ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ ပလတ်စတစ် Campaign ပြုလုပ်ခြင်းနှင့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ပလတ်စတစ်လျှော့ချအသုံးပြုစေရေးနှင့် အင်ဖက်အစားထိုးအသုံးပြုစေရေးတို့အတွက် အသား၊ ငါး ရောင်းချနေသော ဈေးတန်းတစ်လျှောက်နှင့် အသီးအရွက်ကုန်စိမ်းရောင်းချသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

    ထို့နောက် သရက်မြို့၊ မြို့မစည်ပင်ဈေးအတွင်း (၁၁-၉-၂၀၂၃)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး(ပုသိမ်) ဆန်(၁)ပြည်လျှင် ကျပ်(၅၀၀၀-၆၀၀၀)၊ ဧရာပဒေသာ(ပုသိမ်)ဆန်(၁)ပြည်လျှင် ကျပ်(၄၆၀၀-၅၀၀၀)၊ မနောသုခဆန်(၁)ပြည်လျှင် ကျပ်(၃၅၀၀)၊ မှော်ဘီဆန်(၁)ပြည်လျှင် ကျပ်(၃၆၀၀-၃၇၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၆၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၂၇၀၀-၂၈၀၀)၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင် ကျပ်(၈၈၀၀-၉၀၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၅၀၀-၃၃၀၀)၊ ကုလားပဲခွဲခြမ်း (၁)ပိဿာလျှင် ကျပ်(၆၀၀၀-၆၃၀၀)၊ ငရုတ်စို (၁)ပိဿာလျှင် ကျပ်(၅၅၀၀-၆၀၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၈၀၀-၃၀၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)အသီးသီးရှိခဲ့ပြီး စက်တင်ဘာလ၊ ပထမအပတ်နှင့် ဒုတိယအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် စားကုန်ဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိသော်လည်း အာလူး(၁)ပိဿာလျှင် ယခင်အပတ်အောက် ယခုအပတ်တွင်  ကျပ်(၂၀၀-၃၀၀)ဈေးလျော့ကျခဲ့ပါသည်။

      အသီးအရွက်နှင့် အသား၊ ငါးတို့ကို အောင်လံမြို့မှတစ်ဆင့် ဝယ်ယူရောင်းချခြင်းဖြစ်ပြီး ဆန်နှင့်ဆီတို့မှာ ရန်ကုန်၊ ပြည်၊ ဥသျှစ်ပင်မြို့တို့မှ ဝင်ရောက်လျက်ရှိရာ နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)         

 

စေတုတ္တရာမြို့၊ မြို့မဈေးရှိ ရာသီစာ မန်ကျည်းသီးဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မြို့မဈေး၌ ရာသီစာ မန်ကျည်းသီးစိမ်းများ လှိုင်လှိုင်ပေါ်နေပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ရာသီစာသီးနှံဖြစ်ပြီး သဘာဝမန်ကျည်းပင်ကြီးမှ ရရှိသောအသီးဖြစ်၍ စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ပါသည်။

    မန်ကျည်းသီးစိမ်းစတင်ပေါ်စအချိန်၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် မန်ကျည်းသီးဈေးနှုန်းမှာ (၁၀)ကျပ်သားကို ကျပ်(၁၀၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး စက်တင်ဘာလ(ဒုတိယပတ်)တွင် (၁၀)ကျပ်သားလျှင် ကျပ်(၅၀၀)ဖြစ်၍ ဈေးနှုန်းကျဆင်းလာပါသည်။ မန်ကျည်းသီးမှည့်မှာ အစေ့မပါ (၁)ပိဿာလျှင် ကျပ်(၂၅၀၀) မှ ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် အတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိပါသည်။ မန်ကျည်းသီးစိမ်းများကို ကြော်စား၍သော်လည်းကောင်း၊ ထောင်းစား၍သော်လည်းကောင်း၊ မန်ကျည်းသီးစိမ်းငပိချက်၍လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သည့်အတိုင်း စားသုံးနိုင်ပါသည်။ မန်ကျည်းပင်သည် အရွက်မှအစ အစေ့အဆုံး စားသုံးနိုင်သောအပင်တစ်မျိုးဖြစ်ပါသည်။ အရွက်နုများကို သုပ်စား/ ချဉ်ရည်ချက်၍စားသုံးနိုင်ပြီး အသီးမှာလည်း အစိမ်းရော အမှည့်ပါ အသုံးဝင်လှပါသည်။ အစေ့ကိုလည်းလှော်၍း သားရေစာအဖြစ်စားကြပါသည်။ မန်ကျည်းသီးအစိမ်းပေါ်ချိန်၌ အစိမ်းစားကြပြီး မှည့်လာသည့်အခါ အစေ့ထုတ်ပြီး နှစ်ရှည်ခံနိုင်စေရန်အလို့ငှာ သိမ်းထားကြပါသည်။

