ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာ၏ တစ်နိုင်တစ်ပိုင်မီးသွေးလုပ်ငန်း

   တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် မီးသွေးလုပ်ငန်းကိုလုပ်ကိုင်ကြပါသည်။ မီးသွေးပြုလုပ်ရာတွင် ပျဉ်းကတိုး၊ အင်၊ ရေမနေ၊ ပိတောက် စသည့်သစ်များဖြင့်လုပ်ကိုင်ကြသော်လည်း စပါးကြွယ်ကျေးရွာရှိ မီးသွေးလုပ်ငန်းလုပ်သူများသည် မိမိတို့၏ လက်တစ်ကမ်းတွင်ရှိသည့်မန်ကျည်းပင်ဖြင့် လွယ်ကူစွာပြုလုပ်ကြပါသည်။

  လူတို့နေ့စဉ် စားဝတ်နေရေးအတွက် ချက်ပြုတ်စားသောက်ရာတွင် ခေတ်မီတိုးတက်သောကာလ၌ လွယ်ကူလျင်မြန်စေရန် လျှပ်စစ်ဓာတ်အားကိုအသုံးပြုကြသော်လည်း ရာသီဥတုဖောက်ပြန်၍ လျှပ်စစ်ဓာတ်အားမရရှိသည့်အခါ ထင်းနှင့်မီးသွေးကိုအသုံးပြုရပါသည်။

   ပွင့်လင်းရာသီတွင် မီးသွေးပြုလုပ်ရန်အဆင်ပြေသော်လည်း မိုးရာသီတွင် လမ်းမြင့်၊ ကုန်းခြောက်သည့်နေရာများ၌ ပြုလုပ်ရသဖြင့် အခက်အခဲရှိပါသည်။ ထို့ကြောင့် မီးသွေးမှာ မိုးတွင်းကာလတွင် ပွင့်လင်းရာသီထက် ဈေးအနည်းငယ်မြင့်ပါသည်။

     ပွင့်လင်းရာသီတွင် မီးသွေးတစ်အိတ်လျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိရှိသော်လည်း မိုးရာသီတွင် မီးသွေးတစ်အိတ်လျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်တို့အထိရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စုအတွင်း နှမ်းခင်းများအောင်မြင်ဖြစ်ထွန်း

  ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ (၂၀၂၃-၂၀၂၄) ဆီထွက်သီးနှံစိုက်ပျိုးမှုစာရင်းတွင် မိုးနှမ်း ၃၇၈၉ဧကစိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအ‌ရသိရှိရပါသည်။ ဆီထွက်သီးနှံများဖြစ်သည့် မိုးမြေပဲနှင့်မိုးနှမ်းများကို စစ်တောင်းမြစ်ကမ်းရှိ သဲနုန်းမြေများ၊ အရှေ့ ရိုးမတောင်ခြေရှိ ကျေးရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။

     ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၈ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ကမ်းနီကျေးရွာအုပ်စုအတွင်းရှိ ကမ်းနီ၊ ကရင်နီကုန်း၊ ညောင်စခန်း၊ လက်ပံတံခါး၊ ကျွန်းကြီး၊ သက်ကယ်ကျင်း၊ ဂုံမင်းအိုင်နှင့် ပိန္နဲပင်ကျေးရွာများရှိ မိုးနှမ်းစိုက်ခင်းများသို့ သွားရောက်လေ့လာခဲ့ရာ အောင်မြင်ဖြစ်ထွန်းနေကြောင်းကိုတွေ့ရပါသည်။

    နှမ်းစိုက်ပျိုးချိန်တွင် နှမ်းမျိုးတစ်ပြည်လျှင် ၈၀၀၀ကျပ်ဖြင့်ဝယ်ယူရပါသည်။ နှမ်းတစ်ဧကစိုက်ပျိုးရန် နှမ်းမျိုးစေ့နှစ်ပြည်လိုအပ်ပါသည်။ စစ်တောင်းမြစ်ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက နှမ်းခင်းများသို့ရေဝင်ရောက်နိုင်သည့်အတွက် စစ်တောင်းမြစ်ကမ်းရှိ နှမ်းခင်းများပျက်စီးနိုင်ပါသည်။ စစ်တောင်းမြစ်ရေပုံမှန်အတိုင်းရှိပါက ဇူလိုင်လကုန်တွင် နှမ်းခင်းများရိတ်သိမ်းနိုင်မည်ဖြစ်ပါသည်။

