ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းချောင်း (ကုန်စိမ်းဈေး) အတွင်းရှိ ခရမ်းချဉ်သီးဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရှမ်းချောင်း (ကုန်စိမ်းဈေး) အတွင်းသို့ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ အင်းလေး၊ အောင်ပန်းနှင့်အခြားဒေသများမှ  ခရမ်းချဉ်သီးများမှာ ယခင်လထက် လှိုင်လှိုင်ဝင်ရောက်လာကြကြောင်း မေးမြန်းသိရှိရပါသည်။

    မြိတ်မြို့နယ်အတွင်းရောင်းချနေသည့် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း) မှ အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချရခြင်းဖြစ်ကြောင်း၊ လမ်းပမ်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် ဈေးနှုန်းကြီးမြှင့်ရခြင်းဖြစ်ပြီး ယခုအခါ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှလည်းထွက်ပေါ်လာပြီဖြစ်၍ ဈေးနှုန်းများပြန်လည်ကျဆင်းလာကြောင်းကို ခရမ်းချဉ်သီးရောင်းချသော ကုန်သည်တစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။ ဇွန်လ၊ စတုတ္တအပတ်တွင် ခရမ်းချဉ်သီး ၁ပိဿာလျှင် (၂၇၀ဝ-၃၀ဝ၀) ကျပ်တို့ရရှိခဲ့ပြီးဇူလိုင်လ၊ စတုတ္တအပတ်တွင် (၂၀ဝ၀-၂၅၀ဝ) ကျပ်သာရရှိကြောင်းသိရှိရပါသည်။

      ခရမ်းချဉ်သီးစိုက်ပျိုးသောတောင်သူများ၊ ကုန်စည်ဒိုင်များ၊ ပွဲရုံများ၊ ကုန်သည်များနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများအနေဖြင့် မိမိဝင်ငွေတိုးအောင် ခရမ်းချဉ်သီးနှင့်ပတ်သက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ (ခရမ်းချဉ်သီးယို) ကိုပြုလုပ်သင့်ပါသည်။ ခရမ်းချဉ်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ပြုလုပ်ရာတွင် လိုအပ်သောပါဝင်ပစ္စည်းများမှာ ခရမ်းချဉ်သီး ၁ပိဿာလျှင် သကြား (၄၅) ကျပ်သား၊ ကွမ်းစားထုံး (၃) ကျပ်သားနှင့် ဆားအနည်းငယ်တို့ဖြစ်ပါသည်။ ခရမ်းချဉ်သီးယိုပြုလုပ်ရာတွင် အရည်ရွှမ်းပြီး နီနီရဲရဲအသီးကိုရွှေးချယ်ကာ အစေ့များဖယ်ကျဉ်၍ အသီးထိပ်မှအညှာကိုဖယ်၍ ဒေါင်လိုက်ကိုင်ပြီး ဓားဖြင့်လေးပိုင်းခွဲကာ လေးစိတ်စိတ်ရပါသည်။ ခွဲထားသောခရမ်းချဉ်သီးများကို ရေဖျော်ထားသောထုံးထဲတွင် (၃) နာရီအကြာစိမ်ထားရပါသည်။ (၃) နာရီပြည့်လျှင် စိမ်ထားသောခရမ်းချဉ်သီးများကို ထုံးစင်အောင်ဆေးကြော၍ ကျိုမည့်အိုးထဲသို့ထည့်ကာ ဆား၊ သကြားများနှင့် ရေအနည်းငယ်ထည့်၍ မီးအေးအေးဖြင့် ခမ်းသည်အထိကျိုပေးရပါသည်။

