ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားသုံးဆီဈေးများ အနည်းငယ်ကျဆင်း

   စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီ အရောင်းဆိုင်များမှ သိရသည်။

      ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဇန်နဝါရီလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၆၇၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဖေဖော်ဝါရီလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၆၄၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျှင် (၃၀၀)ကျပ်၊ ပဲဆီသန့်နှင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် အသီးသီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

CP အသားစားကြက် မွေးမြူရေးလုပ်ငန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မင်းလှကျေးရွာတွင် ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဒေါ်နွယ်အား CP အသားစားကြက်မွေးမြူပုံအဆင့်ဆင့်အား မေးမြန်းခဲ့ပါသည်။

       လုပ်ငန်းရှင် ဒေါ်နွယ်အနေဖြင့် ကြက်ပေါက်များကို မုံရွာဒိုင်မှ ဝယ်ယူ၍ မွေးမြူရကြောင်း မိမိခြံတွင် ကြက်အကောင် ( ၆၀၀ ) မွေးမြူထားကြောင်းနှင့် ကြက်ပေါက်တစ်ကောင်လျှင် ယခင်က ( ၁၅၀၀ ) ကျပ်နှင့် ဝယ်ယူရပြီး ယခုအခါတွင် ကြက်ပေါက်တစ်ကောင်လျှင် ( ၁၇၅၀ ) ကျပ်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

       ကြက်ပေါက်များမွေးမြူရာတွင် ကြက်ကလေးများကို အထူးဂရုစိုက်ရပါသည်။ ကြက်ပေါက်များသည် ပူလွန်း၊ အေးလွန်းသည့် ရာသီဥတုကို မခံနိုင်ပေ။ ကြက်ပေါက်များ မိမိခြံသို့ ရောက်ရှိ လာပါက ကြက်ပေါက်များအနေဖြင့် ခရီးပန်းခြင်း၊ ရာသီဥတိုအပြောင်းအလဲများကြောင့် ရာသီဥတု ပေါ်မူတည်၍ မွေးမြူရကြောင်း၊ ကြက်ပေါက်များကို မွေးမြူစတွင် ရေခဲဆေးတိုက်ရကြောင်း ၊ စတင်မွေးမြူစမှ ရက်ပေါင်း ( ၂၀ ) ရက်နေ့ထိ လွှစာမှုန့်ခံ၍ မိမိအနေဖြင့် မွေးမြူထားကြောင်း ၊ ရက်ပေါင်း ( ၂၀ ) ကျော်ပါက လွှစာမှုန့်များကိုဖယ်ပြီး ကြမ်းကျင့်ချိန်တွင် ကြမ်း၏ အအေးဒဏ်နှင့် ရေ၏ အအေးဒဏ်မခံရအောင် အထူးဂရုစိုက်ရကြောင်း၊ ၎င်းတို့၏ အအေးဒဏ်များခံရပါက နှာစေး၊ ချောင်းဆိုး၊ ချွဲကြပ်ရောဂါများ ဝင်ရောက်၍ သေဆုံးမှုများ မဖြစ်ရအောင် အထူးဂရုစိုက်ရကြောင်း၊ ကြက်များ အရွယ်ကြီးရင့်၍ ကျန်းမာရေးကောင်းမွန်ပါက အားဆေး ( ၁ ) ကြိမ် တိုက်ကျွေးရပြီး၊ ကျန်းမာရေးမကောင်းပါက အားဆေး ( ၂ ) ကြိမ်တိုက်၍ ဖြစ်ပေါ်သည့် ရောဂါပေါ်မူတည်၍ ဆေးတိုက်ရကြောင်း သိရှိရပါသည်။

