ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

    တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ မေလအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၈၁၈)၊ သွင်းကုန်ပမာဏ အမေရိ ကန်ဒေါ်လာသန်း (၀.၁၅၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၉၆၈) ဆောင် ရွက်နိုင်ခဲ့သဖြင့် (၂)လတာ လျာထားချက်အပေါ်  (၃၂.၂၇)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူး နယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

     ပို့ကုန်အနေဖြင့် (၁၀.၆.၂၀၂၃ မှ ၁၆.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၃၅)၊ စီးကရက် အရေအတွက်အားဖြင့် တန်(၁၁၄.၉၁၂)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၂၄၆)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၂၈၁) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၁၇.၆.၂၀၂၃ မှ ၂၃.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၁၉)၊ စီးကရက် အရေအတွက်အားဖြင့် တန်(၆၉.၇၇၆)၊ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၁၄၉)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၆၈) တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း(၀.၁၁၃) လျော့နည်းတင်ပို့နိုင်ခဲ့ပါပြီး သွင်းကုန်အနေဖြင့် ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်း မရှိပါကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဇွန်ပင်စိုက်ပျိုးဝင်ငွေတိုး

   ဇွန်ပန်းသည် မွှေးကြိုင်သော သင်းရနံ့နှင့်အဖြူအဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သောပန်း ဖြစ်ပါသည်။ ဇွန်ပန်းသည် အမည်နှင့်လိုက်ဖက်စွာ ဇွန်လမှာ စတင်ပွင့်တတ်ပြီး ဩဂုတ်လအထိ ပွင့်သောပန်းဖြစ်သည်။ ဇွန်ပန်းပင်သည် ချုံပင် သို့မဟုတ်နွယ်ပင်တစ်မျိုးဖြစ်ပြီး ဇွန်ကြီး ၊ဇွန်လေးဟူ၍ နှစ်မျိုးရှိပါသည်။

  ဇွန်ပန်းပင်သည် ပူအိုက်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ထို့ကြောင့် ဇွန်ပန်းပင်ကို မြန်မာပြည်အပူပိုင်းဒေသများ၌ အများဆုံးစိုက်ပျိုးလေ့ရှိပါသည်။ ဇွန်ပန်းပင်များကို အခြားပန်းပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း မိမိတို့နေအိမ်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပါ သည်။ ဇွန်ပန်းကုံးများကို ဘုရားပန်းကပ်လှူရန်၊ ပန်းပန်ရန်နှင့် ကားများ ၊ဈေးဆိုင်များတွင် ချိတ်ဆွဲရန်တို့အတွက် ဝယ်ယူကြကြောင်း သိရှိရပါသည်။ ညနေခင်းအချိန်တွင် ရရှိလာသောဇွန်ပန်းများကို ကြိုးဖြင့်သီကုံး၍ ဖက်ကလေးများဖြင့်ထုပ်ကာ ပြင်ဆင်ထားပြီး နောက်နေ့နံနက်စောစောအချိန်တွင် ဈေးသို့သွား၍ ရောင်းချခြင်းဖြင့် အရင်းမစိုက်ရဘဲ မိသားစု ဝင်ငွေရရှိနိုင်သောကြောင့် စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ်သည်။

    ယခုအခါ ဇွန်ပန်းများကိုသီကုံးပြီး ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးသို့ လာရောက် ပန်းရောင်းချသည့် လုပ်ငန်းရှင်၏ပြောပြချက်အရ  တစ်ရက်လျှင် ဇွန်ပန်းကုံး(၃၀ မှ ၅၀) ခန့်အထိရရှိပြီး ဇွန်ပန်း(၁)ကုံးလျှင် (၂၀၀)ကျပ်၊ (၁၀)ကုံးလျှင် (၁၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။         