    သကြားရည်များ ညောင်စေးကဲ့သို့ ခပ်ပြစ်ပြစ်ဖြစ်လာလျှင် နေလှန်းမည့်ဗန်းထဲသို့ တစ်လုံးချင်းစီကို အသာဆယ်ယူ၍ ဖြန့်ကာ နေရောင်ကောင်းစွာရသောနေရာတွင် ရက်သတ္တပတ် တစ်ပတ်ခန့်လှန်းပေးရပါမည်။ နေလှန်းနေသောကာလအတွင်း ခရမ်းချဉ်သီးယိုကို အထက်အောက်လှန်ပေးရမည်။ တစ်ပတ်ပြည့်လျှင် အသီးများသည် ခြောက်လည်းခြောက်၊ သကြားလည်းပွင့်သည့်အနေအထားတွင် အရသာကောင်းမွန်သောခရမ်းချဉ်သီးယိုကိုရရှိပြီဖြစ်ပါသည်။ ယခုကဲ့သို့ ဈေးကျနေသောကာလများတွင် တန်ဖိုးမြှင့်ထုတ်ကုန်များကိုထုတ်လုပ်၍ မိမိတို့၏ဝင်ငွေများတိုးလာအောင် ဆောင်ရွက်သင့်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ကြက်ဥဈေးနှုန်း

  တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့တွင် အခြေခံစားသုံးကုန်ဖြစ်သောကြက်ဥများကို တစ်နိုင်တစ်ပိုင်မွေးမြူသူများနှင့် စီးပွားဖြစ်လုပ်ကိုင်ကြသူများလည်းရှိသည်။ “ထူးထူးတိုး” ကုမ္ပဏီမှာ ဥစားကြက်ကိုအဓိကမွေးမြူလုပ်ကိုင်ပြီး စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ကြက်ဥများမှာ အရွယ်အစားအလိုက် စျေးနှုန်းများလည်းကွာခြားလျက်ရှိသည်။ မြိတ်မြို့ အတွင်းရှိ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထအပတ်အတွင်း တစ်နိုင်တစ်ပိုင် ဥစားကြက်မွေးမြူရေးခြံများမှထွက်ရှိသော ကြက်ဥတစ်လုံး၏စျေးနှုန်းများမှာ ကြက်ဥအကြီးကို (၃၀၀) ကျပ်ခန့်၊ ကြက်ဥအလတ်ကို (၂၈၀) ကျပ်ခန့်၊ ကြက်ဥအသေးကို (၂၆၀) ကျပ်ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

      “ထူးထူးတိုး”  ဥစားကြက်မွေးမြူရေးခြံမှထွက်ရှိသည့် ကြက်ဥတစ်လုံး၏စျေးနှုန်းများမှာ ၇၀ဂရမ်နှင့်အထက် အလေးချိန်ရှိသောကြက်ဥတစ်လုံးလျှင် (၂၆၉) ကျပ်၊ ၆၅ဂရမ်နှင့်အထက် ကြက်ဥတစ်လုံးလျှင် (၂၆၃) ကျပ်၊ ၆၀ဂရမ်နှင့်အထက် ကြက်ဥတစ်လုံးလျှင် (၂၅၃) ကျပ်၊ ၄၅ဂရမ်နှင့်အထက် ကြက်ဥတစ်လုံးလျှင် (၂၄၁) ကျပ်နှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တောင်ငူမြို့တွင် ဓါတ်မြေဩဇာတံဆိပ်အချို့ ဈေးတက်ပြီး အများစုဈေးကျ

    ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့ရှိ ဓါတ်မြေဩဇာဆိုင်များတွင် ယူရီးယားလုံးကြီး ဓါတ်မြေဩဇာများဖြစ်သော မြင်းပျံအမှတ်တံဆိပ်မှာ ၂၀၂၃ခုနှစ်၊ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၈၆၅၀၀ ကျပ် ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် တစ်အိတ်လျှင် ၈၆၀၀၀ ကျပ်၊ CP အမှတ်တံဆိပ် ဓါတ်မြေဩဇာမှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၈၆၅၀၀ ကျပ်ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပြီး MC အမှတ်တံဆိပ် ဓါတ်မြေဩဇာမှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၈၆၅၀၀ ကျပ်ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

