ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူခရိုင် အုတ်တွင်းမြို့တွင် နာနတ်သီးများ အရောင်းသွက်

     တောင်ငူခရိုင် အုတ်တွင်းမြို့တွင် နာနတ်သီးများ ရောင်းအားကောင်းလျှက်ရှိပါသည်။ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသော နာနတ်သီးများကို မှာယူပြီး ၎င်းဒေသများရှိ နာနတ်ဒိုင်များက ကုန်စိမ်းတင်သည့်ကားကြီးများဖြင့်တင်ပေးပါသည်။

   ၎င်းကုန်တင်ကားကြီးများက အမြန်လမ်းမကြီးအတိုင်း တင်ဆောင်လာပေးပြီး ဖြူး မြို့နယ်ရှိ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် ချထားပေးပါသည်။ ထိုမှ သုံးဘီးဆိုင်ကယ်ဖြင့် သွားရောက်သယ်ယူပြီး ဖြူး၊ ဇေယျဝတီ၊ ညောင်ခြေထောက်၊ ကျွဲပွဲနှင့် အုတ်တွင်းမြို့များသို့ လှည့်လည်ရောင်းချပါသည်။

     ရှမ်းပြည်မှလာသော နာနတ်သီးများမှာ အလုံးကြီးပြီး အချိုလည်းပိုလေးပါသည်။ ရောင်း ဈေးမှာ တစ်လုံး ၁၅၀၀ ကျပ်ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးမှလာသော နာနတ်သီးများမှာ အလုံး အနည်းငယ်သေးပြီး အချိုလည်းအနည်းငယ်ပေါ့ပါသည်။ ရောင်းဈေးမှာ ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ ဖြစ်ပါသည်။

      နာနတ်သီးကို အလုံးလိုက်အပြင် အခွံခွာ အစိတ်စိတ်ပြီးလည်း ရောင်းချပါသည်။ သုံးစိတ် ကို ၅၀၀ ကျပ်ဖြင့်ရောင်းချပါသည်။ ယခုအချိန်တွင် နာနတ်သီးများ ပေါများစွာပေါ်၍ ဈေးနှုန်းလည်း သင့်တင့်သောကြောင့် ရောင်းအားကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

ဖြူးဒူးရင်းသီးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ကျောက်ကြီးမြို့နယ်၊ မုန်းနှင့် ကျောက်ကြီးပေါက်ကျေးရွာများမှ ထွက်ရှိသော ဒူးရင်းသီးများမှာ နှစ်စဉ် မေလမှ အောက်တိုဘာလခန့်အထိ ဖြူးမြို့နယ်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။

     ယခုနှစ် ဒူးရင်းသီးရာသီတွင်လည်း ဒူးရင်းသီးရောင်းသူများမှာ ဖြူးမြို့တွင်းရှိ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင် ယာယီဆိုင်ခန်းများ၊ မော်တော်ယာဉ်ငယ်များ၊ လက်တွန်း လှည်းများဖြင့် ရောင်းချလျက်ရှိသကဲ့သို့ ဖြူးမြို့အနောက်ဘက်ရှိ အမြန်လမ်းမကြီးဘေးမှ ကျေးရွာများကလည်း ကယ်ရီများဖြင့်သယ်ယူကာ အမြန်လမ်းပေါ် သွားလာနေသော ကားများအား ရောင်းချ ပေးပါသည်။

    ဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် ၃၅၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်အထိ ရှိပါသည်။ ဒေသတွင်းမှ စားသုံးသူပြည်သူများ၊ ခရီးသွားပြည်သူများကို ရောင်းချပေးသည့်အပြင် ကျောက်ပန်းတောင်း၊ တောင်ကြီး၊ လားရှိုးမြို့များသို့လည်း တင်ပို့ရောင်းချရကြောင်း ဖြူးမြို့မှ ဒူးရင်းသီးရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဒေသထွက် အစိမ်းရောင် ဟင်းနုနွယ်

