ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကုန်စိမ်းဈေးနှုန်းအနည်းငယ်မြင့်တက်လာသောကြောင့် စိုက်ပျိုးသူဒေသခံများဝင်ငွေရရှိနေ

  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးရာသီပေါ်ဒေသထွက် ဟင်းသီးဟင်းရွက်များဖြစ်ကြသော ရွှေဖရုံသီး၊ ပဲတောင့်ရှည်၊ ရုံးပတီသီး၊ သခွားသီး၊ ကြက်ဟင်းခါး သီး(အကြီး)၊ ကြက်ဟင်းခါးသီး(အသေး)နှင့် ခဝဲသီးများထွက်ရှိလျက်ရှိရာ ကုန်စိမ်းဒိုင်များတွင် စိုက်ပျိုးသူတောင်သူများလာရောက်ရောင်းချခြင်းဖြင့် ဝင်ငွေများရရှိနေပါသည်။

     သဲကုန်းမြို့နယ်သည် ဟင်းသီးဟင်းရွက်အများဆုံးစိုက်ပျိုးသောမြို့နယ်ဖြစ်ပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ စတုတ္ထအပတ်အတွင်း သဲကုန်းမြို့နယ်၊ ပုတီကုန်းမြို့၊ “စိမ်းရောင်စို” ကုန်စိမ်းဒိုင်နှင့် အခြားမြို့နယ်ရှိ ကုန်စိမ်းဒိုင်များတွင် ရွှေဖရုံသီးတစ်လုံးလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ ပဲတောင်ရှည်တစ်တောင့်လျှင် (၇၀-၁၀၀) ကျပ်၊ ရုံးပတီအတောင့်တစ်ရာလျှင် (၁၀၀၀) ကျပ်၊ သခွားသီးတစ်လုံးလျှင် (၈၀-၁၀၀) ကျပ်၊ ကြက်ဟင်းခါးသီး(အကြီး)တစ်လုံးလျှင် (၇၀-၈၀) ကျပ်၊ ကြက်ဟင်းခါးသီး(အသေး)တစ်လုံးလျှင် (၇၀၀-၈၀၀) ကျပ်၊ ခဝဲသီးတစ်တောင့်လျှင် (၄၀၀) ကျပ်နှုန်းပေါက်ဈေးရှိသဖြင့် ဟင်းသီးဟင်းရွက်စိုက်တောင်သူများ ဝင်ငွေများရရှိနေသကဲ့သို့ ကုန်သည်များအနေဖြင့်လည်း ကုန်များကိုဝယ်ယူပြီး ပြန်လည်ထုပ်ပိုးကာ ရန်ကုန်မြို့သို့တစ်ဆင့် ပြန်လည်တင်ပို့ရောင်းချခြင်းတို့ကြောင့် အကျိုးအမြတ်များရရှိနေကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေစကြိုမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊ မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများဖြစ်သည့် ညောင်တောနှင့် ကူတုတ်ရွာတို့မှ သီးနှံအများဆုံးဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ ဇွန်လ၊ စတုတ္ထအပတ်တွင် ရေစကြိုမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (အင်းသီး) (၁) ပိဿာလျှင် ကျပ် (၂၃၀၀)မှ ကျပ် (၂၅၀၀)၊ ခရမ်းသီး (၁) ပိဿာလျှင် ကျပ် (၂၃၀၀) မှ ကျပ် (၂၅၀၀)၊ အာလူး (၁) ပိဿာလျှင် ကျပ် (၃၃၀၀) မှ ကျပ် (၃၅၀၀)၊ မျှစ် (၁) ပိဿာလျှင် ကျပ် (၂၆၀၀) မှ ကျပ် (၂၈၀၀)၊ ပဲသီးရှည် (၁) ပိဿာလျှင် ကျပ် (၂၃၀၀) မှ ကျပ် (၂၅၀၀)၊ ကင်းမွန်သီး (၁) ပိဿာလျှင် ကျပ် (၂၃၀၀) မှ ကျပ် (၂၅၀၀)၊ ငရုတ်သီးစိမ်း (၁) ပိဿာလျှင် ကျပ် (၆၅၀၀) မှ ကျပ် (၆၈၀၀)၊ ဆင်ခြေယာငရုတ်သီးခြောက် (၁) ပိဿာလျှင် ကျပ် (၁၈၅၀၀) မှ ကျပ် (၁၈၇၀၀)၊ ကြက်သွန်နီ (၁) ပိဿာလျှင် ကျပ် (၂၂၀၀) မှ ကျပ် (၂၄၀၀)၊ ကြက်သွန်ဖြူ (၁) ပိဿာလျှင် ကျပ် (၇၀၀၀) မှ ကျပ် (၇၅၀၀)၊ ချင်းတက် (၁) ပိဿာလျှင် ကျပ် (၇၀၀၀) မှ ကျပ် (၇၅၀၀)၊ ကြက်ဟင်းခါးသီး (၁) ပိဿာလျှင် ကျပ် (၁၆၀၀) မှ ကျပ် (၁၈၀၀)၊ ရုံးပတီသီး (၁) ပိဿာလျှင် ကျပ် (၂၃၀၀) မှ ကျပ် (၂၅၀၀)၊ မေမြို့ပဲသီး (အပြား) (၁) ပိဿာလျှင် ကျပ် (၃၃၀၀) မှ ကျပ် (၃၅၀၀)၊ မေမြို့ပဲသီး (အလုံး) (၁) ပိဿာလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၁၇၀၀)၊ သခွားသီးတစ်လုံးလျှင် ကျပ် (၃၀၀)၊ ဒညင်းသီးတစ်လုံးလျှင် ကျပ် (၄၀) မှ ကျပ် (၆၀)၊ ပဲရှည်သီး (ပဲလင်းမြွေသီး) တစ်ချောင်းလျှင် ကျပ် (၆၀၀)၊ ခါကြက်ဥ (၁) ပိဿာလျှင် ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀)၊ ကန်စွန်းရွက် (၁) စည်းလျှင် ကျပ် (၅၀)၊ ချဉ်ပေါင်ရွက် (၁) စည်းလျှင် ကျပ် (၅၀)၊ ဘူးရွက် (၁) စည်းလျှင် ကျပ် (၅၀)၊ သံပရာသီး (၁) လုံးလျှင် ကျပ် (၅၀)၊ သကြားပြောင်းဖူး (၁) ဖူးလျှင် ကျပ် (၃၅၀)၊ မန်ကျည်းသီးမှည့်(အစေ့လွတ်) (၁) ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၄၀၀၀)၊ မြေပဲဆံ (၁) ပြည်လျှင် ကျပ် (၈၃၀၀) မှ ကျပ် (၈၅၀၀)၊ ကုလားပဲခြမ်း (အနီဆံ) (၁) ပြည်လျှင် ကျပ် (၈၀၀၀)၊ ဆား (၁) ပိဿာလျှင် ကျပ် (၅၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေစကြိုမြို့မဈေးအတွင်းတွင် ရောင်းချနေကြသော ဈေးသည်များထံမှ သိရှိရပါသည်။     

