ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သင်္ကြန်ကာလအတွင်း တောင်ငူမြို့တွင် အသားငါးများဈေးတက်

     တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ယခင်လ လကုန်ပိုင်းက ကြက်သား(ရင်အုပ်သီးသန့်) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရှိရာမှ ယခုသင်္ကြန်အပြီးတွင် တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် အသီးသီးဈေးတက်သွားပါသည်။

      ငါးကြင်းမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ယခုအပတ်တွင် အကောင်လိုက်  တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အမြီးလွတ် ခေါင်းလွတ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးကြင်းဖြူမှာ ယခင်လကုန်ပိုင်းက အကောင်လိုက်ဈေး တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ယခုအပတ်တွင် တစ်ပိဿာ လျှင် ၁၄၀၀၀ ကျပ်၊ အမြီးလွတ် ခေါင်းလွတ် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် ယခင်လကုန်ပိုင်းက ၈၀၀၀ ကျပ်၊ ယခုအပတ်တွင် ၁၀၀၀၀ ကျပ်၊ ငါးရံ့မှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်နှင့် ယခုအပတ်တွင် ၁၆၀၀၀ကျပ် အသီးသီး ဈေးတက်သွားပါသည်။

   ဝက်သား(ရေလွတ်သား)သုံးထပ်သားမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၇၀၀၀ ကျပ်၊ ပေါင်သားမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ယခုအပတ်တွင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့်မှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ယခုအပတ်တွင် ၂၀၀၀၀ ကျပ် ဖြင့် အသီးသီး ဈေးတက်ခဲ့ပါသည်။

      ပုဇွန်ဆိတ်မှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ပုဇွန်အကြီးမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၃၆၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၄၀၀၀၀ ကျပ်၊ ပုဇွန်အလတ်မှာ ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်၊ ပုဇွန်အသေးမှာ ယခင်လကုန်ပိုင်းက တစ်ပိသာလျှင် ၂၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၂၈၀၀၀ ကျပ် အသီးသီး ဈေးတက်သွားကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ အသား/ငါးဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

ပြည်ဘူးသီးရှားပါးမှုကြောင့် ဈေးမြင့်တက်

        မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသောသီးနှံများထဲတွင် ဘူးသီးသည် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ဘူးသီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးသော ဟင်းသီးဟင်းရွက်အုပ်စုဝင် အပင်လည်းဖြစ်သည်။ ပြည်မြို့ရဲ့ အနီးပတ်ဝန်းကျင်ဒေသများဖြစ်သော ပုတီးကုန်း၊ သဲကုန်း၊ ဝက်ပုတ်၊ အင်းမ၊ ဆင်မြီးဆွဲ၊ မှော်ဇာ၊ တောင်လုံးညို၊ ဖိုးခေါင် အစရှိသည့်နယ်များတွင်စိုက်ပျိုးကာ ပြည်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့် ဈေးအသေးများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ဘူးပင်စိုက်ပျိုးရာတွင် ရေများများလောင်း  နိုင်ကာမှ အပင်ကြီးထွားပြီ အသီးများများ တင်နိုင်သော်လည်း ရေများပြီးသွင်းမိလျှင် အပင်ခြေရင်း တွင် ရေဝပ်သွားပြီး အမြစ်ကိုလေမတိုးခြင်းကြောင့် အမြစ်များရိကာ အပင်သေသွား နိုင်သည် အထိဖြစ်တတ်ပါသည်။ ဘူးပင်သည် ရေရရှိမှုအဆင်ပြေပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။ ယခုကာလနွေရာသီ မတ်/ဧပြီ လမှစ၍ ပြည်မြို့အနီးတဝိုက်ဒေသများတွင် ရေရရှိမှုနည်းပါးသွားသဖြင့် ထွက်ရှိမှုသိသိသာသာ နည်းသွားသည့်အတွက် ပြည်ဈေးကွက်တွင် ဘူးသီးရှားပါးကာ ဘူးသီးဈေးနှုန်းများ သိသာစွာမြင့်တက်သွားပါသည်။ ယခင်က ဘူးသီးတစ်စိတ်လျှင် ကျပ်(၁၀၀) ရှိခဲ့ပြီး မတ်လကုန်ခါနီးမှစ၍ ကျပ်(၂၀၀-၃၀၀)တို့ဖြင့် ဈေးနှုန်းမြင့်တက် ရောင်းချလာတာ  တွေ့ရပါသည်။ ဘူးသီးအလုံး လိုက်ဆိုလျှင်လည်း အကြီး၊ အသေးပေါ်မူတည်၍ အနည်းဆုံး ကျပ်(၅၀၀-၇၀၀)မှ အများဆုံး ကျပ်(၉၀၀-၁၀၀၀)ထိသာရှိခဲ့ပြီး ယခုဧပြီလဆန်းပိုင်းနှင့် သင်္ကြန်ကျော်ကာလများတွင် အသေးတစ်လုံးကို ကျပ်(၁၂၀၀-၁၃၀၀)နှုန်းရှိ၍ အကြီးတစ်လုံးကို ကျပ်(၁၈၀၀ မှ ၂၂၀၀)ထိ နှုန်းများဖြင့် အသီးသီးဈေးကွက်ထဲတွင် ရောင်းချနေကြကြောင်း သိရပါသည်။

