ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော မရမ်းသီး

      မရမ်းပင်ကို အင်္ဂလိပ်အခေါ်အဝေါ်အရ (MARIAN TREE)ဟုခေါ်ဆိုပါသည် ။မရမ်းပင်သည် အပင်ကြီးအမျိုးအစားထဲတွင်ပါဝင်ပြီး အမြင့်ပေ(၄)စင်တီမီတာကနေ(၇)စင်တီမီတာအထိ ရှိတတ်ပါသည်။  မရမ်းသီးအချို၊ အချဉ် အရသာ (၂)မျိုးရှိပါသည်။ မရမ်းသီးပင်ကို တိုင်းဒေသကြီးများဖြစ်သော ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပြည်နယ်များဖြစ်သော မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးဖြစ် ထွန်းကြပါသည်။ မရမ်းသီးပင်သည် မြေစေးဆန်ပြီး နှုန်းမြေ ၊ ပူအိုက်စွတ်စိုသောရာသီဥတုတို့တွင် ပိုမိုဖြစ်ထွန်းပါသည်။ မရမ်းပင်ကို စိုက်ပျိုးပြီး( ၇ )နှစ်အကြာတွင် အသီးစတင်ခူးဆွတ်နိုင်ပါသည်။ မရမ်းသီးအထွက်နှုန်းမှာ အပင်ငယ်လျှင် အလုံးရေ ၅၀၀၀/၇၀၀၀ အထိရရှိပြီး အပင်ကြီးလျှင်အလုံးရေ ၂၀၀၀၀/၃၀၀၀၀ အထိ ရရှိနိုင်ပါသည်။  မရမ်းသီးသည် ရာသီချိန်၌သာပေါ်ပြီး ဈေးကွက်တွင် ရောင်းချိန်မကြာသောသီးနှံမျိုးဖြစ်ပါသည်။ မရမ်းသီးသည် ဇန်နဝါရီလလောက်တွင် စတင်ရောင်းချနိုင်ပြီး မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှုနည်းပါးသွားပါသည်။ သီးနှံပေါ်ချိန်တွင် မရမ်းသီးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ၃၂၀၀၀ကျပ်အထိ ဈေးကောင်းရ လျက်ရှိပြီးအလုံးအကြီး / အသေးပေါ်မူတည်၍လည်း ဈေးနှုန်းကွာခြားမှုရှိသည်ဟု နောင်ယားဈေးအတွင်းရှိ မရမ်းသီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

