ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းသွက်သည့်ရာသီစာပိန္နဲသီး

     မန္တလေးစျေးကွက်သို့  မိုးရာသီအတွင်း  ပြင်ဦးလွင်မြို့နယ်နှင့်  မတ္တရာမြို့နယ် တို့မှထွက်ရှိ သည့်ရာသီစာပိန္နဲသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊  အ‌ရောင်းသွက်လျက်ရှိကြောင်း သိရပါ သည်။  ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပိန္နဲသီး အကြွပ် သီး တစ်လုံး လျှင် ၁၀၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ ပိန္နဲသီးအချို  (အပျော့သီး) တစ်လုံးလျှင် ၈၀၀၀ ကျပ် နှင့် ၁၀၀၀၀ကျပ်စျေးတို့ဖြစ်ပေါ် လျက်ရှိပြီး၊အလုံးအရွယ်အစားပေါ် မူတည်၍ စျေးအနည်းငယ်ပြောင်း လဲမှုရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

သံပုရာသီးစျေးကျ

    မန္တလေးစျေးကွက်သို့  မိုးရာသီဖြစ်၍   မန္တလေးတိုင်း ဒေသကြီး ၊  စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှ သံပုရာသီးနှင့် သံပုယိုသီးများဝင်  ရောက်မှုများပြား လျက်ရှိကြောင်း သိရပါ သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ   သံပုရာသီး ၁၀ လုံး လျှင် ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ သံပုယိုသီး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြစ် ပေါ် လျက်ရှိပြီး၊အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိ ကြောင်း   သိရပါ သည်။  မိုးရာသီအချိန်ဖြစ်၍ သံပုရာသီးနှင့်သံပုယိုသီးမှာ  ဝင်ရောက်မှုများပြား သည့်အတွက် စျေး အနည်း ငယ်လျော့ကျသွားကြောင်း သိရပါသည်။ 

DOCA(မန္တလေး)

ဩဇာသီးမှည့်ဈေးကွက်

      ဩဇာသီးသည် အပေါ်ခွံမှာ အဖုအထစ်လေးတွေရှိပြီး အတွင်းမှာ ဖြူဖြူချိုချို အသားလေးနဲ့ အစေ့အနက်ရောင်လေးတွေနှင့် အရသာ အလွန်ကောင်းမွန်ပါသည်။ ဩဇာပင်သည် ဩဇာသီးဘဲ စားရခြင်းမဟုတ်ဘဲ အရွက်ရော အပင်အခေါက်ကပါ ဆေးဖက်ဝင်ပါသည်။ ဩဇာပင်သည် အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနို်ငငံက အပူပိုင်းဒေသများတွင် ပေါက်ရောက် ပါသည်။ဩဇာသီး၊ ဩဇာရွက်တို့မှာ အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါသည်။ ထိခိုက်ဒဏ်ရာ ရသောအခါ ဩဇာရွက်ကို ခြေပြီး အနာပေါ်ကို အုံတာ ဒါမှမဟုတ် ဩဇာသီးအနှစ်ကို အနာပေါ်ကို အုံပေးခြင်းဖြင့်  ပိုးတွေကို သေစေနိုင်ပြီး အနာကျက်စေဖို့ အကောင်းဆုံး ထောက်ကူ ပေးနိုင်ပါသည်။ ဩဇာသီး စားပေးတာက ဝက်ခြံတွေကို သက်သာစေနိုင်သလို ဩဇာပင်ရဲ့ အမြစ်ကတည်း ဝက်ခြံတွေ ထပ်မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရသည်။ဩဇာရွက်ကို ခြေ၍ ဩဇာရွက်သတ္ထုရေကို ဆားအနည်းငယ်နှင့် သောက်ပေးက မန်းကိုနိုင်စေသည်။ဩဇာပင်သည် နေရာဒေသမရွှေး ပေါက်ရောက်ဖြစ်ထွန်းသည်။ မိမိတို့၏ အိမ်ခြံဝင်းများတွင်လည်း မိသားစု စားသုံးနိုင်ရန်အတွက်လည်းစိုက်ပျိုးလေ့ရှိသည်။ ယခုအခါ မန္တလေးမြို့ဟောင်းဈေးကွက်အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ဝင်ရောင်လျှက်ရှိပြီး ဩဇာသီး တစ်လုံးလျှင် (၅၀၀-၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)

