ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုခရိုင်၌ ဆီစက်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ အသိပညာပေးခြင်းဆောင်ရွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဉဒေါင်းမင်းဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးဆီများ ထုတ်လုပ်ရောင်းချရောင်းချရာတွင် စားသုံးဆီအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဖော်ပြရန်လိုအပ်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဉပဒေပုဒ်မ၂(ဇ)အရ ထုတ်လုပ်မှုဖြစ်စဉ်၊ အရည်အသွေး၊ စံချိန်စံညွှန်း၊ အသားတင်ပမာဏတို့အား အလေးထားထုတ်လုပ်ရောင်းချရန်၊ အခြားသက်ဆိုင် ရာဌာနများမှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်များအား အများမြင်သာသည့် နေရာတွင်ချိတ်ဆွဲ ထား ရန်၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက ရွှေဘိုခရိုင်စားသုံးရေးရာဦးစီးဌာန၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာ ကွယ်ရေးဉပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

မော်လမြိုင်ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

          မော်လမြိုင်မြို့၌ ယခုလဖေဖော်ဝါရီဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့်  ဈေးနှုန်းအနည်းငယ်မြင့်လာကြောင်းသိရှိရသည်။ ဈေးကွက် ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ဈေးမှာ  ယခင်အပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၉၄၀၀၊ ဆင်(ထိုင်း) ကျပ်၉၅၀၀ ၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၈၅၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး အရောင်းအေးနေကြောင်း သိရှိ ရသည်။

        အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၂၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၇၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ်၄၈၅၀၀၊ ပုလဲ (အသေး) ၄၆%  တရုတ် (တောင်) 50kg ပါတစ်အိတ်မှာ ကျပ် ၅၇၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ်၈၃၀၀၀၊ တီစူပါ တရုတ် (သံကွင်း) 50kg ပါတစ်အိတ်မှာ ကျပ် ၄၉၀၀၀၊ ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၄၇၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ်မှာ ကျပ်၄၈၅၀၀၊ ပုလဲ (အသေး) ၄၆%  တရုတ် (တောင်) 50kg ပါတစ်အိတ်မှာ ကျပ် ၅၉၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ်၈၅၀၀၀၊ တီစူပါ တရုတ် (သံကွင်း) 50kg ပါတစ်အိတ်မှာ ကျပ် ၅၂၀၀၀၊ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မွန်)

ရွှေဘိုပေါ်ဆန်းစပါး မျိုးကောင်းမျိုးသန့်မှသည် (G.I)ရရှိရေးဆီသို့ဦးတည်

            မြန်မာလူမျိုးတို့၏ နေ့စဉ်အဓိကစားသုံးသော အစားအစာမှာဆန်ဖြစ်ပြီး ဆန်ကို ထမင်းအဖြစ် လည်းကောင်း၊ မုန့်ပဲသရေစာအဖြစ်လည်းကောင်း ပြုလုပ်၍ စားသုံးကြပါသည်။ စားသုံးသူပြည်သူများအတွက် အမျိုးအစားအလိုက် အရည်အသွေးပြည့်မီသောဆန်များကို မှန်ကန်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်မှာ လွန်စွာအရေးပါလှသည့်အားလျော်စွာ အရည်အသွေးပြည့်မီသော ဆန်ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တတိယစပါးကျီဖြစ်ပြီး ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီ ဖြစ်ပါသည်။ ရွှေဘိုခရိုင်တွင် ၂၀၂၁-၂၀၂၂ခုနှစ်မိုးစပါးရာသီတွင် စပါး(၆၇၂၇၇၃)ဧက စိုက်ပျိုးခဲ့ပြီး ရွှေဘိုပေါ်ဆန်းစပါး(၃၅၆၇၅၂)ဧကစိုက်ပျိုးသဖြင့် စိုက်ဧက၏(၅၃)% စိုက်ပျိုးပါသည်။ ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းစပါး တစ်ဧကလျှင် ကွက်ကောက်အထွက်နှုန်း(၈၂)တင်း ထွက်ရှိသဖြင့် စုစုပေါင်း (၂၉၂၅၃၆၆၄)တင်းခန့်ထွက်ရှိပါသည်။

           ရွှေဘိုခရိုင်အနေဖြင့် ရွှေဘိုပေါ်ဆန်းစပါးကိုနှစ်စဉ် ဇူလိုင်လတွင် ပျိုးထောင်ပြီး ဇူလိုင်လနှင့် ဩဂုတ်လများတွင် စိုက်ပျိုး၍ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းကြပါသည်။ ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်မှုများသည်နှင့်အညီ ရွှေဘိုပေါ်ဆန်း (Geographical Indication) (G.I)ရရှိရေးအတွက် မူပိုင်ခွင့်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ShweBo Paw San Farming, Milling & Trading Association တို့မှ ပြင်သစ်နိုင်ငံ GRET Myanmar ၏ ထောက်ပံ့ကူညီမှုဖြင့် ၂၀၂၀ခုနှစ်မှစ၍ (၃)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။ (G.I)ဧရိယာမှာ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်ဖြစ်သော ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ (G.I)ရရှိရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို Covid -19 ကာလများတွင်လည်း  Virtual Meetingစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှစတင်ပြီး GRET Myanmarမှ  ရွှေဘိုပေါ်ဆန်းစိုက်ပျိုးသည့် အကျိုးဆောင် တောင်သူဦးကြီးများ၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်လုပ်ငန်းရှင်များ၊ တင်ပို့ရောင်းချသည့် ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်  အဆင်ပြေလွယ်ကူစေရန် Admin Officer ဝန်ထမ်း(၁)ဦးနှင့် Extension Officerဝန်ထမ်း(၃)ဦးခန့်အပ်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