  နှမ်းများရိတ်သိမ်းသည့်အချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းပါက နှမ်းများပုပ်သွားတတ်ပါသည်။ နေရောင်ခြည်အပူချိန်ပုံမှန်ရရှိပါက နှမ်းခါသည့်အခါ နှမ်းထွက်ပါသည်။ နှမ်းတစ်ဧကလျှင် ၈တင်းမှ ၁၂တင်းအထိထွက်ရှိပါသည်။ နှမ်းတစ်တင်းဆီကြိတ်လျှင် ဆီ ၆ပိဿာခန့်ထွက်ရှိပါသည်။ ထွက်ရှိလာသောနှမ်းများကို မိသားစုစားဆီအဖြစ် ကြိတ်ထားကြပါသည်။ နှမ်းဖတ်များကို တိရစ္ဆာန်စာအဖြစ် အသုံးပြုကြပါသည်။ တချို့တောင်သူများမှာ မြေဩဇာရရှိစေရန် နှမ်းရိုးများကို လယ်ကွင်းထဲတွင်ချထားပါသည်။ မီးရှို့ပစ်သည့်သူများလည်းရှိပါသည်။

  ယခုအချိန်တွင် နှမ်းဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်နှင့်၊ နှမ်းဖတ်တစ်ပိဿာလျှင် ၃၅၀၀ကျပ်တို့ရှိပါသည်။ မိုးကြီးခြင်း၊ စစ်တောင်းမြစ်ရေလျှံခြင်းများမဖြစ်လျှင် နှမ်းစိုက်တောင်သူများမှာ စားသုံးဆီဖူလုံမည်ဖြစ်ကြောင်း၊ နှမ်းကိုဆီကြိတ်ခြင်းမရှိဘဲ တိုက်ရိုက်ရောင်းချသူများလည်း အပိုဝင်ငွေရရှိမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာ၏ စင်းနှီတုံးလုပ်ငန်း

  တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် သစ်သားစင်းနှီတုံးများကိုလုပ်ကိုင်ကြပါသည်။ သစ်သားစင်းနှီတုံးကို မန်ကျည်းသားဖြင့်ပြုလုပ်ရပါသည်။ မန်ကျည်းသားသည် အလွန်မာကြောပြီး တာရှည်ခံသောကြောင့် ဆန်ဖွတ်ရန်ကျည်ပွေ့များ၊ ဆီဆုံနှင့်ကြိတ်စက်များ၊ ထယ်များ၊ စူးများ၊ ဆောက်ရိုးများပြုလုပ်ရာတွင် ပိုမိုအသုံးဝင်သည့်အပြင် မီးဖိုချောင်သုံးပစ္စည်းဖြစ်သော စင်းနှီတုံးများပြုလုပ်ရာတွင်လည်းအသုံးပြုဝင်သည်။

   စင်းနှီတုံးပြုလုပ်ရန်အတွက် မန်ကျည်းပင်တစ်ပင်လျှင် ၇၀၀၀၀ကျပ်မှ ၈၀၀၀၀ကျပ်အထိပေးဝယ်ရပါသည်။ လုပ်သား ၃ဦးဖြင့် အချိန် ၃ရက်ခန့်လုပ်ကိုင်ရပါသည်။ မန်ကျည်းပင်တစ်ပင်လျှင် ပုံမှန်အားဖြင့် စင်းနှီတုံးအတုံး ၁၀၀မှ ၁၅၀အထိထွက်ပါသည်။ ဈေးကွက်တွင် စင်းနှီတုံးများကို အသေး/အကြီးပေါ်မူတည်၍ ၇၀၀ကျပ်မှ ၅၀၀၀ကျပ်အထိတို့ဖြင့် ရောင်းရပါသည်။

     စင်းနှီတုံးပြုလုပ်ရာတွင် ပထမဦးစွာ မန်ကျည်းပင်ကို လိုအပ်သည့်အထူအတိုင်း လွှဖြင့်အပိုင်းပိုင်းဖြတ်ပြီး မျက်နှာပြင်ကိုအချောကိုင်ရပါသည်။ ယခုအခါ ခေတ်မီစက်ပစ္စည်းများတိုးတက်လာသောကြောင့် စက်များဖြင့် အလွယ်တကူလှီးဖြတ်၍ အချောကိုင်ကြသဖြင့် အချိန်ကုန်သက်သာ ပါသည်။ သစ်သားစင်းနှီတုံးကို အမြို့မြို့အနယ်နယ်သို့ တင်ပို့ရောင်းချရကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်၊ ခပေါင်းတိန်ကျေးရွာရှိ တောင်သူများအနေဖြင့် ဂျပန်သို့တင်ပို့မည့်ရုံးပတီသီးများကို Nilar Forzen Foods Co.,Ltd (NFF) နှင့် အကျိုးတူစိုက်ပျိုး

