ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းပြည်နယ်ထွက် ပဲကြော်

     ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အနောက်ဘက်ခြမ်းရှိ ခေါင်တိုင်ကျေးရွာတွင် အဓိကတွင်တွင်ကျယ်ကျယ်လုပ်ကိုင်ကြသော ဒေသထွက်အစားအစာ ပဲကြော်လုပ်ငန်းကို လုပ်ကိုင်ကြပါကြောင်း၊ ပဲကြော်ပြုလုပ်ရာတွင် ကုလားပဲမှုန့်နှင့် ကော်မှုန့်ကို ဆတူရောစပ်ပြီး ပြောင်းဖူးမှုန့် အနည်းငယ်ရောကာ ကြော်ရပါကြောင်း၊ ပြောင်းဖူးမှုန့် အနည်းငယ်ထည့်ကြော်ရခြင်းမှာ ပဲကြော်များအား စားသုံးလျှင် မွမွလေးနှင့် ကြွပ်ရွနေမှုကိုဖြစ်စေကြောင်း၊ ပဲခွေကြော် (အကြီး)မှာ အခွေတစ်ခုချင်းကို သေချာချိန်ဆပြီး ကြော်ရ၍ တစ်ခါကြော်လျှင် ဝါးခြင်း တောင်းကြီး တစ်တောင်းခန့်သာထွက်၍ ပဲကြော်(အသေး)မှာ တစ်ခါကြော်လျှင် ဝါးခြင်းဆောင်း (၃) တောင်းခန့် ထွက်ကြောင်း၊ ဝါးခြင်းတောင်း တစ်တောင်းလျှင် ပဲကြော်ပိဿာချိန် (၇)ပိဿာခန့် ဆန့်ဝင်ကြောင်း၊ ပဲခွေကြော်(အကြီး) တစ်ပိဿာလျှင် (၉၅၀ဝိ/-)ကျပ်၊ ပဲကြော်(အသေး) တစ်ပိဿာလျှင်(၉၀၀ဝိ/-)ကျပ် ဈေးရှိပါကြောင်း၊ ပဲခွေကြော်မှာ ရှမ်းပြည်နယ်ထွက် ဒေသအစားအစာဖြစ်၍ လူကြိုက်များပြီး ဒေသတွင်းသာမက အခြားဒေသများသို့ပါ တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ပဲကြော်ကို (၅)ရက် တစ်ဈေးလျှင် ကုန်ချိန်(၂၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ဈေးကောင်းရလာသည့် ခရမ်းချဉ်သီး

     ခရမ်းချဉ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဒေသအများအပြားတွင် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ခရမ်းချဉ်သီးစိုက်ဧက (၁၁၆၄၁)ကျော် စိုက်ပျိုးမှုရှိသည့်အနက် ညောင်ရွှေမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြပါကြောင်း၊ ညောင်ရွှေမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော ခရမ်းချဉ်သီးများကို ဒေသတွင်းစားသုံးပြီး ပိုလျှံသည်များကို မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချလျက် ရှိပါကြောင်း၊ ခရမ်းချဉ်သီးကို မိုး/ဆောင်းခွဲပြီးစိုက်ပျိုးလျက်ရှိပါကြောင်း၊ မိုးခရမ်းချဉ်သီးကို ဇွန်လတွင် စတင်ပျိုးထောင်ပြီး (၂၀-၂၅)ရက်ခန့်တွင် စတင်စိုက်ပျိုးပါကြောင်း၊ အသီးကို ဩဂုတ်လတွင် စတင် ခူးဆွတ်နိုင်ပါကြောင်း၊ ဆောင်းခရမ်းချဉ်သီးကို အောက်တိုဘာလတွင် စတင်ပျိုးထောင်ပြီး အောက်တိုဘာ (၂၀-၂၅)ရက်တွင် စတင်စိုက်ပျိုးကြပါကြောင်း၊ ဒီဇင်ဘာလကုန်တွင် အသီးရင့်မှည့်၍ စတင်ခူးဆွတ်နိုင်ပါကြောင်း၊ ခရမ်းချဉ်သီး၏ သက်တမ်းမှာ (၃)လရှိပြီး သက်တမ်းအားဖြင့် ရက်ပေါင်း (၁၂၀)ခန့်ထိ သက်တမ်းရှိပါကြောင်း သိရသည်။