   ဟင်းနုနွယ်ရွက်ပင်သည် အစိမ်းရောင်အပင်အမျိုးအစားဖြစ်ပါသည်။ ဟင်းနုနွယ်ရွက်သည် မြန်မာလိုအခေါ်အဝေါ်ဖြစ်ပြီး အင်္ဂလိပ်လိုမှာ Amaranth ဟုခေါ်ပါသည်။ ဟင်းနုနွယ်ရွက်ကို ဆေးဖက်ဝင်အပင်တစ်ခုအဖြစ် အားလုံးသိကြပါသည်။ ဟင်းနုနွယ်ရွက်ကို စားသုံးပေးခြင်းဖြင့် အမြင်အာရုံကိုကောင်းမွန်စေပါသည်။ ဟင်းနုနွယ်ရွက်သည် ဗီတာမင်ဒီ ပါဝင်သောကြောင့် အရိုးအဆစ်များအတွက်ကောင်းမွန်စေပါသည်။ ထိုအပြင် ဗီတာမင်အေနှင့် သံဓါတ်များစွာ ပါဝင်ပါသည်။ ဟင်းနုနွယ်ပင်သည် အရွက်ကိုသာ စားသုံးရသည့်အတွက် ဟင်းရည်ချက်စားခြင်း၊ သုပ်၍စားခြင်း စသည်ဖြင့် အရသာကောင်းမွန်စေခြင်းဖြင့် ခံတွင်းမြိန်စေပါသည်။

   ဟင်းနုနွယ်ရွက်သည် စိုက်ပျိုးရာတွင်လွယ်ကူစေပြီး အကြမ်းခံသော အပင်မျိုးဖြစ်ပါသည်။ ဟင်းနုနွယ်ပင်မှာ အမျိုးအစား (၂)မျိုးရှိပြီး အနီရောင်နှင့် အစိမ်းရောင်အပင်တို့ဖြစ်ပါသည်။ အစိမ်းရောင်အပင်မှာ လူစားသုံးမှုများကြပါသည်။ ဟင်းနုနွယ်ရွက်ပင်သည် ပူနွေးသောရာသီဥတုကို ပိုမိုကြိုက်နှစ်သက်ကြပါသည်။ ဟင်းနုနွယ်ရွက်ပင် စိုက်ပျိုးရာတွင် ဘောင်တင်၍စိုက်ပျိုးကြပြီး မစိုက်ပျိုးမှီ မြေဩဇာနှင့် မြေဆွေးများအား သမအောင်ရောမွှေထားပြီးမှ ဘောင်များပြုလုပ်ပြီး မျိုးစေ့များအား တိုက်ရိုက်ချ၍စိုက်ပျိုးရပါသည်။ ဟင်းနုနွယ်ပင်များအား စိုက်ပျိုးပြီး အပင်များ ပေါက်လာပြီး အပင်များဖြစ်ထွန်းလာပါက အပင်အသေးအညှက်များအား နှုတ်ပေးရပါသည်။ သို့မှသာ အပင်များသန်မာပြီး အရွက်များဝေလာပါသည်။ ထို့အပြင် အပင်များအတွင်း မြက်များ ရောနှော၍ပေါက်ရောက်တတ်သဖြင့် ပေါင်းမြက်များကိုလည်း နှုတ်ပေးရပါသည်။ ဟင်းနုနွယ်ပင် များအား စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ဒေသအများအပြားတွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး ကျေးလက်ဒေသများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဟင်းနုနွယ်ရွက်ပင်သည် စတင်စိုက်ပျိုးပြီး(၃/၄)ပတ်ကြာလျှင် စတင်ဖြတ်တောက်နိုင်ပါသည်။

   ဟင်းနုနွယ်ရွက်ကို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာ၊ တောင်လုံးညိုကျေးရွာများတွင် စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းရောင်းချရာတွင် ဟင်းနုနွယ်ရွက် အပင်(၃)ပင်ပါ တစ်စည်းလျှင် (၂၀၀)ကျပ်နှုန်းဖြင့် မြို့မစည်ပင်သာယာဈေးအတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ပိန္နဲသီးဈေးကွက်