       ကြက်မွေးမြူရာတွင် မိမိမွေးမြူသည့် ကြက်အမျိုးအစားပေါ်မူတည်၍ ကြက်စာများ ကျွေးရပါသည်။ မိမိအနေဖြင့် CP အသားစားကြက်များ မွေးမြူသည့်အတွက်  CP ကြက်စာကိုသာ ကျွေးမွေးရပါသည်။ ကြက်စာတွင်လည်း ကြက်သားပေါက်စာ၊ ကြက်လတ်စာနှင့် ကြက်ကြီးစာဟူ၍ ( ၃ ) မျိုးရှိပါသည်။ မိမိအနေဖြင့် မွေးမြူစမှ ( ၁၅ ) ရက်သားအရွယ်အထိ ကြက်ငယ်စာကို ကျွေးမွေး ပါကြောင်း၊ ( ၁၆ - ၂၇, ၂၈ ) အရွယ်ခန့်တွင် ကြက်လတ်စာကို ကျွေးမွေးကာ ( ၂၉ ) ရက်ခန့်မှ ကြက်ရောင်းချသည့်အချိန် ( ၃၅ - ၄၅ ) ရက်သား အရွယ်ခန့်ထိ ကြက်ကြီးစာကို ကျွေးမွေးပါသည်။

       CP ကြက်စာဈေးနှုန်းများအနေဖြင့် ကြက်သားပေါက်စာ ( 50 kg ) တစ်အိတ်လျှင် ( ၆၇၀၀၀ ) ကျပ်၊ ကြက်လတ်စာ ( 50 kg ) တစ်အိတ်လျှင် ( ၇၂၀၀၀ )ကျပ်၊ ကြက်ကြီးစာ ( 50 kg ) တစ်အိတ်လျှင် ( ၇၅၀၀၀ ) ကျပ်ပေး၍ ဝယ်ယူရပါသည်။ ကြက်စာများကို တစ်နေ့လျှင် ( ၃ ) ကြိမ်ခန့် ကျွေး၍ မွေးမြူရပါကြောင်း သိရှိရပါသည်။

       ကြက်မွေးမြူရာတွင် ကြက်ချေးနံ့များကြောင့် ပတ်ဝန်းကျင်တွင် အနံ့ဆိုးများကြောင့် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အတွက် ကြက်ချေးများကို ကြက်မွေးမြူစမှ ( ၇ ) ရက်သားအရွယ်တွင် ( ၁ ) ပတ်လျှင် တစ်ကြိမ်၊ ( ၈- ၂၀ ) ရက်သား အရွယ်တွင် ( ၂ ) ရက်လျှင် တစ်ကြိမ်၊ ( ၂၀ ) ရက်သားမှ ရောင်းချသည့်အရွယ်ထိ တစ်ရက်လျှင် တစ်ကြိမ် ကြက်ချေးများကို ကျုံး၍ ကြက်ခြံဘေးပတ်လည်နှင့် ကြက်ခြံအောက်ခြေများအား အနံ့ဆိုးများ မထွက်စေရန်အတွက် စိုက်ပျိုးရေးသုံးမိုးကာများဖြင့် ကာရံခြင်း၊ ထုံးဖြူးခြင်းများကို အလေးထား၍ ဆောင်ရွက်လျက်ရှိပါသည်။

     ကြက်မွေးမြူရေးလုပ်ငန်းသည် အိမ်အပြင်သို့မထွက်ရဘဲ မိသားစု လုပ်အားများဖြင့် တစ်ပိုင် တစ်နိုင်မွေးမြူရသောကြောင့် မိမိအနေဖြင့် တွက်ခြေကိုက်မှုရှိပါကြောင်း၊ ကြက်သား ဈေးကောင်းများရရှိသည်နှင့် ကြုံလျင် ကြက်စာများ၊ ဆေးဝါးများနှင့် လုပ်သားခများ နှုတ်ယူပြီး၊ ကြက်များအသေအပျောက်နည်းပါက အသားတင်အမြတ်ငွေအားဖြင့် ( ၇၀၀၀၀၀ - ၈၀၀၀၀၀ ) ကျပ်ခန့် အမြတ်ရရှိပါကြောင်း၊ ကြက်သားဈေးမကောင်းလျှင် ( ၅၀၀၀၀၀ ) ကျပ်ခန့်သာ အမြတ်ကျန်ရှိပြီး၊ တစ်ခါတစ်ရံတွင် အရှုံးများဖြင့် ရင်ဆိုင်ရသည်နှင့် ကြုံတွေ့ရပါကြောင်း ကြက်မွေးမြူရေးလုပ်ငန်းရှင်ဒေါ်နွယ်ထံမှ မေးမြန်းသိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ (၁၀)လတာ ကာလအတွင်း ဆောင်ရွက်နိုင်မှုအခြေအနေ

     တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်တွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း(၃.၀၀၀)သန်း၊  စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ကျပ်သန်း (၇၃.၀၀၀)သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာဘာလအထိ (၉)လတာကာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၇.၈၅၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၄.၁၉၁) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ (၁၂.၀၄၁)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၀.၈၃၇)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၀.၈၈၀)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၁.၇၁၇)သန်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၀)လတာကာလအတွင်း စုစုပေါင်းပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၈.၆၈၇)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၅.၀၇၀) သန်း၊ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၁၃.၇၅၇)သန်းဖြစ်၍ (၁)နှစ်စာလျာထားချက်အပေါ် (၁၈.၈၄၅)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ (၁၀)လတာ လျာထားချက်အပေါ် (၂၄.၆၉၈)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရသိရပါသည်။

       အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံ ကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓာတ်မြေဩဇာနှင့် ဆံပင်တို့ဖြစ်ကြောင်းသိရပါသည်။

    တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်မှုတွင်ကြုံတွေနေရသောအခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက်ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

           ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ စတုတ္ထပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၂၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၆၅၀၀၊ တန်အားဖြင့် ၆၃၂၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၈၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၃၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၁၈၄၀၀၊ တန်အားဖြင့် ၅၉၂၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၈၁၀၀၊ တန်အားဖြင့် ၄၀၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများ မှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀၀၀၀ ၊ ဧရာမင်း စပါး (သစ်) တင်း၁၀၀လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

 

ပေါ်ဦးပေါ်ဖျား တမာဖူးများ ဈေးကောင်းရ

      ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည်များအပြင် မိုးကုတ်မြို့သို့တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လယ် (၂)နာရီအထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

       ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့  ဒေသတွင်းရှိ ကျေးရွာများမှခူးစွတ်၍ရသော တမာဖူးများ စတင်ပေါ်ချိန်ဖြစ်၍ လက်ကားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့် ပေါ်ဦးပေါ်ဖျား၌ ဈေးကောင်းရနေပြီး၊  ထိုတမာဖူးများကို ဈေးအတွင်း လက်လီပျံကျဈေးသည်များကို ဖောက်သည်ပေးသည့်အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်း လှည့်လည်ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း  အောင်ဇေယျဈေးအတွင်းရှိ သီးနှံလက်ကားဒိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား ပြည်သူများသို့ သက်သာသော စျေးနှုန်းဖြင့် ရောင်းချခြင်းအား ပူးပေါင်းဆောင်ရွက်

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ (၁.၂.၂၀၂၃)ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ပန်းတောင်းတပ်နယ်မှဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းကာ အခြေခံစားသောက်ကုန် များအား ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆီ၊ ကြက်ဥ၊ အမဲသား၊ ဝက်သားနှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၂၀၀)၊ ကြက်ဥ (၁၀)လုံး ကျပ်(၂၀၀၀)၊ အမဲသား၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလအတွင်း မကွေးမြို့သို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ဆန်ဝင်ရောက်မှုနှင့် ဒေသတွင်းဆန်စျေးနှုန်းအခြေအနေ

          မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို မကွေးမြို့နယ်အနေဖြင့် (၂၃၅၂) ဧကသာ စိုက်ပျိုးကြသဖြင့် ဆန်ဖူလုံမှုမရှိ၍ စပါးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရကြောင်း သိရှိရပါသည်။

          ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စပါး အဓိကစိုက်ပျိုးသည့် ဧရာဝတီတိုင်းမှ ဆန်(၄၅၄၇၁) အိတ်၊ မန္တလေးတိုင်းမှ(၇၇၇၉)အိတ်၊ ရန်ကုန်တိုင်းမှ(၂၁၇၅)အိတ်၊  စစ်ကိုင်းတိုင်းမှ(၃၀၀၀)အိတ်၊ ရခိုင် ပြည်နယ်မှ(၁၄၄၀)အိတ် စုစုပေါင်း(၅၉၈၆၅)အိတ်တို့ စီးဝင်ခဲ့ကြောင်းနှင့် ဒေသတွင်း အရောင်းအဝယ် ဖြစ်နေသော ဆန်စျေးနှုန်းများမှာ  ဧရာပဒေသာ(ပွင့်ဖြူ) (၂၄)ပြည် တစ်အိတ်လျှင် (အဟောင်း) ကျပ် (၇၈၀၀၀-၈၃၀၀၀)၊ (အသစ်)ကျပ်(၆၈၀၀၀-၇၀၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ) (၂၄)ပြည် တစ်အိတ်လျှင် (အသစ်)ကျပ်(၆၀၀၀၀-၆၀၅၀၀)၊ ပေါ်ဆန်းမွှေး(ရွှေဘို) (၂၄)ပြည် တစ်အိတ်လျှင်(အဟောင်း) ကျပ် (၉၅၀၀၀-၁၀၀၀၀၀)၊ (အသစ်)ကျပ်(၈၀၀၀၀-၈၅၀၀၀)၊ ပေါ်ဆန်းမွှေး(မြောင်းမြ) (၂၄)ပြည် တစ်အိတ်လျှင်(အဟောင်း) ကျပ်(၇၀၀၀၀)၊ မနောသုခ(မြောင်းမြ)(၂၄)ပြည် တစ်အိတ်လျှင် (အသစ်) ကျပ်(၅၃၀၀၀- ၅၅၀၀၀)နှင့် ဖန်သီး (၂၄)ပြည် တစ်အိတ်လျှင် (အသစ်)ကျပ်(၅၇၅၀၀) တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ ဇန်နဝါရီလအတွင်း သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းရာ ပဲစင်းငုံနှင့် မတ်ပဲများအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

ပဲစင်းငုံ

ပဲစင်းငုံမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ ပဲစင်းငုံတစ်တင်းလျှင် အနိမ့်ဈေး(၅၅၀၀ဝိ/-)ကျပ်မှ အမြင့်ဈေး(၅၇၀၀ဝိ/-)ကျပ်အထိပေါက်ဈေးရှိခဲ့ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာ (၁၀၄၀၀)တင်း/(၃၃၉၇)တန်ဖြစ်ကြောင်း၊ ပဲစင်းငုံတစ်တင်း၏ ယခင်လပေါက်ဈေးမှာ (၅၄၀၀ဝိ/-)ကျပ် ဈေးနှုန်းတစ်မျိုးတည်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်လနှင့် ယခုလ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခုလတွင် ယခင်လထက်  တစ်တင်းလျှင် (၁၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်အထိ ဈေနှုန်းပိုခဲ့ကြောင်းနှင့် ကုန်သည်များအနေဖြင့် မိမိဝယ်ယူရသည့်ဈေးနှုန်းနှင့် ရောင်းချရသည့်ဈေးနှုန်းအပေါ် အကျိုးအမြတ်ရရှိပါက နေ့ချင်းရောင်းချကြပြီး ဈေးနှုန်းမကိုက်ပါက လက်ဝယ်သိုလှောင်ထားကာ ဈေးနှုန်းကိုက်မှသာ ရောင်းချကြကြောင်းသတင်းရရှိပါသည်။

မတ်ပဲ

မတ်ပဲမှာ ဇန်နဝါရီလပထမပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလအတွင်း မတ်ပဲတစ်တင်းလျှင် အနိမ့်ဈေး(၅၂၀၀ဝိ/-)ကျပ်မှ အမြင့်ဈေး(၅၃၀၀ဝိ/-)ကျပ်အထိပေါက်ဈေးရှိခဲ့ကြောင်း၊  အရောင်းအဝယ်ဖြစ်မှုမှာ (၅၀၀၀)တင်း/(၁၆၃)တန်ဖြစ်ကြောင်း ဝင်ရောက်သမျှမတ်ပဲများအား ဒေသတွင်း တစ်ဆင့်ပြန်လည်ရောင်းချသူများမှ အများဆုံးဝယ်ယူသိုလှောင်ကြကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ ဇန်နဝါရီလ(စတုတ္ထ)ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေ

        ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇန်နဝါရီလ(စတုတ္ထ)ပတ်အတွင်း မိုးကြက်သွန်နီ(အသစ်)များ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီကုန်ချိန် ပိဿာ(၅)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၅)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