   ရှမ်းပြည်နယ်(တောင်ပိုင်း)ဈေးကွက်အတွင်း ခရမ်းချဉ်သီးများအဝင်နည်းလာသဖြင့် ဈေးအနည်းငယ် တက်လာပါကြောင်း၊ ခရမ်းချဉ်သီးဈေးမှာ ယခုကာလများတွင် နှစ်စဉ်ဈေးတက်လေ့ရှိပြီး ဈေးတက်ရခြင်းမှာလည်း အင်းလေး ဖောင်တော်ဦးဘုရားပွဲကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် နှစ်စဉ် ကျင်းပလေ့ရှိရာ ဘုရားပွဲကာလများတွင် ညောင်ရွှေမြို့နယ်နှင့် အနီးတဝိုက်ဒေသများရှိ ခရမ်းချဉ်သီးစိုက်ပျိုးထုတ်လုပ်သူတောင်သူများမှာ ဘုရားပွဲအတွက်ပြင်ဆင်မှုများဆောင်ရွက်ကြသဖြင့် လုပ်ငန်းများကို ခေတ္တရပ်နားထားကြောင်း၊ ခရမ်းချဉ်သီးများမှာ ဈေးကွက်အတွင်း ဝင်ရောက်မှု နည်းလာခြင်းကြောင့် သို့ဖြစ်ပါ၍ ခရမ်းချဉ်သီးဈေးများတက်လာခြင်းဖြစ်ကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာ၏ ပေါက်ဈေးမှာ ကျပ်(၂၄၀ဝိ/- မှ ၂၆၀ဝိ/-)ထိဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသ၏ စက်တင်ဘာလ ဒုတိယအပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

    ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းလား နယ်စပ်လမ်းကြောင်းမှ သွင်းကုန်များအနေဖြင့် အားကစားဘောင်းဘီ၊ ရေမြှုပ်ဖိနပ်၊ မိုးကာအင်္ကျီနှင့် စွပ်ကျယ်အင်္ကျီတို့ဖြစ်၍ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၃)သန်းဖြစ်ပြီး ကုန်ပစ္စည်းတင်ပို့မှုမရှိကြောင်း သိရှိရပါသည်။ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၀၁၃) သန်း  ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၂၄)သန်း၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၀၁၃)သန်း လျော့နည်းသွားကြောင်း သိရှိရပါသည်။

    တာချီလိတ်နယ်စပ်လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုမှာ ကြက်သွန်ဖြူ၊ စာရွက်အပိုင်းအစ၊ ကြက်သွန်နီ၊ ရော်ဘာ၊ ဆေးရွက်ကြီး၊ ပလတ်စတစ်တို့ဖြစ်ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၅၁၃)သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ သွင်းကုန်များအနေဖြင့် ဒီဇယ်၊ ဓာတ်ဆီ၊ ဘိလပ်မြေ၊ ပိုက်နှင့် အိမ်ဆောက်ပစ္စည်းတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၆၂၂)သန်း ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၆၆၃)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၆)သန်း ပိုမိုတင်ပို့ခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၆၅၇)သန်း တင်သွင်းမှု တိုးလာသောကြောင့် ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ(၀.၆၆၃)သန်း တိုးလာကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်စားသုံးဆီတို့ကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေး

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူမြို့ရှိ အခြေခံလူတန်းစားများအား အခြေခံစားကုန်များဖြစ်သော ဆန်နှင့်စားအုန်းဆီတို့ကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့တွင် တောင်ငူမြို့၌ ဆန်အိတ် ၇၅အိတ်နှင့် စားအုန်းဆီ ၇၅၀ပိဿာရောင်းချပေးခဲ့ပါသည်။

    တောင်ငူခရိုင်ဆန်ကုန်သည်များနှင့်ဆန်စက်လုပ်ငန်းရှင်များက တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးရှိ ကိုယ်တိုင်မွေးမြူစိုက်ပျိုးထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဈေးတွင် ဆန်အိတ် ၃၅အိတ်ကိုလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား ညောင်ဝိုင်း၊ ဘုရားဓမ္မာရုံတွင် ဆန်အိတ် ၂၀အိတ်ကိုလည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆန်အိတ် ၂၀အိတ်ကိုလည်းကောင်း၊ စုစုပေါင်းဆန်အိတ် ၇၅အိတ်ကို တစ်ပြည်လျှင် ၂၅၀၀ကျပ်နှုန်း၊ လူတစ်ဦးလျှင် ၂ ပြည်နှုန်းဖြင့် ရောင်းချပေးပါသည်။