လက်ဖက်အကြောင်း

       လက်ဖက်ပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြဲတမ်းစိမ်းစိုလျက်ရှိသည်။ သဘာဝ အလျှောက်ပေါက်သောလက်ဖက်ပင်သည် ပေ၃၀ခန့်အထိမြှင့်နိုင်သည်။ သို့သော် လက်ဖက်ခြံများတွင်မူ ထိုမျှလောက်မြင့်အောင်မထားဘဲ လေးပေငါးပေလောက်သာမြင့်ရန် အစဉ်ဖြတ်ထားပေးလေ့ရှိသည်။ ရည်ရွယ်ချက်မှာ အကိုင်းအခက်များစွာမထွက်ဘဲအရွက်များကို များနိုင်သမျှများစေရန် ဖြစ်သည်။ လက်ဖက်ရွက်ခူးသူများသည် များသောအားဖြင့် အမျိုးသမီးနှင့်ကလေးများသာဖြစ်သည့်အတွက် အရွက်များခူးရာတွင် လက်လှမ်းမီမီနှင့် တစ်ပင်လုံးကိုခူးနိုင်စေရန် ဖြစ်လေသည်။ လက်ဖက်ပင်တွင် လက်ဖက်ရွက်သည် အသုံးဝင်အဖိုးတန်သောပစ္စည်းဖြစ်၏။ လက်ဖက်စိုက်ပျိုးရာတွင် လက်ဖက်စေ့များကို သင့်တော်သောမြေ၌ဦးစွာပျိုးပေး၍ တစ်ပေလောက်ကြီးလာသောအခါမှ ခြံများသို့ရွှေ့ပြောင်းပြီးလျှင် တစ်ပင်နှင့်တစ်ပင်ကို ငါးပေခြောက် ပေခန့်ခွာ၍စိုက်ရသည်။ အများအားဖြင့်လက်ဖက်ပင်များကို တောင်စောင်းများတွင်လှေကားထစ်သဖွယ်အဆင့်ဆင့်ပြုလုပ်၍ စိုက်ပျိုးလေ့ရှိကြလေသည်။ လက်ဖက်ပင်စိုက်ပျိုးသောဒေသနှင့် ရာသီဥတုတို့အပြင်အပင်၏ သန်စွမ်းမှုပေါ်တွင် အကြောင်းပြု၍ လက်ဖက်ရွက်များကို တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ ခူးယူနိုင်သည်။ ပူသောဒေသများတွင် နွေခြောက်လအတွင်း ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်မျှခူးနိုင်၍ အေးသောနေရာများတွင်မူ ခူးသည့်အကြိမ်အရေအတွက်ကို လျှော့ပေးရပါသည်။ အပင်မနာအောင်လည်း အထူးဂရုပြုရန်လိုပေသည်။  မြန်မာနိုင်ငံတွင် ရှမ်းပြည်မြောက်ပိုင်း တောင်ပိုင်နယ်၊ မိုးမိတ်နယ်နှင့် မိုင်းလုံနယ်များတွင် လက်ဖက်ပင်များကိုစိုက်ပျိုးသည်။   မိုးမိတ်နယ်နှင့်မိုင်းလုံနယ်တို့မှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုများကိုအပြင်တောင်ဟုခေါ်၍ တောင်ပိုင်းနယ် သို့မဟုတ် နမ့်ဆန်နှင့်မိုင်းငေါ့ အပါအဝင်ဒေသများမှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုတို့ကို အတွင်းတောင်ဟုခေါ်သည်။ လက်ဖက်ရွက်ကို အချဉ်ဖောက်၍နှပ်ကာရရှိလာသော လက်ဖက်စိုကို အစာပလာ မျိုးစုံရောပြီး လက်ဖက်သုပ် အဖြစ် စားသုံးကြသည်။ လူသိများသောလက်ဖက်ခြောက်နှစ်မျိုးမှာမူ လက်ဖက်ခြောက်မည်းဟုခေါ်သော အချိုသောက်လက်ဖက်ခြောက်မျိုးနှင့် လက်ဖက်ခြောက်စိမ်းဟုခေါ်သော အကြမ်းသောက် လက်ဖက်ခြောက်မျိုးတို့ဖြစ်ကြသည်။ ထိုနှစ်မျိုးမှာ လက်ဖက်ပင်တစ်မျိုးစီမှရခြင်းမဟုတ်၊ လက်ဖက်တစ်ပင်တည်းမှပင်ရ၍ တစ်မျိုးစီပြုပြင် ထားခြင်းသာဖြစ်လေသည်။   လက်ဖက်ခြောက်ဖြစ်အောင်ပြုပြင်ရာ၌ခူးပြီးသောအရွက်များကို ပထမတွင်နွမ်း၍ နူးညံ့ပျော့ပျောင်း လာသည့်တိုင်အောင်ဖြန့်ထားရသည်။ ထို့နောက်အရွက်များ ကျို၍အနံ့ရှိသည့်အစေးများထွက်လာစေရန်လိပ်ပေးရသည်။ လက်ဖက်ခြောက်တွင် သီအင်းဓာတ်ပါ၍ ထိုဓာတ်မှာကော်ဖီတွင်ပါသည့် ကဖိန်းဓာတ်နှင့်အတူတူပင်ဖြစ်သည်။ မြန်မာလူမျိုးများ အနှစ်သက်ဆုံးဟု ပြောလေ့ပြောထရှိခဲ့ကြသော အာဟာရဝတ္ထုသုံးမျိုးမှာထဲတွင် လက်ဖက်သည်လည်း အဓိကပါဝင်ပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် လက်ဖက်သည်အရေးပါ၏၊ မြန်မာနိုင်ငံတွင် လက်ဖက်အစိုနှင့်အခြောက်ဟူ၍ရှိရာ ထိုနှစ်မျိုးစလုံးကိုပင်သုံးစွဲကြသည်။ သောက်သုံးပြီးသော လက်ဖက်စိမ်းထုပ်ကို နွေးနေသောအချိန်တွင် မျက်ခွံပေါ်တွင်ကပ်လျှင် သွေးလည်ပတ်မှုကိုကောင်းစေပြီး မျက်ကွင်းညိုခြင်း၊ မျက်ရည်အိပ်ဖောင်းခြင်းတို့ကိုပျောက် ကွယ်စေနိုင်သည်။ ရေခဲစိမ်ထားသောလက်ဖက်စိမ်းထုပ်ဖြင့် ခန္ဓာကိုယ်ပေါ်တွင်ဖိကပ်ထားပါ ကဖောရောင်ခြင်းကိုပျောက်ကွယ်စေသည်။   နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်း၊ ခြေဖနောင့် အက်ကြောင်းထခြင်းတို့သည် ခန္ဓာကိုယ်ရေဓာတ်လိုအပ်နေသည်ကိုဖော်ပြနေသည် သာမက၊ ခန္ဓာကိုယ်ရှိဆဲလ်လည်း ပျက်ဆီးနေသည်။ တစ်ပတ်လျှင်၃-၅ကြိမ်အထိ နှုတ်ခမ်းနှင့်ခြေဖနောင့်ကို လက်ဖက်ဖြင့် သုတ်လိမ်းပါက လက်ဖက်ခြောက်တွင်ပါသော ဖီနောဓာတ်ပါဝင်ခြင်းကြောင့် ခြောက်သွေ့ရာမှစိုပြေလာစေပြီး ခန္ဓာကိုယ်ရှိဆဲလ်များ ပြန်လည်ရှင်သန်မျိုးပွားလာစေနိုင်ပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုထဲတွင် လက်ဖက်သည်မပါမဖြစ်များစွာအသုံးဝင်သကဲ့သို့ ခန္ဓာကိုယ်အတွက်လည်း အသုံးဝင်ပြီးအကျိုးသက်ရောက်မူကောင်းစွာရရှိနိုင်သော အရွက်မျိုး ဖြစ်ပါသည်။ လက်ဖက်တွင် အကျိုးသက်ရောက်မှုကောင်းကျိုးများစွာရှိသောကြောင့် လက်ဖက်ကို အသုံးပြုပေးရန် လိုအပ်ပါသည်။