DOCA(မကွေး)

၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း မြဝတီကုန်သွယ်ရေးဇုံသို့ အမယ်သစ်သီးနှံအနေဖြင့် မန်ကျည်းမှည့်နှင့်ကွမ်းသီးခြောက် ကုန်စည်စီးဝင်မှု ရှိခဲ့သော်လည်း ပြောင်းဆန်ဝင်ရောက်မှု လျော့ကျ

     မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်ထိုင်းနိုင်ငံသို့ ကုန်သွယ်မှုပြုလျက်ရှိရာ ကုန်သွယ်မှုပြုရန်အတွက် မြဝတီကုန်သွယ်ရေးဇုန်သို့  လယ်ယာထွက်ကုန်ပစ္စည်းများကုန်စည်စီးဝင်မှု အခြေအနေများမှာ ယမန်နှစ် ၂၀၂၂ ခုနှစ်၊ဇွန်လအတွင်း အစေ့ထုတ်ပြောင်း ၁၁၂၈၉၅       တန်၊ ဆန်ကွဲ ၅၂၅၇ တန်၊  ဆန်မှုန့် ၆၃၉၈ တန်၊ ငရုတ်    ၈၅၄၆   တန်၊ ပဲတီစိမ်း ၁၃၅၀ တန်၊ ကြက်သွန်နီ ၁၁၀၃၇  တန်၊  နနွင်းတက် ၈၂      တန်၊မတ်ပဲ ၂၆၆၉    တန်၊ ချင်း(ဂျင်း) ၁၅ တန်၊ နှမ်းနက် ၂၇၀တန်ခန့်  ကုန်စည်စီးဝင် ဝင်ရောက်ခဲ့ သော်လည်း ယခုနှစ် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အစေ့ထုတ်ပြောင်း        ၉၉၄၁၀    တန်၊ ငရုတ်    ၂၉၅၅   တန်၊ ကြက်သွန်နီ ၅၀၂၅     တန်၊ မတ်ပဲ ၉၀တန်၊ ကွမ်းသီးခြောက်   ၁၂၆၀  တန်၊ နှမ်းနက်     ၆၀ တန်၊ နနွင်းတတ်    ၁၀၃  တန်၊ မန်ကျည်းသီး      တန် ၂၇၀ခန့်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

      မြဝတီကုန်သွယ်ရေးဇုန်သို့ ၂၀၂၂ ခုနှစ်၊ ဇွန်လနှင့် ၂၀၂၃ ခုနှစ် ၊ဇွန်လ ကာလတူ ကုန်စည်စီးဝင်စာရင်း နှိုင်းယှဉ်ချက်အရ အမယ်သစ်အနေဖြင့် ကွမ်းသီးခြောက်၊ မန်ကျည်းမှည့်  ဝင်ရောက်မှုရှိခဲ့ပြီး ဆန်ကွဲ၊ ဆန်မှုန့် ဝင်ရောက်မှုမရှိခဲ့ကြောင်းနှင့် ပြောင်းဆန်ဝင်ရောက်မှု အနည်းငယ် လျော့နည်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

 

ရေစကြိုမြို့နယ်၌ မိုးသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၌ ၂၀၂၃ခုနှစ်၊ မေလတွင်ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် မိုးရွာသွန်းခဲ့သည့်အတွက် မိုးသီးနှံများစတင်စိုက်ပျိုးခဲ့ကြပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ် (၂၀၂၃ခုနှစ်၊ ဇွန်လ၊ စတုတ္ထအပတ်ထိ) ရေစကြိုမြို့နယ်၌ မိုးသီးနှံများဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း(ပဲနှောက်စိမ်း)နှင့် နှမ်းသီးနှံများကို (၄၀၆၁၂)ဧကလျာထားကာ (၃၂၇၇၁)ဧကစိုက်ပျိုုးပြီးဖြစ်ကြောင်း၊ ပဲတီစိမ်း(ပဲနှောက်စိမ်း)သီးနှံကို (၂၉၄၁၂)ဧကလျာထားကာ (၂၈၈၂၅)ဧကတို့စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ကွမ်းသီးကန် ကျေးရွာတွင် မြေပဲ၊ ပဲတီစိမ်း(ပဲနှောက်စိမ်း)နှင့် နှမ်းသီးနှံများကိုစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သည့် ပဲတီစိမ်း(ပဲနှောက်စိမ်း)ကို အဓိကအများဆုံးစိုက်ပျိုးလျက်ရှိပါသည်။  