  First Top ကုမ္ပဏီက ဘုရင့်နောင်ဈေးအနီးရှိ ကိုယ်တိုင်မွေးမြူစိုက်ပျိုးထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဈေးတွင် စားအုန်းဆီပိဿာ ၂၅၀နှင့် အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအား စားအုန်းဆီပိဿာ ၂၅၀ကိုလည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ ပြည်သူများအား စားအုန်းဆီပိဿာ ၂၅၀ကိုလည်းကောင်း စုစုပေါင်းစားအုန်းဆီ ၇၅၀ပိဿာကို တစ်ပိဿာလျှင် ၄၅၀၀ကျပ်နှုန်း၊ လူတစ်ဦးလျှင် ၅၀ကျပ်သားနှုန်းဖြင့် ရောင်းချပေးပါသည်။

    ဆန်နှင့်စားအုန်းဆီများရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးကြောင်းနှင့် အဆိုပါ ဆန်နှင့် စားအုန်းဆီများရောင်းချရာနေရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က လာရောက်ကြည့်ရှုအားပေးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် စက်သုံးဆီဈေးနှုန်းပြန်ကျ

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် 92 RON တစ်လီတာလျှင် ၂၃၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၆၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၅၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၆၃၀ကျပ်ရှိပါသည်။

     ယခုအပတ်တွင် တောင်ငူမြို့ ဖြိုးဝေကျော်စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၃၀၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၁၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၅၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၃၀ကျပ်ရှိပါသည်။

   အုတ်တွင်းမြို့၊ Max စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၃၀၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၁၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၅၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၃၀ကျပ်ရှိပါသည်။

    ရေတာရှည်မြို့၊ Petro K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၃၀၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၁၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၅၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၃၅ကျပ်ရှိပါသည်။

   သို့ဖြစ်၍ ယခုအပတ်တွင် 92 RON တစ်လီတာလျှင် ၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၅၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၀၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၀၀ကျပ်ခန့် ဈေးနှုန်းကျဆင်းကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူဖရဲသီးဈေးကွက်

    တောင်ငူမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာဒေသမှထွက်သော ဖရဲသီးများ‌ကိုလာရောက်ရောင်းချကြပါသည်။ ၁၂ဘီးကားတစ်စီးလျှင် ဖရဲသီးအလုံး ၂၀၀၀လုံးဆန့်ပြီး ၁၄ ဘီးကားတစ်စီးလျှင် အလုံးရေ ၃၅၀၀လုံးဆန့်ပါသည်။

     တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ မုံရွာဖရဲသီးဆိုင်များတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် အကြီးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ၊ အလတ်တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊ အသေးတစ်လုံးလျှင် ၇၀၀ကျပ်မှ ၁၀၀၀ကျပ်အထိရောင်းချကြပါသည်။

  ယခုအပတ်တွင် ဖရဲသီးအကြီးတစ်လုံးလျှင် ၇၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ၊ သုံးလုံးယူလျှင် ၂၀၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၅၀၀ကျပ်မှ ၇၀၀ကျပ်အထိ၊ အသေးသုံးလုံးလျှင် ၁၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းကျဆင်းလာပါသည်။

     မုံရွာဖရဲသီးမှာ ဒေသထွက်ဖရဲသီးထက် အရသာကောင်းမွန်သဖြင့် လူကြိုက်များပြီး ရောင်းအားကောင်းနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အသင့်စား ဆေးဘဲဥ

    တောင်ငူမြို့၊ ဈေးကွက်အတွင်း ချက်ပြုတ်စရာမလိုဘဲ အသင့်စားသုံးနိုင်သည့် ဆေးဘဲဥများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆေးဘဲဥပြုလုပ်ရာတွင် ရိုးရိုးဘဲဥကို Chemical၊  ဆား၊ ဖွဲပြာနှင့် ထုံးများပေါင်းစပ်၍အုံရပါသည်။ ထို့နောက် ကျွတ်ကျွတ်အိတ်အဖြူတစ်ထပ်၊ အမဲတစ်ထပ်နှင့်ထုပ်ပိုး၍ အခန်းအပူချိန် အသင့်အတင့်ရှိသောနေရာတွင် ၁၄ရက်ခန့်ထားရပါသည်။

