ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုက်ထိုမြို့နယ်ရှိ ရာဘာစက်ရုံသို့ ကွင်းဆင်းလေ့လာ

          မွန်ပြည်နယ်၊ သထုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံဦးဇော်ဦးတို့သည် (၁၆.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀ )နာရီတွင် ကျိုက်ထိုမြို့အထွက် ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးအမှတ်(၁၃၈-က) အင်းတရော် အရှေ့မြောက်ရပ်ကွက်ရှိ ဦးစိုးသီဟ၏ ခရမ့်ရာဘာစက်ရုံသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

         အဆိုပါကွင်းဆင်းလေ့လာမှုတွင် ခရမ့်ရာဘာထုတ်လုပ်ပုံအဆင့်ဆင့်ကို မေးမြန်းဆွေးနွေးခဲ့ပြီး ခရမ့်ရာဘာကို ပြည်တွင်းသုံးရန်နှင့် ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ခရမ်းရာဘာများထုတ်လုပ်ရာတွင် အညိုရောင်နှင့် အဝါရောင်တုံးများ ပြုလုပ်၍ အညိုရောင်ခရမ့်ရာဘာကို ဆွဲဖတ်၊ ခွက်ကပ် (၅၀%) နှင့်နေလှန်းရာဘာပြား (၅၀%)စီ‌ရောနှော၍ ပြုလုပ်ပြီး အဝါရောင်ခရမ့်ရာဘာတုံးများကို ရာဘာအစေးရည်ကို အသုံးပြု ထုတ်လုပ်ထားကြောင်းသိရှိရပါသည်။

          ခရမ့်ရာဘာတစ်တုံးလျှင် (၇၇)ပေါင် ရှိပြီး အညိုရောင်ခရမ့်ရာဘာတစ်ပေါင်လျှင် (၁၃၀ဝိ/-) နှုန်းနှင့် အဝါရောင်ခရမ့်ရာဘာတစ်ပေါင်လျှင် (၁၄၅ဝိ/-)နှုန်းရောင်းချရကြောင်း၊ ခရမ့် ရာဘာထုတ်လုပ်ရာတွင် ကုန်ကြမ်းအနေဖြင့် ဆွဲဖတ်၊ ခွက်ကပ်(အခြောက်) တစ်ပေါင်လျှင် (၅၀ဝိ/-) ကျပ်နှုန်းနှင့် နေလှန်းပြားအခြောက် တစ်ပေါင်လျှင် (၁၁၀ဝိ/-)နှုန်း၊ အစေးရည် တစ်ပိဿာလျှင် (၃၈၀ဝိ/-)နှုန်းဖြင့် ဝယ်ယူရကြောင်းသိရှိရပါသည်။

           အညိုရောင်ခရမ့်ရာဘာများကို ပြည်တွင်းစက်မှုကုန်ကြမ်းအဖြစ် အဓိကထားသုံးစွဲလျက်ရှိပြီး အဝါရောင်ခရမ့်ရာဘာတုံးများကို ရန်ကုန်မြို့မှတဆင့် မလေးရှားနိုင်ငံသို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း လေ့လာတင်ပြလိုက်ပါသည်။

DOCA(မွန်)

အပိုဝင်ငွေရရှိဖို့ ဝဥ စမ်းသပ်စိုက်ပျိုးကြပါစို့

              ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာကာ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းအလိုက်ဒေသနေ ပြည်သူများသည် မိမိတို့ဒေသအလိုက် ရေမြေသဘာဝနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးသီးနှံများကို စိုက်ပျိုး၍ ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပသို့ပါ တင်ပို့နိုင်ရေးအတွက်ပါ အလေးထားလုပ်ဆောင်လာကြပါသည်။

                ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ကော်ဖီ၊ ဖရဲ၊ ထောပတ်သီးနှင့် ဝဥတို့ကို အိမ်နီးချင်း နိုင်ငံများသို့ နှစ်စဉ်တင်ပို့နိုင်ခဲ့ပါသည်။ ယင်းသို့ တင်ပို့သည့် ကုန်စည်များမှ ကော်ဖီနှင့် ဖရဲတို့မှာ ကျိုင်းတုံဒေသထွက်သီးနှံများဖြစ်ပြီး ထောပတ်သီးမှာ တောင်ကြီးမြို့ ရွာငံ၊ ရပ်စောက်၊ ဟိုပုံး ဒေသထွက်သီးနှံဖြစ်၍ ဝဥမှာ ချင်းပြည်နယ်မှ ထွက်ရှိသည့် သီးနှံဖြစ်ပါသည်။ ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ပြီး ဝဥကို ချင်းပြည်နယ်- မန္တလေးတိုင်း- အထူးဒေသ(၄) လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ခြင်းဖြစ်ပါသည်။

            ယင်းသီးနှံများမှ ဝဥကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနေသော ကုမ္ပဏီများက  ဈေးကောင်း ပေးဝယ်လျက်ရှိသည့်အတွက် ဝဥစိုက်တောင်သူများ အကျိုးအမြတ်များကာ စီးပွားရေးတိုးတက်လျက်သည်။ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နေ တောင်သူများသည် ဝယ်လိုအား ကောင်းမွန်သည့် ဝဥကို ဒေသတွင် စတင်စမ်းသပ်စိုက်ပျိုးလျက်ရှိပါသည်။ ဝဥကို ကျိုင်းတုံမြို့ နယ်အတွင်းရှိ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ ဥယျာဉ်မြေ၏ လိမ္မော်ခြံပင်တန်းကြားတွင် စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပါသည်။

            ဝဥသည် သဘာဝအလေ့ကျပေါက်သော ဝဥ(ဝဥအရိုင်း)နှင့် စိုက်ပျိုးသောဝဥ(ဝဥအယဉ်) ဟူ၍(၂)မျိုးရှိပါသည်။ တောထဲတွင် သဘာဝအလျှောက်ပေါက်ရောက်သော ဝဥကို ရှာဖွေတူးဖော် ဝယ်ယူစိုက်ပျိုးနိုင်သကဲ့သို့ ဝဥအယဉ်များကိုလည်း ဝယ်ယူစိုက်ပျိုးကြပါသည်။ ကရင်/မွန်ပြည်နယ်ဘက်တွင် ဝဥအရိုင်းများကိုသာ ရှာဖွေတူးဖော်၍ စိုက်ပျိုးခြင်းများပြုလုပ်ပြီး သတ်သတ်လွတ်အစားအစာများအဖြစ်ပြုလုပ်ကြပါသည်။ အခြားသောပြည်နယ်နှင့်တိုင်းဒေကြီးများတွင်လည်း ဝဥ ကို စားစရာများအဖြစ် ပြုလုပ်စားသုံးလျက်ရှိကြောင်း သိရှိရပါသည်။