      ပဲတီစိမ်း(ပဲနှောက်စိမ်း)သီးနှံမျိုးများကို အများအားဖြင့် မိုးလေဝသရာသီဥတုဒဏ်ခံနိုင်သောဒေသများတွင် မေလနှင့် ဇွန်လတို့၌ စိုက်ပျိုးကြရာ အတန်းလိုက်သီးသန့်စိုက်ပျိုးနည်းနှင့် တန်းကြားသီးညှပ်စိုက်ပျိုးနည်းနှစ်နည်းတို့ဖြင့် စိုက်ပျိုးကြကြောင်း၊ မိုးလေဝသရာသီဥတုကိုမျှော်ပြီး စိုက်ပျိုးရသောသီးနှံဖြစ်သောကြောင့် တစ်ဧကလျှင်  ၅တင်းမှ ၁၀တင်းခန့်ထွက်ရှိပါကြောင်း၊ မိုးလေဝသရာသီဥတုကောင်းလျှင် (၁၀)တင်းကျော် ထွက်ရှိပါကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင် ကျပ်(၃၅၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ ယခင်နှစ် ပဲတီစိမ်း(ပဲနှောက်စိမ်း)ဈေးနှုန်းများမှာ တစ်တင်းလျှင် ကျပ်(၄၄၀၀၀)မှ ကျပ်(၅၀၀၀၀)တို့ဖြင့် ရောင်းချရပါကြောင်း၊ ယခုနှစ်၏ လက်ရှိဈေးနှုန်းများမှာ တစ်တင်းလျှင် ကျပ်(၄၇၀၀၀)မှ ကျပ်(၅၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တောင်သူများ၏ အကျိုးအမြတ်မှာမူ  မိုးလေဝသရာသီဥတုအပေါ် မူတည်နေပါကြောင်း၊ ယခုလက်ရှိ ပဲခင်းများတွင် အဖူးအပွင့်များစတင်ပွင့်ဖူးနေပြီဖြစ်ပါကြောင်း၊ ယခု ဇွန်လတွင် မုတ်သုံမိုးများရွာသွန်းမည်ဆိုလျှင် အသီးအပွင့်များအောင်မြင်စွာဖြစ်ထွန်းနိုင်ပြီး အထွက်နှုန်းကောင်းနိုင်ကြောင်းနှင့် တောင်သူများအနေဖြင့်လည်း အကျိုးအမြတ်များစွာရရှိနိုင်ပါကြောင်း စိုက်ပျိုးတောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၂၈-၆-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၇၅၀၀၀မှ ၂၉၅၀၀၀)ဖြစ်ပြီး ယခုအပတ် (၄-၇-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၀၀၀၀မှ ၂၉၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးလျော့ခဲ့ပြီး (၈၀၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၉၁၈၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၀၁၅၀၀)ဖြစ်၍ ကျပ်(၉၇၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)စသည် ဖြင့်အသီးသီးဈေးမြင့်ခဲ့ပါသည်။ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်ပြီး ယခုအပတ် တွင် ကျပ်(၈၇၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ် (၉၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးလျော့ခဲ့ပါသည်။ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ်(၉၆၀၀၀မှ ၉၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၆၀၀၀မှ  ၉၉၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ် များဖြင့် ပဲစဉ်းငုံ(နီ) (၉၀၀)အိတ်၊ မတ်ပဲ (၂၇၀)အိတ်၊ ကုလားပဲ(H-L) (၅၅၀)အိတ်၊ ကုလားပဲ (မြကြေး)(၄၃၀)အိတ်၊ ပဲကြီး(၇၅၀)အိတ်နှင့် မြေပဲလုံးဆံ(ဖြူ) (၄၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် အောင်လံကုန်စည်ဒိုင်မှ နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များ သို့ တင်ပို့ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