DOCA(ကယား)

 

 

 

 

ပဲစင်းငုံသီးနှံများ စိုက်ပျိုးထွက်ရှိမှုအခြေအနေ

     ပဲစင်းငုံသီးနှံသည် အခြားသောသီးနှံများနှင့်မတူဘဲ (၈) လ၊ (၉) လကြာ စိုက်ပျိုးထားရှိရသော သီးနှံလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်ဟုသိရှိရပါသည်။ စိုက်ပျိုးမှုအနေဖြင့် မေလနှင့်ဇွန်လတို့တွင် အများအားဖြင့်စိုက်ပျိုးကြပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ပုံမှန်ရိတ်သိမ်းလေ့ရှိပါသည်။ တချို့ဒေသများတွင် ဒေသရာသီဥတုနှင့် စိုက်ပျိုးမြေအပေါ်မူတည်၍ စောစိုက်ကြသဖြင့် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် စတင်ထွက်ပေါ်ခဲ့သည်ဟုသိရှိရပါသည်။ စိုက်ပျိုးသူတောင်သူများအနေဖြင့်လည်း ပဲစင်းငုံကို ဟင်းလျာအနေဖြင့် ခွဲခြမ်းခွဲ၍ ပဲထမင်း၌သော်လည်းကောင်း၊ ဟင်းချို၌သော်လည်းကောင်း၊ ပဲကြာဇံ၌သော်လည်းကောင်း၊ အကြော်အဖြစ်သော်လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးလေ့ရှိပါကြောင်း၊ မရိတ်သိမ်းမီ ပဲအစိုကိုခူးဆွတ်၍ မုန့်ပဲသရေစာအဖြစ်ပြုတ်၍လည်း စားသုံးလေ့ရှိကြသည်ဟုသိရှိရပါသည်။ ပဲစင်းငုံသည် ချိုစိမ့်သောအရသာရှိပြီး ဘေးဥပဒ်အန္တရာယ်မဖြစ်စေသည့်အတွက် ကျန်းမာသန်စွမ်းခြင်းကို အထောက်အကူပြုကြောင်း သိရှိရသည့်အတွက် စားသုံးသင့်သောပဲတစ်မျိုးလည်းဖြစ်ပါသည်။ Value added တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် စီမံဖော်ဆောင်လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံအတွက် ဝင်ငွေများစွာအထောက်အကူပြုနိုင်သည်ဟု လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရသိရပါသည်။ပဲစင်းငုံသီးနှံလည်း တစ်ခုအပါအဝင်ဖြစ်သည့် ယခုပဲဈေးမှာ အနိမ့်၊ အမြင့်ရှိသည့်အတွက် “မျှော်လင့်နေသော တောင်သူများ၏ အိပ်မက်များ ပြည့်များပြည့်တော့မည်လား”ဟု တောင်သူလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါသည်။