       ဘူးသီးကို မုန့်နှစ်လေးနဲ့ကြော်စားစား၊ ကြက်သားဘူးသီးဟင်းခါးလေးဘဲချက်စားစား၊ ချဉ်ရည်ဟင်းထဲ ဘဲထည့်ချက်စားစား၊ ဟင်းချိုချက်လျှင်လည်းထည့်သွင်း၍ အမျိုးမျိုးချက်ပြုတ် စားသုံးကြသဖြင့် လူတိုင်း ကြိုက်နှစ်သက်သည့် သီးနှံဖြစ်ပါသည်။ ဘူးသီးတွင်ရေဓါတ် (၉၂%) ပါဝင်ပြီး၊ အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး၊ ကေ နှင့် သံဓါတ် ဖောလိတ်ဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်ဆီယမ် နှင့်ပရိုတင်းဓါတ်တို့ ပြည့်ပြည့်စုံစုံ ပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်ဆုံး သီးနှံတစ်မျိုးဖြစ်ပြီး ထွေထွေထူးထူး သတိထားစရာ မလိုပေမယ့် ဘူးသီးသည် အအေးစာဖြစ်သည့်အတွက် အလွန်အကျွံမစားမိဖို့တော့ သတိထား ရှောင်ရှားရန်လိုအပ်ပါသည်။

       ဘူးသီးသည် စားသုံးသူများနှစ်လည်ခါပတ် စားသုံးသည့် သီးနှံဖြစ်ပြီး စိုက်ပျိုးသူများမှ စိုက်ပျိုးရလွယ်ကူသော၊ ရင်းနှီးစိုက်ထုတ်ရငွေနည်းပါးသော မိမိတို့အိမ်ခြံမြေများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး အပိုဝင်ငွေရရှိနိုင်စေသည့် သီးနှံဖြစ်သည့်အတွက် ယခုလိုရှားပါးချိန်တွင် စိုက်ပျိုးသူများမှ ဈေးကောင်းရ အကျိုးဖြစ်ထွန်းစေလျက်ရှိကြောင်း  သိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့နယ်ဒေထွက် ဆူးပုတ်ရွက်