              တောထဲတွင် သဘာဝအလျှောက်ပေါက်သော ဝဥများကို သက်တမ်းကုန်ချိန်တွင် တူးဖော်ပါကသက်တမ်းရင့်သော ဝဥများရရှိမည် ဖြစ်ပါသည်။ တောထဲတွင် အလေ့ကျပေါက်သော ဝဥများကို မိုးဦးကျရာသီတွင် တူးယူ၍ မိမိခြံအတွင်း စိုက်ပျိုးနိုင်ပြီး  တစ်ကြိမ်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ် တူးဖော်ရယူနိုင်မည် ဖြစ်ပါသည်။ ဝဥတူးဖော်ချိန်တွင် ပြောင်စင်အောင် တူးဖော်သော်လည်း၊ အရွက်ပေါ်မှအသီးများ မြေပေါ် ကျရောက်ကျန်ရစ်ပြီး အသီးအပွင့်ပေါ်လာလျှင်လည်း အစေ့များမြေပေါ်ကျကျန်ရစ်ခြင်းကြောင့် နောက်နှစ်အတွက် မျိုးအသစ်ရှာရန်မလိုအပ်ဘဲ နှစ်ကြာလာသည်နှင့်အမျှ တိုးချဲ့စိုက်ပျိုးရန် မြေနေရာရှာဖို့သာ လိုအပ်မည်ဖြစ်ပါသည်။

          ဝဥကို အလွန်စေးကပ်လွန်းသည့် စနယ်မြေမှလွဲ၍ မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ပါသည်။ နေအလွန်ပူသည့်နေရာထက် အရိပ်အောက်တွင် ပိုမိုရှင်သန်ကြီးထွားပါသည်။   အိမ်ဝိုင်းများတွင် ခြံစည်းရိုးတစ်လျှောက် သစ်ပင်ကြီးများအောက် ငှက်ပျောပင်၊ သင်္ဘောပင်အောက် နှင့်အိမ်ရှေ့/အိမ်နောက် အရိပ်ထိုးထားသောနေရာများ၊ မြေလွတ်များပေါ်တွင် စိုက်ပျိုး၍ရပါသည်။

          ဝဥစိုက်မည့်မြေနေရာကို  တူးစွထွန်ယက်ပေးရန် မလိုအပ်သည့်အတွက် စိုက်မည့်နေရာကို စိုက်ကျင်းတူးကာ မြေထဲနှစ်မြှုပ် စိုက်ပျိုးရုံသာဖြစ်ပါသည်။ အထူးသတိထားရမည်မှာ စိုက်မည့်နေရာတွင် ရေမဝပ်ရန်လိုအပ်ပြီး ရေဝပ်သည့်နေရာဖြစ်ပါက ရေမြောင်းတူးပေးရမည်ဖြစ်သည်။

          မိမိခြံထဲတွင် တပိုင်တနိုင်စိုက်ပျိုးမည့်သူများအတွက် ရင်းနှီးမြှုပ်နှံမှုများစွာမလိုဘဲ အပိုဝင်ငွေရရှိမည့် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် နမူနာတစ်ခုအနေနှင့် တွက်ချက်ပြရလျှင် ဥပမာ (၁၀)ပေ ပတ်လည်ရှိသည့် မြေကွက်တစ်ကွက်တွင် (၂၀)ကျပ်သားမှ (၃၀)ကျပ်သားအရွယ်ရှိသော ဝဥကို (၂)ပေပတ်လည်ဖြင့် စိုက်ခဲ့လျှင် အပင်(၂၅)ပင်ရရှိမည်ဖြစ်ပြီး ဝဥဖော်ချိန်တွင် တစ်ဥကို ပျမ်းမျှ တစ်ပိဿာရှိမည်ဆိုလျှင်၂၅ပင်အတွက်၂၅ပိဿာ ထွက်ရှိမည်ဖြစ်၍ ၁ပိဿာ၇၀၀/-နှုန်းဖြင့် ရောင်းချပါက  ငွေကျပ် ၁၇၅၀၀/-ကျပ်ရရှိမည်ဖြစ်ပါသည်။ ဤနှုန်းထားဖြင့် တစ်ဧကကို တွက်ကြည့်ပါက ကျပ်သိန်း(၆၀)ကျော် ဝင်ငွေရရှိမည်ဖြစ်ပါ သည်။

         ဝဥပင်သည် အရိပ်တစ်ပိုင်းရှိရန်လိုအပ်သော်လည်း ဥယျာဉ်ခြံများ၊ ရာဘာစိုက်ခင်းများ၊ လိမ္မော်ခြံများတွင် ကြားသီးနှံအနေဖြင့် စိုက်ပျိုးပါက နှစ်ရှည်အပင်ကြီးများအတွက် မြေဆီလွှာကို ထိန်းသိမ်းပေးနိုင်သကဲ့သို့ နှစ်ရှည်ပင်များရောင်းတန်းမဝင်မှီ နှစ်စဉ် ဝင်ငွေရရှိနိုင်ပါသည်။ လိမ္မော် စိုက်ပျိုးသူများအတွက် လိမ္မော်ဈေးမကောင်းခဲ့ပါက ကြားသီးနှံမှ ဝင်ငွေရရှိနိုင်သဖြင့် ဟန်မပျက် လည်ပတ်နို်င်မည်ဖြစ်ပါသည်။ ဝဥပင်မှာ အပင်အရိပ်အောက်မှ သဘာဝ မြေဩဇာဖြင့် အသက်ရှင် ကြီးထွားနိုင်သော တောရိုင်းအပင်မျိုးဖြစ်သည့်အတွက် မြေဩဇာကျွေးစရာမလိုဘဲ သဘာဝမှရရှိ သော သီးနှံတစ်မျိုးဖြစ်၍ တောင်သူများအနေဖြင့် စမ်းသပ်စိုက်ပျိုးသင့်ကြောင်း အကြံပေးလိုပါသည်။

          သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် တောင်ကုန်းတောင်တန်းများ နှင့်လွင်ပြင်ချိုင့်ဝှမ်းအလွန်ပေါများသော ဒေသဖြစ်သောကြောင့် ဒေသနေပြည်သူ/သားများ၏  ပိုင်ဆိုင်ထားသော သဘာဝဘိုးဖွားအမွေများဖြစ်သည့် လုပ်ကိုင်စိုက်ပျိုးရန် မြေလွတ်မြေရိုင်းများနှင့် ဥယာဉ်ခြံမြေများ အလွန်ကျယ်ဝန်းလှပါသည်။ ထို့ပြင် ကျိုင်းတုံမြို့သည် နယ်နိမိတ်ခြင်းထိစပ်နေသော  အိမ်နီးချင်းနိုင်ငံများဖြစ်သည့်  ထိုင်းနိုင်ငံ ၊ တရုတ်နို်ငငံနှင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူ မြန်ဆန်ကောင်းမွန်ခြင်းနှင့် သယ်ယူစရိတ်စက သက်သာခြင်းတို့ကြောင့် တောင်သူများအနေဖြင့် အခြားသီးနှံများနှင့်အတူ ဝဥပင်များ စိုက်ပျိုးထားမည်ဆိုပါက အပိုဝင်ငွေရရှိမည့်အပြင် ဒေသထွက်ကုန်များ ပိုမို တင်ပို့ခြင်းဖြင့် နိုင်ငံတော်အနေဖြင့်လည်း အခွန်အခပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း စေတနာရှေ့ထားကာ တင်ပြအပ်ပါသည်။