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပဲစင်းငုံစိုက်ပျိုးမှုမှာ ဧကပေါင်း(၁၀၀၁၀၅)ဧကရှိခဲ့ပြီး ရိတ်ဧကမှာ(၁၀၀၁၀၅)ဧကနှင့် အထွက်နှုန်း(၈.၇၈)တင်းဖြင့် အထွက်တင်းပေါင်း (၈၇၈၉၂၂) တင်းထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြင်းခြံခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲစင်းငုံစိုက်ဧကပေါင်း (၁၀၂၄၃၅)ဧကစိုက်ပျိုးခဲ့ပြီး၊ အထွက်နှုန်းတစ်ဧကလျှင် (၈.၂၅)တင်းထွက်ရှိပြီး ယနေ့အထိ ရိတ်ဧက    (၁၀၂၄၃၅)ဧကရိတ်သိမ်းပြီးဖြစ်၍ အထွက်တင်းပေါင်း (၈၄၅၀၈၉) တင်းထွက်ရှိပြီးဖြစ်ပါသည်။ မြင်းခြံခရိုင်အတွင်း၌ မြို့နယ်အလိုက် စိုက်ပျိုးမှုအနေဖြင့် နွားထိုးကြီးမြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးထားသော စိုက်ဧက (၇၈၀၁၁)ဧကဖြင့် အများဆုံးစိုက်ပျိုးနေကြောင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၁၁၈၇၄၉)ဧကနှင့် မြင်းခြံမြို့နယ်တွင် (၅၆၇၅)ဧကစိုက်ပျိုးထားရှိပြီးဖြစ်သည့်အတွက် ရိတ်သိမ်းပြီး ပဲစင်းငုံသီနှံများကိုလည်း ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

      လက်ရှိတွင် ပဲစင်းငုံဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၉၀၀/- ၊ ၂၉၁၀/- ၊ ၂၉၁၅) ကျပ်ရှိပါသည်။ ပဲအရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းများကွာခြားလျက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်တွင် ပဲစင်းငုံဈေးသည် (၂၀၀၀ - ၂၀၅၀) ကျပ်ရှိခဲ့သည့်အတွက် လက်ရှိဈေးအရဆိုလျှင် တောင်သူများ အထိုက်အလျောက်အဆင်ပြေသည်ဟုသိရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့်  မြို့ပေါ်ကုန်သည် လုပ်ငန်းရှင်များဝယ်ယူစုဆောင်းပြီး မန္တလေးမြို့သို့ တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။ ပေါ်ဦးပေါ်စဖြစ်သည့်အတွက် ပဲစင်းငုံအနေဖြင့် အဝင်နည်းသေးကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရသိရှိရပါသည်။

DOCA(မန္တလေး)

 

ကယားပြည်နယ် ကုန်သွယ်မှုသတင်း

      ကယားပြည်နယ်တွင် ကုန်စည်များ ပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဇန်နဝါရီလအတွင်း ဆန်တင်သွင်းမှုမှာ (၉၇၉၀) အိတ် (၄၈၉) တန်၊ ဆီတင်သွင်းမှုမှာ (၁၄၀) ပုံး၊ ကြက်သွန်နီ တင်သွင်းမှုမှာ (၁၀၆၀) အိတ်၊ ငရုပ်သီး တင်သွင်းမှုမှာ (၂၆၈) အိတ်တင်သွင်းခဲ့ပြီး ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၃၅၀) အိတ် (၁၈) တန်၊ ပဲအမျိုးမျိုး တင်ပို့မှုမှာ (၂၀၈၇) အိတ် (၁၀၂) တန်၊ နှမ်းတင်ပို့မှုမှာ (၂၀၄၄) အိတ် (၁၀၀) တန်၊ ပြောင်း တင်ပို့မှုမှာ (၃၉၉၅၆) အိတ် (၁၉၅၇) တန် တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ကြည့်လျှင် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ (၆၈၅၀) အိတ် (၃၄၂) တန်၊ ကြက်သွန်နီ တင်သွင်းမှု (၁၀၆၀) အိတ်၊ ငရုပ်သီး တင်သွင်း မှုမှာ (၂၆၈) အိတ် ပိုမိုလာပြီး ဆီတင်သွင်းမှု (၃၀၀) ပုံးနှင့် (၄၄၅) ဖာ  လျှော့နည်းလာခဲ့ကြောင်း ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၁၇၆၇) အိတ် (၈၈) တန်၊ ပြောင်းတင်ပို့မှုမှာ (၂၇၅၆၃) အိတ် (၁၃၅၀) တန် လျော့နည်းလာပြီး ပဲအမျိုးမျိုး တင်ပို့မှုမှာ (၁၆၁၆) အိတ် (၇၉) တန်၊ နှမ်းတင်ပို့မှု (၁၅၂၄) အိတ် (၇၅) တန်ပိုမိုလာခဲ့ကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါသည်။