   ဆူးပုတ်ရွက်ဆိုတာ ဆူးပုတ်ပင်၏အရွက်ဖြစ်ပါသည်။ အရွက်ဆိုရာမှာလည်း အရွက်အနု၊ အညွှန့်ကိုပဲ စားကြတာများပါသည်။ ရိုးတံထဲမှာအဆူးလေးတွေပါတတ်ပြီး အရွက်လေးတွေက သေးငယ်ကာ ရွက်ဆိုင်လေးတွေ ပေါက်တာဖြစ်ပါသည်။ ရိုးတံလေးများမှာဖြာထွက်ပြီး အရောင်မှာ‌တော့ အစိမ်းရောင်လေးဖြစ်ပါသည်။ အရွက်၏ အနံမှာတော့ နည်းနည်းပြင်း တဲ့အနံ့ဖြစ်ပါသည်။ အရွက်မှာနူးညံ့ပြီး ကြွပ်ကြွပ်လေးဖြစ်ကာ အရသာမှာတော့ နည်းနည်းခါးသက်ပါသည်။ ဆူးပုတ် ရွက်တွင် အာဟာရဓါတ်တွေများစွာရှိပြီး ပါဝင်သည့် အဟာရတွေမှာ ဗီတာမင်အေ၊ ကယ်ဆီယမ်၊ ဖောစ‌ဖရိတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ အမျှင်ဓါတ်နှင့် သံဓါတ်တို့ပါဝင်ပါသည်။

    ဆူးပုတ်ရွက်အား ပဲကြီးဟင်းချိုထဲတွင် ထည့်ချက်လေ့ရှိပြီး၊ ဘဲဥနှင့် ဆူးပုတ်ရွက် ခေါက်ကြော် စားသောက်ကြပါသည်။ ဆူးပုတ်ရွက်သည် ထမင်းစားဝိုင်းတွင် အရံဟင်းလျာ အဖြစ်သာစားသောက်ရုံသာမက ကိုယ်ခန္ဓာအတွက်လည်း ဆေးဖက်ဝင်သည့် အပင်တစ်မျိုး ဖြစ်ပါသည်။ ဆူးပုတ်ပင်တွင် ကယ်ဆီယမ်ဓါတ် ပါဝင်သောကြောင့် သွားနဲ့ခံတွင်း ကျန်းမာစေ ပါသည်။ သွားဖုံးသွေးယိုတာနဲ့ ခံတွင်းမှာရှိသော ပိုးများကို သေစေနိုင်ပါသည်။ ဆူးပုတ်ရွက် အရင်းကိုင်းများအားကြိတ်ပြီးသောက်လျှင် ပန်းနာရင်ကြပ်ကို ပျောက်ကင်းစေပါသည်။ ဗီတာမင်စီ ပါဝင်သောကြောင့် ဖျားနာတာတွေ အအေးမိတာတွေအတွက် မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါသည်။ ဆူးပုတ်ရွက် အနုလေးများအား တို့ပေးပါက ကိုယ်လက်ကိုက်ခဲ့ခြင်းကိုလည်း သက်သာစေပါသည်။ သံဓါတ်ပါဝင်တာဖြစ်သည့်အတွက် သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပြီး သွေးအားနှင့် ကိုယ်တွင်းအောက်ဆီဂျင်ပြည့်ဝစေဘို့ အထောက်အကူဖြစ်စေပါသည်။ အဆစ်ရောင်ခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ဆူးပုတ်ရွက်က အစာကြေသလို အူတွေကိုအာဟာရ စုပ်ယူနိုင်စေဖို့နဲ့ လှုပ်ရှားမှုကောင်းစေပါသည်။ ဆူးပုတ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် စားသောက်ရန် မသင့်တော်သူများမှာ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ခလေးသူငယ်များစားသောက်ရန်မသင့်ပါ။