အောင်လံမြို့နယ်၏ ပဲတီစိမ်းအလားအလာ

   ၂၀၂၂ခုနှစ်တွင် အောင်လံမြို့နယ်၌ မိုးဦးကာလစောခဲ့၍ ပဲစိုက်တောင်သူများအနေဖြင့်  မေလ၊ ပထမအပတ်တွင် စတင်စိုက်ပျိုးနိုင်ခဲ့ကြပါသည်။ သီးနှံပေါ်ချိန်မှာ ပုံမှန်ထက် (၁)လစော၍ ထွက်ရှိပြီး ဇူလိုင်လတွင် ‌ဈေးကွက်အတွင်း စတင်ရောက်ရှိလာသောဈေးနှုန်းမှာ ပိဿာ(၂၀)ဝင် (၁)တင်းလျှင် ကျပ်(၄၅၀၀၀)မှ ကျပ်(၅၀၀၀၀)ဖြင့် အရည်အသွေးအလိုက် အရောင်းအဝယ်စတင်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်များကဝယ်ယူခဲ့ကြပါသည်။ ဩဂုတ်လတွင် ကျပ်(၄၄၀၀၀)မှ ကျပ်၉၅၁၀၀၀)အတွင်း မန္တလေးဝယ်လက်မှာ ပိုမိုဝယ်ယူမှုရှိပြီး ရန်ကုန်ဝယ်လက်မှာမူ ပုံမှန်သာအဝယ်ရှိခဲ့ပါသည်။ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ပိဿာ(၂၀)ဝင် (၁)တင်းလျှင် ကျပ်(၄၅၀၀၀)မှ ကျပ်(၅၀၀၀၀)အထိဈေးနှုန်းတို့ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြကြောင်းသိရှိရပါသည်။ ယခု၂၀၂၃ခုနှစ်၊ ဇွန်လတွင် ပိဿာ(၂၀)ဝင် (၁)တင်းလျှင် ကျပ်(၅၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   (၂၀၂၃-၂၀၂၄) ခုနှစ်၊ မိုးဦးရာသီတွင် အောင်လံမြို့နယ်၌ ပဲတီစိမ်းလျာထားစိုက်ဧကမှာ (၅၉၂၁၁)ဧကဖြစ်ပြီး ယခုဇွန်လ၊ တတိယအပတ်၌ ဧက(၃၀၀၀၀)ခန့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မကွေး)

အောင်လံနှမ်းနက်စမုံ၏ ကောက်ကြောင်း

   ၂၀၂၂ခုနှစ်တွင် အောင်လံမြို့နယ်၌ နှမ်းစမုံနက် (ခေါ်) သိပ္ပံနှမ်းနက်စိုက်ဧကမှာ (၅၈၈၀၉) ဧကဖြစ်ပြီး (၁)ဧကလျှင် (၅.၅)တင်းခန့်ထွက်ရှိကာ (၄၅)ပိဿာဝင် (၁)အိတ်လျှင် ပျမ်းမျှအားဖြင့် ကျပ်(၂၈၀၀၀၀)ခန့်ရရှိ၍ (၁)ဧကကုန်ကျစရိတ်မှာ ကျပ်(၃၅၀၀၀၀)ခန့်ဖြစ်သောကြောင့် (၁)ဧကလျှင် အသားတင်အကျိုးအမြတ်မှာ ကျပ်(၁၁၀၀၀၀)ခန့်အကျိုးအမြတ်ရရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဩဂုတ်လ၌ စတင်ထွက်ရှိလာသော သိပ္ပံနှမ်းနက်များသည် အောင်လံဈေးကွက်တွင် (၄၅)ပိဿာဝင် (၁)အိတ်လျှင် ကျပ်(၂၁၀၀၀၀)မှ ကျပ်(၂၇၀၀၀၀)အထိ အရည်အသွေးအလိုက် ဈေးကောင်းပေး၍ ဝယ်ယူလျက်ရှိခဲ့ပြီး မန္တလေးဝယ်လက်မှာ ရသလောက်ဝယ်ယူမှုရှိကာ ရန်ကုန်ဝယ်လက်များမှာမူ ပုံမှန်သာဝယ်ယူကြပါသည်။ စက်တင်ဘာလအတွင်း နှမ်းပိုမိုအဝင်ကောင်း၍ ဈေးကောင်းရလာကာ ကျပ်(၂၇၀၀၀၀)မှ ကျပ်(၃၇၀၀၀၀)ဖြင့် မန္တလေးဝယ်လက်မှာ ဝယ်ယူမှုအားကောင်းလာသော်လည်း ရန်ကုန်ဝယ်လက်မှာမူ ပုံမှန်အနေအထားဖြင့်သာဝယ်ယူခဲ့ပါသည်။ အောက်တိုဘာလအတွင်း နှမ်းဈေးနှုန်းမှာ (၄၅)ပိဿာဝင် (၁)အိတ်လျှင် ကျပ်(၂၆၅၀၀၀)မှ ကျပ်(၃၁၀၀၀၀)အထိ ဈေးနှုန်းသိသိသာသာကျဆင်းလာခဲ့ပြီး နိုဝင်ဘာလများနှင့် ဒီဇင်ဘာလများတွင် ကျပ်(၂၃၅၀၀၀)မှ ကျပ်(၂၆၅၀၀၀)အထိဈေးလျော့ကျလာမှုအပေါ် တောင်သူများ၏ အရောင်းထိန်းထားမှုများကြောင့် ဈေးအကျရပ်ခဲ့ပြီး ရန်ကုန်ဝယ်လက်မှာ ပိုမိုဝယ်ယူပြီး မန္တလေးဝယ်လက်မှာ ပုံမှန်ဝယ်ယူမှုသာရှိခဲ့ပါသည်။ ယခု ၂၀၂၃ခုနှစ်၊ ဇွန်လတွင် နှမ်းစမုံနက် (ခေါ်) သိပ္ပံနှမ်းနက်ဈေးမှာ (၄၅)ပိဿာဝင် (၁)အိတ်လျှင် ကျပ်(၂၉၀၀၀၀)မှ ကျပ်(၃၁၀၀၀၀)ဈေးနှုန်းတို့ဖြင့် ပြန်လည် ဈေးနှုန်းများမြင့်လာခဲ့ပါသည်။

