ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုင်းတုံမြို့ နာနတ်သီးဈေးကွက်

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဒေသထွက်ကုန် နာနတ်သီးများ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း နာနတ်သီး ရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရှိ ရပါသည်။

          ကျိုင်းတုံမြို့တွင် ဒေသထွက် နာနတ်သီးများသည် မေလမှ စတင်ကာ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရပြီး တစ်ရက်လျှင် နာနတ်သီးအလုံးရေ (၂၀၀၀) မှ (၃၀၀၀) ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျိုင်းတုံမြို့မဈေး၌ သစ်သီးရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရှိရ ပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ကျိုင်းတုံမြို့မဈေး၌ ရောင်းတန်းဝင် နာနတ်သီးတစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ လက်ကားဈေး (၃၀၀၀-၄၀၀၀) ကျပ်ခန့်၊ လက်လီဈေး (၄၀၀၀-၅၀၀၀) ကျပ်ခန့်ထိ ရောင်းချကြပါသည်။ ကျိုင်းတုံမြို့တွင် ထွက်ရှိသော နာနတ်သီးများသည် အရည်အသွေး ကောင်းမွန်ပြီး ဓာတုဆေးကင်းလွတ်၍ ကျန်းမာရေးနှင့် ညီညွတ်ခြင်းကြောင့် အရောင်းအဝယ် ကောင်းပြီး နှစ်ရှည်နာနတ်သီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် တောင်သူများ ဝင်ငွေရရှိနေကြောင်း သိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၇၇၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၅၂၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေ ဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၀၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၆၀၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          ကျိုင်းတုံမြို့တွင် ဇူလိုင်လ ဒုတိယအပတ် စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၃၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၇၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၄၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၈၀၀၀ ကျပ် ဈေးနှုန်းများ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

          ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဇူလိုင်လပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ငရုတ်သီးခြောက်(ရှည်)၊ ငရုတ်သီးခြောက်(ပွ)၊ ကုလားပဲ၊ အာလူး၊ ကြက် (မွေးမြူရေး) ကြက်(ဒေသ)၊ ဘဲဥ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နှင့် ပဲနီလေးတို့ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့  ငရုတ်သီးခြောက်(ရှည်)၊ ငရုတ်သီးခြောက်(ပွ)တို့ဈေးနှုန်းကျဆင်း ရခြင်းမှာ ရာသီပေါ်ထွက်ချိန်ဖြစ်သောကြောင့်လည်းကောင်း၊ ကုလားပဲ၊ ပဲနီလေး၊ အာလူး၊ ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီးတို့ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မှအဝင်များပြီး ဝယ်လိုအားနည်းသော ကြောင့်လည်းကောင်း၊ ကြက်(မွေးမြူရေး) ကြက်(ဒေသ)နှင့်ဘဲဥတို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ဝယ်လိုအားနည်းသောကြောင့် ဖြစ်ပါသည် ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာဈေးနှုန်း အနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၇၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၈၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၈၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ် တို့ဖြစ်ပါသည်။

     တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၃၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၀၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၀၀၀)ကျပ် တို့ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် ဇူလိုင်ပထမအပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေ(ကျား)ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပြီး ဓာတ်မြေဩဇာဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ တာချီလိတ်မြို့၏ ဘိလပ်မြေဈေးနှုန်းများမှာ ဘိလပ်မြေ(ကျား)ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

ကျိုင်းတုံမြို့မဈေးရှိ သစ်သီးဝလံဈေးကွက်

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးတစ်ကီလိုလျှင် (၆၀၀၀) ကျပ်၊ လိမ္မော်သီး တစ်ကီလိုလျှင် (၅၀၀၀) ကျပ်၊ သရက်သီး တစ်ကီလိုလျှင် (၅၀၀၀)ကျပ်၊ နဂါးမောက်သီး တစ်ကီလိုလျှင် (၄၀၀၀) ကျပ်၊ ကြက်မောက်သီး တစ်ကီလိုလျှင် (၇၀၀၀)ကျပ်၊ မင်းကွတ်သီးနှင့် မက်မန်သီး တစ်ကီလိုလျှင် (၆၀၀၀) ကျပ်၊ သစ်တော်သီး တစ်ကီလိုလျှင် (၁၀၀၀၀) ကျပ်၊ စပျစ်သီး တစ်ကီလိုလျှင် (၁၅၀၀၀) ကျပ်၊ နာနတ်သီးတစ်လုံးလျှင် အလုံးအကြီးအသေး ပေါ်မူတည်၍ (၃၀၀၀-၅၀၀၀) ကျပ်နှင့် ဒူးရင်းသီး တစ်ကီလိုလျှင် (၂၀၀၀၀) ကျပ် ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း ကျိုင်းတုံမြို့မဈေးရှိ သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

 