   ဆေးဘဲဥကို ယခင်တွင် တစ်လုံးလျှင် ၄၀၀ကျပ်ဖြင့်ရောင်းချပြီး ယခုအခါ တစ်လုံးလျှင် ၄၅၀ကျပ်ဖြင့်ရောင်းချသဖြင့် ဈေးနှုန်းအနည်းငယ်တက်လာပါသည်။ ချက်ပြုတ်စရာမလိုဘဲ အသင့်စားသုံးနိုင်သဖြင့် လူကြိုက်များပြီး ရောင်းအားကောင်းကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူဈေးကွက်အတွင်းရှိ အာဗြဲခြောက်ဈေးနှုန်း

    တောင်ငူမြို့၊ ငါးခြောက်ဆိုင်များတွင် ရောင်းချနေသော အာဗြဲခြောက်သည်လည်း လူကြိုက်များသောငါးခြောက်တစ်မျိုးဖြစ်ပါသည်။ အရသာမှာ ချိုပြီး ဆားလည်းပေါ့သဖြင့် စားကောင်းသည့် ငါးခြောက်တစ်မျိုးဖြစ်ပါသည်။

  ၂၀၂၃ခုနှစ် ဩဂုတ်လတွင် အာဗြဲခြောက်တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်၊ ၁၀ကျပ်သားလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချခဲ့ရာမှ ယခုလတွင် တစ်ပိဿာလျှင် ၃၂၀၀၀ကျပ်၊ ၁၀ကျပ်သားလျှင် ၃၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပါသည်။

      အသင့်စား အာဗြဲခြောက်ထုပ်များကိုလည်းရောင်းရပါသည်။ အသင့်စား အာဗြဲခြောက် ပြုလုပ်ရာတွင် အာဗြဲခြောက်ကို အမြီးညှပ်၍ ခေါင်းဖြတ်သန့်စင်ပြီး အနည်းငယ်ထုထောင်း၍ မီးကင်စက်ဖြင့် ကင်ရပါသည်။ ထို့နောက် နောက်တစ်ကြိမ်ထပ်မံထုထောင်းပြီး ဆီဆမ်း၍ အသင့်စားနိုင်သည့်အာဗြဲခြောက်ဖုတ်များကို ပလတ်စတစ်အိတ်များဖြင့်ထည့်ကာ တစ်ထုပ်လျှင် ၈၀၀ကျပ်ဖြင့် ဈေးကွက်အတွင်းရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

သနပ္ပင်မြို့နယ်အတွင်း အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်နေ

   ဈေးကွက်အတွင်း ကြက်သားနှင့်ကြက်ဥဈေးနှုန်းများကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပွင်မြို့နယ်အတွင်း အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာကြကြောင်းသိရှိရပါသည်။ ထိုသို့ ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်အနက်  အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သောကြောင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းထက် ပိုမိုတွင်ကျယ်စွာလုပ်ကိုင်လာကြ ကြောင်းသိရှိရပါသည်။ မွေးမြူသူများအနေဖြင့်လည်း အသားတိုးကြက်မွေးမြူရာတွင် တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် အကောင်ရေ (၅၀၀/၁၀၀၀) ကောင်များကိုမွေးမြူသူများရှိသကဲ့သို့ အကောင်ရေ (၃၀၀၀/၅၀၀၀/၁၀၀၀၀) ကောင်အထိ စီးပွားဖြစ်မွေးမြူသူများလည်းရှိကြောင်းသိရှိရပါသည်။ အသားတိုးကြက်အနေဖြင့် သားပေါက်မှစ၍ ရောင်းချရသည့်အချိန်အထိ ၄၅ရက်သာကြာမြင့်သောကြောင့် အချိန်တိုတိုနှင့် အမြတ်အစွန်းများများရရှိကြောင်း၊ ၄၅ ရက်သားရှိသော ကြက်တစ်ကောင်လျှင် ပိဿာချိန် ၁ပိဿာ၊ ၅၀ကျပ်သားခန့်ရရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လုပ်သားခအပါအဝင် ၉၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရှိရသည်။ လက်ရှိပေါက်ဈေးအနေဖြင့် ကြက်သားဈေးကောင်းရရှိနေ၍ ၁ပိဿာလျှင် ၁၂၀၀၀ကျပ်ခန့်ရရှိနေပြီး အချိန်တိုအတွင်း အကျိုးအမြတ်ရရှိသောလုပ်ငန်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆေးဖက်ဝင်သောသစ်တိုသီး ပြည်ဈေးကွက်အတွင်းသို့ဝင်ရောက်လာ