     ယူရီးယားလုံးသေး ဓါတ်မြေဩဇာများဖြစ်သော အာမိုအမှတ်တံဆိပ်မှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၈၆၅၀၀ ကျပ်ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် တစ်အိတ်လျှင် ၁၀၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပြီး ဩဘာအမှတ်တံဆိပ်ဓါတ်မြေဩဇာမှာ တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်၊ တီဆူပါ သံကွင်း တရုတ်ဓါတ်မြေဩဇာမှာ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ရွှေကောမတ်(ဩဘာ)ဓါတ်မြေဩဇာ၊ ပိုတက်(ဂျာမနီ)ဓါတ်မြေဩဇာ၊ ကွန်ပေါင်း(အာမို) ဓါတ်မြေဩဇာနှင့် ကွန်ပေါင်း(ဩဘာ)ဓါတ်မြေဩဇာတို့မှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၁၃၇၅၀၀ ကျပ်ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ အာမို ၁၆:၁၆:၈ (တရုတ်) ဓါတ်မြေဩဇာမှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၁၂၆၀၀၀ ကျပ်ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပြီး ကွန်ပေါင်း ၁၅:၁၅:၁၅ (ကောမတ်) ဓါတ်မြေဩဇာမှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၉၉၀၀၀ ကျပ် ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်သွားကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

ပြည်ကြို့သီးဈေးကွက်

    ချဉ်သောအရသာရှိပြီး ဝါကျင့်ကျင့်အရောင်ရှိသည့်ကြို့သီးကို ပြည်ဒေသ၏ အနီးပတ်ဝန်းကျင်ဒေသများဖြစ်သော ပျဉ်ပင်ကိုင်း၊ သဇင်လှ၊ မှော်ဇာ စသည့်နယ်များနှင့်  နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဆင်မြီးဆွဲ၊ ပုတီးကုန်း စသည့်နယ်များမှလည်း ပြည်ဈေးကွက်သို့ ဝင်ရောက်မှုရှိနေပါသည်။ ကြို့သီးကို ကြို့သီးငါးပိချက်၊ ကြို့သီးချဉ်ဟင်းများချက်ပြုတ်စားနိုင်ပြီး သားရေစာအဖြစ် ဆေးသကြား၊ ငရုတ်သီးမှုန့်၊ ငံပြာရည်တို့နှင့်သုပ်စား၍လည်းစားသုံးကြပါသည်။ ကျန်းမာရေးအတွက် အစာကြေ၊ ရင်ချောင်ရန် ကြို့သီးနှင့် သကြား၊ ရေတို့ကိုအချိုးကျထည့်၍ သောက်သုံးကြကြောင်းလည်းသိရပါသည်။ ကြို့သီးကို တချို့အရပ်ဒေသများတွင် လေချူသီး၊ သမင်မျက်လုံး၊ တရုတ်ဆီးသီး၊ နန်းပြားသီး စသည်ဖြင့် အရပ်ဒေသအလိုက် အမည်အမျိုးမျိုးမှည့်ခေါ်ကြကြောင်း သိရပါသည်။

    ကြို့ပင်စိုက်ပျိုးရာတွင် အစေ့ကိုဖြစ်စေ၊ ကိုင်းဖြတ်ကိုဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။ ကြို့သီး ကိုစားသုံးနိုင်၍ အရွက်ကို ကျွဲနွားများအားကျွေးနိုင်ပါသည်။ ကြို့ပင်၏အသားမှာလည်း နီကျင့်ကျင့်အရောင်ရှိ၍ ပျဉ်းတွဲ၊ မာကြော၊ ခိုင်ခံ့လေးလံသောကြောင့် လှည်းဘီးဝင်ရိုးများ၊ ထွန်၊ ထယ်၊ စူး၊ ဆောက်၊ လက်ကိုင်ရိုး၊ ဆီကြိတ်ဆုံ၊ ကြံကြိတ်တလိမ့်တုံး၊ ကျည်ပွေ့များပြုလုပ်ခြင်းအတွက်ကောင်းမွန်ပြီး ပွတ်ခံရန်အတွက်လည်းကောင်းသဖြင့် ရေနံတင်သဗ္ဗာန်တို့၏ကုန်းပတ်ကိုလည်း ကြို့သားဖြင့်ခင်းလေ့ရှိကြောင်း သိရပါသည်။

