ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“အုန်းသီးဈေးနှုန်းဈေးကွက်အခြေအနေ”

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့်အနက် နှစ်ရှည်သီးနှံဖြစ်သည့် အုန်းပင်များလည်း စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်တွင် အုန်းပင်စိုက်ဧက (၃၂)ဧက စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ အုန်းပင်တစ်ပင်တွင် အခိုင်(၃-၄)ခိုင်ရှိပြီး အလုံး(၃၀ မှ ၄၀)အထိသီးကြောင်း၊ တစ်လုံးလျှင် ယခင်ဈေး(၂၅၀၀)ကျပ်မှ ယခုဈေး (၄၀၀၀) အထိရောင်းချရကြောင်း၊ အုန်းစိမ်းရေသောက်ရန်နှင့် အုန်းစိမ်းနုနုလေးစားရန်အတွက် ယခင်ဈေး (၁၅၀၀) ကျပ်မှ ယခုဈေး (၂၀၀၀) ကျပ် အထိ ရောင်းချရကြောင်း၊ ပွဲစားများမှလည်းနတ်ပွဲ၊ ကန်တော့ပွဲများအတွက် အပင်အောက်အထိ လာရောက်ဝယ်ယူကြ ကြောင်း၊ အုန်းပင်မှရသောအုန်းသီးပင်မက အုန်းလက်များကိုလည်း ကွမ်းခြံစိုက်တောင်သူများမှ ကွမ်းခြံအမိုး၊ အကာပြုလုပ်ရန်အတွက် ရောင်းချကြကြောင်း၊ အုန်းလက်မှထွက်သော အုန်းဆံများကိုလည်း တံမြက်စည်းပြုလုပ်ရောင်းချရကြောင်း  တံမြက်စည်းတစ်ချောင်းလျှင် ယခင် ဈေး(၆၀၀၀)ကျပ်မှ ယခုဈေး (၈၀၀၀) ကျပ်အထိရောင်းချရကြောင်း၊ အုန်းပင်ပေါက်တစ်ပင်လျင် ယခုကာလပေါက်ဈေး (၅၀၀၀-၆၀၀၀)ကျပ်အထိစျေးရှိပြီးအလွယ်တကူဝယ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း၊ အုန်းပင်စိုက်ပျိုးမှုသည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးပြီး (၆-၇)နှစ်တွင် ဝင်ငွေတစ်လုံးတစ်ခဲတည်း မရရှိသော်လည်း မိသားစုဝင်ငွေရရှိ၍ မီးဖိုချောင်စရိတ် ကာမိကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)

မန္တလေးမြို့သို့ ခရမ်းချဉ်သီးများ နယ်အစုံမှဝင်ရောက်လာ

             မန္တလေးမြို့သို့ ခရမ်းချဉ်သီးထွက်ရှိရာဒေသများဖြစ်ကြသည့် အင်းလေးဒေသ၊ ရွာငံဒေသနှင့် ပြင်ဦးလွင်၊ မုံရွာ၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့၊ စစ်ကိုင်းတိုင်းနှင့် ဆင်ရွာကြီးတို့မှ ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ ခရမ်းချဉ်သီးများထဲမှ အင်းလေးဒေသထွက် ခရမ်းချဉ်သီးသည် အချိုဖြစ်သည့်အလျောက် အထားခံဆုံးဖြစ်သည်။ အင်းလေးခရမ်းချဉ်သီးမှာ ဈေးအရဆုံးဖြစ်သည်။ ပြင်ဦးလွင်၊ မုံရွာဒေသအသီးတို့မှာ အထိုက်အလျောက် ဈေးကောင်းရသော်လည်း အင်းလေးဒေသအသီးကဲ့သို့ အထားမခံပါ။ ပျော်ဘွယ်၊ ရမည်းသင်းဒေသများမှထွက်ရှိသည့် ဗမာသီးခေါ် အချဉ်မျိုးသည် အနုဆုံးဖြစ်သည်။ အင်းလေးသီးတစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ ထိုင်ဝမ်မျိုး အသီးတစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်၊ ဗမာအချဉ်သီးခေါ် ကျားခြေရာသီး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့် ယခုလတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၂၀၀၀)ကျပ်အထိ ဈေးနှုန်းကျဆင်းကြောင်း၊ တစ်နေ့ထက်တစ်နေ့ ခရမ်းချဉ်သီးဈေးနှုန်းမှာ ကျဆင်းနေကြောင်း ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဆေးဖက်ဝင်သည့်(ကျောက်ဖရုံသီး)

