန်(၅၀)ခန့်ထွက်ရှိကြောင်း၊ နောက်ပိုင်း ငရုတ်သီးလှိုင်လှိုင်ပေါ်ချိန်တွင် ပိဿာချိန်(၂၀၀)မှ (၃၀၀)ခန့်အထိ ထွက်ရှိကြောင်း၊ (၁)လ လျှင်(၄)ကြိမ်ခန့် ခူးဆွတ်နိုင်ကြောင်းသိရှိရပါသည်။

            ဆင်ဖြူကျွန်းဒေသထွက်  ဒီမိုငရုတ်သီးများကို ချောက်၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ မကွေး စသော မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိကာလတွင်  ငရုတ်သီးတစ်ပိဿာလျှင် ငွေကျပ်(၆၀၀၀)မှ (၈၀၀၀)ခန့်အထိ ရရှိသောကြောင့် ဒီမိုငရုတ်စိုက်ပျိုးသူတောင်သူများအနေဖြင့်  အကျိုးအမြတ်ငွေ များစွာရရှိနေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပြင်ပပေါက်ဈေးထက် သက်သာသောအထူးဈေးနှုန်းဖြင့် စားသုံးဆီများကို ဆက်လက်ရောင်းချပေးနေမှုများ

       စားသုံးဆီတစ်ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ၁၀-၉-၂၀၂၂ ရက်နေ့ တွင်နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးအောင်ကိုထက်က ဇမ္ဗူသီရိ မြို့နယ်ရှိ ဘိုးဘွားရိပ်သာ၊ ရတဖ(၂၀)၊ ရကဖ(၁)၊ ပျဉ်းမနားခရိုင်၊ စည်ပင်သန့်ရှင်းရေးဝန်ထမ်းများနှင့် ရတဖ(၁၈)များသို့ ဆီပိဿာချိန် (၁၀၂၀)ကို ရောင်းချပေးခဲ့ကြောင်းနှင့် တပ်ကုန်းမြို့နယ် ဆီလုပ်ငန်းရှင်များမှ ဆည်ထိပ်၊ မဟာစည်ရွှေဥဒေါင်းကျေးရွာနှင့် ချမ်းမြေ့ပိုင်ဘုန်းတော်ကြီးကျောင်း နှင့် ဥယျာဉ်ကျေးရွာ(မြောက်ပိုင်း)တို့တွင် ဆီပိဿာချိန်ပေါင်း (၁၃၂၀) ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(နေပြည်တော်)

ပခုက္ကူမြို့မဈေး၌ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးဈေးကောင်းရနေ

    စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အတွက် ဟင်းချက်စရာတစ် မျိုးဖြစ်သည့်ခရမ်းချဉ်သီးမှာ ဈေးကောင်းရနေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။ ပခုက္ကူမြို့မဈေး၊ အမှတ်(၂) ဈေးနှင့်အနောက်ပန်းခြံ ဈေးတို့တွင် ရှမ်းပြည်နယ် အင်းလေးဒေသမှ လာသောထိုင်ဝမ် ခရမ်းချဉ်သီး၊ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်မှလာသော ခရမ်းချဉ် သီးများမှာ လက်ကားတစ်ပိဿာလျှင်  (၁၈၀၀)ကျပ်မှ (၂၈၀၀ )ကျပ်ထိဈေးတက်နေကြောင်း သိရှိရပါသည်။

      ယခင်ဩဂုတ်လတွင် ခရမ်းချဉ်သီး လက္ကားတစ်ပိဿာ (၁၀၀၀) ကျပ်ရှိခဲ့ပြီး၊ယခု စက်တင်ဘာလ(၁) ရက်နေ့မှစ၍  လက္ကားတစ်ပိဿာ (၁၈၀၀ - ၂၆၀၀ - ၂၈၀၀)ကျပ်ထိ ဈေးတက်ခဲ့ပြီး ယခင်လနှင့် နှိုင်ယှဉ်ပါက တစ်ပိဿာလျှင် (၁၈၀၀)ကျပ်ထိ ဈေးတက်နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။ ထိုသို့ဈေးတက်ရခြင်းမှာ သွင်းအားစုဈေးနှုန်းများ ကြီးမားခြင်း၊ စက်သုံးဆီဈေးနှုန်းများကြီးမားခြင်းနှင့် သယ်ယူစရိတ်ကြီးမားခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်၌ စက်တင်ဘာလ ပထမပတ်တွင် ပဲမျိုးစုံနှင် နှမ်းမျိုးစုံ ဈေးနှုန်းဈေးကွက် အခြေအနေ