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ (လကုန်ပတ်) တွင် စပါး/ဆန် ဈေးနှုန်းများမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ (လကုန်ပတ်)တွင်  ရန်ကုန်သို့ အိတ်ရေ(၁၄၀၀၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၀၃၇၀)အိတ်၊ နေပြည် တော်သို့ အိတ်ရေ (၆၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၄၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၄၀၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၄၈၄၀၀)အိတ်၊ တန်အားဖြင့် (၂၄၂၀) တန် စီးထွက်ခဲ့ပါသည်။ ယခင်ဇွန်လ (တတိယပတ်)တွင်  ရန်ကုန်သို့ အိတ်ရေ(၁၇၀၀၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၁၃၇၀)အိတ်၊ နေပြည်တော်သို့ အိတ်ရေ (၈၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၅၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၅၀၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၅၆၄၀၀)အိတ်၊ တန်အားဖြင့် (၂၈၂၀) တန်တန်စီးထွက်ခဲ့သည့်အတွက် ဇွန်လ (တတိယပတ်)နှင့် နှိုင်းယှဉ်လျှင် ဇွန်လ (လကုန်ပတ်)အတွင်း အိတ်ရေ (၈၀၀၀)အိတ်၊ တန်အားဖြင့် (၄၀၀) တန် လျော့၍ စီးထွက်ခဲ့ပါသည်။     

    ရွှေဘိုမြို့၏ ဇွန်လ(လချုပ်)တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါး တင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-)ကျပ်ရှိပြီး ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ (၁)အိတ်လျှင် (၉၆၀၀ဝိ/-) ကျပ်၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် (၂၄၀၀၀၀ဝိ/-)ကျပ်၊ ဧရာမင်းဆန် ၂၄ပြည်ပါ (၁)အိတ်လျှင် (၉၆၀၀ဝိ/)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ ‌ကသာ၊ ကန့်ဘလူနှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ဇွန်လ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၉၆၀၀၀ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်)   ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၆၀၀၀ ကျပ်၊ နွေစပါး(747)စပါးတင်း(၁၀၀)လျှင် ကျပ် ၁၄၅၀၀၀၀ ၊  နွေစပါး(747)(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ် လျှင်ကျပ် ၉၅၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၂၄၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၉၃၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၂၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၁၈၀၀၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၈၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၇၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၆၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၈၀၀၀၀၀၊  ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၆၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ ဇွန်လ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၂၂၅၀၊ မန္တလေးသို့ အိတ်ရေ ၂၆၀၇၀၊ မကွေး သို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၊ စုစုပေါင်းအိတ်ရေ (၅၆၈၅၀)အိတ်၊ တန်အားဖြင့် (၂၈၄၂.၅) စီးထွက်ခဲ့ပြီး၊ ယခု ဇွန်လ (နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇၇၀၀၊ မန္တလေး သို့ အိတ်ရေ ၂၂၈၇၀၊ မကွေးသို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၅၀၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၊ စုစုပေါင်း အိတ်ရေ (၅၉၁၀၀)အိတ်၊ တန်အားဖြင့် (၂၉၅၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၂၅၀) တန်အားဖြင့် (၁၁၂.၅) ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။    

DOCA(စစ်ကိုင်း)                                                                                                                                 

                                                         

မုံရွာမြို့ ဒေသထုတ်ကုန် ဝက်အူတောင့်နှင့် ကြက်သားတောင့်

   မုံရွာမြို့မှထွက်ရှိသော ဝက်အူတောင့်နှင့် ကြက်သားတောင့်များသည် နာမည်ကျော်ကြားပြီး ခရီးသွားဧည့်သည်များနှင့် အနယ်နယ်အရပ်ရပ်မှ စားသုံးသူများ၏ အမှာစာများရရှိသော စားသောက် ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ မုံရွာမြို့ပေါ်၌ ဝက်အူတောင့်နှင့် ကြက်သားတောင့်များကို တစ်ပိုင်တစ်နိုင် အိမ်တွင်းစားသောက်ကုန်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချသူပေါင်း (၁၅)ဦးခန့်ရှိသည်။ ဦးအညို၊ ဦးအတန်၊ ဒေါ်ဘူး၊ မခိုင်၊  ရေဦးစသည့်နာမည်များဖြင့် ရောင်းချလျက်ရှိပြီး၊ ယင်းတို့မှာ နာမည်ကျော်ကြား ထင်ရှားသည့်ဆိုင်များဖြစ်သည်။ ဝက်အူတောင့်နှင့် ကြက်သားတောင့်များကို အတောင့် ခေါ် အချောင်း ခေါ် အဆစ်လိုက်လည်းကောင်း၊ လေလုံအောင်ပိတ်ပြီး ထုပ်ပိုးမှု ပုံစံသစ်များဖြင့်လည်းကောင်း ရောင်းချကြသည်။