DOCA(ကယား)

 

မိုးကြက်သွန်နီဈေးနှုန်းနှင့် ဆောင်းကြက်သွန်နီစိုက်ပျိုးထားရှိအခြေအနေ

    မြင်းခြံခရိုင်၏ မိုးကြက်သွန်နီဈေးနှုန်းမှာ ယခုဇန်နဝါရီလနောက်ဆုံးပတ်တွင် အကြီးစတစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ၊ အလတ်စတစ်ပိဿာလျှင်(၇၀၀)ကျပ်မှ (၁၁၀၀)ကျပ်အထိ၊ အသေးစတစ်ပိဿာလျှင် (၄၀၀)ကျပ်မှ (၅၀၀)ကျပ်အထိ စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်အပတ်ဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၆၀၀)ကျပ်အထိ၊ အလတ်တစ်ပိဿာလျှင် (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်အထိ၊ အသေးတစ်ပိဿာလျှင် (၄၀၀)ကျပ်မှ (၆၀၀)ကျပ်အထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။ မိုးကြက်သွန်နီဈေးအနေဖြင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် (၁၀၀)ကျပ်နှုန်းခန့်ဈေးနိမ့်ခဲ့ပြီး၊ အမျိုးအစား၊ (Size) အရွယ်အစားနှင့် အရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းများအနည်းငယ်ကွာခြားကြောင်း ကြက်သွန်နီကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

     မြင်းခြံခရိုင်တွင် ဆောင်းကြက်သွန်နီများကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုး ခဲ့ရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ရိတ်သိမ်းမှုအနေဖြင့်  မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်း လေ့ရှိကြောင်းသိရှိရပါသည်။ မြင်းခြံခရိုင်၏ ယခင်နှစ်ကာလတူ ဆောင်းကြက်သွန်နီစိုက်ဧကမှာ (၁၈၃၂၅)ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်ကာလတူ စိုက်ပျိုးမှုမှာ(၁၈၅၄၂)ဧက စိုက်ပျိုးထားကြောင်းသိရှိရပြီး ယခင်နှစ်ထက် (၂၁၇)ဧကပိုမိုစိုက်ပျိုးထားနိုင်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြို့နယ်အလိုက် ဆောင်းကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၆၉၇) ဧက၊ တောင်သာမြို့နယ်တွင် (၈၈၁၄)ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၉၂၆)ဧကနှင့် ငါန်းဇွန်မြို့နယ်တွင် (၈၃၁)ဧကစိုက်ပျိုးထားမှုရှိပြီး ဆက်လက်စိုက်ပျိုးရန်ကျန်ရှိနေသေးကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ဖေဖော်ဝါရီလပထမပတ်အတွင်း ကြက်ဥဈေးနှုန်းမြင့်တက်

      လွိုင်ကော်မြို့ဈေးကွက်အတွင်းသို့ အခြားဒေသမှ စားသောက်ကုန်အများအပြား ဝင်ရောက်လျက်ရှိပြီး ကြက်ဥကို ရှမ်းပြည်နယ်တောင်ကြီးဘက်မှ   အများဆုံးမှာယူ တင်သွင်းရောင်းချလျက်ရှိပါသည်။

   ယခုလက်ရှိ ဖေဖော်ဝါရီလပထမပတ်တွင် ဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်းမှာ ကြက်ဥ အလုံးကြီးတစ်လုံးလျှင်(၂၅၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၃၀) ကျပ်၊ အလုံးသေးတစ်လုံး လျှင်(၂၀၀)ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိပြီး ယခင်ဇန်နဝါရီလစတုတ္ထပတ်တွင် ကြက်ဥအလုံးကြီး တစ်လုံးလျှင်(၂၃၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင်(၂၂၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၀၀) ကျပ်သာရှိခဲ့ပြီး ယခင်ဇန်နဝါရီလစတုတ္ထပတ်နှင့် ယခုဖေဖော်ဝါရီလပထမပတ်ဈေးနှုန်း နှိုင်းယှဉ်ကြည့်လျှင် ကြက်ဥအလုံးကြီး တစ်လုံးလျှင်(၂၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၁၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ပြီး အလုံးသေးမှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