DOCA(ရှမ်း)

 

ရာသီပေါ် မရမ်းသီးဈေးကွက်အခြေအနေ

           နေပြည်တော်ဘက်မှထွက်တဲ့ ရာသီပေါ်သီးနှံဖြစ်တဲ့ မရမ်းသီးများ‌ တောင်ကြီးဈေးကွက်အတွင်း လှိုင်လှိုင်ဝင်နေပါသည်။ မရမ်းသီးမှာ ခံတွင်းကိုမြိန်စေတာကြောင့် မြန်မာလူမျိုးများ အကြိုက်ဖြစ်တဲ့ သီးနှံတစ်မျိုးဖြစ်ပါသည်။ ရာသီချိန်နဲ့သာပေါ်လို့ ဈေးကွက်တွင် ရောင်းချိန် သိပ်မကြာတဲ့သီးနှံဖြစ်ပါသည်။ ဇန်နဝါရီလလောက်မှ မရမ်းသီးများဈေးကွက်တွင်း စတင်ဝင်ရောက်လာပြီး မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှုနည်းသွားမှာဖြစ်ပါသည်။ သီးနှံဝင်ရောက်ချိန်တွင် မရမ်းသီးတစ်ဆယ်ကျပ်သားကို ဈေးနှုန်း(၃၀၀ဝိ/-)ခန့်ရှိပြီး ယခုသီးနှံအဝင်လှိုင်ချိန်မှာတော့ တစ်ဆယ်ကျပ်သားကို ဈေးနှုန်း(၁၅၀ဝိ/-)ဈေးဖြင့် အရောင်းဝယ်ဖြစ်နေပါသည်။ ၁၀ပိဿာဝင် ပလတ်စတစ်ခြင်းတစ်ခြင်းလျှင် ဈေးနှုန်း(၈၀၀၀ဝိ/-)ခန့်ရှိပြီး အလုံးအကြီး/အသေး ပေါ်လိုက်၍ ဈေးနှုန်းကွာခြားတယ်လို့လဲ သိရှိရပါသည်။

DOCA(ရှမ်း)

''ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အုန်းသီးဈေးကွက် အခြေအနေ''

             ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် အုန်းသီးကိုအနည်းငယ်စိုက်ပျိုးမှုသာရှိပါတယ်၊ အပူပိုင်း‌ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းပြီး ရှမ်းပြည်လိုအအေးပိုင်းဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းမှုနဲလို့ စိုက်ဧကရာဏန်းခန့်သာစိုက်ပျိုးပါတယ်။ ရှမ်းပြည်ရဲ့ဈေးကွက်လိုအပ်ချက်အရ ပြန်လည်တင်သွင်း သုံးစွဲရတဲ့ သီးနှံတစ်မျိုးဖြစ်ပါသည်။ ယခုလိုတပို့တွဲလရာသီမှာ မြန်မာတို့ရဲ့ရိုးရာ ထမနဲထိုးရာသီဖြစ်တဲ့ ထမနဲပွဲတွေမှာမပါမဖြစ် ထည့်သွင်းအသုံးပြုရတဲ့ အမယ်တစ်မျိုးဖြစ်တာကြောင့် အုန်းသီဟာ အရောင်းသွက်နေပါတယ်၊ မြန်မာ့ရိုးရာမုန့်အတော်များများမှာလည်း အုန်းသီးကိုထည့်သွင်း အသုံး ပြုကြတဲ့အတွက် ဈေးကွက်ဝင်တဲ့သီးနှံတစ်မျိုးဖြစ်ပါသည်။

           အုန်းသီးကို မုန့်ပဲသွားရည်စာများတွင် အသုံးပြုကြသလို၊ မြန်မာ့ဆေးဝါးဖော်စပ်ရာမှာလဲ အသုံးပြုကြပါသည်။ အုန်းသီးရဲ့အရွက်၊ အသီး၊ အခွံအားလုံးဟာ သူ့နေရာနဲ့သူအသုံးပြုလို့ရတာကြောင့် ဘာတစ်ခုမှပစ်စရာမလိုအောင် အသုံးဝင်တဲ့သီးနှံတစ်မျိုးဖြစ်ပါသည်။ ကောင်းမွန်တဲ့အုန်းသီး တစ်လုံး၏ အသား၊ အုန်းရည်များကို မုန့်ပဲသွားရည်စာ၊ ဆေးဝါးဖော်စပ်ရာမှာ အသုံးပြုကြသလို၊ မကောင်းသည့်အုန်းသီး (ပုပ်သွားသည့်အုန်းသီး) များကိုလဲ ထပ်ခြမ်းခွဲ၍ သဘာဝနေရောင်ဖြင့် နေလှန်းပြီးခြောက်သွားလျှင် ၎င်းအတွင်းသားများကို ကြိတ်စက်ဖြင့်ကြိတ်၍ သဘာဝအုန်းဆီမွှေးကို ပြန်လည်ထုတ်လုပ်ရောင်းချကြပါသည်။ မြန်မာ့အုန်းဆီမှာလဲ မြန်မာလူမျိုးများအကြိုက်များတဲ့ အသုံးအဆောင်ဖြစ်သလို၊ ဆေးဝါးဖော်စပ်ရာမှာလဲ အသုံးဝင်ပါတယ်၊ အုန်းရွက်မှရတဲ့ အုန်းလက်များကိုလဲ ဦးထုပ်၊ တံမျက်စည်းပြုလုပ်ရာမှာအသုံးပြု၍ အိမ်သုံးပစ္စည်းအဖြစ် ပြုလုပ်ရောင်းချကြပါသည်။

