ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နတ်တလင်းမြို့နယ်တွင် ဇူလိုင်လအတွင်း ကြက်ဟင်းခါးသီး အလုံးသေးများလှိုင်လှိုင်ထွက်ရှိ

     မိုးရာသီဖြစ်သော ၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကြက်ဟင်းခါးသီး (အလုံးသေး) များလှိုင်လှိုင်ထွက်ရှိနေပြီး ဇူလိုင်လ၊ တတိယအပတ်တွင် တစ်ပိဿာလျှင် (၅၀၀-၆၀၀) ကျပ်ဈေးနှုန်းဖြင့် ကုန်စိမ်းဒိုင်များကဝယ်ယူနေကြကြောင်း သိရှိရပါသည်။

    ကြက်ဟင်းခါးသီး (အလုံးသေး) ကို ဧပြီလနှင့် မေလများတွင် စတင်စိုက်ပျိုးကြပါသည်။ မျိုးစေ့ရွေးချယ်စိုက်ပျိုးရာတွင် ဒေသမျိုးများထက် အသီးအတွက်နှုန်းကောင်းပြီး တင်ပို့ရာတွင် အထိခိုက်ခံသည့်ထိုင်ဝမ်မျိုးများကိုရွေးချယ်ပြီး ပင်ခြားတန်းခြား ခြောက်ပေပတ်လည်လျှင် နှစ်ပင်နှုန်းဖြင့်ကျင်းတူးကာ စီးပွားဖြစ်စင်တင်၍ စိုက်ပျိုးကြပါသည်။ ကြက်ဟင်းခါးသီး (အလုံးသေး) တစ်ကျင်းစိုက်ပျိုးရန်အတွက် ကုန်ကျစရိတ်အဖြစ် မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး၊  စင်ပြုလုပ်ရန် ကုန်ကျစရိတ်၊ လုပ်အားခအပါအဝင် စုစုပေါင်း ၁၅၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပြီး အထွက်နှုန်းအနေဖြင့် သီးနှံသက်တမ်း ၇၅ရက်မှ ၉၀ရက်အတွင်း တစ်ရက်ခြားခူးဆွတ်ရကာ တစ်ကြိမ်လျှင် ပျှမ်းမျှ (၂၀) ပိဿာနှုန်းထွက်ရှိကြောင်းသိရှိရပါသည်။ သီးနှံစတင်ထွက်ရှိချိန် အထွက်နှုန်းနည်းသည့်ကာလတွင် တစ်ပိဿာလျှင် (၁၃၀၀-၁၅၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခုဇူလိုင်လ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ပေါက်ဈေးမှာ တစ်ပိဿာလျှင် (၅၀၀-၆၀၀) ကျပ်ဈေးသာရှိတော့ကြောင်းသိရှိရပါသည်။ သီးနှံဈေးနှုန်းကျဆင်းသော်လည်း အထွက်နှုန်းတိုးလာသည့်အတွက် တွက်ခြေကိုက်၍ ဝင်ငွေများရရှိနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ခြင်း၊ တောင်း၊ စကောနှင့် စကာအကြောင်းတစေ့တစောင်း

    ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊  ဇီးကုန်းကျေးရွာတွင် ခြင်း၊ တောင်း၊ စကောနှင့် စကာများရက်လုပ်လျက်ရှိပါသည်။ ရွာနေပြည်သူများသည် ခြင်း၊ တောင်း၊ စကောနှင့်စကာများကိုရက်လုပ်ပြီး အသက်ဝမ်းကြောင်းပြုနေသော ရွာတစ်ရွာလည်းဖြစ်ပါသည်။ ထိုအရာများကိုယက်လုပ်ရာတွင် ဝါးကို ကုန်ကြမ်းအဖြစ်အသုံးပြုကြပါသည်။

     ကြက်သောင်းဝါး၊ တင်းဝါးနှင့်ဝါးလတ်ဟူသော ဝါးသုံးမျိုးဖြင့်ရက်လုပ်ရပါသည်။ ထိုးဝါးများကို မြို့ချောင်းမှ ကျောက်တံခါးမြို့နယ်ရှိ ဝါးဆိုင်များသို့တင်သွင်းပြီး ထိုမှတစ်ဆင့် ဝယ်ယူရပါသည်။ ခြင်းကိုပြုလုပ်ရာတွင် ကြက်သောင်းဝါးနှင့် ဝါးလတ်တို့ဖြင့်ရက်လုပ်ရပါသည်။ခြင်းကိုရက်လုပ်ရာတွင် ဝါးကိုနှီးဖြစ်အောင်ဖျာပြီး အစိုရက်၍ အပြားသေးအောင်လုပ်ပြီး တဇောင်းထိုးရပါသည်။ ဝါးအကြီး ၅လုံးလျှင် ခြင်းအလုံး ၂၀လုံးထွက်ပါသည်။