ဦးအညိုဆိုင်

      ဦးအညိုဆိုင်သည် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၌ တည်ရှိပြီး၊ သားဖြစ်သူ ကိုဝင်းနိုင်က မိဘ၏ အမွေကိုဆက်ခံကာ ၁၉၈၉ခုနှစ်က စတင်လုပ်ကိုင်ခဲ့သည်။ ကုန်ကြမ်းများဖြစ်သော ဝက်သား၊ ကြက်သား၊ ဆိတ်အူနှင့် ဝက်အူတို့ကို မုံရွာမြို့ရှိ ဈေးများမှဝယ်ယူပြီး၊ မိမိတို့မိသားစု အိမ်တွင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အဖြစ်လုပ်ကိုင်သည်။ ယခု လုပ်သားတစ်ဦး တစ်ရက်လျှင် (၁၀၀၀၀)ကျပ်ဖြင့် တစ်ဦးအား အလုပ်အကိုင် အခွင့်အလမ်းပေးထားနိုင်သည်။ ရောင်းဈေးနှုန်းများမှာ ကြက်အူတောင့် တစ်ဆစ်လျှင်  ၃၀၀ကျပ်၊ ဝက်အူတောင့် တစ်ဆစ်လျှင်  ၃၂၀ ကျပ်မှ ၄၀၀ ကျပ်ကြား၊ အထုပ်ရောင်းဈေးမှာ ကြက်အူတောင့် သို့မဟုတ် ဝက်အူတောင့် တစ်ထုပ်(၁၃၀ ဂရမ်)လျှင် ၆၀၀၀ကျပ် ဈေးနှုန်းအသီးသီးဖြင့် တစ်လလျှင် ဝက်နှင့် ကြက်နှစ်မျိုးပေါင်း ပိဿာ ၁၀၀ခန့် ထုတ်လုပ် ရောင်းချသည်။ ဒေသတွင်းဈေးကွက်သာမက ရန်ကုန်၊  မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့များမှ အမှာစာဖြင့် ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

မခိုင်ဆိုင်

      မခိုင်ဆိုင်သည် မုံရွာမြို့၊  ချမ်းမြသာစည်ရပ်ကွက်၌ တည်ရှိပြီး ၂၀၁၀ခုနှစ်က စတင်၍ မိသားစု အိမ်တွင်းတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်သည်။ ယခုလုပ်သားတစ်ဦး စားစရိတ်ငြိမ်း တစ်ရက်လျှင် (၇၀၀၀)ကျပ်ဖြင့် နှစ်ဦးအား အလုပ်အကိုင် အခွင့်အလမ်းပေးထားနိုင်သည်။ ကုန်ကြမ်းဖြစ်သော ဝက်သား၊ ကြက်သား၊ ဆိတ်အူနှင့် ဝက်အူတို့ကို မုံရွာမြို့၊ မြသလ္လာဈေးမှ ဝယ်ယူသည်။ ရောင်းဈေးနှုန်းများမှာ ကြက်အူတောင့် တစ်ဆစ်လျှင်  ၃၅၀ကျပ်၊ ဝက်အူတောင့် တစ်ဆစ်လျှင် ၅၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြင့်  တစ်လလျှင် ဝက်နှင့် ကြက်နှစ်မျိုးပေါင်း ပိဿာ ၁၄၀ ခန့် ထုတ်လုပ်နိုင်ပြီး  မုံရွာမြို့ရှိ စားသုံးသူများနှင့် ခရီးသွားဧည့်သည်များသို့ ရောင်းချသည်။

   မုံရွာမြို့ ဒေသထုတ်ကုန် ဝက်အူတောင့်နှင့် ကြက်အူတောင့်များသည် ပလတ်စတစ်၊ ဓါတုဆိုးဆေးနှင့် အသားတုများကို လုံးဝသုံးစွဲခြင်းမရှိဘဲ စစ်မှန်သောဝက်သားနှင့်ကြက်သားများကို အသုံးပြုသဖြင့် အရသာကောင်းမွန်သောကြောင့် မြန်မာပြည်အနှံ့ နာမည်ကျော်ကြားလူကြိုက်များ သည့် စားသောက်ကုန်ဖြစ်သည်။ မုံရွာမြို့သို့ လာရောက်သည့် ခရီးသွားဧည့်သည်များအနေဖြင့် မိဘဆွေမျိုး၊ ဆရာသမားနှင့်မိတ်ဆွေများအား အိမ်ပြန်လက်ဆောင်ပေးရန် အစဉ်အမြဲ ဝယ်ယူလေ့ရှိသည့်  မုံရွာမြို့ဒေသထုတ်ကုန်တစ်မျိုးမှာ ဝက်အူတောင့်နှင့် ကြက်အူတောင့်များဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