  တောင်ငူမြို့နယ်၊ ခပေါင်းတိန်ကျေးရွာသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ အရှေ့ ဘက်၊ ဇီးပင်သာရဲစခန်းနှင့် တစ်မိုင်ခန့်အကွာတွင်ရှိပါသည်။ အိမ်ခြေ ၁၆၅အိမ်၊ လူဦးရေကျား/မပေါင်း ၆၄၁ဦးတို့နေထိုင်ကြပါသည်။ ပဲခူးရိုးမတောင်ပေါ်တွင် ချောင်းဖျားခံစီးဆင်းလာသော ခပေါင်းချောင်းဘေးတွင်တည်ရှိပါသည်။ ပဲခူးရိုးမတောင်ပေါ်တွင် ခပေါင်းဆည်ကြီးရှိသဖြင့် ခပေါင်းချောင်းသည် စိုက်ပျိုးရေးအတွက် ရေကိုဖူလုံစွာရရှိပါသည်။

    ပေါင်းလောင်းတိန်ကျေးရွာရှိ မြေအမျိုးအစားမှာ နုန်းမြေ၊ သဲနုန်းမြေများဖြစ်သဖြင့် ၎င်းမြေအမျိုးအစားနှင့်ကိုက်ညီသည့် သီးနှံခင်းများ၊ ဥယျာဉ်သီးပင်များမှာ ဖြစ်ထွန်းလျက်ရှိပါသည်။ ခပေါင်းချောင်းအတွင်း စီးဆင်းလာသောရေကိုအသုံးပြု၍ ငှက်ပျောပင်၊ သင်္ဘောပင်၊ သံပရာပင်၊ ဘူးပင်၊ ဖရုံပင်များစိုက်ပျိုးရာ ဖြစ်ထွန်းလျက်ရှိပါသည်။

 ယခုအခါတွင် ခပေါင်းတိန်ကျေးရွာရှိ တောင်သူများမှာ ဂျပန်နိုင်ငံသို့တင်ပို့မည့် ရုံးပတီသီးများကိုစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ Nilar Forzen Foods Co.,Ltd (NFF) သည် ခပေါင်းတိန်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်သောတောင်သူများနှင့် အကျိုးတူပူးပေါင်းစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ တောင်သူများစိုက်ပျိုးမည့် ရုံးပတီမျိုးစေ့နှင့်သွင်းအားစုများကို အကြွေးစနစ်ဖြင့်ထုတ်ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးနည်းများကိုလည်း သင် ကြားပေးသွားမည်ဟုသိရပါသည်။

 ရုံးပတီစိုက်တောင်သူများအတွက် လိုအပ်သည်များကိုကူညီပေးနိုင်ရန်အတွက် စိုက်ပျိုးရေးပညာရှင်နှစ်ဦးကိုလည်း ကျေးရွာတွင်ထားရှိမည်ဟုသိရပါသည်။ စိုက်ပျိုးရန်အတွက် ထုတ်ပေးထားသောမျိုးစေ့ဖိုးနှင့် သွင်းအားစုဖိုးများကို သီးနှံပေါ်ချိန်တွင် အရစ်ကျခုနှိမ်သွားမည်ဖြစ်ပါသည်။ NFFကုမ္ပဏီက သတ်မှတ်ချက်နှင့်ကိုက်ညီသည့် 6-9 cm Size ရုံးပတီသီးများကို တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့်လည်းကောင်း၊ 9-13 cm Size ရုံးပတီသီးများကို တစ်ပိဿာလျှင် ၇၀၀ကျပ်ဖြင့်လည်းကောင်း စာချုပ်ချုပ်ဆို၍ ဝယ်ယူသွားမည်ဖြစ်ပါသည်။

   Nilar Forzen Foods Co.,Ltd (NFF) သည် ခပေါင်းတိန်ကျေးရွာတွင် ဧက ၆၀ခန့်စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသွားမည်ဖြစ်ပါသည်။ ယခုလက်ရှိတွင် တောင်သူ (၂၄) ဦးမှာ (၁၆.၇၅) ဧကစိုက်ပျိုးနေပြီဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