    ဆူးပုတ်ရွက်ဟာ ကိုယ်ခန္ဓာအတွက်ကောင်းမွန်တဲ့ အာဟာရတွေပါဝင်ပေမယ့် အလွန်အကျွံ့ စားသုံးမိလျှင် ဘေးထွက်ဆိုးကျိုးအနေဖြင့် အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်းများဖြစ်တတ်ပါသည်။ ဆူးပုတ်ရွက်ပင်များအား စိုက်ပျိုးရာတွင် လွယ်ကူစွာရှင်သန်နိုင်ပါသဖြင့် တောရောမြို့များမှာပါ စိုက်ပျိုးလျှင်ဖြစ်ထွန်းပါသည်။ ဆူးပုတ်ပင်အား စီးပွားဖြစ်စိုက်ပျိုးလျှင် မြေကျင်းတူးပြီး တစ်ပင်နှင့် တစ်ပင်အကြား တစ်တောင်အကွာခြားပြီး စိုက်ပျိုးရပါသည်။ ကျင်းအနက်တူးလျှင် တစ်ပေအနက် တူးပြီး နွားချေးနှင့်ယူရီးယားဓါတ်မြေဩဇာရောကာ ထည့်ပေးရပါသည်။ နွေရာသီအချိန်တွင် ဆူးပုတ်ပင်များအား ရေများများလောင်းပေးရပြီး အညွှန့်များအား (၃)ရက်လျှင် တစ်ကြိမ် ခူးယူရ ပါသည်။ ဆူးပုတ်ပင်သည် အရွက်နုများအားရောင်းစားရနိုင်သကဲ့သို့ အပင်အားကိုင်းကူးပြီး ဈေးကွက်တွင်ရောင်းချနိုင်ပါသည်။ ဆူးပုတ်ရွက်များအား ဈေးကွက်အတွင်းရောင်းချရာတွင် ဆူးပုတ်ရွက်အနုလေးများ အခက်(၃)ခက်ပါ တစ်စည်းလျှင် (၅၀)ကျပ်ဖြင့် ရောင်းချပါသည်။

   ရွှေတောင်မြို့နယ်အနီးတဝိုက်ရှိရွာများတွင်လည်းကောင်း၊ ပြည်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင်လည်းကောင်း၊ ဆူးပုတ်ပင်များအား တစ်နိုင်တစ်ပိုင်စီးပွားဖြစ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းရောင်းချရာတွင် ပွဲစားများမှလာရောက်ဝယ်ယူပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်း ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် (၂၀၂၃) ခုနှစ် ဧပြီလ (တတိယပါတ်)အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧည့်မထဆန် (သစ်) တစ်ပြည်ကျပ် (၂၃၀၀)၊ ဧည့်မထဆန် (သစ်) (၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၅၀၀၀၀) ၊ ကြက်သွန်နီသစ် လက်လီဈေးနှုန်းမှာ (ကြီး) တစ်ပိဿာလျှင် ကျပ် (၁၆၀၀) ၊ (လတ်) တစ်ပိဿာလျှင် ကျပ် (၁၄၀၀) ၊ (အသေး) တစ်ပိဿာလျှင် ကျပ် (၁၂၀၀)၊ ကြက်သွန်ဖြူ လက်လီ (ရှမ်း) တစ်ပိဿာလျှင် ကျပ် (၇၀၀၀) ၊ ပဲနီလေး တစ်ပိဿာလျှင် ကျပ် (၄၀၀၀)၊ နနွင်းတက် တစ်ပိဿာလျှင် ကျပ် (၄၅၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ် (၁၇၀၀) ၊ ဆား တစ်ပိဿာလျှင် ကျပ် (၄၀၀)၊ မြေပဲဆန် တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၈၀၀)၊ သကြားတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ မန်ကျည်းသီးမှည့် (အစေ့လွတ်) တစ်ပိဿာလျှင် ကျပ် (၄၀၀၀) စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          သားငါးစျေးနှုန်းများအနေဖြင့် ကြက်သား (CP) တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် (၂၅၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးခူတစ်ပိဿာ ကျပ် (၇၀၀၀)၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ်(၉၀၀၀)၊ ကြက်ဉတစ်လုံး ကျပ်(၂၅၀)၊ ဘဲဉတစ်လုံး ကျပ် (၃၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီစျေးနှုန်းများအနေဖြင့် မြေပဲဆီသန့် တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀) ၊ နှမ်းဆီသန့် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၆၈၀၀) စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရမ်းချဉ်သီးစျေးကွက်