ရှမ်းပြည်နယ်တောင်ပိုင်းမှ တစ်နှစ်တစ်ခါပေါ်သည့် အင်ဥ (ခေါ်) မှိုဥ

     အင်ဥဆိုသည့်အတိုင်း အင်ပင်ရှိသောနေရာမှာပင် ပေါက်ရောက်လေ့ရှိတတ်ကြပြီး မြေကြီးထဲမှတူးယူရသော မှိုဥတစ်မျိုးဖြစ်ပေသည်။ အင်ဥသည် မှိုဖြစ်မလာပေ။ အင်ဥအဖြစ်၌သာ ရင့်၍ပုပ်သွားတတ်ကြပါသည်။ အရွယ်အစား (၃) မျိုးရှိရာ အင်ဥ၏သက်တမ်းသည် ဆယ်ရက်ခန့်တွင် ပျောက်သွားတတ်ပြီး နောက်မိုးထပ်မံရွာမှသာလျှင် တစ်ဖန်ပြန်ပေါ်လာတတ်ပေသည်။ တောတောင်များထဲတွင် အလေ့ကျသဘာဝပေါက်သောအပင်တစ်မျိုးဖြစ်ပြီး ပေါက်ရောက်သောဒေသတစ်ခုနှင့်တစ်ခုကွားခြား‌မှုကြောင့် အင်ဥ၏အရသာသည်လည်း ကွာခြားတတ်ကြသည်။ အင်ဥသည် ရေနှင့်ထိတွေ့မိလျှင် လျင်မြန်စွာပုပ်လွယ်တတ်ပြီး သဲ သို့မဟုတ် သမံတလင်းပေါ်ဖျန့်ထားမည်ဆိုပါက (၃) ရက်အထိအထားခံပါသည်။ အင်ဥကိုပြုတ်ထားပြီး ရေခဲသေတ္တာထဲထည့်ထားပါက (၂) ပတ်ခန့်အထားခံပါသည်။ အင်ဥ (ခေါ်) မှိုဥ၏ ထူးခြားချက်အနေဖြင့်  အလေးချိန်မှာ တစ်ခါချိန်တွယ်ပါက တစ်ခါလျော့နေတတ်ပြီး အိမ်တွင်တစ်ညသိပ်ပြီး နောက်ရက်တွင် ပြန်ချိန်ကြည့်မည်ဆိုပါက လျော့နေတတ်ပြန်ပါသည်။ အင်ဥကိုစားသုံးမည်ဆိုပါက သုံးလေးထပ်ခန့်ရေနဲ့ဆေးပြီးမှသာ စားသုံးသင့်ပါသည်။ ဆားထည့်ပြီးဆေးလျှင် အင်ဥတွင်ရှိသော အညစ်အကြေးနှင့် မြေကြီးများပိုမိုပြောင်လွယ်၍ လိုအပ်သလိုလှီးဖြတ်ကာ စားသုံးနိုင်ပါသည်။ အင်ဥသည် ဒညင်းသီး၊ ပီလောပီနံ၊ မျောက်ငိုသီး၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါး၊ ကဏန်း၊ ဖားသား၊ ဒူးရင်းသီး၊ မျှစ်ချဉ်၊ ပုစွန်ချဉ်၊ ငါးဖယ်ချဉ်၊ ငါးလေးချဉ်၊ ဆူးပုပ်၊ ပဲငါးပိတို့နှင့်တွဲဖက်၍စားသုံးမိပါက မူးဝေအော့အန်တတ်ပါသည်။ တချို့ Online ဈေးကွက်ပေါ်တွင် အင်ဥကို အသင့်စားသောက်ကုန်အဖြစ်ရောင်းချလျက်ရှိကြပြီး အသင့်စားအင်ဥကြော်တစ်ပွဲလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိရှိပြီး အချို၊ အစပ်အရသာ နှစ်မျိုးဖြင့် ရောင်းချလျက်ရှိကြပေသည်။ ယနေ့ဒေသပေါက်ဈေးအနေဖြင့် နို့ဆီဘူးတစ်ဘူးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြပေသည်။ အင်ဥကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