             ကျောက်ဖရုံသီးထွက်ရှိရာဒေသများဖြစ်ကြသည့် မြစ်သား၊ ပျော်ဘွယ်၊ တပ်ကုန်းနှင့် မုံရွာတို့တွင် ကျောက်ဖရုံသီးများကို အခြားလယ်ယာထွက်ကုန်များကဲ့သို့ စီးပွားဖြစ်စိုက်ပျိုးကြသည်။ ကျောက် ဖရုံသီးကို  မိုးနှောင်းကာလတွင် စိုက်ပျိုးကြပြီး ဆောင်းဦးတွင် အသီးများထွက်ရှိသည်။ ထွက်လာသော ကျောက်ဖရုံသီးများကို အထွက်နှုန်းကောင်းမွန်စေရန် အသီးထပ် အသီးညှပ်ကလေးများကို ဆွတ်ခူး ကြသည်။ အချို့ထွက်ရှိရာဒေသများတွင် ထန်းလျက်ဖြင့်ယိုထိုး၍ စားသုံးလေ့ရှိပြီး အချို့မှာ ဟင်းချို ချက်ကြသည်။ ရင့်မှည့်၍ ကြီးသော အလုံးများကို ကျောက်ဖရုံယိုလုပ်ငန်းများမှ အခင်းပြတ် ဝယ်ယူ ကြပြီး အလုံးအရွယ်အစားမရွေး(၂၀၀၀)ကျပ်နှုန်းဖြင့် ကျောက်ဖရုံစိုက်ပျိုးရောင်းချသူများကို တဆင့် ရောင်းချကြသည်။ ကျောက်ဖရုံသီးအချို့ကို မန္တလေး ကိုင်းတန်းဈေးသို့ အသီးအနှံရောင်းချသူများမှ ဝယ်ယူပြီး (၁)လုံးလျှင် အလုံးကြီး ကျပ် (၃၀၀၀-၄၀၀၀)၊ အလတ် ကျပ်(၂၅၀၀-၂၀၀၀)၊ အသေး ကျပ် (၁၅၀၀-၁၀၀၀)အထိ ရောင်းကြပြီး လက်လီရောင်းချသူများမှာ တစ်စိတ်လျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချ ကြသည်။ ယခင်နှစ်ဈေးနှင့် ယခုနှစ်ဈေးမှာ (၁)လုံးလျှင် ကျပ် (၁၀၀၀/၅၀၀)အထိ ကွာခြားကြောင်း သိရသည်။

            ထို့အပြင် ယိုလုပ်ငန်းများမှ  ကျောက်ဖရုံ ထိပ်စ (၁) ပိဿာလျှင် (၈၀၀၀)ကျပ်၊ အောက်စ (၁) ပိဿာလျှင် (၃၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ကျောက်ဖရုံသီးသည် ကျန်းမာရေးကို အထောက်အကူပြုသော အသီးတစ်မျိုးဖြစ်သည့်အားလျော်စွာ ကျောက်ကပ်ရောဂါဝေဒနာရှင်များအနေဖြင့် ဟင်းချိုချက်ပြုတ်စား၍သော်လည်းကောင်း၊ မိန်းကလေးများအတွက် ထန်းလျက်ဖြင့်ကျိုချက်ကာ ယိုထိုး၍စားကြသည်။ ထို့ပြင်  အလှူပွဲများတွင် ကြက်သားနှင့် ကျောက်ဖရုံဖြင့် ချက်ပြုတ်ကျွေးကြကြောင်းသိရှိရပြီး ကျောက်ဖရုံသီးသည် ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်သဖြင့် ဝယ်ယူစားသုံးသင့်ကြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