                            

ဈေးနှုန်းမြှင့်တက်လျက်ရှိသောကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ)နှင့်(ကြူကုတ်စ)

      ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူကို ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ပင်လောင်း၊ဟိုပုံးမြို့နယ်များမှ အဓိကမှာယူ တင်သွင်းစားသုံး ကြပါသည်။ ယခင်ဇွန်လ ဒုတိယပတ်အတွင်း ကယားပြည်နယ်တွင် ဖြစ်ပေါ် နေသော ကြက်သွန်ဖြူ (ရှမ်းစ/ဒေသစ) ဈေးနှုန်းမှာ (၄၅၀၀) ကျပ်နှင့် ကြက်သွန်ဖြူ (ကြူကုတ်စ) ဈေးနှုန်းမှာ(၅၂၀၀)ကျပ် ဖြစ်ပြီး ယခု ဇူလိုင်လ ဒုတိယပတ်အတွင်း ကြက်သွန်ဖြူ (ရှမ်းစ/ဒေသစ) ဈေးနှုန်းမှာ (၈၀၀၀)ကျပ် နှင့် ကြက်သွန်ဖြူ (ကြူကုတ်စ)ဈေးနှုန်းမှာ (၇၂၀၀) ကျပ်အထိ မြင့်တက်လာခဲ့ပါသည်။ ယခင် ဇွန်လ ဒုတိယအပတ်နှင့် ယခု ဇူလိုင်လ ဒုတိယအပတ် ဈေးနှုန်း များကို နှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်ဖြူ (ရှမ်းစ/ဒေသစ) ဈေးနှုန်းမှာ (၃၅၀၀) ကျပ်နှင့် ကြက်သွန်ဖြူ (ကြူကုတ်စ) ဈေးနှုန်းမှာ (၂၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသအတွင်းစိုက်ပျိုး ထုတ်လုပ်မှုနည်းပါး၍ သယ်ယူစရိတ်များ မြင့်တက်ခြင်းကြောင့်ဖြစ်သည်ဟု သီရိမင်္ဂလာဈေးအတွင်းရှိ ကြက်သွန်ဖြူ/နီ လက်လီ၊လက်ကား ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့ရှိ ဈေးကွက်သို့ အရောင်းသွက်နေသော ရာသီစာနာနတ်သီး

  ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(ပထမပတ်)အတွင်း ရာသီစာနာနတ်သီးများ ရောင်းအားကောင်းလျက်ရှိပါသည်။ နာနတ်သီးသည် အရည်ရွှမ်း၊ အနံ့မွှေး၍ အရသာကောင်းမွန်သည့်အပြင် ဗီတာမင်နှင့်သတ္တုဓာတ် များစွာကြွယ်ဝသဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ နာနတ်သီးတွင် အဓိကပါဝင်သော အာဟာရဓာတ်များမှာ ကာဗိုဟိုက်ဒြိတ်၊ ဗီတာမင်၊ သတ္တုဓာတ်နှင့်အင်ဇိုင်း ဓာတ်များပါဝင်ပြီး အဆိုပါ အာဟာရဓာတ်များသည် ပင်ပန်းနွမ်းနယ်မှုများကို လျော့နည်းစေခြင်း၊ အရိုးကျန်းမာရေးကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအားမြင့်မားစေခြင်း၊ ရောင်ရမ်းမှုနှင့် နာကျင်မှုများကို သက်သာစေခြင်း၊ စွမ်းအင်ထုတ်လုပ်ပေးခြင်း၊ အစာချေစနစ်ကောင်းစေခြင်း၊ သွေးလည်ပတ် မှုကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း စသည့်အကျိုးအာနိသင်များရရှိစေသည်။ နာနတ်သီးကို သဘာဝအတိုင်းအမှည့်စားသုံးခြင်း၊ ဖျော်ရည်ပြုလုပ်ခြင်း၊ ယိုထိုးခြင်း၊ သစ်သီးခြောက်ပြုလုပ်ခြင်း စသည်တို့ပြုလုပ်စားသုံးနိုင်သည်။ ဈေးကွက်တွင်အရောင်း သွက်လျက်ရှိသော ရာသီစာနာနတ်သီးသည် အလုံးကြီးတစ်လုံးသည် (၁၀၀၀) ကျပ်၊ အလုံးလတ် တစ်လုံး (၈၀၀)ကျပ်နှင့် အလုံးငယ်တစ်လုံး  (၅၀၀)ကျပ် ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဆိုက်ခေါင်ကျေးရွာတို့မှ အများဆုံးတင်သွင်းရောင်းချလျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေးမှိုဈေးနှုန်းများ

    ကယားပြည်နယ်ဈေးကွက်အတွင်း ရောင်းချလက်ရှိသည့် စိုက်ပျိုးရေးမှိုများဖြစ်သော ငွေနှင်းမှို၊ ကောက်ရိုးမှုနှင့် အပ်မှိုတို့သည် အိမ်ရှင်မတိုင်းအတွက် အရသာရှိသော ဟင်းတစ်ခွက် ဖြစ်စေပါသည်။ အရသာရှိသည့်အပြင် ကျန်းမာရေးနှင့်လည်း ညီညွတ်လှပါသည်။ သဘာဝမှိုများသည် အဆိပ်ရှိတက်ပြီး စိုက်ပျိုးရေးမှိုများသည် အဆိပ်ကင်းပါသည်။ အစာလည်း ဆေး၊ ဆေးလည်းအစာဆိုသလို အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

    ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးမှိုဈေးနှုန်းများမှာ ငွေနှင်းမှို တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ကောက်ရိုးမှို တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်နှင့် အပ်မှို တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ မှိုရောင်းချသူ တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ရာသီစာ ဒူးရင်းသီးဈေးကွက်

  ပြည်သီသစ်ဝလံဈေးကွက်တွင် အသီးမျိုးစုံရောင်းချလျက်ရှိရာ ဒူးရင်းသီး၊ နာနတ်သီး၊ မင်းကွတ်သီးများကို ဈေးကွက်အတွင်း ရောင်းချမှုများပြားကြသကဲ့သို့ ဝယ်ယူစားသုံးသူများကလည်း ရာသီစာသီးနှံများကို ဝယ်ယူစားသုံးမှုများကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ယိုးဒယားဒူးရင်းသီးသီးထက် ဈေးသင့်သောဗမာသီးများမှာ ပိုမိုရောင်းချရပါသည်။ ဗမာသီးတစ်လုံးလျှင် (၃၀၀၀) ကျပ်မှစတင်၍ (၅၀၀၀) ကျပ်၊ (၇၀၀၀) ကျပ်၊ (၈၀၀၀) ကျပ်တို့အထိ အရွယ်အစားလိုက်၍ ဈေးကွာခြားခဲ့သော်လည်း ဝယ်ယူစားသုံးသူများအနေဖြင့် ဈေးသင့်သောဗမာသီးများကို ပိုမိုစားသုံးကြကြောင်းသိရပါသည်။ ဒူးရင်းသီးအပြင် ဒူးရင်းယိုကိုမူ တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်မှ (၃၃၀၀၀) ကျပ်ဈေးနှုးတို့ဖြင့်ရောင်းချကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်ရှိ မေလနှင့် ဇွန်လတို့၏ ဈေးကွက်အခြေအနေနှိုင်းယှဉ်ချက်

 ပြည်ကုန်စည်ဒိုင်ရှိ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲ၊ ကုလားပဲတို့၏ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် အရောင်းအဝယ်ဖြစ်မှုတို့ကိုလေ့လာသိရှိရပါသည်။

မတ်ပဲ

   ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ မေလ၊ ပထမအပတ်တွင် မတ်ပဲတစ်တင်းလျှင် (၇၀၀၀၀-၇၁၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပါသည်။ ဒုတိယအပတ်တွင် မတ်ပဲဈေးတက်လာပြီး (၇၂၀၀၀-၇၃၀၀၀-၇၃၅၀၀) ကျပ်တို့ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၁၅၀/၂၀၀) ခန့် အဝယ်ရှိခဲ့ပါသည်။ မေလ၊ တတိယအပတ်တွင် (၇၂၀၀၀-၇၃၀၀၀) ကျပ်တို့ဖြင့်ဈေးအေးနေခဲ့ပြီး မေလ၊ စတုတ္ထအပတ်တွင် မတ်ပဲတစ်တင်းလျှင် (၇၆၀၀၀-၇၆၅၀၀) ကျပ်တို့ဖြင့်ဈေးမြင့်လာခဲ့ပါသည်။ ဇွန်လ၊ ပထမအပတ်တွင် မတ်ပဲတစ်တင်းလျှင် (၇၆၅၀၀-၇၇၀၀၀) ကျပ်၊ ဒုတိယအပတ်တွင် (၈၀၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် မတ်ပဲဈေးနှုန်းပြန်ကျခဲ့ပြီး ပဲတစ်တင်းလျှင် (၇၇၅၀၀-၇၈၀၀၀) ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇွန်လ၊ စတုတ္ထအပတ်တွင် မတ်ပဲဈေးမှာ (၇၄၀၀၀) ကျပ်အထိဈေးကျလာပြီး ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

