ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင် စပါးစိုက်ပျိုး ထုတ်လုပ်သူများနှင့် လယ်ယာဝန်ဆောင်မှုအသင်း(ယာယီ)ဖွဲ့စည်းပြီးစီးခြင်း

      စပါးစိုက်ပျိုးသူတောင်သူများ၏ လူနေမှုဘဝမြှင့်တင်မှုကို အထောက်အကူပြုနိုင်ရန်၊ ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် အထွက်နှုန်းကောင်းသောစပါးမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ခေတ်မီစက်ကိရိယာများဖြင့် ဆောင်ရွက်နိုင်ရန်၊ ခိုင်မာမှုရှိသော စပါးဈေးကွက်ဖြစ်ပေါ်စေရန်၊ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား ပွဲစား၊ ကုန်သည်များ၏ ဈေးနှုန်းထိန်းချုပ်မှုမခံရစေဘဲ ထိုက်သင့်သည့်ဈေးနှုန်းများရရှိစေရန်၊ စိုက်ပျိုးထုတ်လုပ်ရာတွင် ဖြစ်ပေါ်လာသောအခက်အခဲများ၊ လိုအပ်ချက်များကို သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးနိုင်ရန်၊ အသင်းဝင်တစ်ဦးချင်းသော်လည်းကောင်း၊ အများနှင့်သော်လည်းကောင်း ဖြစ်ပေါ်လာသောပြဿနာများကို ဥပဒေနှင့်အညီ တရားမျှတစွာ ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ ထားဝယ်ခရိုင် စပါးစိုက်ပျိုးထုတ်လုပ်သူများနှင့် လယ်ယာဝန်ဆောင်မှုအသင်း(ယာယီ)ကို (၂၇-၁-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊ မြိတ်ခရိုင် စပါးစိုက်ပျိုးထုတ်လုပ်သူများနှင့် လယ်ယာဝန်ဆောင်မှု အသင်း(ယာယီ)ကို (၁၀-၁-၂၀၂၃) ရက်နေ့တွင်လည်းကောင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေး

      တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသောတိုင်းဒေသကြီးဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပါ သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ကွမ်းသီးအလုံးတစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်နှုန်းပေါက်ဈေးရှိကြောင်းသိရှိရပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် (၄၄၀ဝိ/-)ကျပ်နှုန်းပေါက်စျေးရှိကြောင်းသိရှိရပါသည်။

     ယခုအချိန်သည် ကွမ်းသီးအများဆုံးထွက်ရှိနေပြီး ကွမ်းသီးလုပ်ငန်းများကို ပုံမှန်လုပ်ကိုင်လျက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ်စျေးနှုန်းနှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်၊၊  တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ကျေးရွာများမှထွက်ရှိသော ဒေသထွက်ကွမ်းသီးများကို ရန်ကုန်မြို့သို့တင်ပို့လျက်ရှိရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့အထိ ၁၂၉၀၂၂၁၇ ပိဿာတင်ပို့ခဲ့ရာ ထားဝယ်မှ ရန်ကုန်သို့ သယ်ယူပို့ဆောင်ခမှာ တစ်ပိဿာလျှင် (၁၀ဝိ/-)ကျပ်နှုန်းရှိကြောင်း ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကုလားပဲသီးနှံများ ဈေးကောင်းရ၍ တောင်သူများပိုမိုစိုက်ပျိုးလာ

          ကုလားပဲသီးနှံသည် ပြည်တွင်း၌ စိုက်ပျိုးနေသည့် ပဲမျိုးစုံအနက်အရေးကြီးသီးနှံတစ်ခုဖြစ်ပြီး အသားဓါတ်(ပရိုတင်း)နှင့် ကစီဓါတ်ပါဝင်မှုနှုန်း မြင့်မားခြင်းကြောင့် ပြည်တွင်းစားသုံးမှုအတွက် အရေးပါသလို ပြည်ပတင်ပို့ရသော သီးနှံလည်း ဖြစ်ပါသည်။ ကုလားပဲကို အလွယ်တကူဝယ်ယူရရှိ နိုင်သလို အမဲသားနှင့် ကုလားပဲမှာ တူညီသောအဟာရဓါတ် ပါရှိသောကြောင့် သက်သက်လွတ် အမြဲ စားသူတွေအနေဖြင့် ကုလားပဲကို မဖြစ်မနေစားပေးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။ စစ်ကိုင်း တိုင်းဒေသကြီးသည် ကုန်လမ်း၊ ရေလမ်းများဆုံရာ ဒေသဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီးဒေသအတွင်းမှ ထွက်ရှိသော ဒေသထွက်ကုန်များဖြစ်သည့် ဆန်၊ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ များကို ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူသို့ တင်ပို့ရောင်းချလျက်ရှိပြီး ပြည်ပဈေးကွက်တွင်လည်း အရေးပါသည့် ပဲတစ်မျိုးလည်း ဖြစ်ပါသည်။

          ကုလားပဲသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်လျာထားချက်မှာ ၄၁၇,၃၀၀ ဧကရှိပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ယင်းမာပင်ခရိုင်တွင် ၁၃၉,၁၉၅ ဧက၊ မုံရွာခရိုင်တွင် ၁၀၂,၈၄၈ ဧက၊ ရွှေဘိုခရိုင်တွင် ၆၄,၃၀၄ ဧက၊ စစ်ကိုင်းခရိုင်တွင် ၄၈,၆၈၉ ဧက၊ ရေဦးခရိုင်တွင် ၄၀,၂၅၃ ဧကနှင့် ကျန်ခရိုင်များတွင် ၂၀,၆၇၈ ဧက စုစုပေါင်း ၄၁၅,၉၆၇ ဧက စိုက်ပျိုးပြီးဖြစ်ရာ လျာထားချက်အပေါ် (၉၉.၆၈) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းအရသိရှိရပါသည်။

         မြန်မာနိုင်ငံတွင် အစိုက်အများဆုံး ကုလားပဲမျိုးများမှာ ရေဆင်း-၁၂(၈၅-၉၀)ရက်သား၊ ရေဆင်း-၁၁(၉၀-၉၅)ရက်သား၊ ရေဆင်း-၉(၉၅-၁၀၀)ရက်သား၊ ရေဆင်း-၈(၉၅-၁၀၀)ရက်သား၊ ရေဆင်း-၆ (၆၅-၁၀၀)ရက်သား၊ ရွှေနီလုံးကြား(၉၅-၁၀၀)ရက်သားတို့ရှိသည့်အနက် စစ်ကိုင်းတိုင်းဒေသကြီးတွင် 929၊ V3V7နှင့် V2 မျိးများကို အဓိကထား စိုက်ပျိုးကြပါသည်။

            ကုလားပဲသီးနှံများကို အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် ပေါ်ထွက်ပါသည်။ ယခင်နှစ် ကုလားပဲသီးနှံများ စတင်ထွက်ပေါ်ချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် သုံးတင်းဝင်တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၁၂၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ဈေးနှုန်းဆက်လက်မြင့်တက်ခဲ့သည့်အတွက် စိုက်ပျိုးသူများလာပါကြောင်း၊ လက်ရှိ ကုလားပဲမျိုးစုံ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၈၆,၀၀၀ ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်း သတင်းအရသိရပါသည်။

          ကုလားပဲသီးနှံကို ပြုတ်စားခြင်း၊ လှော်စားခြင်း၊ ပဲခြမ်းပြုလုပ်၍ ချက်စားခြင်း၊ ကြော်စားခြင်း၊ အမှုန့်များပြုလုပ်၍ အမျိုးမျိုးပြုလုပ်ရောင်းချခြင်းများ ပြုလုပ်ကြပါသည်။ အရသာမှာ ချိုစိမ့်ပြီးနှုတ်ကိုမြိန်စေလျက် ခွန်အားကိုဖြစ်စေပါသည်။ ပြည်တွင်းထွက်ရှိသော ပဲမျိုးစုံအနက် ကုလားပဲမှာ လူကြိုက်များပြီး စားသုံးမှုအမြင့်ဆုံးဖြစ်ပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍကို အားပေးဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွင်း ပဲစားသုံးမှုဖူလုံရေးအတွက် ပဲသီးနှံဖြစ်သည့် ကုလားပဲ စိုက်ပျိုး ထုတ်လုပ်မှုသည်လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် ပဲသီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်း ဈေးကွက်သာမက နိုင်ငံခြားဈေးကွက် ရှိသော သီးနှံဖြစ်သည့်အတွက် ဈေးကွက်ဝယ်လိုအား ရှိနေပြီး ဈေးကောင်းရနေသော ကုလားပဲသီးနှံကို ပိုမိုစိုက်ပျိုးလာပါကြောင်း တောင်သူအများစုထံမှ လေ့လာသိရှိရပါသည်။    

DOCA(စစ်ကိုင်း)                                                                                                    

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၄.၂.၂၀၂၃)

၄.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကလေးမြို့ပေါ်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