အဝင်လှိုင်သည့် ကုန်စိမ်းများ

            မန္တလေးစျေးကွက်အတွင်း ကုန်စိမ်းဝင်ရောက်မှုအနေဖြင့်  မန္တလေး‌၊ အမရပူရ၊  ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်နှင့် စဉ့်ကိုင်‌မြို့နယ်များမှ ထွက်ရှိသည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်မှုများမှာ ပိုမိုများပြားကြောင်း သိရှိရပါတယ်။ မဟာအောင်မြေမြို့နယ်ရှိ ဝေယံထွန်းစျေး(၄၁ လမ်းနှင့်ကမ်းနားလမ်းနေရာ) နှင့် အောင်မြေသာစံမြို့နယ်ရှိ သီရိမာလာဈေး ( ၂၅ လမ်းနှင့် ၂၆ လမ်းကြား၊ ကမ်းနားလမ်း၊ ပိုက်ကျုံးနေရာ)တို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ အဓိကထားရောင်းချလျက်ရှိသည့် လက်လီ/ လက္ကားစျေးများဖြစ်ပါတယ်။ ဝေယံထွန်းစျေးမှာ ညဈေးဖြစ်ပြီး၊ အခြားဒေသထွက်ကုန်စိမ်းများဝင်ရောက်သော်လည်း  မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ   ထွက်ရှိသည့်ကုန်စိမ်းများ ပိုမိုဝင်ရောက်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သီရိမာလာစျေးမှာ   ရှမ်းပြည်နယ်နှင့်  မန္တလေးတိုင်းဒေသကြီးအတွင်းမြို့နယ်တို့မှ    ထွက်ရှိသည့် ကုန်စိမ်းများပိုမိုရောင်းချလျက်ရှိပြီး၊ ကုန်စိမ်းများ၊ပန်းများ၊ ငါး၊ပုဇွန်နှင့်ရေထွက် ပစ္စည်းများလက်လီ/ လက္ကားရောင်းချသည့် စျေးဖြစ်ပါတယ်။သီရိမာလာစျေးအတွင်းပန်းမျိုးစုံ၊ငါး၊ ပုဇွန်နှင့်ရေထွက်ပစ္စည်းများအပြင် ဝင်ရောက်မှုများပြားသည့် ကုန်စိမ်းများမှာ     ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ ဖြူ၊ ဂျင်း၊ နနွင်းတက်၊ မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီးတို့ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက်  နေ့စဉ် Center (၆ ဘီး)(၁၂ဘီး) ယာဉ် (၄၀)စီး နှင့် (၆၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။  သီရိမာလာဈေးအတွင်းဒီဇင်ဘာလ  ဒုတိယပတ်အတွင်းရောင်းချသည့် လက္ကားဈေးနှုန်းများအနေဖြင့်   သီးနှံတစ်ခုချင်းစျေးမှာ   မုန်လာ ပန်းစိမ်းနှင့် မုန်လာပန်းဖြူ ၁၀၀ဝိ/နှင့် ၁၅၀ဝိ/-၊ပန်းဂေါ်ဖီထုပ် ၁၀၀ဝိ/- နှင့်၁၅၀ဝိ/-၊မုန်လာဥတစ်စီး ၅၀ဝိ/-နှင့် ၇၀ဝိ/-၊ မုန်ရင်းစိမ်း ၆၀ဝိ/-နှင့် ၈၀ဝိ/- ၊   ဘူးသီး ၈၀ဝိ/-နှင့် ၁၀၀ဝိ/- ၊  ပြောင်းဖူး(ရှမ်း) ၆၀ဝိ/- နှင့်၇၀ဝိ/-၊ထိုင်ဝမ်ပြောင်း ၇၀ဝိ/-နှင့် ၈၀ဝိ/-၊တစ်ပိဿာ စျေးများမှာ  ရွှေပဲသီး  ၈၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-၊ ပဲသီးတောင့်ရှည်  ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊ခရမ်းချဉ်သီး  ၅၀၀ဝိ/-နှင့် ၆၀၀ဝိ/-၊ ငရုတ်သီး စိမ်း   ၁၀၀၀ဝိ/-နှင့် ၁၂၀၀ဝိ/-။   ခါကြက်ဥ ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/- ၊ အာလူး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကြက်သွန်နီ(သစ်) ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ကြက်သွန်ဖြူ(ရှမ်း)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/- ၊ကြက်သွန်ဖြူ (ကြူကုတ်) ၂၂၀၀ဝိ/- နှင့်၂၄၀၀ဝိ/-၊ ထောပတ်ပဲစိမ်းအစိုတစ်ပြည်စျေး  ၈၀၀ဝိ/-  နှင့် ၈၅၀ဝိ/-၊ ဘိုကိတ်ပဲအစို တစ်ပြည်ဈေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/- စျေးများဖြစ်ကြောင်း သိရှိရပါတယ်။ ဒီဇင်ဘာလ အတွင်းကုန်စိမ်းသီးနှံများမှာ လတ်ဆတ်မှု၊အထားခံမှုများရှိပြီး၊ ရောင်းစျေးအနေဖြင့် ယခင်ပထမ ပတ်စျေးနှုန်းအောက်အနည်းငယ်ကျဆင်းသွားသော်လည်း စျေးကွက်အတွင်း ဝင်ရောက်မှုများပြားသည့်အတွက် အဝင်လှိုင်သည့်ကုန်စိမ်းသီးနှံများ ဖြစ်ပါကြောင်း  သီးနှံပွဲရုံကုန်သည်တစ်ဦး၏ပြောပြ ချက်များအရ သိရှိရပါသည်။