ရှမ်း (တောင်) ဟိုပုံးမြို့၏ တစ်နိုင်တစ်ပိုင်ဝက်မွေးမြူရေး

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟိုပုံးမြို့လေးသည် သာယာစည်ကားပြီး  အလွန်အေးချမ်းသောမြို့လေးတစ်မြို့ဖြစ်ပါသည်။ ဟိုပုံးမြို့တွင် လူဦးရေ (၁၃၀၁၄၂) ဦးနေထိုင်ကြပြီး လူမျိုးအများစုမှာ ပအိုဝ်းတိုင်းရင်းသားများဖြစ်ကြပါသည်။ စီးပွားဖြစ်စိုက်ပျိုးရေးအနေဖြင့် (သနပ်ဖက်၊ ပြောင်း၊ ကြက်သွန်ဖြူ၊ ထောပတ်)တို့ကိုစိုက်ပျိုးကြပြီး အိမ်ဝင်းအတွင်းနှင့် ခြံမြေများတွင် တစ်နိုင်တစ်ပိုင်ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်း၊ ကြက်၊ နွား၊ ကျွဲ၊ ဝက်များမွေးမြူကြခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပါသည်။

   အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်သည့် ဟိုပုံးမြို့၏ ဒေသဝက်မွေးမြူရေးနှင့်မိတ်ဆက်ပေးပါရစေ။ ဝက်ကို (၁) လသား (သို့မဟုတ်) (၄၅) ရက်သားအကောင်ပေါက်လေးများဝယ်ယူမွေးမြူခြင်း၊ ဝက်မများဝယ်ယူ၍ သားဖောက်ခြင်းဖြင့် စတင်မွေးမြူကြပါသည်။ (၁) လသား (သို့မဟုတ်) (၄၅) ရက်သားအကောင်ပေါက်မှာ (၁၃၀၀၀၀-၁၅၀၀၀၀) ကျပ်ဈေးရှိပြီး သားဖောက်ခါနီးဝက်မများမှာမူ (၃၅၀၀၀၀-၄၀၀၀၀၀) ကျပ်ဈေးနှုန်းတို့ရှိပါသည်။ ဝက်စာအခက်အခဲရှိသည့်ဒေသများတွင် ဝက်ကိုအရွယ်ရောက်သည်အထိမွေးမြူခြင်းမပြုဘဲ သားဖောက်ပြီး လသားအရွယ်တွင်ရောင်းချခြင်းဖြင့် စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။

   ဝက်မမှာ (၆) လအရွယ်တွင် သားတင်နိုင်ပြီး အသားထုတ်လုပ်ရောင်းချမည့်ဝက်အကောင်မှာ (၆) လကြာလျှင် အကောင်အရွယ်အစားပေါ်မူတည်ပြီး (၆၀၀၀၀၀-၇၀၀၀၀၀) ကျပ်ပေါက်ဈေးရှိပါသည်။ ဟိုပုံးမြို့တွင် ဝက်သား (၁) ပိဿာလျှင် (၁၈၀၀၀) ကျပ်နှင့် ဝက်ကလီစာ ၁ပိဿာလျှင် (၁၅၀၀၀) ကျပ်တို့ဖြစ်ပါသည်။ ဝက်မွေးမြူရာတွင် သားဖောက်ရောင်းချခြင်း၊ အသားထုတ်လုပ်ရောင်းချခြင်းအပြင် ဝက်ချေးများကိုလည်း စိုက်ပျိုးရေးလုပ်ငန်းတွင် သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်သည့်အတွက် မိမိအိမ်၊ ခြံမြေအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာတွင်လည်း များစွာအ‌ထောက်အကူပြုနိုင်ပါသည်။

     ဝက်များကို တစ်နိုင်တစ်ပိုင်မွေးမြူရာတွင် အဓိကဂရုပြုရမည့်အချက်မှာ ဝက်ကိုကျွေးမွေးသည့်အစားအစာ၊ ရေနှင့် “ဆီးအစ ဝမ်းအဆုံး” တို့ကို မျက်ချေမပြတ်ဂရုစိုက်မွေးမြူနိုင်မှသာ ဆုံးရှုံးမှုမရှိဘဲ အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ပါသည်။ “ကြွေးတင် ဝက်မွေး” ဆိုသည့်စကားအတိုင်း စားဝတ်နေရေးအဆင်ပြေစေရေးနှင့် နေ့စဉ် ဝက်စုဘူးဖြင့် ငွေစုဆောင်းနိုင်မည်ဖြစ်သည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူခြင်းဖြင့် မိသားစုအရေး တစ်ဖက်တစ်လှမ်းမှဖြေရှင်းခဲ့ကြောင်း ဝက်မွေးမြူသူ ဒေါ်ငယ်ထံမှသိရှိခွင့်ရရှိခဲ့ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