 (၂၀၂၃-၂၀၂၄)ခုနှစ်၊ မိုးနှမ်းစိုက်ပျိုးရာသီတွင် နှမ်းလျာထားစိုက်ဧက (၅၈၈၀၉) ဧကဖြစ်ပြီး ဇွန်လ၊ တတိယအပတ်၌ ဧက(၄၀၀၀၀)ခန့်စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မကွေး)

တိုးတိုးအောင်ငရုတ်စိုက်ပျိုးထွက်ရှိမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ

  ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံဖြိုး တိုးတက်ရေးအတွက် အလားအလာရှိသော အဓိကသီးနှံများ၏ စတင်စိုက်ပျိုးမှုမှသည် စျေးကွက် တင်ပို့ရောင်းချမှုအခြေအနေများအထိ သိရှိနိုင်ရေးအတွက် ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့နယ် ၊ သံချက်ကုန်းကျေးရွာရှိ  တောင်သူ ဦးကျော်စိုးလင်း၏ ငရုတ်စိုက်ပျိုးထွက်ရှိမှု ၊ စျေးနှုန်းစျေးကွက်အခြေအနေများအား သိရှိနိုင်ရန်အတွက် ကွင်းဆင်းလေ့လာခဲ့ပါသည်။

    တောင်သူ ဦးကျော်စိုးလင်းကပြောကြားရာတွင် မိမိတို့ဒေသ၌ သီးနှံများ စိုက်ပျိုးရာတွင် ဆည်ရေကို အဓိကအားကိုးပြီး စိုက်ပျိုးရကြောင်း၊ ငရုတ်သီးနှံကို အောက်တိုဘာလတွင် ပျိုးထောင်ပြီး နိုဝင်ဘာလတွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ငရုတ်များစတင်ထွက်ရှိနေကြောင်း၊ ဇူလိုင်လကုန်တွင် ရိတ်သိမ်းပြီးစီးမည်ဖြစ်ကြောင်း၊ ငရုတ်အားစတင်စိုက်ပျိုးရာတွင် တစ်ဘောင်နှင့်တစ်ဘောင်အကွာ အဝေး(၃')ကွာဝေးပြီး တစ်ပင်နှင့်တစ်ပင်ခြား(၂၀")ခြားပြီး စနစ်တကျ စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးရာတွင် မျိုးအဖြစ် တိုးတိုးအောင်ငရုတ်မျိုးကိုသာ စိုက်ပျိုးကြပါသည်။