DOCA(မန္တလေး)

သံပုရာပင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေများရရှိ

             နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်   (၁၀.၁၂.၂၀၂၄)ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ ပျဉ်းပင်ကန်ရပ်ကွက်ရှိ သံပုရာခြံပိုင်ရှင်နှင့်တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

              ထိုသို့မေးမြန်းရာတွင် သံပုရာပင်ကို မိုးဦးကျစ မေလကုန်ခါနီးတွင် စတင်စိုက်ပျိုးရပြီး  တစ်ပေပတ်လည်ကျင်းများတူးပြီး မြေဆွေးများထည့်၍  ကိုင်းကူးပင်များအားမှာယူကာ စိုက်ပျိုးကြောင်း သံပုရာပင်စတင်စိုက်ပျိုးချိန်တွင် တစ်ပင်ကုန်ကျစရိတ် အနေဖြင့်  (၅၀၀၀)ကျပ် ကုန်ကျပါကြောင်း  စိုက်ပျိုးပြီး တစ်နှစ်ခန့်အကြာတွင် စတင်အသီးများသီးပြီး  နွေရာသီတွင် အရွယ်အစားကိုလိုက်၍ သံပုရာသီတစ်လုံးလျှင် ကျပ်(၂၅၀)မှ (၃၅၀)နှုန်း ရောင်းချရပြီး မိုးရာသီတွင် အရွယ်အစားကိုလိုက်၍ သံပုရာသီတစ်လုံးလျှင် ကျပ်(၁၀၀)မှ (၁၅၀)နှုန်း ရောင်းချရကြောင်း သိရပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်၍ ဝင်ငွေလည်းရ၊ ဆေးဘက်ဝင်သည့် အပင်တစ်မျိုးဖြစ်သောကြောင့် လူတိုင်းစိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