         ပခုက္ကူကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီ၊ ပဲတီစိမ်းအမျိူးမျိုး၊ ကုလား ပဲမျိုးစုံနှင့်နှမ်းမျိုးစုံတို့ ဥပုသ်နေ့မှလွဲ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာလပထမပတ်၏ ပဲဈေးနှုန်းများမှာ  ပဲစဉ်းငုံနီ တစ်တင်းလျှင်  (၆၅၀၀၀ ) ကျပ်၊ ကုလားပဲဝါ လုံးကြီး တစ်တင်းလျှင် (၆၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေးမှာ အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင်  (၄၆၀၀၀ )ကျပ်မှ (၅၂၀၀၀)ကျပ်၊ နှမ်းနက်စမုံ ရိုးရိုးတစ်တင်းလျှင်  (၆၅၀၀၀  မှ ၉၅၀၀၀)ကျပ်၊ နှမ်းနက်စမုံရှယ် တစ်တင်းလျှင် (၉၆၀၀၀ မှ ၁၀၀၀၀၀)ကျပ်၊  နှမ်းဝါ(ယော) တစ်တင်းလျှင် (၈၆၉၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

           နေ့စဉ် အရောင်းအဝယ်ဖြစ်သော အိတ်ရေမှာ ပဲစဉ်းငုံနီ  (၅၀) အိတ်၊ ကုလားပဲဝါလုံးကြီး (929) (၅၀) အိတ်၊ ပဲတီစိမ်းသေး(၅၀၀ မှ ၇၀၀) အိတ်၊ နှမ်းနက်စမုံရိုးရိုး (၂၀၀) အိတ်၊ နှမ်းနက်စ မုံရှယ် (၃၀၀) အိတ် အရောင်းအဝယ်ဖြစ်နေကြောင်းကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူ ကြက်သွန်နီ စက်တင်ဘာလ(ပထမ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု အခြေအနေ

     ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ စက်တင်ဘာလ (ပထမ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခွဲခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန် ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန်(၄)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ စက်တင်ဘာလ(၁)ရက် မှ (၇)ရက်ထိ ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီ ပိဿာ(၆)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ(ပထမ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၃၂၅၀)ကျပ် မှ (၃၁၀၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံး ဈေးနှုန်းမှာ (၂၉၅၀)ကျပ် မှ (၂၅၅၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံ အရည်အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၃၁၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံး ဈေးမှာ (၃၂၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၁၅၀)ကျပ်ခန့် ဈေးနှုန်းမြင့်သွားကြောင်း၊ အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က (၂၅၀၀)ကျပ်၊ ယခု(၁) ပတ် (၂၉၅၀)ကျပ် ဈေးနှုန်းဖြစ်၍ ယခင်(၁)ပတ်ထက် (၄၅၀)ကျပ်ခန့် ဈေးနှုန်း မြင့်သွားကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့မှုနည်းပြီး ပြည်ပဝယ်လက်မြဝတီမြို့သို့ ကုန်ချိန်အများဆုံးတင်ပို့ လျက်ရှိကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားတစ်ဦးထံမှ သိရှိရသည်။

      ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၃၆၀၀/၃၅၀၀)၊ လတ်(ကြီး) ကျပ်(၃၄၀၀/၃၃၀၀)၊ လတ်(သေး) ကျပ်(၃၁၀၀/၃၀၀၀)၊ အသေးစ (၂၇၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် စက်တင် ဘာလ(ပထမ)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့(၁၈)စီး၊ ပြည်မြို့(၈)စီး၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့(၉)စီး၊ မော်လမြိုင်မြို့(၅)စီး၊ မြဝတီမြို့(၂၁)စီးတွဲကားများ စုစုပေါင်း(၆၁)စီး ခန့် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီ ပျမ်းမျှ(၆)သိန်း၊ တန်ချိန်(၃)သောင်းခွဲခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့မှ ပြည်ပဝယ်လက် မြဝတီမြို့သို့ ကုန်ချိန် အများဆုံး တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA (မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း