        ရွှေဘိုပေါ်ဆန်း (G.I)ရရှိရေးဆောင်ရွက်ရာတွင် မျိုးကောင်း၊ မျိုးသန့်ရရှိရေးကဏ္ဍသည် လွန်စွာအရေးကြီးလှသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အားလျော်စွာ JICA Project ဖြင့် JAPAN SATAKE Company၏ စက်ပစ္စည်းများဖြင့် Seed Center Type-A (မျိုးစေ့သန့်စင်စက်ရုံနှင့် မျိုးစေ့အအေးခန်း သိုလှောင်ရုံ)ကို ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာအုပ်စု၊ စိုင်နိုင်ကွေ့တွင် ၂၀၂၀ခုနှစ်၌ ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ Seed Center Type-A (မျိုးစေ့သန့်စင်စက်ရုံနှင့် မျိုးစေ့အအေးခန်း သိုလှောင်ရုံ)၌ ၂၀၂၁-၂၀၂၂ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးကောင်း၊ မျိုးသန့်ရရှိရေးအတွက် ရွှေဘိုပေါ်ဆန်းမျိုးစပါး သန့်စင်ခြင်းနှင့် အခြောက်ခံခြင်းလုပ်ငန်းများကို ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဦးဆောင်၍ (၂၂.၁၂.၂၀၂၁)ရက်နေ့မှစ၍ Test Run ပြုလုပ်ပြီး ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရပါသည်။ ရွှေဘိုပေါ်ဆန်း မျိုးစပါးအခြောက်ခံခြင်းနှင့် သန့်စင်ခြင်းကို စပါးတင်း(၁၀၀)လျှင် (၇၀၀၀ဝိ/-)နှုန်း၊ သန့်စင်ခြင်းသီးသန့်ကို စပါးတင်း(၁၀၀)လျှင် (၄၀၀၀ဝိ/-)နှုန်းနှင့် အခြောက်ခံခြင်းသီးသန့်ကို စပါးတင်း(၁၀၀)လျှင် (၄၀၀၀ဝိ/-)နှုန်းဖြင့် သတ်မှတ်၍ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် ရွှေဘိုပေါ်ဆန်းမျိုးစပါး အခြောက်ခံခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းများကို Seed Center Type-A တည်ရှိရာ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့ရှိ အကျိုးဆောင်မျိုးစေ့ထုတ်တောင်သူများမှ လာရောက်ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ထိ အခြောက်ခံသည့် ရွှေဘိုပေါ်ဆန်းစပါး (၈၁၅)တင်းရှိပြီး သန့်စင်သည့်ရွှေဘိုပေါ်ဆန်းစပါး (၅၉၁၃.၅)တင်းရှိကြောင်း သိရှိရပါသည်။ အခြောက်ခံ၊ သန့်စင်ပြီးသော ရွှေဘိုပေါ်ဆန်းစပါးများကို (21 kg /တစ်တင်း)အိတ်နှင့် (31.5kg/ တစ်တင်းခွဲအိတ်)စသည်ဖြင့် မျိုးစေ့ထုတ် တောင်သူဦးကြီးများ၏ စိတ်ကြိုက် တောင်သူဦးကြီးများ၏ တံဆိပ်ရိုက်အိတ်များဖြင့်လည်းကောင်း၊ ရိုးရိုးအိတ်များဖြင့်လည်းကောင်း အိတ်ချုပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

       Seed Center Type-Aတွင် စပါးခွံဖြင့်အခြောက်ခံစက်နှင့် ဒီဇယ်ဖြင့်အခြောက်ခံစက်ဟူ၍ (၂)မျိုးပါရှိသည့်အတွက် ယခုနှစ်တွင် ဒီဇယ်ဈေးနှုန်းမြင့်တက်မှုများရှိသော်လည်း စပါးခွံပေါများသည့် ဒေသဖြစ်သဖြင့် စပါးခွံနှင့် အခြောက်ခံနိုင်သော အားသာချက်ရှိ၍ ကုန်ကျစရိတ်သက်သာပါသည်။ ၎င်းအခြောက်ခံစက်တွင် စပါးထည့်သည့်ကန်နှစ်ကန်ပါရှိပြီး တစ်ကန်လျှင်စပါး(တင်း၆၀၀/၁၂တန်) ဝင်ဆံ့သဖြင့် တစ်ကြိမ်လျှင် စပါး(တင်း၁၂၀၀/၂၄တန်)အခြောက်ခံ၍ရကြောင်း သိရှိရပါသည်။ အဆိုပါ Seed Center Type-Aတွင် Operator (၁)ဦးနှင့် အိတ်ချုပ်လုပ်သား(၅)ဦးဖြင့် ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။

       ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်လုပ်ငန်းရှင်များ၊ တင်ပို့ရောင်းချသည့် ကုန်သည်လုပ်ငန်းရှင်များနှင့် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရွှေဘိုပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်း၍ G.I National Project Coordinatorနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာမှလည်း မျိုးစေ့၊ မျိုးသန့်စက်ရုံလည်ပတ်နိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်သည့် အကျိုးဆောင်တောင်သူဦးကြီးများအား မျိုးစပါးအခြောက်ခံခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းများ လာရောက်ဆောင်ရွက်နိုင်ပါကြောင်း နိုးဆော်ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်တောင်သူများ၏ အခြောက်ခံ သန့်စင်ပြီးသော မျိုးစပါးများကို မျိုးစေ့အရည်အသွေးစစ်ဆေးရန် မျိုးစေ့နမူနာ(Seed Sample)ရယူ၍ မျိုးဖြန့်ခွင့်ရကြောင်း အဝါကဒ်ရရှိသည်အထိ ချိတ်ဆက်ဆောင်ရွက်ပြီး ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

      ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၊ ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချသည့် ဆန်စက်လုပ်ငန်းရှင်များ ဆန်ကုန်သည်လုပ်ငန်းရှင်များ၊ သက်ဆိုင်သည့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ရွှေဘိုပေါ်ဆန်း (G.I)ရရှိနိုင်ရေးအတွက် လိုအပ်သော အရည်အသွေးမှတ်တမ်း (BOS) Book Of Specifications Version.O အတည်ပြုသတ်မှတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ရွှေဘိုမြို့ရှိ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရုံးတွင် (၆.၁၂.၂၀၂၁)ရက်နေ့မှ (၂၄.၁.၂၀၂၂၂)ရက်နေ့ထိ လေးကြိမ်တိုင်ကျင်းပခဲ့ပြီး  အဆိုပါအလုပ်ရုံဆွေးနွေးပွဲများမှ သဘောတူညီချက်ဖြင့် ဆွေးနွေးရရှိမှုများ အားအတည်ပြုသတ်မှတ်မည့် အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ကျင်းပမည် ဖြစ်ကြောင်းသိရှိရပါသည်။ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းရုံးသို့ လာရောက်တက်ရောက်ရန် အခက်အခဲရှိသူများအနေဖြင့် Virtual Meetingစနစ်ဖြင့် တက်ရောက်နိုင်ရန်စီစဉ်ပေးကြောင်း သိရှိရပါသည်။