     တောင်းကိုရက်လုပ်ရာတွင် ဝါးကိုနှီးအတည့်ဖျာပြီး နေလှန်း၍ခြောက်လျှင် ရက်လုပ်၍ရပါသည်။ ဝါးအကြီး ၅လုံးလျှင် တောင်းဝိုင်းအလုံး ၂၀လုံးထွက်ပါသည်။ စကောရက်လုပ်ရာတွင် ဝါးကိုနှီးဖြစ်အောင်ဖျာပြီး နေလှန်း၍ ခြောက်လျှင် ရက်လုပ်ရပြီး ဝါးအကြီး ၂လုံးလျှင် စကော ၁၅ချပ်ရပါသည်။ ဇကာကိုရက်လုပ်ရာတွင် ဝါးကိုနှီးဖြစ်အောင်ဖျာပြီး အစိုရက်၍ ဝါးကြီး ၂လုံးလျှင် ဇကာ ၁၅ချပ်ရပါသည်။ တစ်ရက်လျှင် ခြင်း ၁၀လုံး၊ တောင်း ၁၀လုံး၊ စကော ၁၀ချပ်နှင့် စကာ ၂၀ချပ်တို့ကိုရက်လုပ်နိုင်ပါသည်။

     ရောင်းချရာတွင် ခြင်းနှင့်တောင်းတို့ကို အရွယ်အစားအလိုက် (၁) လုံးလျှင် ၁၆၀၀ကျပ်မှ ၂၅၀၀ကျပ်အထိရောင်းချနေပြီး စကော (၁) ချပ်လျှင် ၁၂၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ ရွာမှထွက်သော ခြင်း၊ တောင်း၊ စကောနှင့် စကာတို့ကို ဒေသအတွင်းကျေးရွာမှ မှာယူပြီး ကျောက်တံခါးမြို့နယ်အတွင်း နီးစပ်ရာဒေသများ၊  ဖြူးမြို့နယ်နှင့် ညောင်းလေးပင်မြို့နယ်များတွင်လည်းရောင်းချလျက်ရှိပါသည်။ ခြင်း၊ တောင်း၊  စကောနှင့်စကာများမှာ လက်ရာများသေသပ်ပြီး နှုတ်ခမ်းသားများမှာလည်း ဝါးကိုပါးပါးလေးခွဲ၍ ကွပ်ထားသည့်အတွက် သုံးလေးနှစ်အသုံးခံ၍ ဝယ်ယူသူများမှာ အထူးနှစ်သက်ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၏ ဆီထွက်သီးနှံစိုက်ပျိုးထားရှိမှု

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း မိုးသီးနှံများကို မေလ၊ ဒုတိယအပတ်တွင် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်းသိရှိရပါသည်။ မိုးသီးနှံများထဲတွင် ဆီထွက်သီးနှံများဖြစ်သော မိုးနှမ်း၊ မိုးမြေပဲ၊ မိုးနေကြာများကိုပါ လျာထားစိုက်ဧကပြည့်မီအောင်စိုက်ပျိုးလျက်ရှိ၍ နတ်တလင်းခရိုင်အတွင်း ဆီထွက်သီးနှံများကို လျာထားစိုက်ဧကပေါင်း ၄၆၁၂၈ဧကဖြင့် ယနေ့အထိ မိုးနှမ်းအမျိုးအစားများဖြစ်သော ရိုးစိမ်း၊ စုံတတ်၊ မကွေးဖြူ၊ စိန်ပတ်လည်အမျိုးအစားများကို (၃၀၁၂၇) ဧက၊ မိုးမြေပဲစိုက်ပျိုးရာတွင် ဆင်းပဒေသာ (၁၁)၊ မကွေး (၁၂)၊ ဗီယက်နမ် စသည့်အမျိုးအစားများကို (၁၆၅၆၄) ဧကနှင့်ဆင်းရွှေကြာ (၂) အမျိုးအစားဖြစ်သော မိုးနေကြာမျိုးများကို (၅၅) ဧက၊ စုစုပေါင်း (၄၆၇၄၆) ဧကစိုက်ပျိုးထားရှိပြီးကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပုတီးကုန်းရွှေဖရုံသီးများ ဈေးကောင်းရ

     ပဲခူးတိုင်းဒေသကြီး၊  နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းနယ်မြေပတ်ဝန်းကျင်ရှိ ဒေသများတွင် မိုးဦးကာလ၌ စိုက်ပျိုးကြသောရွှေဖရုံသီးများလှိုင်လှိုင်ထွက်ရှိနေပါသည်။ ပုတီးကုန်းနယ်မြေအတွင်း ကျေးရွာအုပ်စု (၆) အုပ်စု၊ ကျေးရွာပေါင်း (၂၀) တို့၏ အားထားစိုက်ပျိုးသောသီးနှံဖြစ်ပါသည်။ ရာသီချိန်သီးနှံဖြစ်သောကြောင့် ဒေသတွင်းစားသုံးမှုသာမက အခြားဒေသများသို့လည်းတင်ပို့ရောင်းချလျက်ရှိရာ ရွှေဖရုံသီးအကြီးတစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အလတ်တစ်လုံးလျှင် (၂၇၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၁၃၀၀) ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိပါသည်။