   ပြည်စျေးကွက်တွင် အရောင်းအဝယ်ဖြစ်သော ခရမ်းချဉ်သီးများမှာ ရှမ်းသီးနှင့် ကိုင်းခရမ်းချဉ်သီးတို့ဖြစ်ပါသည်။ ယခင်က ခရမ်းချဉ်သီးစျေး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်သာရှိရာမှ ယခု ဧပြီလနောက်ဆုံးပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ် မှ (၄၀၀၀)ကျပ်ထိ မြင့်တက်လာခဲ့ပါသည်။ ခရမ်းချဉ်သီးကို တခြားတိုင်းဒေသကြီးမှ ဝယ်ယူရောင်းချခြင်းနှင့် ရွှေတောင်မြို့နယ်မှ ဝယ်ယူရောင်းချကြောင်း သိရပါသည်။ ယခုအချိန်တွင် ခရမ်းချဉ်သီးစျေး မြင့်တက်လာခြင်းမှာ ခရမ်းချဉ်သီး စိုက်ပျိုးသည့်ရာသီချိန် မဟုတ်သည့်အတွက် ခရမ်းချဉ်သီး ရှားပါးသဖြင့် စျေးများမြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေ

    ပြည်ခရိုင်တွင် နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေမှာ (၂၀၂၂-၂၀၂၃) ခုနှစ်တွင် ပြည်မြို့နယ်အနေဖြင့် (၁၆၄၄၀) ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၄၂၄)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၉၃၉)ဧက၊ ရွှေတောင်မြို့နယ်တွင် (၁၉၁၂)ဧက စိုက်ပျိုးပြီး ပြည်ခရိုင်အနေဖြင့် စုစုပေါင်း (၃၀၇၁၅) ဧက စိုက်ပျိုးပြီး ဖြစ်ပါသည်။ နွေစပါးအနေဖြင့် ရတနာတိုး စပါးတစ်မျိုးသာ စိုက်ပျိုးပြီး (၂၀၂၃)ခုနှစ် မတ်လပထမပတ်တွင် စတင်စိုက်ပျိုးကာ မေလ(ပထမပတ်)တွင် စတင်ရိတ်သိမ်းမည်ဖြစ်၍ ယခုလက်ရှိ နွေစပါးရတနာတိုးမျိုးစေ့ (၁)တင်းလျှင် (၁၄၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြေပဲဆန် နေ့စဉ်အရောင်းအဝယ်ဖြစ်၍ စျေးအနည်းငယ်မြင့်တက်လာ

      ပြည်စျေးကွက်သို့ သင်္ကြန်ပြီးစ ပွဲရုံများ စတင်ဖွင့်လှစ်သည့်အချိန်တွင် မြေပဲဆန်အိတ်များ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ ဝင်ရောက်လာသော နယ်/မြို့များမှာ တောင်ကုတ်၊ ကံမ၊ရွှေတောင်(ကျွန်းတဲ) နှင့် ပေါက်ခေါင်းဘက်မှ တစ်အိတ်လျှင် ပိဿာချိန် (၃၀)ဝင်အိတ် (၆၀၀-၇၀၀)ခန့် ဝင်ရောက်လာတာ တွေ့ရပါသည်။ ဝင်ရောက်လာသော မြေပဲဆန်များဖြစ်သော လုံးဆန် (အနီ)ကို မန္တလေးဝယ်လက်များနှင့် မြို့တွင်း ပဲကြော်ဖိုသမားများက ဝယ်ယူမှုရှိသလို လုံးဆန် (အဖြူ)ကို မြဝတီသို့ တင်ပို့ရန် ဝယ်ယူမှုရှိသဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်မှုမှာ အိတ်(၄၀၀-၅၀၀)ခန့်ရှိသည်ဟု သိရပါသည်။ ဆီကြိတ်မြေပဲဆန်ကို မြို့တွင်းဆီစက်သမားများက နေ့စဉ်ဝယ်ယူမှုရှိသဖြင့်  အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆန်စျေးနှုန်းများအနေဖြင့် ဆီကြိတ်မြေပဲဆန်(အဖြူ)တစ်ပိဿာလျှင် (၅၇၀၀)ကျပ် ၊ ဆီဆန်(အနီ) တစ်ပိဿာလျှင် (၆၇၀၀) ကျပ်ဖြင့် သင်္ကြန်မတိုင်မီစျေးနှင့် နှိုင်းယှဉ်ပါက စျေးအနည်းငယ် ကျလာသော်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆန် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် (၇၄၀၀၀)ကျပ်ဖြင့် သင်္ကြန်မတိုင်မီစျေးနှင့် နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင် (၃၀၀-၄၀၀)ခန့် စျေးနှုန်းများ မြင့်တက်လာကြောင်း သိရပါသည်။ မြေပဲဆီစျေးမှာ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် စျေးငြိမ်နေကြောင်း တွေ့ရပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်တွင် ကုလားပဲဈေးကောင်းနေ