     မြန်မာနိုင်ငံအတွင်း မန်ကျည်းသီးကို ဆေးဝါးအဖြစ်အသုံးပြုကြပါသည်။ မြန်မာ့ဆေးကျမ်းများအရ မန်ကျည်းပင်သည် ပူ၏၊ ချဉ်၏၊ သည်းခြေကိုဖြစ်စေတက်၏၊ သလိပ်ကိုပွားစေ၏၊ လေကိုနိုင်၏၊ မန်ကျည်းအရွက်သည် ရောင်တင်းခြင်း၊ သွေးဖောက်ပြန်ခြင်း၊ နားရောဂါတို့ကိုနိုင်၏၊ မန်ကျည်းမှည့်သည် ပူ၏၊ ဝမ်းမီးကိုတောက်စေ၏၊ မန်ကျည်းမှည့်ကို ဝမ်းချုပ်တတ်သူများအနေဖြင့် မန်းကျည်းဖျော်ရည်ပြုလုပ်၍သောက်သုံးပေးပါက ဝမ်းသွားခြင်းကိုပုံမှန်ဖြစ်စေပါသည်။ မန်ကျည်းခေါက်ကို သာမန်မျက်စေ့နာနှင့် အပူဒဏ်ခံနိုင်ရန်တို့အတွက် သနပ်ခါးကဲ့သို့ သွေးလိမ်း၍လည်းအသုံးပြုနိုင်ပါသည်။ မန်ကျည်းပင်စည်နှင့် အကိုင်းအခက်များကို အမွှေးတိုင်ပြုလုပ်ရာတွင်လည်း ရိုးတံအဖြစ်အသုံးပြုကြကြောင်း၊ မန်ကျည်းပင်သည် တစ်ပင်လုံးဆေးဖက်ဝင်သောအပင်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့အတွင်း စားအုန်းဆီသတ်မှတ်စျေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးနှင့် ရပ်ကွက်များသို့ စားအုန်းဆီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဖြင့် မကွေးတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးရှိ စျေးဆိုင်များ၌ စားအုန်းဆီများ သတ်မှတ်စျေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး ခရိုင်/မြို့နယ်စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့အား တာဝန်ပေးအပ်လာခြင်းကြောင့် (၉-၉-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးခေါင်းဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းနှင့် မကွေးခရိုင်ဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မကွေးမြို့ရှိ စားသုံးဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ရန်ပယ်ရပ်ရှိ ဦးသန်းဇော် (သန်းတစ်ရာ) စားသုံးဆီဆိုင်၊ ရန်ဝေးရပ်ရှိ ဒေါ်စန်းနွဲ့ (စပါယ်ဦး)စားသုံးဆီဆိုင်၊ ရန်ကင်းရပ်ရှိ ဒေါ်အေးအေးသင်း (ပါရမီ) စားသုံးဆီအရောင်းဆိုင်များ၌ လက်လီရောင်းချသည့်စျေးနှုန်း၊ လက်ကားဖြန့်ဖြူးသည့်စျေးနှုန်းများနှင့်ပတ်သက်၍ သတ်မှတ်စျေးနှုန်းထက် ပိုမိုရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

 မကွေးတိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ရရှိသောဆီခွဲတမ်းများအရ မကွေးမြို့နယ်အတွင်း စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၄၅၀၀)နှုန်းဖြင့် ရောင်းချနေသည့် မကွေးမြို့၊ ဆုံရပ်ကွက်၊ ဓမ္မာရုံ၌ အိမ်ထောင်စု (၅၅၀)စုအတွက် စားအုန်းဆီ(၅၅၀)ပိဿာ၊ မင်းကံကြီးရပ်ကွက်၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ အိမ်ထောင်စု (၁၁၀၀)စုအတွက် စားအုန်းဆီ (၁၁၀၀)ပိဿာနှင့် အောင်မင်္ဂလာရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အိမ်ထောင်စု(၅၅၀)စုအတွက် စားအုန်းဆီ (၅၅၀)ပိဿာ၊ စုစုပေါင်း အိမ်ထောင်စု (၂၂၀၀)စုအတွက် စားအုန်းဆီ (၂၂၀၀)ပိဿာရောင်းချပေးနေရာ၌ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ ရောင်းချရာတွင်စနစ်တကျရှိစေရေးတို့အတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မုဒုံမြို့၌ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများလှည့်လည်ရောင်းချ

  (၁၃-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအတွင်းရေးမှူး၊ သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာအုပ်စု၊ မြိုင်ကုန်းရပ်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းဘေး၌ မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း၏စီအစဉ်အရ ဈေးကားဖြင့် ဈေးနှုန်းသက်သာသောစားအုန်းဆီများ လှည့်လည်ရောင်းချရာတွင် အမှန်တကယ်သက်သာမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းသည် ဈေးကားဖြင့် လှည့်လည်ရောင်းချရာတွင် ပြည်သူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာနှုန်းဖြင့် လူဦးရေ (၅၅၀) ထံသို့ စုစုပေါင်းပိဿာ (၅၅၀) ကို တစ်ပိဿာလျှင် (၅၂၀၀) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၌ ပြည်သူများအား သက်သာဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

  (၁၂-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းက မွန်ပြည်နယ်အတွင်း ခွဲဝေရရှိသောစားအုန်းဆီများအနက် မုဒုံမြို့နယ်အတွက် ခွဲဝေရရှိသော စားအုန်းဆီများကို ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ပူးပေါင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

    မုဒုံမြို့နယ်အတွက် ခွဲဝေရရှိသောစားအုန်းဆီပိဿာ (၁၁၀၀) အနက် (၁၂-၉-၂၀၂၃) ရက်နေ့တွင် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် လူဦးရေ (၅၅၀) အား စားအုန်းဆီပိဿာ (၅၅၀) ရောင်းချပေးခဲ့ပြီး တစ်ပိဿာလျှင် (၄၉၀၀) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထို့ပြင် (၁၃-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းဈေး၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

   စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မ‌ရောမြို့နယ်တာဝန်ခံသည် မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

    ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် (၁၁-၉-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့၊ စက်လမ်းဝ၌ ဆီပိဿာ (၅၅၀) လျှင် ဈေးနှုန်း(၅၂၀၀) ကျပ်ဖြင့်လည်းကောင်း၊ (၁၂-၉-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့၊ ဘာဘူကုန်းရပ်ကွက်၌ ဆီပိဿာ (၅၅၀)၊ အခွန်လွတ်ဈေးတွင် ဆီပိဿာ (၅၅၀)၊ နတ်စမ်းကျေးရွာတွင် ဆီပိဿာ (၅၅၀) တို့ကို ဈေးနှုန်း (၅၂၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးခဲ့ရာ ပြည်သူများအနေဖြင့် စနစ်တကျတန်းစီ၍ ဝယ်ယူခဲ့ကြကြောင်းသိရှိရသည်။ ယခုကဲ့သို့ ပြည်သူများသို့ စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများတွင် အလှည့်ကျရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကရင်ဝဥဈေးကွက်စဖွင့်သော်လည်း အရောင်းအဝယ်အေး