           ကလေးမြို့ပေါ်တွင် ဇန်နဝါရီလအတွင်  ဖြစ်ပေါ်နေသည့် ဈေးနှုန်းများမှာ ဧည့်မထစပါး ( ၁ ) တင်းလျှင် ( ၁၂၅၀၀ ) ကျပ်၊ ငစိန်စပါး ( ၁ ) တင်းလျှင်( ၁၁၀၀၀) ကျပ်၊ ဧရာမင်းစပါး ( ၁ ) တင်းလျှင် ( ၁၅၀၀၀ ) ကျပ်၊ ဧည့်မထဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၅၀၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၄၈၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၆၅၀၀၀ ) ကျပ်၊ ပဲဆီ ( ၁ ) ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်၊ နှမ်းဆီ ( ၁ ) ပိဿာလျင် ( ၁၀၀၀၀ ) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ( ၇၀၀၀ ) ကျပ်၊ ကြက်သွန်နီ ( ဒေသထွက် ) တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ ကြက်သွန်နီ ( မုံရွာ ) တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ရှမ်း ) တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ် ) တစ်ပိဿာလျှင် ( ၅၂၀၀ ) ကျပ်၊ ဂျင်းတက် တစ်ပိဿာလျှင် ( ၁၅၀၀ ) ကျပ်၊ ဆားတစ်ပိဿာလျှင်( ၇၀၀ ) ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် ( ၄၇၀၀ ) ကျပ်၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ( ၂၂၀၀၀ ) ကျပ်၊ ငရုတ်ခြောက်ပု တစ်ပိဿာလျှင် ( ၃၂၀၀၀ ) ကျပ်၊ အာလူး တစ်ပိဿာလျှင်( ၃၀၀၀ ) ကျပ်၊ မန်ကျည်းသီး ( အစေ့လွတ် ) တစ်ပိဿာလျှင် ( ၅၀၀၀ ) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ( ၁၆၀၀၀ ) ကျပ်၊ အမဲသား တစ်ပိဿာလျှင် ( ၁၆၀၀၀ ) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ( ၂၄၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။

            ဇန်နဝါရီလ ပထမအပတ်နှင့်တတိယအပတ်နှိုင်းယှဉ်ရာတွင် ဧည့်စပါးတစ်တင်းလျှင် ( ၂၀၀၀ ) ကျပ်၊ ငစိန်စပါးတစ်တင်းလျှင် ( ၁၅၀၀ ) ကျပ်၊ ဧရာမင်းစပါးတစ်တင်းလျှင် ( ၁၅၀၀ ) ကျပ်၊ ဧည့်မထဆန် ( ၂၄  ) ပြည်တစ်အိတ်လျှင်( ၆၀၀၀ ) ကျပ်၊ ငစိန် ဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၇၀၀၀ ) ကျပ်၊ ဧရာမင်း ဆန် ( ၂၄  ) ပြည်တစ်အိတ်လျှင် ( ၁၀၀၀၀ ) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ( ၂၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ဈေးနှုန်းများ မြှင့်တက်လျက်ရှိ ပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

မင်းဘူးမြို့နယ်၌ ဆောင်းကြက်သွန်နီစိုက်ပျိုးသူများ ဈေးကောင်းရရန် မျှော်လင့်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ဆောင်းကြက်သွန်နီများစိုက်ပျိုးပြီး ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း၊ မိုးကြက်သွန်နီထွက်ရှိချိန်၌ (၁)ပိဿာလျှင် ကျပ်(၃၅၀၀)ဖြစ်ပြီး၊ ဇန်နဝါရီလ(စတုတ္ထ)ပတ်တွင် (၁)ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)အထိရောင်းချရပါကြောင်း ရွှေတပင်ကျေးရွာရှိ ကြက်သွန်နီစိုက်တောင်သူများထံမှသိရှိရပါသည်။ ယခုအချိန်တွင်  ဈေးကွက်အတွင်းသို့ ကြက်သွန်နီဝင်ရောက်မှုမှာလည်း နည်းလာပါကြောင်း မင်းဘူးမြို့ရှိ ကြက်သွန်နီပွဲရုံပိုင်ရှင်များထံမှသိရှိရပါသည်။