    ပိန္နဲပင်တွင် အိမ်ပျော့မျိုးနှင့် အိမ်မာမျိုးဟူ၍ (၂)မျိုးရှိပြီး လူအကြိုက်အများဆုံးမှာ အိမ်မာမျိုးဖြစ်ပါသည်။ ပိန္နဲသီးအစိမ်းကို ဟင်းချက်၍စားရသလို အမှည့်ကိုလည်း  အချိုပွဲအဖြစ် စားသုံးကြပါသည်။ ထို့အပြင် ပိန္နဲသီးကို ယိုထိုး၍လည်းကောင်း၊ ဂျယ်လီပြုလုပ်၍လည်းကောင်း၊ ရေခဲမုန့် ပြုလုပ်၍လည်းကောင်း၊ စည်သွတ်ဘူးများပြုလုပ်၍လည်းကောင်း စားသုံးကြပါသည်။ ပိန္နဲပင်ကို အိမ်ခြံဝိုင်းထဲတွင် မိမိတို့အိမ်သားများ စားသုံးရန်တစ်ပင်၊ နှစ်ပင်ခန့် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း ဧကပြတ်စိုက်ပျိုးကြပါသည်။ ပြည်မြို့အနေဖြင့် ဧကပြတ်စိုက်ပျိုးမှုမရှိသော်လည်း တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြပါသည်။ ပိန္နဲပင်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံအနောက်ဘက်ရှိ မိုးသစ်တောများမှ စတင်သည်ဟု သိရပါသည်။ ပိန္နဲပင်အများစုမှာ အသီးသီးရန် (၈)နှစ်ခန့်ကြာပြီး၊ အချို့မျိုးများမှာ စိုက်ပျိုးပြီး (၃)နှစ်အကြာတွင် အသီးများစတင်သီးကြပါသည်။ အရွယ်ရောက်ပြီး သား ပိန္နဲပင်သည် တစ်နှစ်လျှင် အသီး(၂၀၀)ခန့်သီးပြီး သက်တမ်းပိုရင့်သောအပင်သည် တစ်နှစ် လျှင် အသီး(၅၀၀)ကျော် သီးသည်ဟု သိရပါသည်။

   ပိန္နဲသီးတွင် ပရိုတင်း၊ ဗီတာမင်ရေဓါတ်၊ အမျှင်ဓါတ်၊ အဆီဓါတ်နဲ့ သတ္တုဓါတ်တို့ပါဝင်၍ ဘေးအန္တရာယ်ဖြစ်စေသော ကယ်လိုရီပါဝင်မှုနည်းပါးသောကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသလို တန်ဆေး၊ လွန်ဘေးဆိုသည့်အတိုင်း များများစားလျှင်လည်းရင်ပြည့် ရင်ကယ်ဖြစ်တတ်ပါသည်။ ပြည်မြို့ရှိဈေးများတွင် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ တင်ပို့ရောင်းချသလို မန္တလေးတိုင်းဘက်မှလည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဈေးများတွင် ပိန္နဲသီးအစိမ်းများကို ဓါးဖြင့်စိတ်၍သော်လည်းကောင်း ၊  အထုပ်များဖြင့်ထုပ်၍ လည်းကောင်း ၊  ပိန္နဲသီးအမှည့်များကိုလည်း အလုံးလိုက်ရောင်းချသလို၊ ခွဲ၍ အိမ်များကိုထုပ်၍ရောင်းချကြောင်း သိရပါသည်။ ရောင်းချသော ဈေးနှုန်းများမှာ ပိန္နဲသီး အစိမ်းစိတ်ပြီးသား တစ်ထုပ်လျှင် (၁၀၀) ကျပ်ဖြင့်ရောင်းချသလို၊ အမှည့် တစ်လုံးလျှင် အလုံးအရွယ်အစားပေါ်လိုက်၍ တစ်လုံးလျှင် (၃၀၀၀ မှ ၅၀၀၀)ကျပ် အထိရောင်းချပြီး ခွဲပြီးသား ပိန္နဲသီးအိမ်များကိုလည်း အိမ်မာ တစ်အိမ်လျှင် (၂၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ချောက်မြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်မှုများဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ချောက်မြို့နယ်၌ စားအုန်းဆီလက်လီ/လက်ကားရောင်းချလျက်ရှိသော ဒေါ်စီစီလွင်ဆီဆိုင်မှ စျေးကားဖြင့်လှည့်လည်၍ အမှတ်(၆)ရပ်ကွက်၊ ရွှေသူဌေးကုန်းရပ်တွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်း၍ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး၊ စားအုန်းဆီဈေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

