ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူ၊ ကျွန်းလှ ဒေသတို့၏ ရာသီစာ မှိုစေ့ (ခေါ်) အင်ဥ ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိ

   စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေး လုပ်ငန်းတွင်သာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့တို့၏ ရာသီသီးနှံများအကြောင်းကို လည်း လစဉ် အပတ်စဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်တွင် ရာသီစာဖြစ်သော မှိုစေ့(ခေါ်)အင်ဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    အင်ဥသည် မိုးရာသီတွင် ပေါ်ပေါက်ပြီး စား၍အကောင်းဆုံအချိန်မှာ မှိုစေ့ (ခေါ်)အင်ဥ စပေါ်ပြီး (၄/၅/၇)ရက်အတွင်းသာ နုပြီးစားလို့ကောင်းကာ ဈေးကောင်းလည်းရရှိပါသည်။ စပေါပြီးရက်အနည်းငယ်ကြာလျှင် ကြမ်းလာပြီး အဝါးရခက်လာကာ အရသာမရှိတော့သဖြင့် ပေါ်ခါစအချိန်တွင် ဈေးကောင်းပေး၍ စားသုံးသူပြည်သူများက ဝယ်ယူစားသောက်ကြကြောင်း သိရှိရပါသည်။ တခြားဒေသများတွင် အင်ဥ နို့ဆီတစ်ဘူးလျှင်(၄၅၀၀)ကျပ်အထိ ရောင်းချနေတာ တွေ့ရှိရသော်လည်း မိမိတို့ဒေသ ကန့်ဘလူမြို့၊ ကျွန်းလှမြို့တွင် ညနေပိုင်း (၄/၅)နာရီဝန်းကျင် မဟာရွှေစည်ကြီးဘုရား ညနေဈေးတန်းတွင် နို့ဆီတစ်ဘူးလျှင် (၂၀၀၀)ကျပ် တစ်ပြည်လျှင်(၁၅၀၀၀)ကျပ်ဖြင့် လာရောက်ရောင်းချနေကြောင်းနှင့် လတ်တလော မိသားစု စားဝတ်နေရေးအတွက် အထောက်အပံ့ဖြစ်ပါကြောင်း မှိုစေ့ (ခေါ်)အင်ဥ ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ပြည်ခရိုင်၊ ပြည်မြို့၌ ပဲတီစိမ်းသစ်များအရောင်းအဝယ်ဖြစ်

    ပြည်ခရိုင်၊ ပြည်မြို့ရှိ ပွဲရုံများတွင် မိုးပဲတီစိမ်းများ အဝင်ရှိနေပြီဖြစ်ရာ ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ဝက်ထီးကန်၊ ကံမ၊ ရွှေတောင်၊ ကျီးသဲဘက်တို့မှ တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀) ခန့်အဝင်ရှိနေပါသည်။  ပဲတီစိမ်းထွက်ရှိရာ ဝက်ထီးကန်မြို့နယ်ဘက်မှ ပြည်မြို့သို့ ပဲတီစိမ်းအသစ်များဝင်ရောက်မှုရှိနေပြီး အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ တစ်တင်းလျှင် (၆၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်နှစ်တွင် မိုးပဲတီစိမ်းပေါ်စဈေးမှာ (၄၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။ ယခင်နှစ် ပဲတီစိမ်းပေါ်စဈေးထက် ယခုနှစ် ပဲတီစိမ်းအဖွင့်ဈေးမှာ (၁၂၀၀၀) ကျပ်ခန့်ဈေးပိုရခဲ့ကြောင်းသိရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာလည်း ယခုနှစ်တွင် ဈေးပိုမိုရရှိခဲ့ပြီး မန္တလေးဝယ်လက်တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀) ခန့်အဝယ်ရှိပြီး ဝင်သလောက် အဝယ်ရှိခဲ့ကြောင်းသိရှိရပါသည်။

     ပြည်ခရိုင်အတွင်းရှိ ပြည်မြို့တွင် ပဲတီစိမ်းဈေးနှုန်းမှာ ယခင်နှစ်ထက်မြင့်တက်နေသည့်အတွက် ပဲစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက် အကျိုးအမြတ်ပိုမိုရရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မိုးရာသီစာခဝဲသီးများ အရောင်းအဝယ်သွက်နေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့မှ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံ စိုက်ပျိုးလျက်ရှိရာ ခဝဲစိုက်ပျိုးခြင်းမှ ပေါ်ဦးပေါ်ဖျားခဝဲသီးများမှာ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

     ခဝဲပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ခဝဲသီးအမျိုးအစားတွင် အပုမျိုးနှင့် အရှည်မျိုးဟူ၍ (၂)မျိုးရှိရာ အပုမျိုးသည် (၅) လက်မ၊ (၆) လက်မခန့်ရှိပြီး အသီးပုံမှာ အမြီးပိုင်းတုတ်ပြီး အဖျားပိုင်းရှူးသွားပါသည်။ အရှည်မျိုးသည် တစ်ပေခန့်ရှည်၍ အရင်းအဖျား ညီညာပြီး တစ်ဖြောင့်တည်းသေးသွယ်ပါသည်။ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် စိုက်ပျိုးကြသော်လည်း နွေရာသီတွင် ရေဝအောင်သွင်း၍ စိုက်ပျိုးကြပါသည်။ ယခုအချိန်ထွက်ရှိသော ခဝဲသီးများသည် ရေသွင်းစိုက်ပျိုးသော အပင်များမှထွက်ရှိသည့် အရှည်သီးအမျိုးအစားအသီးများ ဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ဈေးကောင်းရလျက် ရောင်းချနေကြပါသည်။ ဈေးကွက်တွင် မုံရွာမြို့နယ်ဒေသထွက် ခဝဲသီးများစတင်ရောင်းချနေပြီး ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ခဝဲသီးတစ်တောင့်လျှင် ကျပ်(၃၀၀-၄၀၀)နှုန်းဖြင့် ဈေးကောင်းရ ရောင်းချနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပေါက်ခေါင်းမြို့၏ ပဲစောင်းလျားသီးဈေးကွက်

   ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပဲစောင်းလျားသီးများစိုက်ပျိုးသူနှင့်တွေ့ဆုံပြီး စိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား သိရှိနိုင်ပါရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ပဲစောင်းလျားသီးစိုက်ပျိုးသည့် တောင်သူ ဦးတင်အုန်းနှင့်တွေ့ဆုံ၍ မေးမြန်းခဲ့ရာ ပဲစောင်းလျားပင်ကို တပို့တွဲလတွင် စတင်စိုက်ပျိုးပြီး ရက် (၁၀၀) အကြာတွင် စတင်ထွက်ရှိကြောင်းသိရပါသည်။ ပဲစောင်းလျားပင်ကို (.၅၀) ဧကစိုက်ပျိုးပြီး မစိုက်ပျိုးမီ ထွန်စက် (၃) စပ်မောင်းခ (၅၀၀၀၀) ကျပ်၊ စိုက်ပျိုးသူတစ်ဦးလျှင် (၃၀၀၀) ကျပ်ဖြင့် (၁၅) ယောက်လျှင် (၄၅၀၀၀) ကျပ်၊ တိုင်ဖိုး (၁၀၀၀) အတွက် (၁၃၀၀၀၀) ကျပ်၊ သွင်းအားစု (၃၈၀၀၀) ကျပ်၊ ခူးဆွတ်ခ (၃၆၀၀၀၀) ကျပ်ဖြင့် (.၅၀) ဧကအတွက် စုစုပေါင်း (၆၂၃၀၀၀) ကျပ်ကုန်ကျကြောင်းသိရပါသည်။ ပဲစောင်းလျားတောင့်များခူးဆွတ်လျှင် အကြိမ်ပေါင်း (၆၀) ခန့်ခူးဆွတ်ရပြီး (၂)ရက်ခြားတစ်ခါ ခူးဆွတ်လျှင် အတောင့်ရေ (၃၀၀၀) ခန့်ရရှိသည်ဟု သိရှိရပါသည်။ ရောင်းဈေးမှာ တစ်တောင့်လျှင် (၆) ကျပ်နှုန်းဖြင့်ရောင်းချသဖြင့် တစ်ကြိမ်ခူးဆွတ်ခဝင်ငွေမှာ (၁၈၀၀၀) ကျပ်ရရှိကြောင်းသိရပါသည်။ ထို့ကြောင့် ပဲစောင်းလျားသီးစိုက်ပျိုးသော တောင်သူများအနေဖြင့် (.၅၀) ဧကအတွက် ဝင်ငွေရရှိမှုမှာ (၁၀၈၀၀၀၀) ကျပ်ခန့်ရရှိသဖြင့် အကျိုးအမြတ်မှာ (၄၅၇၀၀၀) ကျပ်ခန့်အမြတ်အစွန်းများရရှိသည်ဟု သိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ ခုနှစ် ဇွန်လ စတုတ္ထအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များ ဖြစ် သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၈၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၂၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၇၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၈၀၀၀)ကျပ်မှ (၈၅၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၆၅၀၀) ကျပ်မှ (၇၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀) ကျပ် မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၁၀၀၀) ကျပ်မှ  (၁၂၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါး ကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ဇွန်လ စတုတ္ထအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများနှိုင်းယှဉ်လျှင် စားအုန်းဆီ တစ်ပိဿာလျှင်(၂၀၀)ကျပ်၊ ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများကွာဟမှုမရှိကြောင်း မုံရွာမြို့နေဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

      မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၃ခုနှစ်၊ဇွန်လ စတုတ္ထအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော်သီး (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၂၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ဇွန်လ စတုတ္ထအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်း ခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ပေါ်ဦးပေါ်ဖျား မန်ကျည်းသီးစိမ်းများဈေးကောင်းရ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ရာသီစာပေါ်ဦးပေါ်ဖျား မန်ကျည်းသီးစိမ်းများကို ကန်သာယာဈေးသို့ လာရောက်ရောင်းချနေပြီဖြစ်ရာ တစ်ပိဿာ ကျပ် ၁၀၀၀၀-၁၂၀၀၀ ဖြင့် ရောင်းချ နေရခြင်းကြောင့် မန်ကျည်းသီးစိမ်းခူးယူရောင်းချနေသူများ လတ်တလော စီးပွားရေးတွက်ခြေကိုက်နေကြကြောင်း မန်ကျည်းသီးစိမ်းခူးယူရောင်းချသူများထံမှ သိရှိရပါသည်။          ရာသီစာမန်ကျည်းသီးစိမ်းများ ခူးယူရောင်းချခြင်းဖြင့် မန်ကျည်းသီးစိမ်းပေါ်ဦးပေါ်ဖျားအချိန်တွင် ဈေးနှုန်းကောင်းဖြင့်ရောင်းချနေရပြီး ဖောက်သည်သွင်းဈေး တစ်ပိဿာ ၈၀၀၀-၉၀၀၀ ကျပ်ဖြင့် ရောင်းချနေရကြောင်း သိရသည်။ ရာသီစာ မန်ကျည်းသီးစိမ်းများကို အိမ်ရှင်မတိုင်း ဝယ်ယူတတ်ကြပြီး မန်ကျည်းသီးစိမ်းကို ကြေညက်စွာထောင်းပြီး မြေပဲနှင့်သုပ်စားခြင်း၊ ပုစွန်၊ ငါးပိတို့ဖြင့်ရောကာ မန်ကျည်းသီးစိမ်းငါးပိချက်၊ ပုစွန်မန်ကျည်းသီးစိမ်းချက် စသည်ဖြင့် ပုံစံမျိုးစုံချက်ပြုတ်စားကြကြောင်း၊ ပူပြင်းပြီးလူတိုင်းနီးပါး အစားအသောက်ပျက်ချိန် ရာသီစာ မန်ကျည်းသီးစိမ်းဖြင့် ဟင်းအမယ်စုံချက်စားခြင်းသည် ခံတွင်းမြိန်စေကြောင်းလည်း သိရသည်။ ရာသီစာ မန်ကျည်းသီးစိမ်းများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း  မန်ကျည်းသီးစိမ်း ခူးယူရောင်းချနေသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေတောင်ဒေသထွက် ခဝဲသီး

    ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခဝဲသီးများစိုက်ပျိုးထားရှိကြောင်း သိရရှိပါသဖြင့် (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ခဝဲသီးစိုက်ပျိုးသောတောင်သူနှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်ခဲ့ပါသည်။

    ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခဝဲသီးစိုက်ပျိုးသော တောင်သူ ဦးတင်ထွဋ်နှင့်တွေ့ဆုံ၍ ခဝဲသီးစိုက်ပျိုးမှုနှင့် အကျိုးအမြတ်ဈေးနှုန်းဈေးကွက်များအားမေးမြန်းခဲ့ရာ ခဝဲသီးကို မိုးရာသီဖြစ်သော ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် စိုက်ပျိုးကြောင်းသိရပါသည်။ တချို့ ဒေသများ၌ ဆောင်းရာသီနှင့် နွေရာသီတွင် စိုက်ပျိုးကြပြီး ရေလောင်းပေးရကြောင်းသိရပါသည်။  ခဝဲသီးကို ဝါးစင်ပြုလုပ်၍စိုက်ပျိုးရပြီး ခဝဲသီးမျိုးမှာ မျှားနီတံဆိပ်ဖြစ်ပြီး အစေ့(၁၀၀)ပါတစ်ထုပ်လျှင် (၁၁၀၀၀) ကျပ်ဖြင့် တစ်ထုပ်ခွဲခန့်ဝယ်ယူ၍စိုက်ပျိုးကြောင်းသိရပါသည်။ ခဝဲပင်စိုက်ပျိုးရာတွင် ဝါးစင်အပါ ကုန်ကျငွေမှာ (၁၀၀၀၀၀) ကျပ်ခန့်ကုန်ကျသည်ဟု သိရပါသည်။ ခဝဲသီးကို စိုက်ပျိုးပြီး (၂) လအကြာတွင် အသီးများခူးဆွတ်၍ ရောင်းချရပါသည်။ ခဝဲသီးကို တစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် အတောင့်ရေ (၂၀၀) ခန့်ရရှိသည်ဟု သိရပါသည်။ ကုန်စိမ်းဒိုင်များက စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူမှုရှိပြီး တစ်တောင့်လျှင် ပေါ်စအချိန်တွင် (၂၀၀) ကျပ်ခန့်ရရှိပြီး ယခုအချိန်တွင် တစ်တောင့်လျှင် (၁၆၀) ကျပ်ခန့်ရရှိကြောင်းသိရပါသည်။ ခဝဲသီးများတုံးသည့်အချိန်အထိ တောင်သူအကျိုးအမြတ်မှာ ကျပ် (၅) သိန်းခန့်ရရှိသည်ဟု သိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် ခရမ်းသီးများအရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရ

    ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခရမ်းသီးများစိုက်ပျိုးထားရှိကြောင်းသိရရှိသဖြင့် (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရမ်းသီးစိုက်ပျိုးသည့် တောင်သူနှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်ခဲ့ပါသည်။

   ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခရမ်းသီးစိုက်ပျိုးသည့် တောင်သူ ဦးသန်းအေးနှင့်တွေ့ဆုံ၍ ခရမ်းသီးစိုက်ပျိုးမှုနှင့် အကျိုးအမြတ်ဈေးနှုန်းဈေးကွက်များအား မေးမြန်းခဲ့ရာ ခရမ်းသီးကို ဧပြီလမှစတင်စိုက်ပျိုးပြီး ယခုအချိန် ဇွန်လတွင် စတင်ခူးဆွတ်ကြောင်း၊  ခရမ်းသီးကို (၀.၂၅ ) ဧကစိုက်ပျိုးပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၂၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ခရမ်းသီးထွက်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿာချိန် (၂၀၀) ခန့်ထွက်ရှိပြီး ကုန်သည်ပွဲစားများက စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြပြီး တစ်ပိဿာလျှင် (၆၀၀) ကျပ်ဖြင့်ရောင်းချကြောင်းနှင့် ယခင်နှစ်တွင် ခရမ်းသီးတစ်ပိဿာလျှင် (၄၅၀)ကျပ်ဖြင့် ရောင်းချရသဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးကောင်းရသဖြင့် ခရမ်းစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရ၍ အကျိုးအမြတ်များများရရှိသဖြင့် ဧကများတိုးချဲ့ စိုက်ပျိုးမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း