     (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာနှစ်တွင် ပြည်ခရိုင်အတွင်းရှိ မြို့နယ်များအနေဖြင့် ကုလားပဲသီးနှံ စိုက်ပျိုးထွက်ရှိမှု အခြေအနေမှာ ပြည်မြို့နယ်တွင် (၃၀၆) ဧက စိုက်ပျိုးထားရှိ၍ (၁၃၇)ဧက ရိတ်သိမ်းပြီးဖြစ်ကာ တင်း(၂၀၀၀)ကျော် ထွက်ရှိပြီး အထွက်နှုန်းအနေဖြင့် (၁၄.၆၅)တင်း ထွက်ရှိကြောင်း၊ ပန်းတောင်းမြို့နယ်တွင် (၉၆၀၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၂၃၁၆) ဧက ရိတ်သိမ်းပြီး ဖြစ်ကာ တင်းပေါင်း (၃၃၀၀၀)ကျော်ထွက်ရှိပြီး အထွက်နှုန်းအနေဖြင့် (၁၄.၅၆) တင်း ထွက်ရှိကြောင်း၊ ရွှေတောင်မြို့နယ်တွင် (၂၄၂)ဧက စိုက်ပျိုးထားရှိပြီး (၇၈)ဧက ရိတ်သိမ်း၍ တင်း(၁၀၀၀)ကျော် ထွက်ရှိခဲ့ကာ အထွက်နှုန်းအားဖြင့် (၁၄.၅၆)တင်းရှိကြောင်းနှင့် ပေါက်ခေါင်း မြို့နယ်တွင် (၆၇၃၈) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၃၇၆၄)ဧက ရိတ်သိမ်း၍ တင်းပေါင်း (၅၀၀၀၀)ကျော် ထွက်ရှိခဲ့ကာ အထွက်နှုန်းအားဖြင့် (၁၄.၃၇)တင်းထွက်ရှိကြောင်း သိရှိရပါသည်။ ကုလားပဲသီးနှံကို ဖေဖော်ဝါရီလကုန်မှစ၍ စတင်ရိတ်သိမ်းထွက်ရှိနေပြီဖြစ်ရာ သီးနှံစတင်ထွက်ရှိချိန်တွင် (၁)တင်း လျှင် (၆၆၀၀၀)ကျပ်ဖြင့် စျေးစဖွင့်ခဲ့ပြီး ယခုနောက်ပိုင်းတွင် ကုလားပဲ အရည်အသွေးကောင်းမွန်မှု သန့်စင်မှုအပေါ် မူတည်၍ ယခုတစ်ပတ်တွင် (၁)တင်းလျှင် (၇၂၀၀၀)ကျပ် စျေးရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်တွင် ထောပတ်ပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းအခြေအနေ