ပြည်မြို့သင်္ဘောသီးမှည့်ဈေးကွက်

               ပြည်မြို့ဈေးကွက်အတွင်းသို့ ၂၀၂၄ခုနှစ် ဆောင်းရာသီ နိုဝင်ဘာလတွင် သင်္ဘောသီးအမှည့်များ ဝင်ရောက်လျက်ရှိပြီး သင်္ဘောသီးအစိမ်းများ ဈေးတက်လျက်ရှိကြောင်းသိရှိရသည်။ ယခုအချိန်သည် သင်္ဘောသီးများမှည့်ချိန်ဖြစ်၍ သင်္ဘောသီးအစိမ်းမှာ အသုပ်သမားများက ဝယ်ယူမှုရှိ၍ ဈေးမြင့်တက်လာပါသည်။ ပြည်ဈေးကွက်အတွင်းသို့ သင်္ဘောသီးများကို ရွှေဘုံသာရွာနှင့် ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှဝင်ရောက် လျက်ရှိပါသည်။ ဆောင်းရာသီတွင် သင်္ဘောသီးမှည့်များ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၀၀၀-၁၂၀၀ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သင်္ဘောသီးအစိမ်းဈေးများမှာ အကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)

ပြည်ကီလိုမာလကာသီး အရောင်းသွက်

               ပြည်မြို့နယ်အနီးတစ်ဝိုက်ရှိရွာများဖြစ်သော ပျဉ်းပင်ကိုင်းရွာ၊ အောင်မြေရွာ၊ မြေပဒေသာရွာများတွင် ကီလိုမာလကာသီးများ ခြံမြေရှိသလောက်စိုက်ပျိုးကြပြီး တစ်ဦးလျှင် (၂) ယောက်စိုက်၊ ၃ယောက်စိုက်၊ ၁ဧက၂ဧက စသဖြင့် စိုက်ပျိုးကြောင်း ပျဉ်းပင်ကိုင်းရွာရှိ တောင်သူ ဒေါ်တင်တင်ညို၏ ပြောကြားချက် အရသိရပါသည်။ ကီလိုမာလကာပင် ၁ဧကလျှင် နေ့စဉ်အလုံး ၁၀၀၀ခန့် ဆွတ်ခူးရ ကြောင်းလည်းသိရပြီး ပြည်ဈေးကွက်သို့ အလုံးအကြီး၊ အသေးအရော(၆၀၀-၇၀၀)ခန့် နေ့စဉ်အဝင်ရှိနေသည်။ ဈေးနှုန်းမှာ အလုံးချောတစ်လုံးလျှင် (၅၀၀-၆၀၀)ကျပ်နှုန်း၊ အလတ် (၃၅၀-၄၀၀)ကျပ်နှုန်း၊ အသေး (၂၀၀-၂၅၀)ကျပ်နှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိပြီး ဝင်ရောက်မှုရဲ့အားလုံးနီးပါးခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသဖြင့် အကျိုးအမြတ်အနေနှင့် နေ့စဉ် (၇၀၀၀-၈၀၀၀)ကျပ် ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မုန်လာဥဖြူအရောင်းသွက်

            ပြည်ဈေးကွက်အတွင်း ယခုဒီဇင်ဘာလပထမအပတ်တွင် ပြည်မုန်လာဥဖြူများ ဆောင်းရာသီသီးနှံအဖြစ် အဝယ်လိုက်သဖြင့် အရောင်းသွက်လျက်ရှိနေသည်။ ဈေးကွက်သို့ မှော်ဇာကျေးရွာဘက်မှ စိုက်ပျိုးထွက်ရှိသော မုန်လာဥဖြူများ အများဆုံးဝင်ရောက်လျက်ရှိပြီး တစ်တွဲလျှင် (၅)လုံးပါရှိကာ မုန်လာဥအကြီး အတွဲ(၁၅၀)တွဲနှင့် အသေးအတွဲ(၃၀၀)တွဲခန့် နေ့စဉ်အဝင်ရှိနေသည်။ မုန်လာဥဖြူမှာ ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် အဝင်ရှိသလောက်အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းမှာ မြင့်တက်လျက်ရှိ၍ အလုံးအကြီးအသေးပေါ်မူတည်၍ တစ်တွဲလျှင် (၆၀၀-၈၀၀-၁၂၀၀)ကျပ် စသဖြင့် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးနှုန်းမြင့်တက် ပြည်ဆင်ခရမ်းချဉ်သီးဈေးကွက်