     ပြည်ဈေးကွက်အတွင်း ကြို့သီးကို အတွဲဖြင့်လည်းကောင်း၊ အပြေကို (၁၀) လုံးမှ (၁၅) အလုံးအထုပ်များထုပ်၍လည်းကောင်း နို့ဆီဘူးဖြင့်ချိန်တွယ်၍လည်းကောင်း ရောင်းချကြပြီး အလုံး (၂၀) ပါ တစ်တွဲလျှင် ကျပ် (၅၀၀)၊ (၁၀) လုံးမှ (၁၅)လုံးအထိပါ တစ်ထုပ်လျှင် ကျပ် (၃၀၀)၊ နို့ဆီးဘူးတစ်ဘူးလျှင် ကျပ် (၃၅၀-၄၅၀) ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ပဲဈေးကွက်

     တောင်ငူမြို့ရှိ မတ်ပဲပွဲရုံများတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် မတ်ပဲ တစ်အိတ်လျှင် ၁၀၉၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

      မတ်လ တတိယပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်မှ ၁၁၁၀၀၀ ကျပ်အထိ ဈေးအနည်းငယ်တက်လာပြီး ဇူလိုင်လကုန်ပိုင်းအထိ ၎င်းဈေးနှုန်းအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ပဲလွန်းဖြူမှာ ဇူလိုင်လပထမပတ်က တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ရှိခဲ့ရာ ဇူလိုင်လ ကုန်ပိုင်းတွင်လည်း ၎င်းဈေးနှုန်းအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ပဲတီစိမ်းမှာ ဇွန်လလယ်ပိုင်းကစ၍ အရောင်းအဝယ်မရှိတော့ကြောင်း တောင်ငူမြို့ရှိ ပဲပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်ကျေးရွာအချို့တွင် ‘ဝဥ’များတပိုင်တနိုင်စိုက်ပျိုးထား

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ‘ဝဥ’ပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြသည်ကို‌ တွေ့ရပါသည်။ ပဲခူးရိုးမတောင်ပေါ်တွင် တွေ့ရှိရသော ‘ဝဥ’ အနီမျိုးများကို အိမ်စားသုံးရန်အတွက် စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ‘ဝဥ’ပင်များတွင် အရိုင်းနှင့် အယဉ်ဟူ၍ နှစ်မျိုးရှိကြောင်း သိရပါသည်။ ‘ဝဥ’အရိုင်းများကို စားသုံးရန် မသင့်ဘဲ ‘ဝဥ’အယဉ်များကိုသာ စားသုံးကြရပါသည်။

    ‘ဝဥ’ကို မိုးဦးကျကာလ ဧပြီလကုန်၊ မေလတွင် စိုက်ပျိုးကြရပါသည်။ စတင်စိုက်ပျိုးချိန်၌ အလေးချိန် ၂၀ ကျပ်သားခန့်ရှိသည့် ဥအား စိုက်ပျိုးထားလျှင် တစ်နှစ်သားခန့်ရှိသည့် အပင်၏ ဥသည်  အလေးချိန် တစ်ပိဿာခန့်ရှိပါသည်။ နိုဝင်ဘာလကုန်တွင် အပင်များကျသွားပါသည်။ ဝဥ ပင်ခြောက်၍ ကျသွားပြီး ၄၅ ရက်ခန့်ရှိလျှင် ဝဥများကို တူးဖော်ရရှိနိုင်ပါသည်။