    စိုက်ပျိုးရာတွင်(၁)ဧကလျှင် မျိုးစေ့(၁၀)ထုပ်စိုက်ပျိုးရကြောင်း ၊ ငရုတ်မျိုးစေ့ တစ်ထုပ်လျှင် ယခင်နှစ်တွင် (၁၆၀၀၀/-)ကျပ် ပေးရကြောင်း၊ ယခုနှစ်တွင် (၃၈၀၀၀/-)ကျပ်အထိရှိကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မြေပြင်စရိတ် ၊ သွင်းအားစု၊ လုပ်အားခ ၊စုစုပေါင်း(၈၀)သိန်းကုန်ကျကြောင်း ၊ထွက်ရှိမှုအနေဖြင့်  ၄င်း၏စိုက်ခင်းများ၌ (၁)ဧကလျှင် ပိဿာ(၈၀၀၀-၁၀၀၀၀)ခန့်ထွက်ရှိကြောင်း ၊ တိုးတိုးအောင်ငရုတ်စျေးနှုန်းအနေဖြင့် ယခင်လ တွင် ငရုတ်အစို(အစိမ်း) တစ်ပိဿာလျှင်(၈၅၀၀/-)ကျပ် ၊ ငရုတ်အစို(အမှည့်) တစ်ပိဿာလျှင် (၆၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းရပြီး ယခုအချိန်၌ ငရုတ်အစို(အစိမ်း) တစ်ပိဿာလျှင် (၄၅၀၀/-)ကျပ်၊ ငရုတ်အစို(အမှည့်) တစ်ပိဿာလျှင်(၄၇၀၀/-)ကျပ် စျေးနှုန်းသာရရှိကြောင်း ၊ စျေးကွက်အနေဖြင့် ကျောက်ဆည်နှင့် မြစ်သားမြို့ရှိ ကုန်သည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ တိုးတိုးအောင်ငရုတ်သည် စိုက်ပျိုးစရိတ်များသော်လည်း အခြားငရုတ်များထက် အထွက်နှုန်းကောင်းပြီး စျေးနှုန်းပိုမိုရရှိသောကြောင့် စိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

ပြင်ဦးလွင်ကော်ဖီဈေးကွက်

    မန္တလေးတိုင်းဒေသကြီးတွင် နှစ်ရှည်ကော်ဖီသီးနှံကို ပြင်ဦးလွင်၊ မိုးကုတ်ဒေသတို့မှာ စိုက်ပျိုးလျက်ရှိပါသည်။ ကော်ဖီတွင် မြေနိမ့်ကော်ဖီနှင့် ကုန်းမြင့်ကော်ဖီဟူ၍ စိုက်ပျိုးကြပြီး ပြင်ဦးလွင်ဒေသ၌ ကုန်မြင့်ကော်ဖီဖြစ်သော  Arabica(အားရေးဗီးကား) ကော်ဖီသာ စိုက်ပျိုးကြပါသည်။စိုက်ဧကများအနေဖြင့် ပြင်ဦးလွင်(၁၀၂၄၅)ဧက၊ မိုးကုတ်(၄၇၀)ဧက ၊စုစုပေါင်း(၁၀၇၁၅)ဧကရှိကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် အသီးစိုတန်(၁၅၆)တန်ကျော်ထွက်ရှိပြီး ပြင်ဦးလွင်အနေဖြင့် ယခင်နှစ်ထက် စိုက်ဧက(၄၈၀၀)ဧကကျော် ပိုမိုစိုက်ပျိုးနိုင်ကြောင်းလည်း သိရှိရပါသည်။ ကော်ဖီသီးနှံတွင် တစ်ဧက စိုက်ပျိုးစရိတ်အနေဖြင့် (၂၅-၃၀)သိန်းဝန်းကျင် ကုန်ကြကြောင်း ၊ ကော်ဖီဈေးကွက်တွင်လည်း ကော်ဖီစေ့ အရည်အသွေးကောင်းပါက ကော်ဖီစေ့ Export (၁)တန်လျှင် (၁၅၀-၁၆၀)သိန်း၊ အရည်အသွေးနိမ့်ပါက ကော်ဖီစေ့(၁)တန်လျှင် (၇၀-၈၀)သိန်းရရှိကြောင်း ၊ပြည်ပတင်ပို့မှုအနေဖြင့် အင်္ဂလန်၊အမေရိကန်၊ဂျပန်နှင့် သြစတေးလျနိုင်ငံများသို့ အဓိကတင်ပို့ကြောင်း၊ ယခုနှစ်ပိုင်းတွင် 2 in 1,  3 in 1  value Added လုပ်ငန်းရှင်များမှလည်း အရည်အသွေးကောင်း ကော်ဖီစေ့ကိုသာဝယ်ယူ ထုတ်လုပ်လာခြင်းများကြောင့် ပြည်တွင်း ၊ ပြည်ပ ဈေးနှုန်းကွာဟမှုကြီးကြီးမားမားမရှိကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ အသိုင်းအဝိုင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