     ရွှေဘိုခရိုင်မှထွက်ရှိသည့် ရွှေဘိုပေါ်ဆန်းစပါးသည် သဖန်းဆိပ်ရေလှောင်တမံတည်ရှိပြီး ဘုရားပေးသည့် ရေ၊ မြေ၊ ရာသီဥတုရှိသဖြင့် အရည်အသွေးကောင်းခြင်း၊ Seed Center Type-A သည်လည်း  မြန်မာနိုင်ငံတွင် တစ်ခုတည်းသောစက်ရုံဖြစ်သည့်အတွက် ရွှေဘိုပေါ်ဆန်း အရည်အသွေး ကောင်း မျိုးစပါးများ မပပျောက်စေရေးအတွက် ထိန်းသိမ်းနိုင်ခြင်း၊ JAPAN နိူင်ငံ၏ ခေတ်မီအဆင့်မြင့် SATAKE သန့်စင်စက်တွင် Thickness Greder ပါသဖြင့် အလုံးsize မတူညီသည့်စပါးများကို ပယ်ခြင်း၊ Gravity ပါသည့်အတွက် စပါးအလေးအပေါ့အဖျင်း၊ အမှော်ကိုပယ်သည့်အတွက် သန့်စင်ပြီး ရွှေဘိုပေါ်ဆန်းမျိုးစပါးများသည် အလုံး size နှင့် weightညီ၍ ၁၀၀%နီးပါး မျိုးကောင်းမျိုးသန့်ရရှိခြင်း၊ စပါးအခြောက်ခံရာတွင်လည်း အပင်ပေါက်နှုန်း(Germination Rate) မထိခိုက်စေရန် အပူချိန် ၄ဝံCထက်ပို၍မပေးသဖြင့် စပါးအားလုံး အခြောက်ညီခြင်းစသည့် အားသာချက်များရှိပါသည်။ သို့ဖြစ်ပါ၍ စက်ရုံမှ သန့်စင်သောမျိုးစပါးများကို စိုက်ပျိုး၍ထွက်ရှိလာသော စပါးများသည့် အရည်အသွေးပြည့်မီသည့်အပြင် အထွက်နှုန်းကောင်းသည့်အတွက် စက်ရုံမှ အခြောက်ခံသန့်စင်သော မျိုးစပါးများကိုသာ သုံးစွဲသင့်ပါသည်။

       Seed Center Type-Aတွင် အခြောက်ခံစက်နှင့် သန့်စင်စက်များ လည်ပတ်နိုင်ရန် မီးစက်နှင့် အသုံးပြုရ၍ လျှပ်စစ်မီးမမှန်ခဲ့ပါက ကုန်ကျစရိတ်များခြင်း၊ မျိုးသန့်စင်စက်ရုံကြီးသည့်အတွက် အကျိုးဆောင်တောင်သူဦးကြီးများမှ မိမိ၏လယ်တွင် စိုက်ပျိုးရန်လိုအပ်သောမျိုးစပါးများကို တစ်နိုင်တစ်ပိုင် သန့်စင်လိုပါက တစ်ကြိမ်လျှင်တင်း(၅၀)နှင့်အထက်သာ သန့်စင်ပေးသဖြင့် အခက်အခဲရှိခြင်း စသည့် အားနည်းချက်များရှိသော်လည်း တောင်သူနှစ်ဦး သုံးဦးပေါင်း၍ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

        ရွှေဘိုပေါ်ဆန်းစပါးမျိုးကောင်း၊ မျိုးသန့်ရရှိရေးသည် (G.I)ရရှိရေးအတွက်သာမက ရရှိပြီးပါကလည်း ဆက်လက်၍ အရည်အသွေးထိန်းသိမ်းရန်လိုအပ်ပါသည်။ ရွှေဘိုပေါ်ဆန်း(G.I) ရရှိပါက စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊  အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့်အပြင် စိုက်ပျိုးထုတ်လုပ်သည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည် များအားလုံးအတွက် များစွာအကျိုးရှိခြင်းနှင့် ကွင်းဆက်တစ်ခုလုံးအကျိုးအမြတ်ရရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ အဓိကအနေဖြင့် တောင်သူများမှ အရည်အသွေးမီသည့် မျိုးစေ့များရရှိလာနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် သက်ဆိုင်သည့်ဌာနများ၊ စိုက်ပျိုးထုတ်လုပ်သည့် အကျိုးဆောင်တောင်သူဦးကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအားလုံး ဟန်ချက်ညီညီ အတူတကွစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်မှသာလျှင် ပိုမိုလျင်မြန်စွာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

၁၀.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁၀.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

စစ်ကိုင်းခရိုင်အတွင်း လျာထားချက်ပြည့်မီအောင်စပါးစိုက်ပျိုးနိုင်မည်

          စစ်ကိုင်းခရိုင်တွင် ၂၀၁၉-၂၀၂၀ခုနှစ် မိုးစပါးလျာထားစိုက်ဧက ( ၄၄၂၀၀ ) အား ( ၄၁၆၅၉)  ဧက စိုက်ပျိုးခဲ့၍  ၉၄.၂၅ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ခုနှစ်  မိုးစပါးလျာထားစိုက်ဧက ( ၄၄၂၀၀ ) အား (၄၄၂၀၆ )စိုက်ပျိုးခဲ့၍  (၁၀၁.၀၁) ရာခိုင်နှုန်း စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းမှာ တစ်ဧက ၈၂ တင်းကျော် ထွက်ရှိကြောင်း သိရှိရပါသည်။ ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးလျာထားစိုက်ဧက (၁၀၁၂၇) အား (၉၃၅၇)ဧက စိုက်ပျိုးနိုင်ခဲ့၍ (၉၂.၄၀ ) ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ နွေစပါးလျာထားစိုက်ဧက (၈၇၇၇)အား ယနေ့ထိ ဧက (၁၁၆၅) စိုက်ပျိုးခဲ့၍ ရာခိုင်နှုန်းအားဖြင့် (၁၃.၂၇)ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ရာ လျာထားစိုက်ဧကသည် ယခင်နှစ်ထက်(၁၃၅၀) လျော့နည်းသွားကြောင်း သိရှိရပါသည်။