     ရွှေဖရုံသီးများအား စံတော်ဦးကားများဖြင့် နေ့စဉ် ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ သယ်ယူပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်နေကြကြောင်းနှင့် ရွှေဖရုံစိုက်ပျိုးသောတောင်သူများနှင့် ကုန်စိမ်းဒိုင်များမှာ အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၇.၈.၂၀၂၃ )

၇.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

(၇-၈-၂၀၂၃) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

(၇-၈-၂၀၂၃) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစုထားမှုကို လေ့လာရှုနိုင်ပါသည် -

  (၇-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

  (၇-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုထားရှိမှုကို လေ့လာကြည့်ရှုနိုင်ပါသည် -

အမြင့်ဈေးဖြင့် အရောင်းအဝယ်သွက်နေသည့် စိမ်းသရဖူစိမ်း (မိုးပဲတီစိမ်း)

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ဈေးကွက်အတွင်းသို့ ၂၀၂၃ခုနှစ် ဇူလိုင်လ(ဒုတိယပတ်)တွင် မိုးပဲတီစိမ်းအသစ်များ စတင်ဝင်ရောက်လာကာ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၃၅၀၀မှ ၅၅၀၀၀)ဖြင့် ဈေးကွက် စတင်ဖွင့်လှစ်ပြီး တရုတ်မှ အဝယ်သွက်လျက်ရှိသည့်အတွက်  မန္တလေးဈေးကွက်မှ အမြင့်ဈေးပေး၍ ဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။

      ရန်ကုန်၊ မန္တလေးဝယ်လက်များမှ (တတိယပတ်)အတွင်း ပစ္စည်းအရည်အသွေး ကောင်း၊ သင့်၊ ညံ့အပေါ်မူတည်၍ ဝယ်ယူခဲ့ကြရာ ကျပ်(၅၅၀၀၀မှ ၅၇၀၀၀-၅၉၀၀၀-၆၂၅၀၀)ထိ တရိပ်ရိပ် တက်လာပြီး ဝယ်လက်များမှ ဝယ်ယူခဲ့ကြပါသည်။ နေ့စဉ်ပျမ်းမျှ(၁)တင်းခွဲအိတ် အိတ်ရေ(၁၀၀၀)ခန့် မှ (၃၀၀၀)ခန့် အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇူလိုင်လ (၂၆/၂၇)ရက်နေ့တို့တွင် ဈေးပြန်လည် အေးကာ ကျပ်(၆၂၅၀၀မှ ၆၀၀၀၀)အထိ ဝယ်လက်များမှဈေးချ၍ ဝယ်ယူကြသော်လည်း အရောင်း ပွဲစား/ တောင်သူများမှကျဈေးအပေါ် ငွေလိုအပ်သလောက်သာရောင်းချ၍ ဈေးကွက်ပြန်လည် ဦးမော့လာမည့်အချိန်ထိ စောင့်ဆိုင်းရောင်းချနေကြကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှု လိုအပ်ချက်ရှိနေကာ နေသာချိန်များ၍ ပဲတီစိမ်းစိုက်တောင်သူအများစု ပဲအထွက်နှုန်းကျဆင်း နိုင်ဖွယ်ရှိကြောင်း ကျေးရွာတောင်သူများထံမှ သိရှိရပါသည်။ ယခု ၂၀၂၃ခုနှစ်တွင် ပဲတီစိမ်း စိုက်ဧက (၅၉၂၁၁)လျာထားဧကပေါ်တွင် (၄၆၈၁၉)ဧက စိုက်ပျိုးပြီးစီးကြောင်းလည်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအား ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပါသည်။ ရှေးယခင်ကတည်းက သီးနှံစိုက်ပျိုးရာတွင် သဘာဝမြေဩဇာတစ်မျိုးဖြစ်သည့် နွားချေးကို အသုံးပြုစိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။

    ကန့်ဘလူမြို့နယ်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ( ၁၆ )ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၉၁၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင်(၇၁၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၁၅၀၀)ကျပ်၊ ကွန် ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၁၇၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၁၈၀၀၀) နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၀၅၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၃၀၀၀)ကျပ်၊ ဒီမင်း (၁)လီတာ တစ်ဘူးလျှင် (၂၀၅၀၀) ၊ အမ်မို (၁)လီတာ တစ်ဘူးလျှင် (၂၁၀၀၀)ကျပ် ဖြင့်ရောင်းချလျှက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

         

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ် ဇူလိုင်လ စတုတ္ထအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၅၀၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၅၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၈၆၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၈၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၉၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၁၀၀) ကျပ်မှ (၂၃၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၂၀၀၀) ကျပ်မှ  (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း  တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ဇူလိုင်လ စတုတ္ထအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၇၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၀၀)  ကျပ်ဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၉၀၀) ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊  ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေဈေး ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း