       ယခု(၁)ပတ်အတွင်း (မိုး)ကြက်သွန်နီ (၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေးထိပ်စ(ရှယ်) ကျပ်(၁၇၂၅ မှ ၁၆၅၀)၊ အလတ်စ ကျပ်(၁၄၇၅ မှ ၁၃၅၀)၊ အသေးစ ကျပ်(၁၁၀၀ မှ  ၉၅၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် ဇန်နဝါရီ(တတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေး မှာ(၁)ပိဿာလျှင် ကျပ်(၁၈၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၂၅၀)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၂၀၀)စီခန့် ဈေးနှုန်းကျဆင်းခဲ့သည်။

     ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့၊ ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့နှင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၅)သိန်း၊ (၁၄၂၈၅)အိတ်၊ တန်ချိန်(၃)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

      ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး  ကျပ်(၁၈၀၀ မှ ၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များမှတစ်ဆင့် သိရှိရသည်။

DOCA(မကွေး)

 

         

ဒေသထွက်မြေထောက်ပဲများ ဈေးကောင်းရပြီး ဈေးကွက်များသို့ စတင်တင်ပို့လျက်ရှိ

    ကသာခရိုင်တွင် စိုက်ပျိုးသည့်ပဲသီးနှံများထဲ၌ မြေပဲသည် အများဆုံးစိုက်ပျိူးသော ပဲအမျိုးအစားဖြစ်ပြီး မြေထောက်ပဲသီးနှံမှာ ဒုတိယအများဆုံးစိုက်ပျိုးသောသီးနှံဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း မြေထောက်ပဲစိုက်ဧက (၄၀၅၉၁)ဧကရှိပြီး မြေထောက်ပဲသီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းကြောင်းသိရပါသည်။ ယခုနှစ်၌ မြေထောက်ပဲစတင်ပေါ်ချိန်သည် ဈေးကောင်းရရှိသောအချိန်ဖြစ်ပြီး ဈေးကွက်များသို့ စတင်တင်ပို့လျက်ရှိကြောင်းသိရပါသည်။

        ကသာခရိုင်တွင် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် မြေနုကျွန်းများမှ စိုက်ပျိုးထွက်ရှိသောမြေထောက်ပဲများသည် လူကြိုက်များပြီး ဈေးကွက်ခိုင်မာသောဒေသထွက်ကုန်ဖြစ်သည်။ မြေထောက်ပဲကို အစိုခူးဆွတ်ခြင်းနှင့် အခြောက်ခူးဆွတ်ခြင်းဟူ၍ နှစ်မျိုးတွေ့ရသည်။ အဆံထည့်ပြီး ရင့်သည်နှင့် အစိုခူးဆွတ်ပြီးသေား အတောင့်လိုက်ဈေးနှုန်းမှာ ဆယ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ အဆံထွင်ပြီးသောဈေးနှုန်းမှာ နို့ဆီဘူးတစ်ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချကြပါသည်။

          မြေထောက်ပဲသီးနှံတစ်ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ်ခြောက်သိန်းခန့်ရှိကြောင်း၊ ရိတ်သိမ်းချိန်တွင် တစ်ဧကအထွက်နှုန်းမှာ ပျှမ်းမျှအားဖြင့် အဆံ(၁၆)တင်းခန့်ထွက်ရှိကြောင်းသိရသည်။ မြေထောက်ပဲပေါက်ဈေးမှာ အထိုင်ဈေးတစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ မန္တလေးဈေးတစ်တင်းလျှင် (၈၀၀၀၀)ကျပ်ရှိသည့်အတွက် တစ်ဧကလျှင် အကျိုးအမြတ် (၅၂၀၀၀၀)ကျပ်ခန့်ရှိသည်။ ဒေသတွင်းလှောင်လက် အနည်းငယ်သာရှိပါသည်။ ဒေသထွက်မြေထောက်ပဲအားလုံးနီးပါးကို အများအားဖြင့် မန္တလေးသို့တင်ပို့ကြပြီး ဗန်းမော်မှတစ်ဆင့် တရုတ်နယ်စပ်သို့ တင်ပို့မှုရှိကြောင်းနှင့် ယခုလ သီးနှံပေါ်စတွင် နေ့စဉ်တင်း(၃၀၀၀)ကျော်ခန့် မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း ပဲကုန်သည်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း