    စစ်ကိုင်းခရိုင်အတွင်း အများဆုံးစိုက်ပျိုးသည့် စပါးမျိုးမှာ မနောသုခ၊ ဆင်းသုခ၊ ဧရာမင်နှင့် ရွှေသွယ်ရင်တို့ဖြစ်ပြီး စပါးစိုက်တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်၍ သွင်းအားစုများကိုလျော့၍ အသုံးပြုပါက အထွက်နှုန်းအနည်းငယ်သာ လျော့နည်း နိုင်ကြောင်းသိရသည်။

      စပါးစိုက်ပျိုးခြင်းလုပ်ငန်းသည် မိရိုးဖလာလုပ်ငန်ဖြစ်ခြင်း၊ မိသားစုအဓိကဝင်ငွေဖြစ်ခြင်း၊ လက်ရှိ စပါး/ဆန်ဈေးနှုန်းသည် တောင်သူများ တွက်ချေကိုက်သည့် ဈေးနှုန်းဖြစ်နေခြင်းစသည်တို့ကြောင့် စပါးစိုက်ပျိုးမှုကို စိတ်ဝင်စားကြပြီး ဧပြီလ(ရာသီကုန်)တွင်လျာထား စိုက်ပျိုးဧကလျော့နည်းသွားခြင်း မရှိနိုင်ကြောင်း လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဟု စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

 

တန်ဖိုးမြှင့်ထုတ်ကုန် မရွေးမုန့် လူကြိုက်များပြီး အကျိုးအမြတ်ရရှိ

                  မြန်မာ့ဓလေ့ရိုးရာအစားအစာဖြစ်သော မရွေးမုန့်သည် လူကြိုက်များသော သွားရည်စာ မုန့်တစ်မျိုး ဖြစ်သည်။ မရွေးမုန့် အမျိုးမျိုးရှိသည့်အနက် ယခုတင်ပြလိုသည်မှာ ကျေးလက်ဒေသ ကောက်ညှင်းဆန်ဖြင့် ပြုလုပ်ထားသော ရာသီစာမရွေးမုန့် ဖြစ်ပါသည်။

               ဆန်မရွေးမုန့်ပြုလုပ်ပုံအဆင့်ဆင့်မှာ ကောက်ညှင်းဆန်ကို ရေစင်အောင်ဆေးပြီး အဆိုပါ ကောက်ညှင်းဆန်ကို ပေါင်းကာ ကျေညက်အောင် ထုထောင်းရပါသည်။ ထို့နောက် ၂ မီလီမီတာခန့် အထူညီညီဖြင့် အပြားဖြစ်အောင် ဒလိမ့်တုံးဖြင့် လိမ့်ရပါသည်။ ထို့သို့ ဒလိမ့်တုံးဖြင့် လိမ့်ထားသော ဆန်မုန့်ပြားအား မစိုမခြောက် လေသလပ်ခံကာ ၂ လက်မအရှည် ၂ မီလီမီတာ ပတ်လည်ခန့် ဖြတ်စ အသေးများရအောင် ဖြတ်ပြီး မုန့်ဖြတ်စများအား အခြောက်လှန်းရပါသည်။ ထို့နောက် ရေဆေးထား သော သဲသန့်သန့် အခြောက်အား မြေအိုးထဲထည့်ကာ အပူပေးထားပြီး သတ်မှတ်အပူချိန် ရပါက မုန့်ဖြတ်စအခြောက်များအား အနည်းငယ်စီထည့်၍ သဲပူဖြင့် ရောမွှေပေးသောအခါ မုန့်ဖြတ်စများ ဖောင်းကြွလာပြီး မရွေးမုန့်အကြမ်းကို ရရှိပါသည်။ ရရှိလာသော မရွေးမုန့်အကြမ်းကို ကြံသကာအရည် ထည့်လောင်းပြီး ဖျာသန့်သန့်ပေါ်တွင် ၂ လက်မအထူ ဖြန့်ခင်းကာ ၄ လက်မပတ်လည် တိုင်းဖြတ်ပြီး ပါကင်ထုတ်ပိုး၍ ဈေးကွက်တင်ပို့ ရောင်းချကြသည်။

         ကုန်ကြမ်း ကောက်ညှင်းဆန်တစ်ပြည်ကို မရွေးမုန့်ထုပ်(၅၀) ရပြီး၊ လုပ်သားခမှာ ဆန်တစ်ပြည် ၅၀၀၀ ကျပ်နှင့် ကောက်ညှင်းဆန်တစ်ပြည်မှာ ၁၅၀၀ ကျပ်ဖြစ်သည့်အတွက် ကုန်ကျစရိတ်မှာ ၆၅၀၀ ကျပ်ဖြစ်သည်။ မုန့်တစ်ထုတ်လျှင် (၂၀၀)ကျပ် ရောင်းချရသောကြောင့် အဆိုပါ ကောက်ညှင်းဆန်ကို တန်ဖိုးမြှင့်ထုတ်ကုန် မရွေးမုန့်ပြုလုပ်ရောင်းချပါက ငွေတစ်သောင်းကျပ်အထိ တန်ဖိုးမြှင့်တက်လာပြီး ကုန်ကျစရိတ်နုတ်ပါက အသားတင် ၃၅၀၀ ကျပ်ခန့်ထိ အကျိုးအမြတ်ရှိကြောင်း မရွေးမုန့်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကြာအင်းကျေးရွာတွင် မရွေးမုန့်လုပ်ငန်းလုပ်ကိုင်သူ (၅)ဦးခန့်ရှိပြီး လုပ်ငန်းရှင်တစ်ဦးလျှင် ကောက်ညှင်းဆန်(၁၆)ပြည်ခန့် ပြုလုပ်ရကြောင်း၊ မရွေးမုန့်များကို ရန်ကုန်၊ မြစ်ကြီးနား၊ မန္တလေး၊ မုံရွာမြို့များနှင့် ဒေသတွင်း တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ မရွေးမုန့်သည် လူကြိုက်များပြီး ဈေးကွက်ရှိသော စားသောက်ကုန်ဖြစ်ပြီး လက်ရှိတွင် ရာသီစာမုန့်အဖြစ် ထုတ်လုပ်သော်လည်း နောက်ပိုင်းတွင် နည်းပညာနှင့် အရည်အသွေးမြှင့်တင်ကာ တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မရွေးမုန့်လုပ်ငန်းရှင်များထံမှ သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