          မေလ၊ ပထမအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၇၅၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၇၆၀၀၀-၇၆၅၀၀) ကျပ်တို့ဖြင့် မြို့တွင်းခွဲစက်သမားများ အဝယ်ရှိခဲ့ပါသည်။ မေလ၊ ဒုတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၇၆၅၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၇၇၅၀၀) ကျပ်၊ တတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၇၉၀၀၀-၈၀၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၈၀၀၀၀-၈၀၅၀၀) ကျပ်၊ စတုတ္ထအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းခွဲစက်သမားနှင့် တစ်ခါတစ်ရံတွင် ရန်ကုန်အဝယ်ရှိပါသည်။ ဇွန်လ၊ ပထမအပတ်တွင် ကုလားပဲဟော်လန်တစ်တင်းလျှင် (၉၁၀၀၀-၉၂၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၁၀၀၀-၉၂၀၀၀) ကျပ်တို့ဖြင့် ခွဲစက်သမားများ မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ ဒုတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၉၂၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၂၀၀၀) ကျပ်၊ တတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၉၂၀၀၀-၉၃၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၂၀၀၀-၉၃၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ စတုတ္ထအပတ်တွင် ကုလားပဲ (HL) နှင့် မြကြေးမှုံတစ်တင်းလျှင် (၈၉၀၀၀-၉၀၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းနှင့် နယ်စုံသို့ တင်ပို့မှုရှိပြီး တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မေလနှင့် ဇွန်လတို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲနှင့် ကုလားပဲသီးနှံဈေးနှုန်းဈေးကွက်များမှာ ဇွန်လတွင် ဈေးနှုန်းပိုမိုကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ဇွန်လတွင် ပိုမိုကောင်းမွန်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

                            

ပြည်သရက်သီးဈေးကွက်တွင် စိန်တလုံးသရက်သီးနှင့် ဒေသထွက် မန္တလေးရင်ကွဲသရက်သီးမှည့်များအရောင်းအဝယ်ဖြစ်နေ

   ပြည်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံဈေးကွက်တွင် ပြည်ဒေသထွက် မန္တလေးရင်ကွဲသရက်သီးနှင့် စိန်တလုံးသရက်သီးများမှာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းတွင် ရောင်းချမှုရှိခဲ့ကြပါသည်။ မေလနှင့် ဇွန်လများအတွင်း စိန်တလုံးနှင့် မြကျောက်သရက်သီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်၍ ရောင်းချခဲ့ကြသော်လည်း ယခုရာသီအချိန်တွင်မူ မြကျောက်သရက်သီးများတုန်းသွားသဖြင့် စိန်တလုံးနှင့် မန္တလေးရင်ကွဲသရက်သီးလက်ကျန်လေးများဖြင့် ရောင်းချနေခဲ့ကြရာ မန္တလေးရင်ကွဲသရက်သီးမှာ တစ်လုံးလျှင် (၁၀၀) ကျပ် မှ (၁၅၀/၂၀၀) ကျပ်အထိ အရွယ်အစားလိုက်၍ ရောင်းချမှုရှိသကဲ့သို့ စိန်တလုံးသရက်သီးတစ်လုံးလျှင် (၃၀၀) ကျပ်မှ (၄၀၀/၅၀၀) ကျပ်အထိရောင်းချမှုရှိခဲ့ကြပါသည်။ စိန်တလုံးသရက်သီးမှာ ပေါ်စရာသီအချိန်တွင် တစ်လုံးလျှင် (၈၀၀/၉၀၀) ကျပ်အထိဈေးကောင်းရရှိခဲ့ပြီး မြကျောက်သရက်သီးမှာ ပေါ်စရာသီအချိန်တွင် တစ်လုံးလျှင် (၇၀၀/၈၀၀) ကျပ်တို့ဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

                  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း