           ရှမ်း(တောင်) ဈေးကွက်မှာအုန်းသီးတစ်လုံးကို အလုံးလှရင်လှသလို တစ်လုံးလျှင် ဈေးနှုန်း (၁၅၀ဝိ/- ၁၈၀ဝိ/- ၂၀၀ဝိ/-) ထိဈေးရှိပါတယ်၊ အခွံချွတ်ထားတဲ့ အုန်းသီးတစ်လုံးလျှင် ဈေးနှုန်း အသေး၊ အကြီးပေါ်မူတည်ပြီး တစ်လုံးလျှင် (၅၀ဝိ/- မှ ၁၀၀ဝိ/-) ထိဈေးရှိပါတယ်၊ အုန်းသီး (အုန်းနို့) အရည်ညှစ်တစ်လုံးလျှင် ဈေးနှုန်း (၁၅၀ဝိ/-) ဈေးရှိပါသည်။တောင်ကြီးဈေးကွက်ရှိ အုန်းသီးများကို ရန်ကုန်ဈေးကွက်မှ မှာယူရောင်းချလျက်ရှိတယ်လို့ သိရှိရပါသည်။

DOCA(ရှမ်း)

ပြည်တွင်းစားသုံးမှုမြင့်တက်လာသည့် မျောက်ငိုသီးအကြောင်းတစေ့တစောင်း

မျောက်ငိုပင်ကို မလေးရှား၊ ထိုင်း၊အင်ဒိုနီးရှား၊ စင်္ကာပူ၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာ အများဆုံးတွေ့ရပါသည်။ မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ချင်းပြည်နယ်တို့မှာ အများဆုံးရှင်သန်ပေါက်ရောက်သော်လည်း မြန်မာနိုင်ငံဒေသအနှံအပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင် ကြောင်း သိရှိရပါသည်။ နှစ်ရှည်ပင်ဖြစ်သည့် မျောက်ငိုပင်သည် အပူအအေး သမမျှတတသော ရာသီဥတု ကိုကြိုက်နှစ်သက်ပြီး ရေစီးရေလာကောင်းသော  နှုန်းမြေ၊ ရွှံနှုန်းမြေတွေမှာ ကောင်းစွာဖြစ်ထွန်းနိုင်ပါ သည်။ ရေလွမ်းသော မြေများတွင်လည်း စိုက်ပျိုးနိုင်ကြောင်းသိရသည်။ ယခင်က မျောက်ငိုပင်ကို အိမ်ခြံ ဝန်းထဲတွင် ၅ပင်မှ ၆ပင်ခန့်စိုက်ပျိုးကြပြီး စီးပွားဖြစ်စိုက်ပျိုးမှုမရှိသလောက် နည်းပါးခဲ့ပြီး ၊ ယခုအခါတွင် ငှက်ပျောစိုက်ခင်း၊ကော်ဖီစိုက်ခြင်းများတွင် သီးညှပ်အရိပ်ရပင်အဖြစ်လည်းကောင်း၊ မျောက်ငိုပင်သီးသန့် စိုက်ခင်းအဖြစ်လည်းကောင်း၊ စီးပွားဖြစ်စတင်စိုက်ပျိုးလာကြပြီ ဖြစ်ကြောင်းသိရှိရပါသည်။

          မျောက်ငိုပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး  အပင်အမြင့် ပေ ၅၀မှ ပေ၁၀၀ အထိရှိနိုင်ပါသည်။ သက်တမ်းရင့်ပါက ပင်စည်လုံးပတ်သည် မန်ကျီးပင်၊ ကုက္ကိုလ်ပင်လိုကဲ့သို့ ကြီးမားပါသည်။ အပင်သက် တမ်း  ၅နှစ်မှ ၇ နှစ်အတွင်း စတင်သီးဖွင့်ပါသည်။ အခိုင်လိုက်အသီးသီးပြီး တစ်ပင်လျှင် အသီးအခိုင် ပေါင်း ၅၀ မှ ၂၅၀ ခန့်ထိ သီးကြောင်း၊ တစ်ခိုင်လျှင် သီးတောင့် ၇တောင့်မှ အတောင့် ၃၀ ခန့် ထိရှိပါက သီးတောင့်တစ်တောင့်လျှင် အစေ့ ၁၀ စေ့မှ ၁၅ စေ့ခန့် အထိပါရှိကြောင်းသိရပါသည်။ တောင်ပေါ် ဒေသများတွင် သြဂုတ်လမှ စတင်၍ သီးဖွင့်လေ့ရှိပြီး  ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း အသီးများ လှိုင်လှိုင်ထွက်ရှိပါသည်။ မြေပြန့်ဒေသတွင် အသီးအပွင့် နောက်ကျလေ့ရှိကြောင်း သိရှိ ရပါသည်။

          မျောက်ငိုသီးကို အသီးနုချိန်တွင် ၎င်းအသီးအသားကို ဇွန်းဖြင့်ခြစ်၍  ဟင်းလျာများတွင် ချက်ပြုတ်စားသောက်ကြပြီး၊ အသီးအနည်းငယ်ရင့်လာပါက အသီးကို မီးဖုတ်ဿ အသားကိုခြစ်ယူကာ ချက်ပြုတ်စားသောက်ကြကြောင်းနှင့် အသီးရင့်လာပါက အသီးမှ အစေ့ကို ထုတ်ယူကကာ ဟင်းလျာ အမျိုးမျိုးပြုလုပ်စားသောက်ကြပါသည်။ အရသာအားဖြင့် မြန်မာလူမျိုးများ ကြိုက်နှစ် သက်ကြသည်။ ဒညင်းသီးနှင့််အရသာဆင်တူသည်ဟုဆိုကြပါသည်။ မျောက်ငိုသီးကို အရှေ့တောင်အာရှနိုင်ငံများ ဖြစ် သည့် မလေးရှား၊ထိုင်း၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ မြန်မာနိုင်ငံတို့တွင် ဒေသဟင်းလျာအမျိုးမျိုး ပြုလုပ်၍ ချက်ပြုတ်စားသောက်ကြပြီး အိန္ဒိယနိုင်ငံသားများကလည်း အထူးကြိုက်နှစ်သက်ကြကြောင်း သိရှိရ ပါသည်။ မျောက်သိုသီး၏ အနံအရသာသည့် ဒညင်သီး၏ အနံအရသာနှင့် ဆင်တူသော်လည်း ဒညင်းသီး ကဲ့သို့ ကျန်းမာရေးအတွက် ဆိုးကျိုးမရှိပဲ ကျန်းမာရေးအတွက် အထူးကောင်းမွန်သင့်လျော်ကြောင်း သိရှိရသည်။