သီးနှံပေါ်ချိန်ဈေးကောင်းရရှိဖို့ မျှော်လင့်နေတဲ့ ကုလားပဲစိုက်တောင်သူ

              ယင်းမာပင်ခရိုင်သည် ယာမြေဧက(၅.၁)သိန်းကျော်ရှိပြီး နှစ်စဉ် ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးထုတ်လုပ်လျှက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ပဲမျိုးစုံဧက(၃)သိန်းကျော် စိုက်ပျိုးလျှက်ရှိပြီး သီးနှံစုစုပေါင်းစိုက်ဧက၏ (၂၂%) ခန့်ရှိကြောင်းလည်း သိရှိရပါသည်။ ပဲမျိုးစုံသီးနှံများဖြစ်သည့် ကုလားပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး၊ ထောပတ်၊ စွန်တာနီ/ပြာ၊ ပဲလွန်းနှင့် ပဲယင်းသီးနှံများကို နှစ်စဉ် အဓိကစိုက်ပျိုးလျှက်ရှိကြောင်း၊ ပဲမျိုးစုံသီးနှံများအနက် ကုလားပဲသီးနှံမှာ စိုက်ဧက (၁.၃) သိန်းကျော်ရှိသည့်အတွက် ခရိုင်အတွင်း ပဲမျိုးစုံ စုစုပေါင်း စိုက်ဧက၏ (၄၀%)ကျော်ရှိကြောင်းလည်း သိရှိရပါသည်။

          ယင်းမာပင်ခရိုင်တွင် ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးနှင့် ကနီမြို့နယ်တို့ပါဝင်ပြီး (၄)မြို့နယ် ရှိသည့်အနက် ပုလဲမြို့နယ်သည် ယာမြေဧရိယာအကျယ်ဝန်းဆုံးဖြစ်သည့်အလျောက် စိုက်ဧကလည်း အများဆုံးဖြစ်ကြောင်း၊ ဆာလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်များမှာ ဒုတိယနှင့်တတိယ စိုက်ဧကအများဆုံးဖြစ်ကြောင်းလည်း သိရှိရပါသည်။ အဓိကစိုက်ပျိုးသည့် ကုလားပဲမျိုးများမှာ  ရေဆင်း-၈၊ ရေးဆင်း-၉နှင့် ရွှေနီလုံးကြီးမျိုးများကို အဓိကစိုက်ပျိုးကြကြောင်း၊ အောက်တိုဘာလကုန်ပိုင်းမှ စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလလယ်ပိုင်းတွင် အစောစိုက် ကုန်းပဲများ စတင် ထွက်ပေါ်တော့မည်ဖြစ်ကြောင်း၊ ချင်းတွင်းမြစ်ရိုး ရေဝင်ဒေသများနှင့် ရိုးပြတ်များတွင် သီးထပ်စိုက်ပျိုးသည့် စိုက်ခင်းများအနေဖြင့် ရက်အနည်းငယ်စီ နောက်ကျစိုက်ပျိုးခဲ့ရသည့်အတွက် မတ်လတွင်းမှ ထွက်ရှိမည်ဖြစ်ကြောင်း တောင်သူရပ်ဝန်းမှ သိရှိရပါသည်။

          ယခုနှစ်တွင် ဒေသတွင်း၌ နောက်မိုး(မိုးနှောင်း)မရွာသွန်းခဲ့သည့်အတွက် မြေဆီလွှာအတွင်း အစိုဓာတ်နည်း၍ ရေပေးသွင်းခဲ့ရခြင်းများရှိကြောင်း၊ ကုလားပဲသီးနှံသည် ရေများလွန်းခြင်းကို ကြိုက်နှစ်သက်မှုမရှိသော်လည်း မြေဆီလွှာအတွင်း အစိုဓာတ်ရှိရုံမျှကိုတော့ ကြိုက်နှစ်သက်ကြောင်း၊ ပွင့်ကင်း၊ သီးကင်း ဝင်ချိန်တွင် မြေဆီလွှာအတွင်း အစိုဓာတ်ရှိနေရန် လိုအပ်ကြောင်း၊ ပွင့်ကင်းသီးကင်းဝင်ချိန် မြေဆီလွှာအတွင်း အစိုဓာတ်ရှိမှသာ အပွင့်အသီးများ အောင်မြင်စွာဖြစ်ထွန်းပြီး အစေ့အဆံများ အောင်မြင်မည်ဖြစ်ကြောင်း၊ ပွင့်ကင်းသီးကင်းဝင်ချိန် မြေဆီလွှာရေအစိုဓာတ်နည်းပါက ပထမအသီးအပွင့်များသာ အောင်မြင်နိုင်ပြီး နောက်အသီးအပွင့်များ မအောင်မြင်နိုင်တော့သည့်အတွက် အထွက်နှုန်းထိခိုက်ကျဆင်းနိုင်ကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရှိရပါ သည်။