       (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာနှစ်တွင် ပြည်ခရိုင်အတွင်းရှိ မြို့နယ်များအနေဖြင့် ထောပတ်ပဲသီးနှံ စိုက်ပျိုးထွက်ရှိမှု အခြေအနေမှာ ပန်းတောင်းမြို့နယ်တွင် (၂၀၆) ဧက စိုက်ပျိုးထားရှိရာ (၂၀၆)ဧက ရိတ်သိမ်းခဲ့ပြီး တင်း (၂၈၀၀)ကျော် ထွက်ရှိကာ အထွက်နှုန်းအနေဖြင့် (၁၃.၉၉)တင်း ထွက်ရှိ ကြောင်း၊ ရွှေတောင်မြို့နယ်တွင် (၄၂၁၀)ဧက စိုက်ပျိုးထားရှိပြီး (၄၂၁၀) ဧက ရိတ်သိမ်း၍ တင်းပေါင်း(၅၉၀၀၀)ကျော်ထွက်ရှိခဲ့ကာ  အထွက်နှုန်းအားဖြင့် (၁၄.၀၂) တင်း ထွက်ရှိကြောင်း၊ ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် ထောပတ်ပဲသီးနှံအား စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပြည်ခရိုင်အနေဖြင့် (၄၄၁၆) ဧက စိုက်ပျိုးနိုင်ခဲ့ကာ (၄၄၁၆)ဧက ရိတ်သိမ်းခဲ့သဖြင့် တင်းပေါင်း (၆၀၀၀၀)ခန့် ထွက်ရှိခဲ့၍ အထွက်နှုန်းအားဖြင့် (၁၃.၅၉)တင်း ထွက်ရှိပါသည်။ ထောပတ်ပဲသီးနှံကို မတ်လပိုင်းတွင် စတင်ရိတ်သိမ်းနေပြီဖြစ်ရာ သီးနှံစတင်ထွက်ရှိချိန်ကာလတွင် (၁)တင်းလျှင် (၆၀၀၀၀)ကျပ်ဖြင့် စျေးစဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် ထွက်ရှိလာသည့် သီးနှံအရည်အသွေးကောင်းမွန်ခြင်း၊ ဒေသတွင်းအဝယ်လိုက်ခြင်းများကြောင့် (၁)တင်းလျှင် (၇၅၀၀၀)ကျပ်ထိ စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ဂေါ်ဖီထုပ်ဈေးများ မြင့်တက်လျက်ရှိ

    ပြည်ဈေးကွက်တွင် ဂေါ်ဖီထုပ်ဈေးနှုန်းများ မြင့်တက်လာတာတွေ့ရပါသည်။ ဂေါ်ဖီထုပ်စိုက်ပျိုးချိန် မဟုတ်သေးပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အနည်းငယ်သာစိုက်ပျိုးမှုရှိပြီး ထိုင်းဘက်မှဂေါ်ဖီထုပ်များကို ဝယ်ယူမှုရှိသဖြင့် ယခုအချိန်တွင် ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်သည်ဟု သိရပါသည်။ ဂေါ်ဖီထုပ်ထွက်ရှိမှုနည်းပြီး ဝယ်လိုအားများသည့်အတွက်ကြောင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ပြည်ဈေးကွက်ရှိ ဂေါ်ဖီထုပ်ဈေးနှုန်းများမှာ တစ်ထုပ်လျှင် (၃၀၀၀ မှ ၄၀၀၀)ကျပ်အထိ ဈေးများမြင့်တက်လာခဲ့ပါသည်။ ယခင်ကဂေါ်ဖီထုပ်ဈေးမှာ တစ်ထုပ်လျှင် (၃၀၀-၄၀၀)ကျပ်အထိဈေးရှိခဲ့ကာ ယခုအခါတွင် ပြည်ဈေးကွက်သို့ ဝင်ရောက်မှုနည်းပြီး စားသောက်ဆိုင်များ၊ အသုပ်ဆိုင်များမှ ဝယ်လိုအားရှိလာသဖြင့် ဈေးနှုန်းမှာ အဆမတန်မြင့်တက် လာခဲ့ပါသည်။        

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a