          မျောက်ငိုသီး၏ ကျန်းမာရေးအကျိူးကျေးဇူးက များပြားလှသောကြောင့် အထူးကု ဆရာဝန်ကြီး ဟု တင်စားကြပြီး ပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံး၊အသည်း၊ ကျောက်ကပ်၊ဆီးချို/ သွေးချိုရောဂါတွေကို ကာကွယ်ထိန်းညှိပေးနိုင်ကြောင်းသိရှိရသည်။ မျောက်ငိုသီးတွင် ကယ်လ်စီယမ်နှင့် ဖော့စ်ဖရပ် ပါဝင်သောကြောင့် အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ ကြွက်သားအားကောင်းစေခြင်း၊ အာရုံကြောနိုးဖွမှုပေးပို့ခြင်း၊ သွေးတိတ်နိုင်စွမ်းစသည့်  ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်ထဲက ပုံမှန်ဆဲလ်တွေ့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။ သတ္တူစက်များကြွယ်ဝစွာ ပါရှိခြင်းကြောင့် အာရုံကြောစနစ်နဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်များအား အထူးကောင်းမွန်စေပြီး စိတ်ကြည်လင်လန်းဆန်းစေပါသည်။ သံဓာတ်များ ပါဝင်သောကြောင့် သွေးအားကောင်းစေပါသည်။  New England Journal of Medicine မှာ ပါတဲ့ လေ့လာချက်တစ်ခုအရ မျောက်ငိုသီးကို မကြာခဏ စားသုံးပေးပါက လေဖြတ်သေဆုံးရခြင်းအန္တရာယ်မှ ၄၀% ကင်းဝေးစေပြီး နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ကြောင်း သိရှိရပါ သည်။ မျောက်ငိုသီးတွင် အမျှင်ဓာတ်များစွာပါဝင်သည့်အတွက် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်သကဲ့သို့ သွေးချိုကိုလည်း ထိန်းညှိပေးနိုင်ကြောင်း သိရသည်။ မျောက်ငိုသီးနှင့်ပျားရည်ကို  စားသုံးပေးခြင်းဖြင့် အစာအိမ်မကောင်းသူများအတွက်လည်း အထူးသင့်လျော်ကြောင်း သိရသည်။ ထို့အပြင် ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် ခန္ဒာကိုယ်အတွင်းတစ်ရှူးများ အစားထိုး ဖြစ်ပေါ်စေခြင်း၊ ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းတိုအတွက် အထောက်အကူပေးနိုင်ကြောင်းနှင့် မကောင်းသောကိုယ်လက်ရောဂါများကိုလည်း လျှော့ချပေးနိုင်ကြောင်း သိရှိရပါသည်။ Phenolic ဒြပ်ပေါင်းကြွယ်ဝသည့်အတွက် ဘက်တီးရီးယားများကို သေစေနိုင်ပြီး ရောဂါပိုးဝင်ရောက်ခြင်းမှ အကာအကွယ်ပေးနိုင်သကဲ့သို့  စက်တိုးဆန့်ကျင် အာနိသင်များလည်း ကြွယ်ဝစွာ ပါရှိကြောင်းကိုလည်းသိရှိရသည်။ မျောက်ငိုသီးကို စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထူးအထောက်အကူပြုစေနိုင်သော်လည်း ၎င်းတွင် အမိုင်နိုအက်ဆစ်ပါဝင်သောကြောင့် တစ်ခါတည်းနှင့်များစွာ စားသုံးရန်မသင့်ပါ၊ ၎င်းကို ရေစိမ်ထားပါက အက်ဆစ်ကိုလျော့ချပေးနိုင်သဖြင့် အချိန်အတန်ကြာရေစိမ်ထားပြီးမှ ချက်ပြုတ်ပြင်ဆင် စားသုံးသင့်ကြောင့် သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် ယခင်က မျောက်ငိုပင်များကို စီးပွားဖြစ်စိုက်ပျိုးလေ့မရှိပဲ အိမ်ခြံဝန်းထဲတွင် ၅ ပင် မှ ၁၀ ပင်ထိသာ စိုက်ပျိုးလေ့ရှိပါသည်။ ယခုအခါ မျောက်ငိုသီးစားသုံးမှုမြင့်တက်လာခြင်းနှင့်အတူ ဝယ်လိုအားကောင်းလာသဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြသည်ကို တွေ့ရှိရသည်။ စိုက်ပျိုးရာတွင် အများအားဖြင့် အစေ့မှ ပျိုးထောင်ပြီး စိုက်ပျိုးကြပြီး ကိုင်းဖြတ်ဆက်နည်း၊ အဖူးဖြုပ်နည်းတို့ဖြင့်လည်း စိုက်ပျိုးနိုင်ကြောင်း သိရသည်။ နွားချေးဆွေး၊ ဖွဲပြာ၊ မြေကြီးတိုကိုဆတူရောထားသောမြေကို ပျိုးထုပ်အတွင်း ထည့်ပြီး မျိုးစေ့ချစိုက်ပျိုးပါက အပင်ပေါက်နှုန်း၊ ရှင်သန်ကြီးထွားနှုန်း ကောင်းမွန်သည်ဟု သိရှိရသည်။ ပျိုးသက် ၁၀လမှ ၁နှစ်အတွင်း အပင်အမြင့်၃ပေခန့်ရှိလာမည်ဖြစ်ပြီး မြေဆွေးထည့်ထားသော ၂ပေ သို့မဟုတ် ၃ပေပတ်လည်ကျင်းတွင် ပျိုးပင်ငယ်ကိုထည့်သွင်း စိုက်ပျိူးနိုင်ပါသည်။ သင့်လျော်သည့်ပင်ကြားတန်းကြား အကွာအဝေးမှာ ပေ၂၀မှ ပေ၃၀အတွင်းဖြစ်ကြောင်း သိရသည်။ အပင်ရှင်သန်ကြီးထွားလာပြီး ခူးဆွတ်ရန်သင့်လျော်သော အမြင့်ရှိနေစေရန်အတွက် ကိုင်းချိုင်ခြင်း၊ ခေါင်းနှင်းပြုပြင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါက သီးကိုင်းများလာစေနိုင်ကြောင်း သိရသည်။ မျောက်ငိုပျိုး ပင်ဈေးနှုန်းမှာ ၆လမှ ၁နှစ်အတွင်း ပျိုးပင်တစ်ပင်လျှင် ၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ ဈေးရှိကြောင်းနှင့် ပျိုးပင်သက်တမ်း၊ ရောင်းချသည့်နေရာဒေသတို့ပေါ် မူတည်ပြီး ဈေးနှုန်းကွာဟချက် ရှိနိုင်ကြောင်းသိရသည်။

          မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် မျောက်ငိုသီးအစေ့ကို ဝက်သား၊  ပုဇွန်တို့ဖြင့်ချက်သော ဟင်းလျာသည် အမည်ကြီးလူကြိုက်များသော ဟင်းလျာတစ်မျိုးဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်လည်း အသီးနှင့်အစေ့ကို အမျိုးမျိုးချက်ပြုတ်စားသောက်ကြပြီး လူကြိုက်များလှသည်။ ကသည်းလူမျိုးများသည် မျောက်ငိုသီးစားပွဲတော်ကျင်းပပြီး ရိုးရာအစားအစာအဖြစ် နှစ်ခြိုက်စွာ စားသုံးကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူး၊ ကလေး၊ ဝဖက်ကဒေသခံများသည် မျောက်ငိုသီးကို ချက်စား၊ သုပ်စား၊ ကြော်စားရုံသာမက အရည်သောက်၊ ပန်ထွေဖျော်စသည်ဖြင့် စားသောက်လေ့ရှိပါသည်။