ဘားအံမြို့ ဒေသထွက် သကြားပြောင်းဖူးဈေးနှုန်း

       ၂၀၂၅ ခုနှစ်၊ မိုးရာသီ တတိယအပတ်တွင် ကရင်ပြည်နယ် ဒေသထွက် သကြားပြောင်းဖူးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် သကြားပြောင်းကို မိသားစု အပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်၍လည်းကောင်း ၊မီးဖုတ်၍လ်ညးကောင်း စားသုံးနိုင်သလို ကြက်ဥဖြစ်လည်း ကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။သကြားပြောင်းတွင် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် အရေ ပြား ဓာတ်တိုးပစ္စည်းပျက်စီးမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်သောကြောင့် ကျန်းမာရေး အတွက် ကောင်းကြိုးဖြစ်စေပါသည်။ သကြားပြောင်းဈေးနှုန်းမှာ တစ်ဖူး လျှင်(၅၀၀)ကျပ်၊ (၁၀)ဖူး လျှင် (၄၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

သရက်သီးမှ သရက်ပြင် (ခေါ်) သရက်ပြားအဖြစ် တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချ

           မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ရောင်းတမ်းဝင် အသီးများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်တွင် စိန်တစ်လုံးသရက်သီးမှ သရက်ပြင်(ခေါ်)သရက်ပြားအဖြစ် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်၍ ဒေသတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်းသိရသည်။

            ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် မြစ်သား၊ ပြည်၊ ပေါက်ခေါင်းမြို့ များသို့ အများဆုံးတင်ပို့ ရောင်းချကြောင်း၊ ဇူလိုင်လ ပထမပတ်အတွင်း သရက်ပြင်တစ်ပိဿာလျင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ နှစ်စဉ်ကုန်ချောသရက်ပြင် (၃၀၀မှ ၈၀၀) ပိဿာခန့်ထိ သက်ရက်သီးကုန်ကြမ်း ရရှိမှုပေါ်မူတည်၍ မိသားစုတစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်း ချလျက်ရှိပြီး ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း လုပ်ငန်းရှင်ဦးမျိုးနိုင်ထံမှ သိရှိရ သည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ မိသားစုဝင်ငွေရနေသည့် ကောက်ရိုးမှိုစိုက်ပျိုးရေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

           ကောက်ရိုးမှိုစိုက်ပျိုးခြင်းဟာ ပထမအဆင့် မှိုဘောင်ပြုလုပ်ရပါတယ်၊ ပြီးရင်တော့ ထုံးအ နည်းငယ်ဖြူးရပါမယ်၊ ထုံးဖြူးပြီး နွားချေးဖြူးရပါတယ်၊ နောက်နုတ်နုတ်စင်းထားတဲ့ ဗေဒါနဲ့ ရေစိမ်ထားတဲ့ ဂျပ်စက္ကူတွေကို ဘောင်ပေါ်မှာ ဖြူးပေးရပါတယ်၊ အဲဒီအပေါ်ကနေ ဖွဲနုနဲ့ မှိုမျိုးစေ့ ကိုရောပြီး ဖြူးပေးရပါတယ်၊ နောက်ပြီး နွားချေးနဲ့ ပြန်ဖုံးပေးပြီး ရေလောင်ပေးရပါတယ်။ မှိုဘောင်ကို ပေါင်းမိုးပြုလုပ်ပြီး လေလုံအောင် ပလပ်စတစ်အကြည်နဲ့(သို့မဟုတ်) ကောက်ရိုးနဲ့ ဖုံးအုပ်ပေးထားရပါတယ်၊ (၅)ရက်မြောက်တဲ့နေ့မှာတော့ မိနစ်(၂၀)ခန့်အထိကြာအောင် အမိုးကိုဖွင့် ပေးပြီး ပြန်ဖုံးအုပ်ပေးရပါတယ်၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက် ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါတယ်၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့်  အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း၊      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး တွင်  ကောက်ရိုးမှိုတစ်ပိဿာ လျှင်လက်လီဈေး(၁၅၀၀၀)ကျပ်၊ လက်ကားဈေး (၁၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ စိုက်ပျိုးသူ ဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စိန်တလုံးသရက်သီး အဝင်နည်း၍ အရောင်းသွက်

             မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသော သရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချိုစသည့် သရက်မျိုးများစိုက်ပျိုး ကြသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချနေ သော စိန်တလုံးသရက်သီးမှည့် အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေး(၁)လုံး လျှင်(၅၀၀)ကျပ်နှင့် (၅)လုံးလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုအခါ ဈေးကွက်အတွင်း စိန်တလုံး သရက်သီးများ အဝင်နည်းလာကြောင်း သစ်သီးဆိုင်များမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီ ဈေးနှုန်းအနည်းငယ်မြင့်တက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိပြီး မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက် ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၃၅၀၀)ကျပ်၊ အကြီး(၁) ထုပ်လျှင်(၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇူလိုင်လ ပထမပတ်အတွင်း ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၅၀၀မှ ၃၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊   ယခုပတ်အတွင်း ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားကျေးရွာများတွင် မိသားစု စားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများကို စိုက်ပျိုးကြကြောင်း သိရှိ ရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက်သွန်နီ အလုံးကြီး(၁)ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် အလုံးသေး(၁)ပိဿာလျှင် (၁၆၀၀)ကျပ်၊ မြစ်သားကြက် သွန်နီ(၁)ပိဿာလျှင် (၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်သွန်နီကို အစားသောက် ချက်ပြုတ်ရာတွင်လည်းကောင်း၊ အကြော်ဆိုင်များမှလည်းကောင်း၊ ဝယ်ယူအသုံးပြုကြကြောင်း ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း