    ကြက်သွန်နီစိုက်ပျိုးရာတွင် ယခင်က မိုးတွင်းကာလများတွင်သာ စိုက်ပျိုးကြသော်လည်း ယခုအခါတွင် ချောင်းရေနှင့် စက်ရေတွင်းများတူးဖော်၍ စိုက်ပျိုးလာကြသည်ကိုတွေ့ရှိရပါကြောင်း၊ ကြက်သွန်နီစိုက်ပျိုးရာတွင် သွင်းအားစုဈေးကြီးခြင်း၊ ရေတင်၍လည်း စိုက်ပျိုးရသည့်အတွက် စက်သုံးဆီဈေးမြင့်တက်နေမှုကြောင့် ဈေးမကောင်းပါက စိုက်ပျိုးစရိတ်ကြေရုံသာရရှိနိုင်မည်ဖြစ်၍ ဆောင်းကြက်သွန်နီများပေါ်ချိန်တွင် ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း၊ လက်ရှိတွင် လက်လီဈေး (၁)ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)အထိရောင်းရ၍ ကြက်သွန်နီစိုက်ပျိုးသူများမှာ အဆင်ပြေလျက်ရှိကြကြောင်း မင်းဘူးမြို့ရွှေတပင်ကျေးရွာရှိ ကြက်သွန်နီစိုက်တောင်သူ ဦးမြတ်စိုးထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ကရင်ပြည်နယ်ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကောင်းရပြီး စိုက်ပျိုးတောင်သူနှင့် ကုန်သည်များ တွက်ခြေကိုက်လျက်ရှိ

         ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ကရင်ပြည်နယ်ထွက် လယ်ယာထွက်ကုန်များဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များလှိုင်လှိုင်ထွက်ရှိကာ မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များ၏ အရောင်းအဝယ်ဈေးနှုန်းများမှာ မြေပဲဝယ်ဈေး ၂၁၀၀၀ကျပ်၊ ရောင်းဈေး၂၃၀၀၀ ကျပ်၊ ပဲတီစိမ်း ဝယ်ဈေး ၄၇၀၀၀ ကျပ်၊ ရောင်းဈေး ၅၁၀၀၀ ကျပ်၊ ပဲပုပ် ဝယ်ဈေး ၄၅၀၀၀ ကျပ်၊ ရောင်းဈေး ၄၇၆၀၀ ကျပ်ရှိပြီးယခင်နှစ်ထက် ဝယ်ဈေး/ရောင်းဈေးမြင့်တက်ခဲ့ကြောင်းနှင့်ကရင်ပြည်နယ်ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်တွင်းနှင့်မြဝတီနယ်စပ် လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိပြီး ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ၊ ကုန်သည်များတွက်ခြေကိုက် အကျိုးအမြတ်ရရှိလျက်ရှိကြောင်းသိရသည်။

           ကရင်ပြည်နယ်တွင် မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များကို မြေနုကျွန်းများဖြစ်သည့် ကော့လုံကျွန်း၊ မိန်းမလှကျွန်း၊ မင်းဇီ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကော့ထော်၊ ဗူးခါး၊ နောင်ထလုံ၊ ထုံးအိုင် စသည့် ဒေသများတွင်အဓိကစိုက်ပျိုးထွက်ရှိပြီး ဘားအံမြို့သို့ တစ်ရက်လျှင် ယာဉ်စီးရေ ၁၅ စီးမျှ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းနှင့်ကရင်ပြည်နယ်ထွက်ဒေသထွက်ကုန် မြေပဲ၊ ပြောင်း၊ နှမ်း၊ ပဲတီစိမ်း၊ ပဲပုပ်များမှာ အရည်အသွေးကောင်းမွန်ပြီး လုပ်ငန်းရှင်များအကြိုက်တွေ့သောကြောင့် ဈေးကောင်းများရရှိလျက်ရှိကြောင်း ရွှေကံထူး ပွဲရုံပိုင်ရှင် ဦးစောဝင်းနိုင်ကပြောသည်။