              ပြည်ဈေးကွက်သို့ ယခုဒီဇင်ဘာလ ပထမအပတ်တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဒေသမှထွက်ရှိသော ဆင်ခရမ်းချဉ်သီးများ နှစ်ရက်လျှင် (၁)ကြိမ် ဝင်ရောက်လျက်ရှိနေပြီး (၁၀)ကြိမ်လျှင် ကြီး၊ လတ်၊ သေး အရော အလုံးရေ (၇၀၀-၆၀၀)ခန့် ဝင်ရောက်မှုရှိနေပါသည်။ ယခုဝင်ရောက်မှုမှာ ဥသျှစ်ပင်ဘက်မှသာအဝင်ရှိနေပြီး ယခင်နှစ်ကာလတူဝင်ရောက်မှုမှာ တောင်ကုတ်၊ ပေါက်ခေါင်းနှင့် ဥသျှစ်ပင်ဒေသတို့မှ အလုံးရေ (၁၅၀၀)ခန့် ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်လျော့နည်း ဝင်ရောက်ကြောင်းသိရှိရပါသည်။ ဝင်ရောက်မှုနည်းသဖြင့် ဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ယခင်နှစ်တွင် အလုံးအကြီးအသေးပေါ်မူတည်၍ ပျမ်းမျှကျပ်(၁၈၀-၂၀၀)ခန့်ရှိခဲ့ပြီး ယခုဒီဇင်ဘာလပထမအပတ်တွင် ကျပ်(၃၅၀-၄၀၀)နှုန်းဖြင့် အသီးသီးရောင်းလျက်ရှိကာ ဈေးကွက်အတွင်း ဝင်ရောက်မှု၏သုံးပုံနှစ်ပုံခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်၏အုန်းသီးဈေးကွက်

             ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အုန်းသီးများအရာင်းသွက်လျက်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် လာရောက်ရောင်းချသော အုန်းသီးများကို ပေါက်ခေါင်းမြို့နယ်ရှိ ရေဦးရွာမှထွက်ရှိသော အုန်းသီးများဖြစ်သလို အခြားခရိုင်ဖြစ်သော နတ်တလင်းခရိုင် ဆင်မြီးဆွဲ၊ သဲကုန်း မြို့နယ်များမှဝယ်ယူ၍ တစ်ဆင့်ပြန်လည် ရောင်းချကြောင်းသိရှိရပါသည်။ ယခုအချိန်ကာလသည် ဝါလကင်းလွတ်၍ ဘာသာရေးပွဲ၊ နတ်ပွဲနှင့် သာသနာရေးပွဲများပြုလုပ်ချိန်ဖြစ်၍ အုန်းသီးများအရောင်းသွက်သလို ဈေးကောင်းလည်းရရှိလျက်ရှိပါသည်။ ပေါက်ခေါင်းမြို့ရှိ ဈေးကွက်များတွင ရောင်းချသော အုန်းသီးဈေးနှုန်းများအနေဖြင့် လက်ကားဈေးနှုန်းမှာ အုန်းသီးအကြီး (အချော) တစ်လုံးလျှင် ၄၅၀၀ ကျပ်နှင့် အသေးတစ် လုံးလျှင် ၃၅၀၀ကျပ် ဖြစ်ပြီး လက်လီဈေးနှုန်းများမှာ အကြီး(အချော) တစ်လုံးလျှင် ၅၀၀၀ကျပ်နှင့် အသေးတစ်လုံး လျှင်၄၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ယခုအချိန်သည် အုန်းသီးအပင်ပိုင်ရှင်များနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများပါ တွက်ချေကိုက်လျက်ရှိကြောင်း အုန်းသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း