          ယခုနှစ်ဒေသတွင်း၌ ကုလားပဲစိုက်တောင်သူအများစု မြေအောက်ရေမှတဆင့် ရေပေးသွင်း စိုက်ပျိုးခဲ့ရသည့်အတွက် ကုန်ကျစရိတ်မြင့်တက်ခဲ့သော်လည်း တစ်ဧက(၃)တင်းခန့် ပိုမိုထွက်ရှိနိုင်ကြောင်း၊ ယခုလက်ရှိအခြေအနေတွင် ပွင့်ကင်း သီးကင်းများ စုံလင်နေပြီး ရာသီဥတုမျှတကောင်းမွန်နေသည့်အတွက် ပိုးကျရောက်မှု နည်းပါးကြောင်း၊ လက်ရှိအနေအထားအရ တစ်ဧက(၁၇)တင်းခန့်  ထွက်ရှိနိုင်မည်ဟု မှန်းဆထားကြောင်း၊ ယခင်နှစ် ရာသီကုန်ကုလားပဲ လက်ငုတ်ဈေးကောင်းမွန်ခဲ့သည့်အတွက် ယခုနှစ်ကုလားပဲစိုက်ဧက ပိုမိုများလာကြောင်း၊ ယခင်နှစ်က တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် (၂)သိန်းဝန်းကျင်ခန့် ကုန်ကျခဲ့ပြီး (၁၅) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ သီးနှံပေါ်စတွင် ကုလားပဲတစ်တင်း (၂၇၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရသည့်အတွက် တစ်ဧက(၂) သိန်းကျော်ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ရာသီကုန်အထိ သိုလှောင်ထားနိုင်သည့် တောင်သူများအနေနဲ့ တစ်တင်း (၄၀၀၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချခဲ့ရသည့်အတွက် အကျိုးအမြတ်ပိုမိုရရှိခဲ့ကြောင်း တောင်သူဦးထွန်းဝေ၏ သုံးသပ်ပြောပြချက်အရ သိရှိရပါသည်။

            လက်ရှိဒေသတွင်း ဈေးကွက်၌လည်း ကုလားပဲသီးနှံမှာ အခြား Export ပဲများနှင့်အတူ ဈေးမာလျှက်ရှိကြောင်း၊ လက်ရှိကုလားပဲတစ်တင်း (၃၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက တစ်တင်း ကျပ်(၁၀၀၀၀)ကျော် မြင့်တက်လျှက်ရှိကြောင်း၊ Export ဝယ်လက်နည်းပါးသော်လည်း ပြည်တွင်းသုံးစွဲမှုများပြီး ဈေးကွက်ဝယ်လိုအား ရှိနေသည့်အတွက် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ဒေသတွင်း ပဲခွဲစက်၊ ကြာဇံစက်၊ ပဲကြော်လုပ်ငန်းများနှင့်  ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့ကြီးများမှ ဝယ်ယူလျှက်ရှိကြောင်း ကုန်သည်ရပ်ဝန်းမှ သိရှိရပါသည်။

        ယခုနှစ် ကုလားပဲစိုက်တောင်သူများကတော့ သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည့်အတွက် ယခင်နှစ်ကထက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်မားခဲ့သော်လည်း ဖြစ်ထွန်းအောင်မြင်လျှက်ရှိသည့် ကုလားပဲစိုက်ခင်းများအား ကြည့်ရှု့ငေးမောရင်း သီးနှံပေါ်ချိန် ဈေးကောင်းရရှိဖို့ မျှော်လင့်လျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးဆီထုတ်လုပ်မှုမြင့်တက်လာ

          စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆန်/စပါး၊ ပဲမျိုးစုံ၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျှက်ရှိရာ ဆီထွက်သီးနှံအနေဖြင့် နှမ်း၊မြေပဲနှင့် နေကြာစသည်တို့ကို အဓိကထား စိုက်ပျိုးကြပါသည်။

         ၂၀၂၁ခုနှစ်တွင် မိုးနှမ်း(၄၂၉၄၇၂)ဧက၊ မိုးမြေပဲ(359061)ဧက၊ မိုးနေကြာ(၄၂၄၄၇)ဧက၊ ဆောင်း နှမ်း(၅၅၇၉၃၅)ဧက၊ ဆောင်းမြေပဲ(၅၁၄၁၀၁)၊ ဆောင်းနေကြာ(၂၅၆၂၁၅)ဧက၊ စုစုပေါင်းဆီထွက်သီးနှံ (၂၁၅၉၂၃၁)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ မိုးဆောင်းနှမ်း၊ မြေပဲ၊ နေကြာ စိုက်ပျိုးထုတ်လုပ်မှုမှ နှမ်းအထွက်တင်းပေါင်း (၈၈၈၆၆၆၃)တင်း၊ မြေပဲအထွက်တင်းပေါင်း(၃၉၂၉၂၂၉၀)တင်း၊ နေကြာအထွက် တင်းပေါင်း (၆၂၇၁၉၀၂)တင်း၊ စုစုပေါင်းအထွက်တင်း(ခန့်မှန်း)(၅၄၄၅၀၈၅၅)တင်း ထွက်ရှိနိုင်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရ သိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆီစက်‌ပေါင်း (၉၃၁ )စက်ရှိကြောင်း စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန စာရင်းများအရ သိရပါသည်။ ယခင်နှစ်များတွင် ကုန်ကြမ်းဖြစ်သည့် မြေပဲဆံဈေး၊နှမ်းဈေးနှင့် ကုန်ချောဖြစ်သည့်စားသုံးဆီဈေးနှုန်းများ၏ အခြေအနေများအရ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် တွက်ခြေကိုက်မှုနည်းပါးသဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆီစက်များမှ စက်အရေအတွက် (၁၀)% ခန့်သာ လည်ပတ်ကြိတ်ခွဲနိုင်ကြောင်း သိရသည်။ ယခုကာလတွင် ကုန်ကြမ်းဈေးနှုန်းနှင့် ကုန်ချောဈေးနှုန်းမျှတမှုရှိသဖြင့် ဆီစက်လုပ်ငန်းရှင်များ တွက်ချေကိုက်ကြပြီး အမြတ်အစွန်းရရှိသူများလာသဖြင့် ဆီစက်များ၏(၈၀)% ကျော်ထိ လည်ပတ်ကြိတ်ခွဲလျှက်ရှိပါသည်။ ထို့အပြင် ကျေးရွာများတွင်လည်း မိသားစုတပိုင်တနိုင် ဆီစက်ငယ်များထူထောင်လာကြပြီး ကြိတ်ခွဲထုတ်လုပ်လာကြောင်းကိုလည်း လေ့လာသိရှိရပါသည်။

        ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဒုတိယအပတ် ပေါက်ဈေးအနေဖြင့် မြေပဲလုံးဆံ (၁)တင်းလျှင် (၅၇၀၀၀) ကျပ်ခန့်ရှိကြောင်း၊ မြေပဲတောင့် (၁)တင်းအားကြိတ်ခွဲပါက မြေပဲဆီ (၂)ပိဿာနှင့် ပဲဖတ် ၂.၅ ပိဿာ ခန့်ထွက် ရှိကြောင်း မြေပဲဆီ (၁)ပိဿာလျှင် (၆၅၀၀) ကျပ်နှင့် ပဲဖတ် (၁)ပိဿာလျှင် (၁၅၀၀)ကျပ်ရှိကြောင်း မုံရွာမြို့ရှိ ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။ "လက်ရှိဈေးကွက်မှာက စားအုန်းဆီ (၁)ပိဿာ (၅၃၀၀)ကျပ်ရှိတယ်၊ ပဲဆီနှင့်နှိုင်းယှဥ်လျှင် ဈေးက (၁၂၀၀)ကျပ် လောက်ကွာတော့တယ်၊ နောက်ပြီး စားသုံး သူတွေအနေနဲ့ ကျန်းမာရေးနှင့်သင့်တော်သည့် ဆီကို သုံးစွဲကြဖို့ သိလာကြတယ်၊ ဒါကြောင့် လက်ရှိအနေအထားမှာ ဒေသထွက်သည့် မြေပဲဆီ၊ နှမ်းတွေက ဝယ်လိုအားပိုကောင်းလာတယ်၊"ဟု မုံရွာမြို့ချင်းတွင်းရတနာဈေးအတွင်း စားသုံးဆီရောင်းချလျှက်ရှိသော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ယခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးလယ်ကောင်းပြီး ရာသီဥတုမှန်ကန်သည့်အတွက် ဆောင်းနှမ်းနှင့် ဆောင်းမြေပဲ အထွက်နှုန်းကောင်းပြီး သင့်တင့်သောဈေးနှုန်းရရှိသည့်အတွက် တောင်သူများအဆင်ပြေလျက်ရှိကြောင်းသိရသည်။ဒေသတွင်းစားသုံးဆီထုတ်လုပ်မှုမြင့်တက်လာသည်နှင့်အတူ ပဲဖတ်၊ နှမ်းဖတ်များကိုလည်း ပိုမိုထုတ်လုပ်လာနိုင်သည့်အတွက် မွေးမြူရေးအစားအစာ ဖူလုံမှုကို တဖက်တလမ်းမှ အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ထို့အပြင် ဆီထွက်သီးနှံဈေးနှုန်းသည်လည်း သင့်တင့်မျှတသည့်အတွက် စိုက်ပျိုးသော တောင်သူများအကျိုးအမြတ်ရရှိသဖြင့် နောင်နှစ်များတွင် ဆီထွက်သီးနှံ ပိုမိုစိုက်ပျိုးလာစေရေး ဆွဲဆောင်မှုတစ်ခုလည်း ဖြစ်လာပါသည်။ စားသုံးဆီထုတ်လုပ်မှုမြင့်တက်လာခြင်းကြောင့် ဒေသတွင်း၌ အလုပ်အကိုင်ရရှိမှု ပိုမိုဖွံ့ဖြိုးလာပြီး ဆီစက်ပိုင်ရှင်များ၊ မြေပဲ၊နှမ်းကုန်သည်များလည်း အကျိုးအမြတ်များ ရရှိလျှက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

 

မြေပဲဆုံဆီလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများအဖွဲ့သည် တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်အရ ပြည်တွင်းဆီစက်လုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံခြားမှ စားအုန်းဆီတင်သွင်းမှုကို တန်ချိန်(၈၀၀၀၀)မှ တန်ချိန်(၅၀၀၀၀)သို့ လျော့ချတင်သွင်းခဲ့မှုအပေါ်  ပြည်တွင်းတပိုင်တနိုင် ဆုံဆီလုပ်ငန်းများ၏ ထုတ်လုပ်မှုဖြန့်ဖြူးမှုအား သိရှိနိုင်ရန် ရည်ရွယ်၍ ဖေဖေါ်ဝါရီလ(၇)ရက်၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ မြေပဲဆုံဆီလုပ်ငန်းရှင်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု အခြေအနေအား သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

          မြေပဲဆုံဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် မြေပဲဆုံဆီများကို ယခင်ကထက် ပို၍ကြိတ်ခွဲရပါကြောင်း၊ ဆုံကြိတ်သည့်အိမ်သို့ မြေပဲဆံကိုဝယ်၍ လာရောက်ကြိတ်ခွဲသူများရှိသလို မြေပဲဆံကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချပေးပြီး ကြိတ်ခွဲရသည်များလည်းရှိကြောင်း၊ ယခင်နှစ်များမှာ မြေပဲဆုံဆီ ကြိတ်ခွဲနှုန်း အလွန်နည်းပါးပြီး ယခုနှစ်မှာ အချိန်ပြည့် ကြိတ်ခွဲရပါကြောင်း၊ သို့သော် လျှပ်စစ်မီးမမှန်သည့်အတွက် လုပ်ငန်းတွင်ကျယ်မှု အားနည်းကြောင်း၊ ဆုံ(၁)လုံးတည်းရှိသည့် လုပ်ငန်းရှင်မှာ တစ်ရက်ကို (၂/၃)ဆုံသာ လည်ပတ်နိုင်ပါကြောင်း၊ (၁)ဆုံကြိတ်ခွဲလျှင် (၁)နာရီ မှ (၁:၃၀) ခန့်ကြိတ်ခွဲရပါကြောင်း၊ မြေပဲအမျိုးအစားပေါ်မူတည်၍ ကြိတ်ခွဲချိန် မတူညီပါကြောင်း၊ ဆုံအရေအတွက်(၂)ဆုံ နှင့် (၄)ဆုံ ပိုင်ဆိုင်သောလုပ်ငန်းရှင်များမှာ ပို၍ ထုတ်လုပ်နိုင်သည်ကို တွေ့ရပါကြောင်း၊ (၁)ဆုံအတွက်လုပ်သားခ (၆၀၀)ကျပ်နှုန်းပေးရပြီး အမှာရှိသည့်အခါ ညအချိန် လျှပ်စစ်မီးလာချိန်တွင်  ကြိတ်ခွဲလိုလျှင် လုပ်သားများ ငှားရမ်း၍ မရသဖြင့်  မိသားစုကိုယ်တိုင်ကြိတ်ခွဲရပါကြောင်း၊ ဆီကြိတ်ခွဲခအနေဖြင့် (၅)ပိဿာ(၁)ဆုံကို (၁၂၀၀)ကျပ်ယူပြီး ဆုံဆီတစ်ပိဿာလျှင် (၆၅၀၀-၆၈၀၀)ကျပ် ရောင်းချပါကြောင်း၊ ပဲဖတ်တစ်ပိဿာကို (၁၁၀၀-၁၄၀၀)ကျပ်ဖြင့် တိရစ္ဆာန်စာအဖြစ်ပြန်လည် ရောင်းချသည်ကို သိရပါကြောင်း၊ မြေပဲဆုံဆီ လုပ်ငန်းအနေဖြင့် ယခင်နှစ်ထက် ယခုနှစ်သည် ပိုမိုကြိတ်ခွဲထုတ်လုပ် ရောင်းချရပါကြောင်း၊ ဆုံလုပ်ငန်းများမှာ ယခုနှစ် ပို၍တိုးချဲ့လာပြီး လိုင်စင်မပြုလုပ်ရသေးဘဲ လုပ်ငန်းလည်ပတ်နေသဖြင့် ဆုံဆီလုပ်ငန်းဖောင်းပွမှုကိုလည်း ကြပ်မတ်စေလိုပါကြောင်း၊ ပခုက္ကူမြို့နယ်၊ မြေပဲဆုံဆီလုပ်ငန်းရှင် ဥက္ကဌဦးဝင်းဆွေ၏ ပြောကြားချက်အရ သိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အမှတ်တံဆိပ်ဖြင့် မြေပဲဆုံဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချပါက  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ပြည့်စုံစွာ ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်များကို လေ့လာရာတွင်လည်း ပြည့်စုံမှုမရှိသေးသဖြင့် လိုအပ်သည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်လည်ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ပြည့်စုံမှုရှိပါက ကုန်အမှတ်တံဆိပ်နမူနာများနှင့်တကွ စိစစ်အတည်ပြုပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ လျှောက်ထားနိုင်ပါကြောင်း အသိပေးဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းသို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် တင်သွင်းသည့် ကုမ္ပဏီများမှ မကွေးတိုင်းဒေသကြီးအတွင်း ရောင်းချခွင့်ရရှိသည့် စက်သုံးဆီဆိုင်များအား ကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေးသွားရန် ရုံးချုပ်၏ လမ်းညွှန်မှုအရ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် အဖွဲ့သည် (၉.၂.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကန်ပြားကျေးရွာ၊ မကွေး-နတ်မောက်လမ်းပေါ်ရှိ “ခိုင်ခိုင်ဖြိုး”ကုမ္ပဏီ၏ LUCKY-7 စက်သုံးဆီအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စက်သုံးဆီသတ်မှတ်အရည်အသွေးပြည့်မီရေး၊ အလေးချိန်ပြည့်မီမှန်ကန်စွာရောင်းချရေး၊ ခွဲဝေရရှိသည့် ခွဲတမ်းများအတိုင်း ပြည့်ဝမှန်ကန်စွာ ‌ရောင်းချပေးရေး၊ နေ့စဉ်ရောင်းချမှုစာရင်းနှင့် မှတ်တမ်းဓါတ်ပုံများအား အချိန်နှင့်တပြေးညီ နေ့စဉ်တင်ပြပေးရန်နှင့် ပြည်သူများသိရှိနိုင်ရန် ဗီနိုင်းပိုစတာများ၊ LED ဘုတ်များဖြင့် ချိတ်ဆွဲရောင်းချသွားရန် အသိပေးဆွေး‌နွေးခဲ့ပါသည်။

          LUCKY -7 စက်သုံးဆီဆိုင်မှ သက်သာသောစျေးနှုန်းဖြင့် ‌ရောင်းချမှုကို (၅.၂.၂၀၂၂)ရက်နေ့မှ စတင်ရောင်းချခဲ့ပြီး (၈.၂.၂၀၂၂)ရက်နေ့အထိ Octine-92 တစ်လီတာလျှင် (၁၆၈ဝိ/-) နှုန်းဖြင့် (၇၅၇၁.၉၅) လီတာ၊ Diesel တစ်လီတာလျှင် (၁၅၇ဝိ/-) နှုန်းဖြင့် (၁၃၉၂၀.၂၄၅)လီတာ၊ Premium Diesel တစ်လီတာလျှင် (၁၅၇၉/-)နှုန်းဖြင့် (၁၉၂၀၇.၀၈၇)လီတာ ‌ရောင်းချပြီးကြောင်း LUCKY -7 စက်သုံးဆီဆိုင် မန်နေဂျာထံမှ စိစစ်‌သိရှိခဲ့ရပြီး အခြားပြင်ပဆိုင်များ၌ Octine-92 တစ်လီတာလျှင် (၁၇၂၅/-)ဖြစ်၍ (၄၅)ကျပ်၊ Diesel တစ်လီတာလျှင်(၁၇၄ဝိ/-)ဖြစ်၍ (၁၇၀)ကျပ်၊ Premium Diesel တစ်လီတာလျှင် (၁၇၇ဝိ/-) ကျပ်ဖြစ်၍ (၁၉၁)ကျပ် ခန့်သက်သာကြောင်း လေ့လာသိရှိရသည်။ စက်သုံးဆီအ‌ရောင်းဆိုင်များအား စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်ပေးမှုကို ဌာနမှပြည်သူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း