     ‘ဝဥ’များကို နူးအိလာသည်အထိ ပြုတ်ပြီး ဆုံဖြင့် စီးပိုင်လာအောင်ထောင်း၍ သုပ်စားကြ ပါသည်။ ‘ဝဥ’များ တူးဖော်ချိန်တွင် ကျေးရွာများသို့ ‘ဝဥ’ဝယ်သည့် ပွဲစားများဆင်းဝယ်သည်လည်း ရှိပါသည်။ ကျေးရွာများတွင် တပိုင်တနိုင်စိုက်ပျိုးခြင်းသာရှိပြီး စီးပွားဖြစ် စိုက်ပျိုးထားခြင်းမရှိသဖြင့် ‘ဝဥ’များကို ပဲခူးရိုးမ တောင်ပေါ်တက်၍ ရှာဖွေတူးယူကြပါသည်။

   ပဲခူးရိုးမတောင်ပေါ်မှ ရှာဖွေတူးယူရရှိလာသော ‘ဝဥ’များကို ဥအတိုင်း ကုန်ကြမ်းအနေဖြင့် ရောင်းချကြပါသည်။ ‘ဝဥ’ကုန်ကြမ်း တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရောင်းချ ရပါသည်။ ‘ဝဥ’အခြောက်ခံထားသည့် ကုန်ချောအဖြစ်ရောင်းချလျှင် ဈေးကောင်းရပါသည်။ ကုန်ချောအဖြစ်ရောင်းချမှုမှာ နည်းပါးပါသည်။

   ပြည်ပပို့ကုန်ဈေးကွက်ရှိနေသော ‘ဝဥ’များကို မျိုးကောင်းမျိုးသန့်၊ အရင်းအနှီး၊ နည်းပညာ စသည့် ကူညီပံ့ပိုးမှုများရှိလာပါက စီးပွားဖြစ်စိုက်ပျိုးလိုကြောင်း ခပေါင်းတိန်ကျေးရွာရှိ ‘ဝဥ’ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော တောင်သူကြီး ပြောကြားချက်အရ သိရပါသည်။

 

 

DOCA(ပဲခူး)

ပြည်ဂေါ်ရခါးသီးဈေးကွက်

   ဂေါ်ရခါးပင်သည် အကြမ်းခံသောအပင်မျိုးဖြစ်ပြီး မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်သောအပင်ဖြစ်ပါသည်။ ဂေါ်ရခါးပင်တစ်ပင်တည်းမှာပင် အဖိုပွင့်နှင့် အမပွင့်ဟူ၍ သီးခြားပွင့်ပါသည်။ အဖိုပွင့်သည် အကိုင်းနှင့်အရွက်ကြားမှထွက်ရှိပြီး အမပွင့်သည် အဆစ်ကြားမှထွက်ရှိပါသည်။ အသီးအရွယ်အစားမှာ ပုံသဏ္ဌာန်အမျိုးမျိုးရှိပါသည်။ အသီး၏အရောင်မှာ အစိမ်းဖြူနှင့်အစိမ်းရင့်ရင့်ဟူ၍  အရောင်နှစ်မျိုးရှိပါသည်။ ၎င်းတို့အနက်မှ အစိမ်းသီးကိုပိုမိုစားသုံးကြပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် အစေ့တစ်စေ့သာရှိပြီး အပင်စိုက်ရာတွင် အသီးရင့်ကို အဖျားထက် အနည်းငယ်နှိမ်၍စိုက်ပျိုးရပါသည်။ အလျားလိုက် မြေပေါ်တွင် အစေ့ကို အပေါ်ဘက်တွင်ထား၍ အသီးတစ်ဝက်ဖော်ကာ စိုက်ရပါသည်။ အသီးတွင် အပင်ပေါက်ပေါက်နေစဉ်၌ ရေမလောင်းရပါ။ အပင်ပေါက်များပုပ်သွားမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။