    ချောက်မြို့နယ်တွင် စားသုံးသူများ စျေးနှုန်းချိုသာစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် ချောက်မြို့နယ်အတွင်းရှိ စားသုံးသူများ စားအုန်းဆီစျေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်စေရန် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းက မြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ရောင်းချသွားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ “ဒေါ်စီစီလွင်” ဆီရောင်းဝယ်ရေးမှ (၁၉-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းမှစ၍ အမှတ်(၇)ရပ်ကွက်၊ ရွာဟောင်းရပ်၊ (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၆)ရပ်ကွက်၊ (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၅)ရပ်ကွက်၊ ရွှေသူဌေးကုန်းရပ်၊ (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၉)ရပ်ကွက်၊ စျေးရပ်နှင့် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၃)ရပ်ကွက်၊ ချောက်ရွာမရပ်တို့တွင် စျေးကားဖြင့်လှည့်လည်၍ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၃၀၀)နှုန်းဖြင့် စားသုံးသူပြည်သူများအား  ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကုန်ဈေးနှုန်းကြီးမြင့်နေချိန်တွင် ယခုကဲ့သို့ဈေးကားများဖြင့် စားသုံးသူပြည်သူများသက်သာချောင်ချိရေးအတွက် ရောင်းချပေးခြင်းသည် ကုန်ဈေးနှုန်းကျဆင်းရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးရာရောက်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်နှင့် ယခုနှစ် ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်ခြင်း

     ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး နှင့် ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများမှာ အခြားတိုင်း များသို့လည်း တင်ပို့မှုရှိပြီး၊ ပဲကြီး၊ ကုလားပဲနှင့် ဘိုကိတ်ပဲများမှာ မြို့တွင်းရောင်းဝယ်မှုများပြီး တစ်ခါတစ်ရံမှသာ ရန်ကုန်နှင့် နယ်စုံသို့ တင်ပို့ရောင်းချမှုများရှိခဲ့ပါသည်။

မတ်ပဲ

          ၂၀၂၂ခုနှစ် ဇွန်လပထမပတ်တွင် မတ်ပဲတစ်တင်းကို (၄၉၀၀၀-၄၉၅၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ် (၁၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ၂၀၂၃ခုနှစ် ဇွန်လပထမပတ်မှာ မတ်ပဲတစ်တင်းကို (၇၆၀၀၀-၇၆၅၀၀)ကျပ်ဖြင့် ယခင်နှစ်ကဈေးထက် ပဲတစ်တင်းကို (၂၇၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ ပါသည်။ ယခင်နှစ် ဇွန်လဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၅၂၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ရှိခဲ့ပြီး ယခုနှစ် ဇွန်လဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၂၀၀/၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်ထက် ယခုနှစ်တွင် မတ်ပဲ တစ်တင်း ကို (၂၈၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ပဲစင်းငုံ

          ယခုနှစ် ဇွန်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို (၁၀၅၀၀၀)ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ပြီး ယခင်နှစ် ဇွန်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို (၄၅၀၀၀)ကျပ်ဖြင့် အဝယ် တစ်ရက်ကို အိတ် (၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ် ဇွန်လဒုတိယတွင် ပဲစင်းငုံတစ်တင်းကို (၁၀၅၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပြီး ယခင်နှစ်က ပဲစင်းငုံတစ်တင်းကို (၄၆၀၀၀)ကျပ်ဖြင့် အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်ဈေးက ယခင်နှစ်ဈေးထက် ပဲတစ်တင်းကို (၅၉၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ကုလားပဲ

          ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ်ဇွန်လပထမပတ် ကုလားပဲ(Hl)တစ်တင်းကို (၁၈၀၀၀)ကျပ် ဖြင့် ခွဲစက်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်ဇွန်လပထမပတ်တွင် ကုလားပဲ(Hl)တစ်တင်းကို (၉၁၀၀၀-၉၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခင်နှစ်ဈေးထက် ပဲတစ်တင်းကို (၄၃၀၀၀-၄၄၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။ ယခင်နှစ်ဇွန်လပထမပတ်တွင် ကုလားပဲ (မြကြေးမှုံ) တစ်တင်း ကို (၅၂၀၀၀)ကျပ်၊ ယခုနှစ်တွင် ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို (၉၁၀၀၀-၉၂၀၀၀) ကျပ်ဖြင့် ပဲတစ်တင်းကို (၃၉၀၀၀-၄၀၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။ ယခုနှစ်ဇွန်လပထမပတ်တွင် ကုလားပဲ (Hl)တစ်တင်းကို (၉၂၀၀၀)ကျပ် ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို (၉၂၀၀၀)ကျပ် ဖြင့် ခွဲစက်သမားများအဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်ဇွန်လဒုတိယပတ်တွင် ကုလားပဲ(Hl)တစ်တင်းကို (၅၁၀၀၀) ကျပ် (မြကြေးမှုံ)တစ်တင်းကို (၅၂၀၀၀)ကျပ် ဖြင့်  အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။

ပဲကြီး

          ပြည်ကုန်စည်ဒိုင်တွင် ယခုဇွန်လပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၅၀၀၀) ကျပ်ဖြင့် ပဲကြော်သမားများနှင့် နယ်စုံအဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဇွန်လပထမပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် အဝယ်ရှိခဲ့ပြီး ပဲတစ်တင်းကို (၂၅၀၀၀)ကျပ်ဖြင့် ယခုနှစ်တွင် ဈေးပိုရခဲ့ပါသည်။ ယခုနှစ်ဇွန်လဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် ပဲကြော်သမားများအဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဇွန်ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပဲတစ်တင်းကို (၂၅၀၀၀) ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ဘိုကိတ်

          ပြည်ကုန်စည်ဒိုင်၏ ယခုနှစ်ဇွန်လပထမပတ်တွင် ဘိုကိတ်တစ်တင်းကို(၅၄၀၀၀-၅၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်နှစ်ဇွန်လ ပထမပတ်တွင် ဘိုကိတ်တစ်တင်းကို (၃၄၀၀၀)ကျပ်ရှိပြီး ပဲတစ်တင်းကို (၂၀၀၀၀-၂၁၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဇွန်လဒုတိယပတ်တွင် ဘိုကိတ်တစ်တင်းကို (၅၅၀၀၀)ကျပ်၊ ယခင်နှစ် ဘိုကိတ် တစ်တင်းကို (၃၅၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့်နယ်စုံအဝယ်ရှိခဲ့ပါသည်။ ယခုနှစ်ဘိုကိတ်တစ်တင်းကို (၂၀၀၀၀) ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ်ဇွန်လပထမပတ်နှင့် ဒုတိယပတ်ဈေးနှုန်းနှင့် ယခင်နှစ် ဇွန်လပထမပတ်နှင့် ဒုတိယပတ်ပဲဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်ပဲဈေးများမှာ ပိုမို၍ ဈေးရခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကြက်သွန်နီဈေးငြိမ်၍ အရောင်းအဝယ်အေး