   မြန်မာ့ဟင်းလျာများထဲတွင် အသားဟင်းပွဲများကို ထူးကဲသောအရသာဖြင့် အထောက်အပံ့ပေးကာ  မြန်မာလူမျိုးတို့၏ အာခံတွင်းနှင့် အရသာကိုက်ညီလှသော သစ်တိုသီးသည် အရသာထူးကဲစွာရရှိစေရုံသာမက ကျန်းမာရေးကိုလည်း နည်းလမ်းမျိုးစုံဖြင့် အထောက်အကူပေးလျက်ရှိနေပေသည်။ ကြီးမားမြင့်မား၍ သန်စွမ်းကာ အရိပ်အာဝါသကောင်းမွန်သော သစ်တိုပင်ကြီးများကို စိုစွတ်ထိုင်းမှိုင်းသောအရပ်ဒေသများတွင်တွေ့ရပြီး အမြင့်ပေ(၃၀၀)အထက် ပေါက်ရောက်နိုင်သည်ကိုတွေ့ရှိရသည်။ သစ်တိုပင်သည် ၁၂ရာသီ စိမ်းလန်းသောအပင်ကြီးမျိုးဖြစ်ကာ ပေ၈၀မှ ပေ၉၀အထိအမြင့်ရှိပြီး လုံးပတ် ၇ပေမှ ၈ပေအထိရှိနိုင်ပါသည်။ အရွက်သည် ရွက်မွှာကြီးသုံးခုပါသော ရွက်ပေါင်းဖြစ်ကာ အနားများညီ၍ ဘေးရွက်နှစ်ရွက်သည် ညှာတံတိုပြီး ထိပ်ရွက်မွှာသည် ညှာတံရှည်သည်။ အရွက်၏ပုံသဏ္ဌာန်မှာ ဆင်တူရိုးမှားနှိုင်းယှဉ်ပြရလျှင် ဘဲဥနှင့်ဆင်တူလေသည်။

    အစေ့ကိုစိုက်ပျိုးမည်ဆိုပါက အပင်သက်တမ်း ၅နှစ်မှ ၇နှစ်ဖြစ်လျှင် အသီးဖြစ်ထွန်းမည်ဖြစ်သည်။ ခြွင်းချက်အနေဖြင့် တချို့မျိုးများသည် အသီးဖြစ်ထွန်းရန် ၃နှစ်မှ ၄နှစ်ခန့်သာလိုအပ်ပေသည်။ သစ်တိုသီး၏ အပြင်အခွံသည် သစ်တော်သီးနှင့်ဆင်တူ၍ သစ်တိုသီးတည်ဆောက်ပုံမှာ မင်းကွတ်သီးနှင့်ဆင်တူသည်။ စားသုံးမည်ဆိုပါက အစေ့နှင့် အခွံကြားမှ အသားကိုစားသုံးနိုင်ပြီး အခြားအစိတ်အပိုင်းများကိုလည်း ဆေးဖော်စပ်ရာတွင်သုံးကာ အသုံးမဝင်သည့် အစိတ်အပိုင်းမရှိသည့်တိုင် အလွန်တရာအသုံးဝင်လေသည်။

    သစ်တိုသီးပင်သည် ကျေးရွာများတွင် အလေ့ကျပေါက်ခြင်းရှိသကဲ့သို့ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းများလည်းရှိပါသည်။ စီးပွားဖြစ်မဟုတ်သည့်တိုင်အောင် သီးနှံအများအပြားဖြစ်ထွန်းမှုကြောင့် အခြားမြို့များသို့ သွားရောက်ရောင်းချခြင်းများရှိပါသည်။ သစ်တိုသီးတစ်လုံးလျှင် ၅၀ကျပ်ဖြင့်ဝယ်ယူပြီး ပြန်လည်ရောင်းချသူများအနေဖြင့် (၁၀၀-၁၅၀) ကျပ်အထိရောင်းချခြင်းရှိသကဲ့သို့ အချဉ်ဖောက်၍လည်း ပိဿာချိန်လိုက်ရောင်းချရသဖြင့် ကျေးရွာသူ/ သားများအပိုဝင်ငွေရလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း