ရှမ်းတောင်ကြက်သွန်ဖြူ၏ ရှေ့ခရီး

   ကြက်သွန်ဖြူတွင် တရုတ်မျိုးနှင့် ရှမ်းတောင်မျိုးဟူ၍နှစ်မျိုးရှိပါသည်။ ဈေးကွက်အခေါ် ကြူကုတ်ကြက်သွန်ဖြူမှာ အရွယ်အစားကြီးမားကာ အမွှာကြီးပြီး ရှမ်းမြောက်ဒေသတွင် စိုက်ပျိုးမှုများပါသည်။ အခွံအရောင်မှာ မရမ်းစေ့ရောင်အစင်းကြားများပေါ်နေပါသည်။ ဒေါင်းဥတစ်လုံးမှာ မရမ်းစေ့ရောင်ဖြစ်ပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာ ရှမ်းတောင်တစ်ဝိုက်တွင်အစိုက်များပါသည်။ စိုက်ပျိုးသည့်ဒေသများမှာ ပင်လောင်း၊ တောင်တရား၊ တီဂျစ်၊ ဟိုပုံးနှင့် ဆိုက်ခေါင် စသည့်ဒေသများဖြစ်ပါသည်။ အရောင်မှာ အဖြူရောင်ဖြစ်ပြီး ဒေါင်းဥတစ်လုံးမှာလည်း အဖြူရောင်ဖြစ်ပါသည်။ ဈေးကွက်သဘောအရ ကြက်သွန်ဖြူအရွယ်အစားအလိုက် အဆင့်ခွဲခြားထားရာတွင် ထူး (၁) မှ ထူး (၅), ထူးလွန်အထိ (၆) မျိုးခန့်ရှိလေသည်။ ဒေါင်းဥတစ်လုံးနှင့်ဆိုလျှင် (၇)မျိုးခန့်ရှိသည်။

 ကြက်သွန်ဖြူမှာ အလွန်ဆေးဖက်ဝင်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ သွေးတွင်းအဆီဓာတ်ကိုကျဆင်းစေနိုင်ပါသည်။ ကြက်သွန်ဖြူအလေးချိန် ၁၀၀ဂရမ်တွင် ကယ်လိုရီ ၁၁၇ဂရမ်၊ ပရိုတင်းဓာတ် ၃.၅ဂရမ်၊ အဆီဓာတ် ၀.၅ဂရမ်၊ ကစီဓာတ် ၂၇.၅ဂရမ်၊ ထုံးဓာတ် ၁၈မီလီဂရမ်၊ သံဓာတ် ၁.၅ဂရမ်၊ ဗီတာမင်အေအနည်းငယ်၊ ဗီတာမင်ဘီ (၁)၊ ၀.၂၄မီလီဂရမ်၊ ဗီတာမင် (၂) ၀.၀၅မီလီဂရမ်၊ နိုင်သာစင် ၀.၄မီလီဂရမ်၊ ဗီတာမင်စီ ၁၀မီလီဂရမ်ပါဝင်ပါသည်။ ကြက်သွန်ဖြူကို ရောဂါကာကွယ်မှုနှင့် အကျိုးပြုကယ်လိုရီများထက် ဟင်းချက်ရာတွင် အနံ့ ကောင်းသည်ဆိုသည့်အသိတစ်ခုဖြင့် သုံးစွဲကြခြင်းဖြစ်ပါသည်။