          မြန်မာနိုင်ငံမှထွက်ရှိသော မျောက်ငိုသီးများကို တမူးမြို့မှတဆင့် အိန္ဒိယနိုင်ငံသို့ အဓိကရောင်းချကြကြောင်းသိရသည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် တမူးမြို့ရှိ မျောက်ငိုသီးတောင့်ဈေးနှုန်းမှာ အတောင့် ၅၀ပါ မျောက်ငိုသီးတစ်စီးလျှင် အနိမ့်ဆုံး ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဈေးပေါက်လျက်ရှိပြီး နေ့စဉ် အသီးတောင့် ၅သောင်းမှ ၁သိန်းကျော်အထိ အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ ယခင်နှစ်များတွင် ယခုနှစ်ထက် ဈေးကောင်းပိုရပြီး အရောင်းအဝယ်သွက်လက်သည်ဟု မျောက်ငိုသီး အရောင်းအဝယ်ပြုလုပ်သည့် ဒေသခံများက ပြောသည်။ မျောက်ငိုသီးစိုက်ပျိုးသူများအနေဖြင့် အသီးခူးရောင်းကြသည်များရှိသကဲ့သို့ ပွဲစားထံအပင်ဖြတ်ရောင်းချသည်များလည်းရှိသည်။ ဈေးနှုန်းဈေးကွက်နှင့်အသီးထက်နှုန်းပေါ် မူတည်ပြီး မျောက်ငိုသီးတစ်ပင်ကို တစ်နှစ်လျှင် အနိမ့်ဆုံး ၅သောင်းကျပ်မှ ၁.၅သိန်းခန့်ထိ ဝင်ငွေရှိကြောင်း တမူးဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

          ယခင်ကမျောက်ငိုသီးကို ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဒေသခံများကသာ စားသုံးကြလေ့ရှိပြီး အခြားဒေသများတွင် စားသုံးသူနည်းပါသည်။ ယခုအခါ မြန်မာနိုင်ငံအနှံတွင် မျောက်ငိုသီးကို စားသုံးလာကြပြီး မျောက်ငိုသီးဝယ်လိုအား မြင့်တက်လျှက်ရှိကြောင်း သိရသည်။ ပြည်တွင်းတွင် မျောက်ငိုသီး အသီးတောင့်ထက် မျောက်ငိုသီးအစေ့ကို ပိုမိုစားသုံးကြကြောင်း မျောက်ငိုသီးခြောက်ကို ပလပ်စတစ်ဗူးဖြင့် လေလုံအောင်ထည့်သွင်းပြီး စနစ်တကျထုတ်ပိုးကာ မြန်မာနိုင်ငံဒေသတော်တော်များများကို ပို့ဆောင်ရောင်းချလျက်ရှိကြောင်းမန္တလေးမြို့ရှိ မန်းထိပ်တန်း မျောက်ငိုသီးရောင်းဝယ်ရေးလုပ်ငန်းရှင်မှပြောသည်။ ပြင်ဦးလွင်ဒေသတွင်လည်း မျောက်ငိုသီးပင်ကို တနိုင်တပိုင်သာမက စီးပွားဖြစ် စိုက်ပျိုးနေသော ခြံများရှိကြောင်း၊ မျောက်ငိုအသီးတောင့်ကို နီးစပ်ရာမြို့များသို့ ပို့ဆောင်ရောင်းချပြီး အသီးခြောက်ကိုမူ မြန်မာနိုင်ငံအနှံ ပို့ဆောင်ရောင်းချလျှက်ရှိကြောင်း ပြင်ဦးလွင်မြို့က မျောက်ငိုသီးရောင်းချသူတစ်ဦးကပြောသည်။ မျောက်ငိုသီးခြောက်ကိုအခွံခွာပါက မျောက်ငိုသီးစေ့ရရှိပြီး အစေ့သည်လေသလပ်ပြီး အချိန်ကြာကြာထားပါက အရောင်ပြောင်းသွားတတ်ပါကြောင်း၊ သို့သော်မျောက်ငိုသီးစေ့ကို ဆားရည်စိမ်ထားပါက ကြာကြာအထားခံပါကြောင်း၊ မျောက်ငိုစေ့ဆားရည်စိမ်များကို ပလပ်စတစ်ဗူးဖြင့် သေချာထုတ်ပိုးပြီး ရောင်းချလျက်ရှိပါကြောင်း၊ Social Media တွင်လည်း   ရောင်းချလျက်ရှိရာ ဒေသတော်တော်များများကမှာယူကြပါကြောင်း၊ အဆိုပါမျောက်ငိုသီးရောင်းချသူကပြောသည်။ သို့ပါ၍ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပြီး အဟာရဓာတ်ကြွယ်ဝသည့် မျောက်ငိုသီးကို ယခင်က အိန္ဒိယပို့ကုန်တမယ်အဖြစ်သာ အဓိကရောင်းချကြပြီး ယခုအခါ ပြည်တွင်းစားသုံးမှုမြင့်တက်လာပြီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုများလည်း ရှိနေပြီဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

           ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖေဖော်ဝါရီလ တတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၄၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၅၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၇၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၀၃၀၀၊ တန်အားဖြင့် ၅၀၁၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၄၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၇၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၁၃၀၀၊ တန်အားဖြင့် ၅၀၆၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၁၀၀၀၊ တန်အားဖြင့် တန်၅၀ ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဖေဖော်ဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး (အဟောင်း) တင်း၁၀၀လျှင် ကျပ်၁၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၃၀၀၀၊ ဧရာမင်းစပါး (အဟောင်း) တင်း၁၀၀လျှင် ကျပ်၁၂၀၀၀၀၀၊ ဧရာမင်းဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ရွှေဘိုပေါ်ဆန်းစပါး (အသစ်) တင်း၁၀၀လျှင် ကျပ်၁၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၅၃၀၀၀၊ ဧရာမင်းစပါး (အသစ်) တင်း၁၀၀လျှင် ကျပ်၉၀၀၀၀၀၊ ဧရာမင်းဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သနပ်ပင်မြို့နယ်အတွင်း၌  ဆောင်းသီးနှံပဲဦးများ ပေါ်နေပြီဖြစ်     