စလင်းမြို့နယ်၊ ရှမ်းရွာကုန်းကျေးရွာ၌ ဝါးဖြင့်ပြုလုပ်သော ပျိုးစည်းသည့်နှီးများ အရောင်းအဝယ်ဖြစ်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရှမ်းရွာကုန်းကျေးရွာ၌ ဝါးဖြင့်ပြုလုပ်သော ပျိုးစည်းသည့်နှီးလုပ်ငန်းကိုလုပ်ကိုင်ကြခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

    ပျိုးစီးနှီးပြုလုပ်ရာတွင် ကုန်ကြမ်းဝါးကို တောင်တွင်းကြီးမှထွက်ရှိသော  ကြက်သောင်းဝါးနှင့် စေတုတ္တရာမြို့နယ်၊ မြောက်ဦးဒေသမှထွက်ရှိသော ဝါးများကိုအသုံးပြုရကြောင်း၊ ဝါး(၁)လုံးလျှင် ကျပ်(၁၀၀၀)မှ ကျပ်(၁၅၀၀)အထိပေးဝယ်ရကြောင်း၊ ဝါး(၁)လုံးစိပ်လျှင် တစ်ထောင့်တစ်ထွာဝါးအဆစ်ပိုင်း(၆)ပိုင်းရရှိပါကြောင်း၊ ဝါးအဆစ်ပိုင်းတစ်ဖြတ်လျှင် ပျိုးစည်းသည့်နှီးအပင်ရေ(၅၀၀)ခန့်ထွက်ရှိကာ ဝါး(၁)လုံးလျှင် ပျိုးစည်းသည့်နှီးအပင်ရေ(၃၀၀၀)ခန့်ရရှိပါကြောင်း၊ (၁)ရက်လျှင် လူတစ်ဦးပြီးစီးသော ပျိုးစည်းသည့်နှီးအပင်ရေ(၅၀၀၀)ပင်ဖြစ်ပါကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဝါးဝယ်ယူခနုတ်ပြီး မိသားစုလုပ်အားဖြင့် လုပ်ကိုင်ရ၍ တစ်နေ့လျှင် ဝင်ငွေကျပ်(၃၅၀၀)မှ ကျပ်(၄၀၀၀)ရရှိပါကြောင်း၊ ထုတ်လုပ်ထွက်ရှိလာသောပျိုးစည်းသည့်နှီးများကို တစ်ထောင်စီး(၁)စီးလျှင် ကျပ်(၁၅၀၀)နှုန်းဖြင့် ဒေသတွင်းသာမက  နီးစပ်ရာမြို့များဖြစ်သော ပွင့်ဖြူမြို့၊ စကုမြို့၊ ဆိပ်ဖြူမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ပျိုးစည်းသည့်နှီးများကို နွေစပါး၊ မိုးစပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်တို့တွင် တွင်တွင်ကျယ်ကျယ်ထုတ်လုပ်ရပါကြောင်း၊ ရှမ်းရွာကုန်းကျေးရွာရှိ အိမ်ထောင်စုထက်ဝက်ခန့်သည် မိရိုးဖလာပျိုးစည်းသည့်နှီးလုပ်ငန်းကိုလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း ဒေသခံပျိုးစည်းသည့်နှီးလုပ်ငန်းရှင် မဝင်းမာထံမှသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း