   ကြက်သွန်ဖြူကို ဩဂုတ်လမှ စက်တင်ဘာလအတွင်းစိုက်ပျိုးရန် မြေပြုပြင်ခြင်းပြုလုပ်ကြ၍ အောက်တိုဘာလနှင့် နိုင်ဝင်ဘာလတွင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် အပင်များကိုပြုစုစောင့်ရှောက်ကာ ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်ရောင်းချကြသည်။ ကြက်သွန်ဖြူ၏သဘာဝအရ မြေဩဇာကောင်းမွန်သည့်မြေနုမြေပွများတွင် စိုက်ပျိုးထွက်ရှိသည့် အပွစ (တောင်ကြီးစ) ဟူ၍ခေါ်တွင်ပြီး မြေနီ၊ မြေကျစ်တွင် စိုက်ပျိုးထွက်ရှိသည့် အကျစ်စ (အောင်ပန်းစ) ဟူ၍နှစ်မျိုးခွဲခြားရောင်းဝယ်လျက်ရှိပါသည်။ တောင်ကြီးစ၏အရည်အသွေးမှာ သိုလှောင်မှုနှင့်မကိုက်ညီဘဲ ချက်ချင်းရောင်းဝယ်မှုပြုလုပ်ကြရသည်။ ဈေးအတက်အကျအရ တွက်ချေမကိုက်ဘဲသိုလှောင်မိပါက အလေးချိန်လျော့ကျခြင်း၊ အလေအလွင့်များခြင်းတို့ကြောင့် ဈေးကွက်၌ လူကြိုက်နည်းပါသည်။ အကျစ်စ (အောင်ပန်းစ) မှာ သိုလှောင်မှုနှင့် ကိုက်ညီပြီး တာရှည်သိုလှောင်နိုင်၍ အလေအလွင့်နည်းခြင်း၊ ဈေးအတက်အကျကိုစောင့်နိုင်ခြင်းတို့ကြောင့် လူကြိုက်များပါသည်။

  ကြက်သွန်ဖြူဈေးမှာ ယခုနှစ်ပေါ်ချိန် မတ်လကျော်မှစတင်၍ အနိမ့်ဈေး ၁၈၀၀ကျပ်မှ အမြင့်ဈေး ၃၅၀၀ကျပ်ခန့်၊ ဧပြီလတွင် အနိမ့်ဈေး ၂၅၀၀ကျပ်မှ အမြင့်ဈေး ၄၂၀၀ကျပ်ခန့်၊ မေလတွင် ၃၂၀၀ကျပ်မှ ၆၀၀၀ကျပ်ခန့်နှင့် ဇွန်လတွင် ယခုပေါက်ဈေး ၆၈၀၀ကျပ်မှ ၉၀၀၀ကျပ်အထိဈေးတက်လာပါသည်။ ဈေးကွက်သဘောအရ ပစ္စည်းကျန်ရှားပါး၍ အဝင်နည်းလျှင် ဈေးကွက်လိုအပ်မှုရှိ၍ ဈေးနှုန်းမြင့်တက်လေ့ရှိပါသည်။ ယခုနှစ်တွင် စိုက်ဧကလျော့ကျလာခြင်း၊ သွင်းအားစုဈေးကြောင့် အထွက်နှုန်းလျော့ကျခြင်းတို့ကြောင့်လည်းကောင်း၊ မြန်မာပြည်၏ ကြက်သွန်စိုက်ဧကများမှာ ဒေသအခြေအနေရိုက်ခတ်မှုကြောင့် စိုက်ဧကလျှော့ချ၍ အထွက်နှုန်းကျဆင်းလာကာ ဈေးကွက်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခြင်းတို့ကြောင့် ဈေးနှုန်းအတက်ဘက်ကိုဦးတည်နေပါသည်။

   နောက်နှစ်လခန့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးချိန်ရောက်တော့မည်ဖြစ်သဖြင့် မျိုးချန်ထားသူများမှာ တစ်ဧကလျှင် ပိဿာ၂၅၀ခန့်မျိုးစိုက်ထည့်ရမည်ဖြစ်၍ ယခုကြက်သွန်ဖြူပေါက်ဈေးနှင့်ဆိုလျှင် တောင်သူတချို့မှာ ရင်းနှီးစိုက်ပျိုးနိုင်ရန် မလွယ်ကူနိုင်ကြောင်း သုံးသပ်ရပေသည်။ စားသုံးသူများသည် နောင်နှစ်ပေါ်ချိန်မကျမီ အတက်ဈေးနှင့်ရင်ဆိုင်ရမည့်အပြင် နောင်နှစ်ပေါ်ချိန်၌ စိုက်ဧကပါလျော့ကျသွားနိုင်ပြီး ရှမ်းတောင်ကြက်သွန်ဖြူ၏ အနာဂတ်ကာလတွင် စားသုံးသူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၃ခုနှစ်၊ဇွန်လ နောက်ဆုံးအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၂၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

    မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။

 ၂၀၂၃ခုနှစ်၊ဇွန်လ(နောက်ဆုံးအပတ်)တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း