              သနပ်ပင်မြို့နယ်အတွင်း၌ ယခုလ ဒုတိယပါတ်တွင် ဆောင်းသီးနှံပဲတီစိမ်းများနှင့် ပဲလွန်း ဖြူများ ပေါ်နေပြီဖြစ်ကြောင်းသိရပြီး၊ သနပ်ပင်မြို့ ဈေးပိုင်းရပ်ကွက်၊ လမ်းမတော်ရှိ ဦးပုပွဲရုံ၊ ဘူတာပိုင်း နဒီ မင်္ဂလာလမ်းရှိ ဦးအန်းစိုက်ပွဲရုံ၊ ကော့ပြတ်ပိုင်း မြို့ရှောင်လမ်းရှိ အောင်သိဒ္ဓိပွဲရုံတို့မှ ပဲများကို ဝယ်ယူနေကြပြီဖြစ်ကြောင်းသိရှိရပါသည်။ ပဲတီစိမ်း(၇၂) ပေါင် တစ်တင်းလျှင်( ၄၅၅၀၀) ကျပ် ၊ ပဲလွန်းဖြူ (ချက်မဲ ) တစ်တင်းလျှင်  ( ၄၀၀၀၀ )ကျပ် ၊ ပဲလွန်းဖြူ ( ချက်ဖြူ ) တစ်တင်းလှျင် ( ၃၅၀၀၀ ) ကျပ်ဖြင့် ဝယ်ယူနေကြကြောင်းနှင့် ဝယ်ယူထားသည့်ပဲများအား တစ်စီးစာရလှျင် ရန်ကုန်သို့ ချက်ချင်း တင်ပို့ ကြကြောင်း သိရှိရပါသည်။ သယ်ယူပို့ဆောင်ခမှာ (၁.၅ ) တင်း တစ်အိတ်ကို ( ၇၀၀ ) ကျပ် ပေးရပြီး ယခင်နှစ်ဈေးထက် ယခုနှစ် ပဲလွန်းဖြူဈေးမှာ (၁၀၀၀၀) ကျပ်ခန့် ကျဆင်းသွားကြောင်း သတင်း ရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

တည်ငြိမ်နေသည့် ဓါတ်မြေဩဇာဈေးနှုန်းဈေးကွက်

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အရှေ့ပိုင်း ခရိုင်အတွင်းရှိ စိုက်ပျိုးရေးသုံးအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်း များကို တစ်ပတ်လျှင် တစ်ကြိမ်စုံစမ်းကောက်ယူ၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြလျက် ရှိရာ (14.2.2022) ရက်နေ့တွင် မာလာမြိုင်စိုက်ပျိုးရေးသုံးအရောင်းဆိုင်ကြီးမှ စုံစမ်းကောက်ယူရရှိ သည့်ဓါတ်မြေဩဇာအမျိုးအစားအလိုက် တစ်အိတ် (50 kg) ဈေးနှုန်းများမှာ မာလာမြိုင်၊ နေရွက်လှေ (16:16:16) တစ်အိတ် 8100ဝိ/- ၊ နေရွက်လှေ (15:15:15) တစ်အိတ် 7600ဝိ/- ၊ (urea) တစ်အိတ် 8400ဝိ/- ၊ (T.S.P) တစ်အိတ် 6400ဝိ/- ၊ (M.O.P) တစ်အိတ် 7200ဝိ/- ဖြစ်၍ ဖေဖော်ဝါရီလ ပထမ ပတ်နှင့် ဒုတိယပတ်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများအားနှိုင်းယှဉ်ကြည့်လျှင် ပြောင်းလဲခြင်းမရှိဘဲ၊ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူများအတွက် လိုအပ်ပါက ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီ၊ လက်ကား ရောင်းချပေးနေကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)

“မိတ္ထီလာ၊သီတက္ကန်(မြောက်)ကျေးရွာမှ မြေအိုးလုပ်ငန်းများအား ကွင်းဆင်းလေ့လာ

           စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅  ) ရက်နေ့နံနက် (၁၀:၃၀) အချိန်တွင် မိတ္ထီလာမြို့နယ်၊ အလည်ရွာအုပ်စု၊ သီတက္ကန်ကျေးရွာရှိ One Village One Product အဖြစ်အိုးလုပ်ငန်းကို တစ်ရွာလုံးနီးပါးထုတ်လုပ်လျှက်ရှိရာ အိုးလုပ်ငန်းများသို့ ကွင်းဆင်းသွားရောက်လေ့လာခဲ့ပါသည်။

          အဆိုပါရွာသည် မိုးရာသီတွင်လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး လယ်ယာလုပ်ငန်းသိမ်းဆည်းပြီးချိန်တွင် ကျေးရွာ၏အိမ်ထောင်စု (၈၇) စု လူဦးရေ (၄၀၀) ကျော်ရှိသည့်အနက်မှ အိမ်ထောင်စု (၅၀)  ကျော်က အိုးလုပ်ငန်းကို အဓိကလုပ်ကိုင်လျှက်ရှိသည်။ ထိုသို့ အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် သောက်ရေအိုး၊ဘုရား ပန်းအိုး၊ ဆီမီးခွက်၊ ထန်းမြေအိုးများကို အဓိကထားလုပ်ကိုင်လျှက်ရှိရာမှ ထန်းတက်ရာသီဖြစ်၍ ကျေးရွာထွက် ထန်းမြူအိုးများ အရောင်းတွင်ကျယ်လျှက်ရှိကြောင်း ကျန်အိုးများကိုလည်း အသင့်အတင့်ရောင်းချရကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများက ထန်းမြူအိုးများကို အဓိကလုပ်ကိုင် ရောင်းချလျှက်ရှိကြောင်း သိရှိရ ပါသည်။