     ဂေါ်ရခါးပင်သည် နွယ်ပင်အမျိုးအစားဖြစ်သည့်အတွက် စင်တင်၍စိုက်ပျိူးကြပါသည်။ ဂေါ် ရခါးပင်၏အပင်တစ်ပင်မှ အသီးပျမ်းမျှမှာ အလုံး (၂၀၀ - ၃၀၀) လုံးခန့်ထွက်ရှိပါသည်။ ဂေါ်ရခါးညွန့်များကို ချက်ပြုတ်စားသောက်ကြသည့်အပြင် အသီးများအား ကြက်ဥ၊ ဘဲဥများနှင့်ရောကြော်၍လည်းစားသောက်ကြပါသည်။ ထို့ပြင် ကြက်သားဖြင့်လည်း ရောနှောချက်ပြုတ်စားသောက်ကြပါသည်။ အရသာမှာ အရည်ရွှမ်းပြီး ချိုလေးသောအရသာရှိပါသည်။ ပြည်ဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထအပတ်၌ ဈေးကွက်အတွင်းဝင်ရောက်သော ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဧည့်မထ(မိုး)ဆန်နှင့် နွေစပါးဈေးအနည်းငယ်တက်

       တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်၊ ဧည့်မထ(နွေ) တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး ဧည့်မထ(မိုး)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၇၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်တက်ပါသည်။      

   မိုးစပါးမှာ တင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး နွေစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တင်း ၁၀၀ လျှင် ၁၇၀၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်ပါသည်။

    ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၈၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၃၀၀၀ ကျပ်၊ ဖွဲနုတစ်အိတ်လျှင် ၂၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မတ်ပဲ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ယခင်အပတ်က ၁၀၇၅၀၀ ကျပ်ရှိရာမှ ယခု အပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ပဲလွန်းဖြူ (၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ပဲတီစိမ်းမှာ ယခုအပတ်တွင်လည်း အရောင်းအဝယ်မရှိကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းအတက်အကျရှိ

      တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ယခင်အပတ်က ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ၊ ကုလားအော်သီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ငရုတ်သီးစိမ်း(ကျောက်စိမ်းသီး)မှာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။ 

     ခရမ်းသီး (အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ၊ ခရမ်းသီး(အညို)မှာ ယခင်အပတ်က တစ်ပိဿာလျှင်  ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။

     ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၉၀၀ ကျပ်ဖြင့်ဈေးနှုန်းတည်ငြိမ်နေပြီး ဂေါ်ဖီမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၆၀၀ ကျပ်မှ ၈၀၀ ကျပ်‌ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ် ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

     ခရမ်းချဉ်သီးမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ် အထိဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပြီး နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်၊ မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်၊ မုန်ညင်းဖြူမှာ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ကန်စွန်းရွက်မှာ တစ်စည်း ၂၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၇၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၂၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၇၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်အချို့ဈေးတက်

       တောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် မြေပဲဆီများမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၇၆၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၇၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်ပါသည်။

       မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၈၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ဈေးတက်ခဲ့ပြီး မြေပဲဆံအနီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၉၂၀၀ ကျပ်အထိ ဈေးတက်ခဲ့ပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၆၀၀ ကျပ်မှ ၈၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်းပြန်လည်ကျဆင်းပါသည်။

      ဂျင်းတက်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ် ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ဈေးနှုန်းပြန်လည် ကျဆင်းပါသည်။ လက်ဖက်နှင့် သုပ်စားသော ဂျင်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၅၆၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိရှိရာမှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။

     ကုလားပဲခြမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၅၈၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာပါသည်။ တို့ဟူးကျိုသည့် ပဲမှုန့်မှာ ၂၅ ကျပ်သားတစ်ထုပ်လျှင် ၁၅၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း