       ကရင်ပြည်နယ်တွင် ဝဥရာတူးဖော်ချိန်ရာသီရောက်၍ ဝဥအဝယ်ဒိုင်တစ်ချို့ ဈေးကွက်ဖွင့်၍ အရောင်းအဝယ်စသော်လည်း ယခုနှစ်ဝဥရာသီမှာအရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။

       ယခင်နှစ်များက ဝဥဈေးကွက်စဖွင့်ချိန် စက်တင်ဘာ ၁ ရက်တွင် အရောင်းအဝယ်စလုပ် ၍ ဈေးကွက်လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် အဝယ်ဒိုင်တချို့ဈေးဖွင့်သော်လည်း အရောင်းအဝယ် လုပ်ငန်းအား တွင်တွင်ကျယ်ကျယ်မမြင်ရကြောင်း ကရင်ပြည်နယ်ဝဥ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမင်းသူက “ ဒီနှစ်က အရောင်းအဝယ်အေးတဲ့ အဆင့်ကို ကျော်လွန်ပြီး၊ ခဲတဲ့အဆင့်ရောက်တယ်လို့တောင် ပြောလို့ရတယ်၊ ဒေသခံ တပိုင်တနိုင် ဝယ်ရောင်းသမားတွေကတော့ ဒေသအလိုက် ဝဥတစ်ပိဿာကို ၆၀၀/၇၀၀/၉၀၀/၁၀၀၀ စသဖြင့် အနည်းအကျဉ်း ဝယ်ရောင်းလုပ်တာတွေ့ရပေမဲ့ ဝဥလုပ်ငန်းရှင်ကြီးတွေနဲ့ စက်ရုံအဝယ်တော်တွေဘက်ကတော့ တိတ်နေတယ်၊ အရင်က ၉ လပိုင်း ၁ ရက်နေ့ဆို အရောင်းအဝယ်စတာနဲ့ ဈေးကွက် လှုပ်ရှားမှုရှိတယ်၊ ဒီနှစ်တော့တွင်တွင်ကျယ်မမြင်ရဘူး” ဟု ပြောသည်။

      ကရင်ပြည်နယ် ဒေသထွက် ဝဥဈေးနှုန်းများမှာ ယမန်နှစ်က ဝဥ၁ ပိဿာလျှင် အဖွင့်ဈေး ၈၀၀ ကျပ်၊ အပိတ်ဈေး ၁၆၅၀ ကျပ်ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်ဒေသထွက် ဝဥမှာ အရည်အသွေးမြင့်မားသောကြောင့် ဈေးကွက်ဝယ်လိုအား ကောင်းမွန်ကြောင်းနှင့် ကရင်ပြည်နယ်တွင် ဝဥတူးဖော် ၍ အရောင်းအဝယ်ကာလကို စက်တင်ဘာလဆန်းမှ နိုဝင်ဘာလလယ်ထိ လုပ်ကိုင်လေ့ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံ ခနိမ်းဒိုကွင်း စပါးသစ်ကောက်စောပေါ်

       ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ်တွင် စိုက်ပျိုးသောမိုးစပါးများအနက် ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ခနိမ်းဒိုကျေးရွာတွင်း စိုက်ပျိုးသော ဒေသဝမ်းစာစပါးများစတင်ထွက်ရှိပြီဖြစ်ကြောင်း သိရသည်။

      ယခုထွက်ရှိသော စပါးမှာ စပါးမွှေးခေါ် ခေါက်မလိ စပါးများဖြစ်ကြောင်းနှင့် ဝမ်းစာအတွက် တောင်သူများ စိုက်ပျိုးသော စပါးများဖြစ်ကြောင်း၊ စပါးတင်းတစ်ရာလျှင် ၂၆ သိန်းခန့်ပေါက်ဈေးရှိကြောင်း သိရသည်။