     ပြည်ဈေးကွက်သို့ ပခုက္ကူ၊ ကျောက်ပန်းတောင်းနှင့် သရက်စသည့်နယ်ဘက်မှ ကြက်သွန်နီများ ပိဿာ (၃၅၀၀၀)ခန့် ရက်ခြားအဝင်ရှိနေပြီး ပုံမှန်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ဈေးနှုန်းမှာ ပွဲရုံများ၌ လက်ကားတစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် (၉၀၀/၂၀၀၀-၂၁၀၀/၂၂၀၀)နှုန်း တို့ရှိပြီး လက်လီဈေးအသေးများတွင် ကျပ် (၂၂၀၀/၂၃၀၀/၂၄၀၀) နှုန်းတို့ဖြင့် ရောင်းဝယ်မှု ရှိနေပါသည်။ ဈေးကွက်အတွင်း ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ၊ တိုင်းအတွင်း သာယာဝတီခရိုင်နှင့် ပန်းတောင်း(ဥသျှစ်ပင်)တို့သို့လည်းကောင်း၊ တိုင်းကျော်၊ နယ်ကျော်အဖြစ် ရခိုင်ပြည်နယ် တောင်ကုတ်နှင့် ဧရာဝတီတိုင်း ကြံခင်းတို့သို့လည်းကောင်း စီးဆင်းမှုအဖြစ် ပုံမှန်ရောင်းဝယ်လျက်ရှိပြီး မိုးရာသီနှင့်အတူ အရောင်းအဝယ်မှာ ဈေးငြိမ်၍အေးလျက်ရှိနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပေါ်ဦးပေါ်ဖျားဈေးကောင်းရသည့် ကြောင်လျှာသီး

    မြန်မာဆေးဖက်ဝင် အသီးတစ်မျိုးဖြစ်သော ကြောင်လျှာသီးမှာ ဖန်ခါးသောအရသာရှိ၍ ပူစပ်ကာ နှုတ်ကိုမြိန်စေခြင်း ၊ ဝမ်းမီးတောက်စေပြီး ဖျားနာ၊ အစာမကြေ၊ ပျို့အန်၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်ကာ ခွန်အားတိုးပွားစေသည်ဟု သိရှိရပါသည်။ ထိုကဲ့သို့ ဆေးဖက်ဝင်သော ကြောင်လျှာသီးများကို ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် နှစ်ရှည်သီးနှံအဖြစ် စိုက်ပျိုးကြပြီး ပြည်မြို့ပေါ်ဈေးများသို့ တင်ပို့ရောင်းချကြပါသည်။

   ကြောင်လျှာသီးမှာ အညိုသီး၊ အစိမ်းသီးဟူ၍ နှစ်မျိုးရှိပြီး အစိမ်းသီးမှာ အခါးပေါ့ကြောင်း သိရပါသည်။ ကြောင်လျှာသီးကို ပါးပါးလှီး၍ ပုစွန်ခြောက်ဖြင့်လည်းကောင်း၊ လက်နှစ်ဆစ် အတုံးလေးများတုံး၍ ပုစွန်ခြောက်ဖြင့် နှပ်၍စားကြပါသည်။ နားလေထွက်လျှင် ကြောင်လျှာသီးကို ပါးပါးလှီးကာ ပုစွန်ခြောက်၊ သံပုရာသီးကိုအရည်ညှစ်၍ ဆီချက်ထည့်ကာ သုပ်စားလျှင် ပျောက်ကင်းကြောင်း သိရပြီး ကြောင်လျှာသီး၏ခါးသောအရသာမှာ ခန္ဓာကိုယ်ထဲမှ အဆီပိုများကို ချေဖျက်ပေးရုံမကဘဲ ဆီးချို၊ သွေးချို မဖြစ်အောင်လည်း ကာကွယ်ပေးကြောင်း သိရပါသည်။

    ပြည်ဈေးကွက်အတွင်းသို့ ဇွန်လဆန်းမှ စတင်ဝင်ရောက်လာပြီး ပေါ်ဦးပေါ်ဖျားဖြစ်ကာ ဈေးကောင်းရသည့်အတွက် တစ်တောင့်လျှင် ကျပ် (၇၀၀-၈၀၀) ထိရရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ရွှေဖရုံသီးဈေးကွက်

   ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိသော အဝါရောင်ရွှေဖရုံသီးသည် အသီးသာမက အရွက်ညွန့်နှင့် အစေ့အထိပါ အသုံးဝင်ပြီး ချိုသောအရသာရှိကာ ကလေးငယ်များအတွက် ဝါ၊ စိမ်း၊ နီ ဖြည့်စွက်စာအဖြစ် ကျွေးသင့်၍ အာဟာရဓါတ်များစွာပါဝင်သောအသီး တစ်မျိုးဖြစ်သဖြင့် ဈေးကွက်ခိုင်မာရရှိပြီးဖြစ်ကာ ပြည်ဈေးကွက်သို့ ပုတီးကုန်း၊ ဝက်ပုတ်၊ ရွှေတောင်၊ ထန်းကုန်း၊ ဇီးအုပ်၊ နတ်တလင်း စသည့်နယ်ဘက်များမှ ဝင်ရောက်လျက်ရှိပါသည်။

    ရွှေဖရုံသီးကို ကြက်သားနှင့်ရော၍သော်လည်းကောင်း၊ ပါးပါးလှီး၍ဖရုံညွန့်၊ ငရုတ်သီးစိမ်း တို့နှင့် ဆီပြန်ချက်၍သော်လည်းကောင်း၊ မျှစ်နှင့် ဖရုံညွှန့်၊ ခရမ်းသီး၊ ဘူးသီးတို့နှင့်ရော၍ အရည်သောက်ဟင်းချက်၍သော်လည်းကောင်း၊ ရွှေဖရုံသီးကိုပေါင်း၍ ဆီနှင့်တို့၍သော် လည်းကောင်း၊ ဖရုံသီးအခဲ၊ အပျစ်ချက်၍သော်လည်းကောင်း၊ ကြော်စား၍သော်လည်းကောင်း စားသောက်ကြပြီး ရွှေဖရုံသီးတွင် သံဓါတ်၊ အမျှင်ဓါတ်၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်၊ ပရိုတင်း Vitamin A,C,E တို့ပါဝင်၍ ရွှေဖရုံရွက်တွင် သံဓါတ်၊ ကော့ပါး၊ အမိုင်နိုအက်စစ်၊ Vitamin A,C,B6 တို့ပါဝင်ကြောင်း သိရပါသည်။

   အာဟာရဓါတ်စုံလင်စွာပါဝင်သဖြင့် အမြင်အာရုံကောင်းစေခြင်း၊ နှလုံးကျန်းမာရေး ကောင်း စေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အရိုးအဆစ်သန်မာပြီး အဆစ်ရောင်နာကို သက်သာစေခြင်းစသည့် ခန္ဓာကိုယ်ကျန်းမာစေရုံသာမက အလှအပရေးရာများဖြစ်သော အရေးအကြောင်း၊ အစက် အပြောက်များကို သက်သာစေခြင်းနှင့် ချွေးပေါက်များကို ကျဉ်းစေကာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးခြင်း စသည့် အကျိုးကျေးဇူးများကိုရရှိစေပါသည်။

    ပြည်မြို့ပေါ်ရှိ ဈေးများတွင် ဖရုံသီးအကြီးတစ်လုံးလျှင် ကျပ် (၃၀၀၀-၃၅၀၀)ခန့် ရှိပြီး လက်လေးလုံးခန့် တစ်စိပ်လျှင် ကျပ် (၄၀၀-၅၀၀)ဖြင့် ရောင်းချကြကာ လက်တစ်ဝိုင်းစာ အလုံးသေးများလည်း ဈေးကွက်အတွင်း ရောင်းချကြပြီး တစ်လုံးလျှင် ကျပ်(၅၀၀-၆၀၀)ရှိ၍ ဖရုံညွန့် ဈေးမှာ (၅)ပင်စည်းတစ်စည်းလျှင် ကျပ် (၃၀၀)၊ (၈)ပင်စည်း တစ်စည်းလျှင် ကျပ် (၄၅၀-၅၀၀) တို့ဖြင့် ရောင်းချမှုရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့ရဲ့ အုန်းစိမ်းရည်ဈေးကွက်

