ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်း

    ကရင်ပြည်နယ် ၊ ဘားအံမြို့ပေါ်ရှိဈေးများတွင် နေ့စဉ်ကုန်ဈေးနှုန်းဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအား စာရင်းကောက်ယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။

    ဘားအံမြို့ပေါ်ရှိဈေးများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီ ဈေးနှုန်းများမှာ စက်တင်ဘာလပထမပတ်ထိ ကြက်သွန်နီ(ကြီး) တစ်ပိဿာလျှင် (၃၇၀၀) ကျပ် ၊ ကြက်သွန်နီ(လတ်) တစ်ပိဿာလျှင် (၃၀၀၀) ကျပ်နှင့် ကြက်သွန်နီ(သေး) တစ်ပိဿာလျှင် (၂၇၀၀) ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်ခဲ့ပြီး စက်တင်ဘာလဒုတိယပတ်မှစ၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိရာ ယခုစက်တင်ဘာလ ဒုတိယပတ်တွင် ကြက်သွန်နီ(ကြီး) တစ်ပိဿာလျှင် (၃၅၀၀) ကျပ် ၊ ကြက်သွန်နီ(လတ်) တစ်ပိဿာလျှင် (၂၈၀၀) ကျပ်နှင့် ကြက်သွန်နီ(သေး) တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်ငယ်ကျဆင်းသွားကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၄.၉.၂၀၂၃ )

    ၁၄.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၄.၉.၂၀၂၃ )

   ၁၄.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၉.၂၀၂၃ )

    ၁၄.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်ခရိုင်၏ နှမ်းသီးနှံစီးဆင်းမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

    ပြည်ခရိုင်အတွင်းမှထွက်ရှိသော နှမ်းသီးနှံကို မြို့တွင်း၌ စားသုံးသည့်အပြင် အညာဒေသများဖြစ်သော အောင်လံ၊ မကွေးနှင့် မန္တလေးသို့လည်းတင်ပို့ရောင်းချကြပါသည်။ ပြည်ဒေသရှိ ဈေးကွက်များ၊ ပွဲရုံများသို့လည်း ဧရာဝတီတိုင်းဖြစ်သော မြန်အောင်၊ ကြံခင်းနှင့် ကံမဘက်တို့မှ တင်သွင်းကြပြီး နှမ်းသီးနှံအထွက်လှိုင်ချိန်တွင် တစ်နေ့လျှင် အိတ် (၁၀၀၀)ကျော်တင်ပို့ကြပြီး နှမ်းများရှားသွားချိန်၌ နေ့စဉ်မဟုတ်ဘဲ ရက်ခြားတင်ပို့ပြီး တစ်ခါတင်ပို့လျှင် အိတ် (၅၀၀)လောက် သာတင်ပို့နိုင်ကြပါသည်။ နှမ်းဈေးများအနေဖြင့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (တတိယပတ်) တွင် နှမ်းနီ (၃)တင်းဝင် တစ်အိတ်လျှင် (၃၂၀၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်းဝင် တစ်အိတ်လျှင် (၃၂၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်း (၃)တင်းဝင် တစ်အိတ်လျှင် (၃၅၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဩဂုတ်လ (ပထမပတ်) တွင် နှမ်းနီတစ်တင်းလျှင် (၃၀၀၀၀၀)ကျပ်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် (၂၀၀၀၀)ကျပ်ခန့်ဈေးမြင့်တက်လာခဲ့ပါသည်။ ပြည်ခရိုင်တွင် နှမ်းနီစိုက်ဧကနည်းပြီး အခြားတိုင်းများမှဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချရသဖြင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်းဈေးမှာ ယခင်ဩဂုတ်လ (ပထမပတ်) အတိုင်း ဈေးငြိမ်နေခဲ့ပါသည်။

      ပြည်ခရိုင်အနေဖြင့် နှမ်းသီးနှံကို ဒေသတွင်းဆီဖူလှုံမှုရှိစေရန် စိုက်ပျိုးသည့်အပြင် ပိုလျှံသည့်နှမ်းကိုပါ ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အရည်သွေးကောင်းပြီး ဆီထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်တို့ကိုရွေးချယ်၍ စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်ပဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

                                     

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်

       မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီ အများဆုံး စိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာ၊ နှုန်းကြီးကျေးရွာစသည့် ကျေးရွာများမှ ကြက်သွန်နီများ တင်ပို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဩဂုတ်လ (နောက်ဆုံး) အပတ်၏ ကြက်သွန်နီ လက်ကားဒိုင်ဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၂၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၇၀၀ ဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

     မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် ဈေးဟောင်းတို့တွင် ကြက်သွန်နီ လက်လီရောင်းချသည့် ဈေးနှုန်းမှာ အရည်းအသွေးကိုလိုက်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၄၀၀-၃၅၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၃၂၀၀-၃၀၀၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၇၀၀-၂၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန် မဟုတ်သေးပဲ ဂိုဒေါင်များမှာ သိုလှောင်ထားသော ကြက်သွန်များကိုသာ ရောင်းချနေကြရခြင်းဖြစ်သဖြင့် လက်ကျန်နည်း၍ ဈေးနှုန်းမှာ ယခင်လထက် အနည်းငယ်မြင့်တက်နေကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပိန္နဲသီးကို အစိမ်းမှစ၍ အမှည့်အထိစားသုံးကြသဖြင့် ဈေးကောင်းရလျက်ရှိ

    ပိန္နဲသီးကို အချိုပွဲသစ်သီးအဖြစ် စားသုံးခြင်းအပြင် အသီးနုနုကို အကွင်းလေးများလှီး၍ ပြုတ်ကာ ငပိရည်နှင့်တို့စားခြင်း၊ ဟင်းရည်ချက်စားခြင်း (သို့မဟုတ်) အသားဟင်းတစ်ခုခုနှင့် ဆီပြန်ချက်စားခြင်းများလည်းပြုလုပ်ကြပါသည်။ ပိန္နဲသီးအစိမ်းပေါ်ခါစတွင် အကွင်းတစ်ကွင်းလျှင် (၃၀၀-၅၀၀)ကျပ်အထိဈေးရှိပါသည်။ ပိန္နဲသီးသည် အသားကိုသာမက အစေ့ကိုပါ ပြုတ်စား၊ ဖုတ်စား၍ရသောအသီးဖြစ်ပါသည်။

   ပိန္နဲသီးထဲတွင် အသီးအနှံမှရရှိသော ဖရက်တို့စ်နှင့် သဘာဝသကြားဓာတ်များပါရှိသောကြောင့် ပိန္နဲသီးစားပြီးသည်နှင့်တပြိုင်နက် သိသိသာသာခွန်အားတိုးပွားစေနိုင်ပါသည်။ ပိန္နဲသီးတွင် ပါဝင်သောအမျှင်ဓာတ်သည် ဝမ်းချုပ်ခြင်းကိုကင်းဝေးစေပြီး ဝမ်းမှန်စေသောကြောင့် အူမကြီးကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ကျစေပါသည်။ ပိန္နဲသီးစေ့ကို ပြုတ်၍စားပါက ပရိုတင်း၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် သံဓာတ်အာဟာရများအား အသီးစားခြင်းထက် ပိုမိုရရှိနိုင်ပါသည်။ ပိန္နဲသီးကို အစာအိမ်အခံရှိသူများအနေဖြင့်လည်း အများကြီးမစားသင့်ပါ။ ပိန္နဲသီးတွင် အိမ်မာနှင့် အိမ်ပျော့ဟူ၍ နှစ်မျိုးရှိရာ အိမ်မာသီး(အမှည့်မှာ) စားသုံးသူများ၍ ဈေးကောင်းပြီး အိမ်ပျော့ (အမှည့်)မှာ စားသုံးသူနည်း၍ အိမ်မာသီးကဲ့သို့ ဈေးကောင်းမရရှိပါ။ ပိန္နဲသီးစိုက်ပျိုးသူများအနေဖြင့်လည်း အိမ်မာမျိုးကိုစိုက်ပျိုးကြပါသည်။

    ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသော ပိန္နဲသီးဈေးနှုန်းများအနေဖြင့် အလုံးကြီးတစ်လုံးလျှင် (၃၅၀၀)ကျပ်ဖြစ်ပြီး (၁၀)လုံးဈေးမှာ (၃၀၀၀)ကျပ်ဖြင့် ခြံထွက်အသီးများရောင်းချနေကြပြီး ယိုးဒယားပိန္နဲသီးအကြွပ်သီးတစ်လုံးလျှင် (၅၅၀၀-၈၀၀၀-၁၀၀၀၀-၁၅၀၀၀) ကျပ် စသည်ဖြင့် အကြီးအသေးပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့နယ်၌ ဖရဲသီးများလှိုင်လှိုင်ဝင်ရောက် အရောင်းသွက်နေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ  သစ်သီးပွဲရုံများနှင့် သစ်သီးဆိုင်များတွင် ဖရဲသီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိသော ဖရဲသီးများမှာ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှထွက်ရှိသော ဖရဲသီးများဖြစ်ပြီး အစေ့လွတ်ဖရဲသီးနှင့် အစေ့ပါ ဖရဲသီးဟူ၍ နှစ်မျိုးတွေ့ရှိရကြောင်း၊ အ‌စေ့လွတ်တစ်လုံးလျှင် အလုံးအကြီး/အသေး ပေါ်မူတည်၍ ကျပ်(၂၅၀၀ မှ ၃၅၀၀)၊ အစေ့ပါဖရဲသီးတစ်လုံးလျှင် အလုံးအကြီး/အသေး ပေါ်မူတည်၍ ကျပ်(၈၀၀ မှ ၁၅၀၀)ကြား ရောင်းချလျက်ရှိကြောင်း၊ ဖရဲသီးသည် ဈေးကွက်အတွင်း အရောင်းသွက်သော သစ်သီးဝလံတစ်မျိုးဖြစ်ကြောင်း ဖရဲသီးရောင်းချနေသူတစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၈၀၀၀၀ ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၂၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၄၀၀၀-၁၄၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၃၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၃၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၄၆၀၀ မှ ၄၇၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ မှ ၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၃၄၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၈၀၀၀ မှ ၈၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၉၀၀၀ မှ ၉၅၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၂၈၀၀ မှ ၃၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀ မှ ၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၂၀၀ကျပ်၊ ဂေါ်ဖီထုပ်(တစ်ထုပ်)၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင်၁၆၀၀၀ မှ ၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀ မှ ၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ) လျှင် ၇၅၀၀ မှ ၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံး လျှင် ၄၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

     ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သော ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပါကြောင်း၊ အာလူးဈေးနှုန်းမြင့်တက်ရခြင်းမှာ အာလူးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် အနည်းငယ်သာစိုက်ပျိုးထုတ်လုပ်မှုရှိပြီး ရှမ်း(တောင်)မှ ဝယ်ယူရောင်းချရခြင်းကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ရသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။  

DOCA(စစ်ကိုင်း)

   

ပေါက်ခေါင်းမြို့နယ်ရှိ တိုင်ထောင်ပဲစိုက်ပျိုးသူနှင့်သွားရောက်တွေ့ဆုံ

    ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တိုင်ထောင်ပဲများကိုစိုက်ပျိုးလျက်ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၄-၉-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် သဖန်းကိုင်းအုပ်စု၊ လေးကြီးကျေးရွာနေ တိုင်ထောင်ပဲစိုက်ပျိုးသူတောင်သူ ဦးအေးဇော်နှင့်သွားရောက်တွေ့ဆုံ၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

    တိုင်ထောင်ပဲစိုက်ပျိုးသူ တောင်သူအနေဖြင့် တိုင်ထောင်ပဲကို (၀.၂၅)ဧကစိုက်ပျိုးထားရှိပြီး တိုင်ထောင်ပဲကို ရေရရှိလျှင် အချိန်မရွေးစိုက်ပျိုးနိုင်ကြောင်းသိရပါသည်။ တိုင်ထောင်ပဲစိုက်ပျိုးပြီး (၂)လအကြာတွင် အသီးများစတင်သီးလာ၍ ခူးဆွတ်ရောင်းချရပါသည်။ အသီးများခူးဆွတ်ရာတွင် တစ်ရက်ခြားလျှင် တစ်ခါခူးဆွတ်ရပြီး ခူးဆွတ်ချိန်မှာ (၁)လခွဲခန့်ကြာမြင့်ကြောင်းသိရပါသည်။ တိုင်ထောင်ပဲစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၀.၂၅)ဧကအတွက် (၂၂၉၀၀၀)ကျပ်ကုန်ကျပြီး စတင်ခူးဆွတ်ချိန်မှ အသီးများတုန်းသည့်အချိန်အထိ အတောင့်ရေ (၅၀၀၀၀)ခန့်ရရှိကြောင်းသိရပါသည်။ ပဲတောင့်ကို ကုန်စိမ်းဒိုင်များမှာ ခြံအရောက်လာ၍ ဝယ်ယူကြပြီး ရောင်းဈေးမှာ စတင်ပေါ်ချိန်တွင် တစ်တောင့်လျှင် (၂၅)ကျပ်ခန့်ရရှိပြီး  အသီးများလှိုင်ချိန်တွင် တစ်တောင့်လျှင် (၁၅)ကျပ်မှ (၂၀)ကျပ်အထိဈေးကျသွားကြောင်းသိရပါသည်။ တိုင်ထောင်ပဲ (၀.၂၅)ဧကစိုက်ပျိုးသူ တောင်သူအနေဖြင့် အကျိုးအမြတ်မှာ (၇၅၀၀၀၀)ကျပ်မှ (၈၀၀၀၀၀)ကျပ်အထိရရှိကြောင်းသိရပါသည်။

   ထို့ကြောင့် တိုင်ထောင်ပဲကို ရေလောင်း၍စိုက်ပျိုးနိုင်သည့်အပြင် ရာသီမရွေးလည်းစိုက်ပျိုးနိုင်ပြီး အထွက်နှုန်းကောင်းလျှင် အကျိုးအမြတ်များစွာရရှိနိုင်သဖြင့် တိုးချဲ့စိုက်ပျိုးလျှင် ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ကွင်းဆင်းလေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း