       “လက်ရှိအချိန်မှာ မြေပဲနဲ့ပဲပုပ်တွေက ပြည်ပဝယ်လိုအားရှိပြီး ပြည်တွင်းမှာလည်း ဆီစက်လုပ်ငန်းရှင်တွေက ဝယ်ယူတာတွေရှိတဲ့အတွက် ဈေးကောင်းရနေတဲ့အနေအထားမှာရှိပါသည်။ ယခုဆိုဈေးကွက်ထဲ ပွဲရုံတွေကို တင်ပို့ရောင်းချတာအပြင် ဝယ်လက်ကုန်သည်တွေက တောင်သူတွေဆီ တိုက်ရိုက်ဆင်းဝယ်နေကြလို့ ဈေးကတော့မငြိမ်ပဲ အမြင့်ဘက်ကိုဦးတည်နေပါသည်။ ပဲပုပ်ကတော့ ပြည်ပတင်ပို့ဖို့ တစ်ချို့ဝယ်လက်တွေက တောင်သူတွေဆီတိုက် ရိုက် ဆင်းဝယ်နေကြပေမဲ့ ဘားအံမြို့နဲ့ မော်လမြိုင်/ သထုံမြို့မှာရှိတဲ့ ပဲပြားလုပ်ငန်းရှင်တွေရဲ့ နေ့စဉ်ဝယ်လိုအားကကို တစ်နေ့ပိဿာ ၁၀၀၀ နီးပါးဈေးကွက်ရှိပါသည်။ ခြုံကြည့်ရရင်တော့ ဒီနှစ်ကတော့ ဈေးကွက်စုံ/ ဝယ်လက်စုံပြီး ကရင်ပြည်နယ်ထွက် မြေပဲ၊ ပဲပုပ်၊ ပဲတီစိမ်းစတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေ ဈေးကောင်းရပြီး စိုက်ပျိုးတောင်သူနဲ့ ကုန်သည်တွေတွက်ခြေကိုက်တဲ့ နှစ်ပါပဲ” ဟု  ပြောသည်။

DOCA(ကရင်)

 

စလင်းမြို့ ခရမ်းချဉ်သီးဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

     စလင်းမြို့နယ်၌ ခရမ်းချဉ်သီးကို ကြိမ်မြောင်း၊ ဥယျာဉ်စု၊ ပေါင်းတန်း၊ ဝက်ခနိုက်နှင့် နွယ်တမင် စသည့်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဇန်နဝါရီလ(စတုတ္ထ)ပတ်တွင် ဈေးကွက်၌ ခရမ်းချဉ်သီးများဈေးကောင်းရနေကြောင်းသိရပါသည်။

          ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ခရမ်းချဉ်သီးများ စတင်ထွက်ပေါ်နေပြီဖြစ်ရာ စလင်းဈေးကွက်၌ ဇန်နဝါရီလ (စတုတ္ထ)ပတ်တွင် ခရမ်းချဉ်သီးအစိမ်း(၁)ပိဿာလျှင် ကျပ်(၁၇၀၀)နှင့် ခရမ်းချဉ်သီးအမှည့်(၁)ပိဿာလျှင် ကျပ်(၂၁၀၀)ဖြင့် မြို့ပေါ်ရှိဈေးကွက်များတွင်သာမက ပွင့်ဖြူ၊ မင်းဘူး၊ မကွေးမြို့များရှိ ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ဒီဇင်ဘာလတွင် ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၅၀၀)ဖြင့် ရောင်းချခဲ့ကြကြောင်းသိရှိရပါသည်။ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ခနှုန်းထားများမြင့်တက်လာခြင်းနှင့် လုပ်အားခများ ဈေးနှုန်းမြင့်မားလာခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးများမြင့်တက်လာပါကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည် ဒေါ်ရီမြင့်ထံမှသိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

 ‌   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)  (၄၅) ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၈-၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၂၄-၁-၂၀၂၃) ရက်နေ့တွင် ကျပ် (၂၅၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၁၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၅၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၈၅၀)အိတ်၊ နှမ်းပြာ(၁၃၀)အိတ်၊ နှမ်းဖြူ (၈၅)အိတ်နှင့် နှမ်းနီ (၁၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

          ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲ(HL) (၂၀)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ မတ်ပဲ ၂၀ ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၃၅၀၀) ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ခဲ့ပါသည်။ ဘိုကိတ်ပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၉၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၄၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲတီစိမ်း (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၇၃၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၇၅၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၁၁၅၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၂၈၀၀)အိတ်၊ မတ်ပဲ (၁၈၀)အိတ်၊ ကုလားပဲ(HL) (၃၄၀)အိတ်နှင့် ဘိုကိတ်ပြာ(၁၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိရပါသည်။

 မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၄၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၈၀၀)ဖြစ်၍ ကျပ်(၃၅၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင်  ယခင်အပတ်တွင် ကျပ်(၆၄၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၆၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ (နီ) (၃၀)ပိဿာဝင်အိတ်(၂၇၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ) အိတ်(၂၀၀)အိတ်နှင့် မြေပဲတောင့်အစို တင်း(၁၅၀၀)တင်းခန့် အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိခဲ့ရပါသည်။

          ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၇၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၉၀၀)ဖြစ်၍ ကျပ်(၁၅၀)ဈေးမြင့်ကာ ဝါပိဿာချိန်(၂၂၀၀၀)ပိဿာခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၈၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

         ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၄၈၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

            ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

           အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

DOCA(Domestic)                                                    

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း