          ထိုသို့ အိုးလုပ်ငန်းဆောင်ရွက်ရာတွင်လိုအပ်သော မြေများကိုအမျိုးသားများက လှည်းများဖြင့် သယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ပြီး အမျိုးသမီးများက အိုးပုံသွင်းခြင်း၊ နေလှန်းခြင်း၊ မီးဖုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း၊ ထိုသို့ အိုးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေဝါ၊ မြေနီ၊ မြေစိမ်းတို့ကို အချိုးအစားညီရောပြီး ကျင်းအတွင်းထည့်၍ ရေလောင်းပြီး နူးနပ်အောင်နယ်ထားရပါကြောင်း၊ ရွှံ့များနူးနပ်ပါက အမွှေးပါသည့်နွားသားရေပေါ်ပုံပြီး ရွှံ့များစီးသွားအောင် ခြေထောက်ဖြင့်နင်းရကြောင်းသိရှိရပါသည်။ ယင်းသို့ခြေထောက်ဖြင့် နင်းပြီးပါက အရှည် (၁၂) လက္မအချင်း (၅) လက်မရှိ ရွှံ့တုံးလေးများလုံး၍ အိုးပြင်သည့် လက်လှည့်ပေါ်တင်ကာ ပုံကြမ်းဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါကြောင်း ၎င်းနောက် အိုးကိုလက်ခတ်ဖြင့်ရိုက်ပြီး ပုံဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးနောက် ရရှိလာသည့် အိုးစိမ်းများကို နေလှမ်းအခြောက်ခံရကြောင်း၊ အခြောက်ခံပြီးအိုးစိမ်းများကို မီးဖုတ်ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရပါကြောင်း၊ နေလှမ်းပြီးအိုးများကိုမီးဖုတ်ရာတွင် အောက်ခြေတွင် ထင်းများခင်းပြီး အိုးစီခြင်းလုပ်ငန်းဆောင်ရွက်ရကြောင်း၊ ယင်းနောက်စီထားသည့် အိုးပုံဘေးပတ်လည်တွင် ထင်းများထောင်၍စီခြင်း၊ ‌ကောက်ရိုးများပုံအုပ်ခြင်း ဆောက်ရွက်ပြီးပါက ရွှံ့များလိမ်းကျန်ခြင်းနှင့် အိုးပုံပတ်လည် မီးရှို့ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရကြောင်း သိရှိရပါသည်။ ထိုသို့မီးရှို့ရာတွင် အိုးစီတဲ့အ‌ပေါ်မူတည်ပြီး တစ်နေ့ အိုးအလုံး(၁၀၀)ခန့် ရိုက်နိုင်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှသိရှိရပါသည်။

          အိုးလုပ်ရာတွင် သုံး‌သောမြေနီလှည်းတစ်စီး (၅၀၀၀) ကျပ်၊ မြေဝါလှည်းတစ်စီး (၂၀၀၀)ကျပ်၊ မြေစိမ်းလှည်းတစ်စီးကို (၃၀၀၀) ကျပ်၊ ထင်းလှည်းတစ်စီး (၅၀၀၀)ကျပ်နှင့် ကောက်ရိုးတစ်ထုံးကို (၂၀၀)ကျပ် ပေးရပြီး၊ အိုးတစ်ဖိုမီးဖုတ်လျှင် ကောက်ရိုးအထုံး (၅၀)၊ ထင်းလှည်းတစ်စီး၊ မြေနီလှည်း တစ်စီး၊ မြေဝါလှည်းတစ်စီးနှင့်မြေစိမ်းလှည်းတစ်စီး အသုံးပြုရပြီး တစ်ဖိုလျှင် အိုးအလုံးရေ (၅၀၀)ခန့် ထွက်ရှိပါကြောင်း၊ ထန်းမြူအိုး ၁လုံးကို (၂၀၀) ကျပ်၊ သောက်ရေအိုး ၁လုံးကို (၅၀၀)ကျပ်၊ ဘုရားပန်းအိုး ၁ လုံးလျှင် (၂၀၀) ကျပ်ရောင်းချရပါကြောင်း၊ အိုးတစ်ဖိုမီးဖုတ်လျှင် (၂၅၀၀၀) ကျပ်ခန့် ကုန်ကျပြီး အမြတ်ငွေ (၇၅၀၀၀) ကျပ်ခန့် ရရှိကြောင်း အိုးတစ်ဖိုလုပ်ရာတွင် မိသားစုအနေဖြင့် တစ်ပတ်ခန့် ကြာမြင့်ကြောင်း သိရှိရပါသည်။

          သီတက္ကန်(မြောက်)ကျေးရွာထွက်ရှိသည့် သောက်‌ရေအိုး၊ ဘုရားပန်အိုး၊ ပန်းစိုက်အိုး၊ စလောင်း ဖုံး၊ ဟင်းအိုး၊ ဆီမီးခွက်နှင့်ထန်းမြေအိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာမြို့နယ်များမှ အိုးကုန်သည် များက ကျေးရွာအရောက်ဝယ်ယူလျှက်ရှိကြရာ အဆိုပါအိုးလုပ်ငန်းကို သီတက္ကန် (မြောက်) ကျေးရွာ သာမက အနီးအနားကျေးရွာများကပါ အိုးလုပ်ငန်းကို မိသားစုတနိုင်တပိုင် လုပ်ကိုင်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်နှင့်ရမည်းသင်းခရိုင်တွင်း နွေစပါးတိုးတက်စိုက်ပျိုးမှု အခြေအနေအစီအစဉ်”

           စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မြို့နယ် (၄)ခုရှိရာ သာစည်မြို့နှင့်ဝမ်းတွင်းမြို့နယ်သည် ဆည်ရေလုံလောက်စွာ မရရှိခြင်းကြောင့် နွေစပါးစိုက်ဧကမရှိပါကြောင်း သက်ဆိုင်ရာဌာနများနှင့် တောင်သူတို့အား ချိတ်ဆက်မေးမြန်းမှုအရ သိရှိရပါသည်။ မိတ္ထီလာ မြို့သည် ယခင်နှစ်စိုက်ဧကထက် (၂)ဆတိုး၍ စိုက်ပျိုးရန်လျာထားဆောင်ရွက်လျှက်ရှိကြောင်း၊ မလှိုင်မြို့နယ်အတွင်း ယခင်စိုက်ဧကအတိုင်း စိုက်ပျိုးရန်လျာထားဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါ သည်။

          ရမည်းသင်းခရိုင်အနေဖြင့် ရမည်းသင်းမြို့နယ်သည် ယခင်နှစ် (၆၅)ဧက စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဧက (၁၀၀)၊ ပျော်ဘွယ်မြို့နယ်သည် ယခင်နှစ် (၂၈) ဧက စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဧက (၅၀) အသီးသီးပိုမို စိုက်ပျိုးရန်လျာထားဆောင်ရွက်လျှက်ရှိပါကြောင်း သိရှိရပါသည်။

          မိတ္ထီလာခရိုင်အနေဖြင့် မြို့နယ် (၄) ခုရှိသည့်အနက် သာစည်နှင့်ဝမ်းတွင်းမြို့နယ်တို့တွင် ဆည်ရေမရရှိသဖြင့် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိသော်လည်း ဆီထွက်သီးနှံနှမ်းကို အစားထိုး စိုက်ပျိုးရန် ဆောင်ရွက်လျှက်ရှိပြီး အခြားမြို့ (၂) မြို့မှ ပိုမိုစိုက်ပျိုးရန် လျာထားဆောင်ရွက်လျှက်ရှိပြီး မိတ္ထီလာခရိုင် နွေစပါးစိုက်ဧက ပိုမိုဆောင်ရွက်လျက်ရှိပြီး၊ ရမည်းသင်းခရိုင်အနေဖြင့် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း