အများပြည်သူသက်သာစေရန် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် လှည့်လည်ရောင်းချ

      မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများ စားသုံးဆီကို ဈေးနှုန်းတည်ငြိမ်စွာဖြင့်ဝယ်ယူစားသုံးနိုင်ရန်နှင့် သတ်မှတ်အရည်အသွေး၊ စံချိန် စံညွှန်းနှင့်အညီ ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးဆီများကို ဝယ်ယူစားသုံးနိုင်စေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက သတ်မှတ်ရည်ညွှန်းဈေးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ဇန်နဝါရီလ(၂၆)ရက်နေ့၌ ကျောက်ပန်းတောင်းမြို့ရှိ သာယာအေးရပ်ကွက်၊ မြို့မရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ ညောင်ကန်ဒေါင့်ကျေးရွာနှင့် ကြပ်ထောင်ကျေးရွာတို့တွင် နေရာ (၅) နေရာခွဲပြီး Mobile စနစ်ဖြင့်လှည့်လည်၍ စားအုန်းဆီတစ်ပိဿာလျှင် သတ်မှတ်ရည်ညွှန်းဈေး (၄၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။ ရပ်ကွက်၊ ကျေးရွာအလိုက် ရောင်းချမှုအနေဖြင့် သာယာအေးရပ်ကွက်တွင် (၂၂၀) ပိဿာ၊ မြို့မရပ်ကွက်တွင် (၂၂၀)ပိဿာ၊ သီရိမင်္ဂလာရပ်ကွက်တွင် (၃၃၀) ပိဿာ၊ ညောင်ကန်ဒေါင့်ကျေးရွာတွင် (၃၃၀)ပိဿာနှင့် ကြပ်ထောင့်ကျေးရွာတွင် (၃၃၀)ပိဿာ၊ စုစုပေါင်း (၁၄၃၀)ပိဿာရောင်းချပေးခဲ့ကြောင်းနှင့် နောက်ရက်များတွင်လည်း ယခုကဲ့သို့ ရပ်ကွက်၊ ကျေးရွာများတွင် Mobile စနစ်ဖြင့်ဆက်လက်၍ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းဥက္ကဋ္ဌထံမှသိရှိရပါသည်။

DOCA(မန္တလေး)

 

 

လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

      ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ဧည့်မထဆန် တစ်ပြည်လျှင် ၃၄၀၀ ကျပ်၊ ငစိန်ဆန် တစ်ပြည်လျှင် ၂၁၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ နေကြာဆီ တစ်ပိဿာ လျှင် ၁၄၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ( ရှမ်း ) တစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြက်သွန်ဖြူ( ကြူကုတ် ) တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ ချင်းတက် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ ဆားတစ်ပိဿာလျှင် ၅၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၃၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

      ကြက်ဥ အလုံးလတ် ၂၃၀ ကျပ်နှင့် အလုံးကြီး ၂၄၀ ကျပ်၊ ဘဲဥ အလုံးလတ် ၂၇၀ ကျပ်နှင့် အလုံးကြီး ၂၈၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ လွိုင်ကော်မြို့၏ သား/ငါး ဈေးနှုန်းမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ အမဲ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ၂၆၀၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၉၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကယား)

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၇.၂.၂၀၂၃)

       ၇.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဈေးကွက်အတွင်းရောင်းချလျက်ရှိသောရှမ်းနနွင်း

         ကယားပြည်နယ်ဈေးကွက်အတွင်းတွင်ရှမ်းနနွင်းသည် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသော နနွင်းမျိုးဖြစ်ပါသည်။ နနွင်းကို စာဖိုဆောင်များတွင်ပုံမှန်သုံးစွဲနေကြသောကြောင့် စျေးကွက် အတွင်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခုနှစ်နနွင်းဈေးသည် ယခင်နှစ်နနွင်းဈေးများ ထက်ကျဆင်းလျက်ရှိပါသည်။ ယခင်နနွင်းလက်ကျန်အတော်အများ ကျန်ရှိနေသောကြောင့်  နနွင်းတစ်ပိဿာစျေးနှုန်း အနိမ့်ဆုံး ၄၀၀၀ိ/- မှ အမြင့်ဆုံး ၅၀၀၀ိ/ အထိသာရောင်းချလျက်ရှိနေသည် ဟု လွိုင်ကော်မြို့သီရီမင်္ဂလာဈေးအတွင်းရောင်းချနေသော ဈေးသည် တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း