   အုန်းစိမ်းရည်ကို ယခင်ကပင်လယ်ကမ်းခြေဒေသများသို့ သွားရောက်လည်ပတ်သည့်အခါမှသာ သောက်သုံးကြပါသည်။ ကိုဗစ် ၁၉ ကာလမှစ၍ အုန်းစိမ်းရည်ကို နေရာအနှံ့အပြားတွင် ရောင်းချကြပြီး ကျန်းမာရေးအတွက် သောက်သုံးသူ များပြားလာကြပါသည်။ အုန်းစိမ်းရည်သည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးနိုင်ကြောင်း သိရှိရပါသည်။ အုန်းစိမ်းတစ်လုံးလျှင် အုန်းရည် (၂၀၀)မီလီလီတာမှ (၁၀၀၀) မီလီလီတာအထိ ပါဝင်ကြောင်း သိရှိရပါသည်။ အုန်းစိမ်းရည်သည် အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းသော သဘာဝအချိုရည်တစ်မျိုးဖြစ်ပါသည်။ အုန်းစိမ်းရည်မှာ အုန်းစိမ်းခြောက်အရည်ထက် အာဟာရဓါတ် ပိုမိုပါဝင်ပါသည်။ အုန်းစိမ်းရည်သည် အပူကင်းပြီး ရေငတ်ခြင်းကိုပြေစေနိုင်သော သဘာဝအချိုရည်တစ်မျိုးဖြစ်ပါသည်။ အုန်းစိမ်းရည်တွင် ပါဝင်သော အာဟာရဓါတ်သည် ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါသည်။ အုန်းစိမ်းရည်ရေတွင် ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းဓါတ်၊ ဗီတာမင် ဘီ၊ စီ၊ သံဓါတ်၊ ကယ်လဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဇင့်ဓါတ်များပါဝင်ပါသည်။ အုန်းစိမ်းရည်တွင် ပါဝင်သော Cytokinin ဟုခေါ်သော အပင်ဟိုမုန်းတစ်မျိုးသည် အရွယ်တင်နုပျိုစေပြီး ဘက်တီးရီးယားနှင့် ကင်ဆာရောဂါများကို တိုက်ဖျက်နိုင်သော အစွမ်းလည်းရှိကြောင်း သိရပါသည်။ ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် ချွေးထွက်လွန်ခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင် ဆုံးရှုံးသောရေဓါတ်များကိုလည်း ဖြည့်တင်းပေးပါသည်။ အစာအိမ်ရောင် ဝေဒနာခံစားရသော လူနာများကို ဆရာဝန်များက ဂတ်စ်မပါသော အချိုရည်အပြင် အုန်းစိမ်းရည်ပါသောက်နိုင်ကြောင်း ညွှန်ကြားခြင်းများကိုလည်း သိရှိရပါသည်။

    ပြည်မြို့နယ်တွင် အုန်းစိမ်းရည်ကို တုတ်တုတ်(သုံးဘီးကား)များ၊ ဆိုက်ကားများနှင့် ဆိုင်များတွင် ရောင်းချကြပါသည်။ အုန်းသီးစိမ်းများကိုအုန်းသီးအများအပြားထွက်ရှိသော ဧရာဝတီတိုင်း ကျိုတ်လတ်မြို့မှ ဝယ်ယူကြောင်းသိရှိရပါသည်။ ကားဖြင့် တစ်ခေါက်လျှင် အုန်းသီးလုံးရေ (၁၀၀)ခန့် ဝယ်ယူပြီး တစ်လုံးလျှင် အကြီး/အသေး သောင်းပြောင်း တစ်လုံးကို (၁၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး ပြန်လည်ရောင်းချရာတွင် တစ်လုံးလျှင် (၁၅၀၀)ကျပ် (၁၈၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း