     စာရင်းဇယားများအရ ကရင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မိုးစပါးလျာထား စိုက်ပျိုးဧက ပြည်နယ်ချုပ်၄၂၅၈၈၄ဧကရှိပြီး မိုးစပါးစိုက်ပျိုးကာလမှာ မေလလယ်မှ ဇူလိုင်လကုန်အထိဖြစ်ကြောင်းနှင့် စပါးပေါ်ချိန်မှာ အောက်တိုဘာမှနိုဝင်ဘာဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ်တွင် စပါးစိုက်ပျိုးတောင်သူများအနေဖြင့် အရောင်းအဝယ်အတွက်ဒေသနှင့် ကိုက်ညီသော ဆင်းသုခစပါးကိုအများဆုံးစိုက်ပျိုးကြသည့်အပြင် အိမ်စားရန်နှင့် ဝမ်းစာသိုလှောင်ရန်အတွက် ယခုကဲ့သို့ ဧည့်မထမျိုးဝင် ဆန်ပျော့များကိုလည်း စိုက်ပျိုးကြကြောင်း ယခုပေါ်သော စပါးများမှာ ရက် ၉၀ စပါးဖြစ်ပြီး ပုံမှန်ချိန်ထက်စော၍ ထွက်ရှိသော ကောက်စောစပါးဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

မွန်ပြည်နယ်အတွင်းရှိ ဆေးဆိုင်နှင့် ဆေးပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ

    မွန်ပြည်နယ်အတွင်းရှိ ခရိုင်အလိုက် ဆေးဆိုင်ဖွင့်လှစ်ရောင်းချနေမှုမှာ မော်လမြိုင်ခရိုင်၌ ဆေးဆိုင် ၄၅၅ဆိုင်နှင့် သထုံခရိုင်၌ ဆေးဆိုင် ၂၀၅ဆိုင်၊ စုစုပေါင်း ဆေးဆိုင် ၆၆၀ဆိုင်ရှိကြောင်းသိရသည်။

   အဆိုပါဆေးဆိုင်များ၌ ရောင်းချသည့်ဆေးပစ္စည်းအမျိုးအမည်၏ အုပ်စုများမှာ ဖျားနာအကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ ဗိုင်းရပ်သတ်ဆေး၊ အရောင်ကျဆေး၊ သွေးကျဲဆေး၊ အစာအိမ်ဆေး၊ ကိုယ်ခံအားကျဆေး၊ ကာကွယ်ဆေး၊ Vitamin C, D, K, K2 နှင့် Zinc, Becozinc , Zincovit  စသည့်ဆေးဝါးများရောင်းချသည်။

   ၎င်းဆေးဝါးပစ္စည်းများ၏ ဈေးနှုန်းအခြေအနေများမှာ  ဖျားနာအကိုက်အခဲပျောက်ဆေးတစ်လုံးလျှင် ၄၀၀ကျပ်၊ ချောင်းဆိုးပျောက်ဆေးတစ်လုံးလျှင် ၁၀၇ကျပ်၊  ချောင်းဆိုးပျောက်ဆေး(Cough Syrup) တစ်ဘူးလျှင် ၂၁၂၅ကျပ်၊ နှာစေးပျောက်ဆေး(Certizine Tablet 10mg)တစ်လုံးလျှင် ၂၈ကျပ်၊ နှာစေးပျောက်ဆေး(Levo Certizine Tablet)တစ်လုံးလျှင် ၇၀ကျပ်၊ ပိုးသတ်ဆေးအုပ်စုတွင် ၁၁မျိုးပါ (Amoxicillin+ Clavlulinic Acid Tablet 375mg/625mg)တစ်လုံးလျှင် ၁၀၆၀ကျပ်မှ ၁၂၅၀ကျပ်အတွင်း၊ (Cefixime Tablet 200 mg)တစ်လုံးလျှင် ၂၂၅ကျပ်၊ Cefixime Tablet 500mg တစ်လုံးလျှင် ၁၉၄၃ကျပ်၊  ပိုးသတ်ဆေးတစ်ဘူးလျှင် အမျိုးအစားအလိုက် ၁၇၅ကျပ်မှ  ၄၉၄၃၅ကျပ်အတွင်း၊  ဗိုင်းရပ်သတ်ဆေး (Favipiavir 200mg/ 400mg)တစ်ဘူးလျှင် ၂၁၂၀၇ကျပ်မှ ၂၃၇၄၄ကျပ်အတွင်းနှင့် (Remdesivir 1G injection) တစ်လုံးလျှင် ၆၉၂၇ကျပ်၊ အရောင်ကျဆေး(Prednisolone Tablet 40 mg)တစ်လုံးလျှင် ၄၄ကျပ်၊ (Methyl Prednisolone Tablet 40 mg ) တစ်လုံးလျှင် ၂၄၇ကျပ်မှ ၁၀၁၃ကျပ်အတွင်း၊  သွေးကျဲဆေး (Enosaprian injection (0.4ml/0.6ml)တစ်လုံးလျှင် ၁၄၁၃၀ကျပ်မှ ၁၆၇၈၀ကျပ်အတွင်း၊ သွေးကျဲဆေး (Rivaroxaban Tablet 10mg) တစ်လုံးလျှင် ၁၈၄၄ကျပ်၊ အစာအိမ်ဆေး (Omperazole   Tablet 20mg/ injection 40 mg)တစ်လုံးလျှင် ၂၁၂၀ကျပ်၊ (panthoprazole 40mg Tablet/ injection)တစ်လုံးလျှင် ၁၉၃ကျပ်မှ ၃၀၀ကျပ်အတွင်း၊ ကိုယ်ခံအားကျဆေးနှင့် ကာကွယ်ဆေးတစ်လုံးစီလျှင် ၁၉၃ ကျပ်မှ ၃၀၀ကျပ်အတွင်း၊  Vitamin C 100mg တစ်လုံးလျှင် ၆၄ကျပ်၊ Vitamin D1000IU တစ်လုံးလျှင် ၄၈၃ကျပ်, Vitamin K, K2 တစ်လုံးလျှင် ၄၂ကျပ်နှင့် Zinc(20mg), Becozinc, Zincovit တစ်လုံးလျှင် ၁၃၇ကျပ်ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါ ဆေးပစ္စည်းများ၏ဈေးနှုန်းသည် အပတ်စဉ်ပြောင်းလဲမှုရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘားအံဈေးကွက်သို့ မုံရွာကြက်သွန်နီ တိုက်ရိုက်ဝင်ရောက်

      ဘားအံဈေးကွက်အတွင်းသို့ မုံရွာကြက်သွန်နီများ ၂၀၂၃ခုနှစ်၊စက်တင်ဘာဒုတိယအပတ်တွင် ဝင်ရောက်လျက်ရှိကြောင်းနှင့် ကြက်သွန်ဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။

     ဘားအံမြို့တွင် စက်တင်ဘာပထမအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ကြက်သွန်ဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် ၃၇၀၀ကျပ် ဖြစ်ခဲ့ကြောင်းနှင့် ယခုစက်တင်ဘာ ဒုတိယအပတ်တွင် ၃၃၀၀-၃၅၀၀ ကျပ်သို့ ဈေးကျဆင်းခဲ့ကြောင်း သိရသည်။

    မုံရွာမြို့မှကြက်သွန်များ ဘားအံဈေးကွက်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ခြင်းကြောင့် ကြက်သွန်နီဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်းနှင့် မော်လမြိုင်ဈေးကွက်မှ ဝယ်ယူဖြန့်ဖြူးသော ကြက်သွန်နီမှ တစ်ဆင့်ခံဖြစ်ခြင်း၊ သယ်ယူပိုဆောင်ခနှင့် အထွေထွေစရိတ် ထပ်ဆောင်းကုန်ကျခြင်းကြောင့် ၁၀ ပိဿာ ၁ အိတ်လျှင် ၅၀၀ ကျပ် ပျမ်းမျှ ဈေးပိုကြောင်းသိရသည်။

     စာရင်းများအရ ကရင်ပြည်နယ်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ၁ ပိဿာ ၄၅၀၀/ ကျပ်ထိ ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုနှစ်၂၀၂၃ ဧပြီလ သင်္ကြန်မတိုင်မီတွင် ၁ ပိဿာ ၁၂၅၀ ကျပ် ဈေးနှုန်းဖြစ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း