သစ်တော်သီးဈေးကွက်

     သစ်တော်သီ ကြွပ်ကြွပ်လေးကို ဆား၊ သကြား၊ ငရုတ်သီးမှုန့် တို့နှင့် ပါးပါးလေးနဲ့နယ် သံပုရာသီးလေး ညှစ်ပြီး စားပါက  အလွန်စားကောင်းပါသည်။ သစ်တော်သီးသည် အခွံညိုညိုလေးမှာ အညိုရင့်ရင့် အစက်လေးတွေ ပါနေပြီး အလယ်ချက်တိုင်လေးနှင့်  အတွင်းသားက ဖြူဖြူကြွပ်ကြွပ် ချိုချိုချဉ်ချဉ် အရသာရှိပါသည်။ သစ်တော်သီးတွင်  အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူတွေရဲ့ အာဟာရစုပ်ယူမှုကို ကောင်းမွန်စေသလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပါသည်။ ဝမ်းမှန်စေသလို လေပွတာ၊ အစာမကြေတာမျိုးမဖြစ်စေဖို့ကာကွယ်ပေးနိုင်ပါသည်။အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင် ပါသည်။သစ်တော်သီးတွင် ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါတာကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပါသည်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းအဆီတွေကို လျှော့ချပေးနိုင်မှုက နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးတိုးရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရသည်။အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး အဝမလွန်အောင် ကာကွယ်ပေးနိုင်သလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးပါသည်။ အူမကြီးက အဆိပ်အတောက်တွေ ကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။သစ်တော်သီးမှာ ပါဝင်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က အစာခြေ လုပ်ငန်းစဉ်ကို အချိန်ကြာကြာ လုပ်ဆောင်စေခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါသည်။ သစ်တော်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုသော်လည်း အများကြီး စားလျှင် လေချုပ်ခြင်း မျိုးဖြစ်စေနိုင်သောကြောင့် အလွန်အကျွံ မစားမိဖို့ လိုအပ်ကြောင်း ဆေးပညာ ဗဟုသုတမှ လေ့လာ သိရှိရပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ပေါ်ဦးပေါ်ဖျား သစ်တော်သီးများ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ ဝင်ရောက်လျှက်ရှိပါသည်။ စတင်ထွက်ပေါ်ချိန်ဖြစ်၍ သစ်တော်သီး အလုံးအကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် (၂၀၀၀-၃၀၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်း သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးမြို့ပေါ်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းဈေးကွက်အခြေအနေ

      ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် မကွေးမြို့၏ ဘိလပ်မြေဈေးကွက်မှာ အရောင်း အဝယ်ပုံမှန်ရှိနေပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ဇူလိုင်လ(ပထမပတ်) တွင် ကြံ့နှစ်ကောင်(နီ) အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၃၀၀၀)၊ အပါချီအမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၂၈၀၀)ရှိခဲ့ပြီး (ဒုတိယပတ်)တွင် ကြံ့နှစ်ကောင်(နီ)အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီ အမှတ်တံဆိပ် (၅၀)kg တစ်အိတ်လျှင် ကျပ် (၂၀၅၀၀)တို့ဖြစ်ကြောင်း သိရသည်။

     ဓါတ်မြေဩဇာဈေးနှုန်းအနေဖြင့် ဇူလိုင်လ(ဒုတိယပတ်)တွင် တက်တိုးမြေဩဇာ(ကွန်ပေါင်း) (၅၀)kg တစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ အာမိုအပြာ (15:15:15)  (၅၀)kg တစ်အိတ်လျှင် ကျပ် (၁၄၀၀၀၀)၊ အာမိုအနက် (16:16:8) ကွန်ပေါင်း (၅၀)kg တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ သီးစုံ (ဝါ၊စိမ်း၊ပြာ) ကွန်ပေါင်း (၅၀) kg တစ်အိတ်လျှင် ကျပ်(၉၆၀၀၀)၊ ပုလဲပန်းဖူး(ဖြူ) (၅၀)kg တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဇာမဏီ (ကွန်ပေါင်း) (၅၀)kg တစ်အိတ်လျှင် ကျပ်(၉၆၀၀၀)၊ ကောမတ် G 46% (ပုလဲ) (၅၀)kgတစ်အိတ်လျှင် ကျပ်(၉၈၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက် ရှိပါသည်။

    ဇူလိုင်လ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေနှင့် ဓါတ်မြေဩဇာဈေးနှုန်းမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းမှုရှိပြီး ဘိလပ်မြေမှာ ဒေသတွင်းဝင်ရောက်မှုနည်းသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ နံနံပင်ဈေးကျဆင်း

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ မြို့ပတ်ဝန်းကျင် ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ညောင်ပင်သာ၊ ရွာတော် စသည့်ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့မှ ဟင်းသီးဟင်းရွက်များ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် နံနံပင်(၁)ပိဿာလျှင် ကျပ်(၅၀၀၀-၅၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(ဒုတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀၀)ခန့်ကျဆင်းလာကြောင်း သိရသည်။ နံနံပင်ကို မြို့နယ်အတွင်းရှိကျေးရွာများတွင် အများဆုံးစိုက်ပျိုးသော်လည်း ယခင်လတွင် မိုးရွာသွန်းမှုများခြင်း၊ စိုက်ခင်းများအတွင်း မြစ်ရေဝင်ရောက်ခြင်းများရှိ၍ စိုက်ခင်း တချို့ပျက်စီးခဲ့ပြီး အခြားမြို့နယ်များမှ မှာယူရောင်းချရသောကြောင့် ယခင်လတွင် ဈေးနှုန်းမြင့် တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ပန်းတော်ပြင်၊ ဥယျာဉ်ကျေးရွာများ၌ လှိုင်လှိုင်ထွက်ရှိနေ သောကြောင့် ဈေးနှုန်းမှာပြန်လည်ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

ပဲတီပင်ပေါက် နှင့် ပဲတီပင်ပေါက်ချဉ် ဈေးနှုန်း

            ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် ပဲတီစိမ်းကို ပဲတီပင် ပေါက်ဖောက်၍  ရောင်းချလျက်ရှိပြီး ပဲတီပင်ပေါက်သည် အဟာရဓါတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာဖြင်သည်။  ပဲတီပင်ပေါက်သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ တာမင်စီ ပါဝင်သောကြောင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အမျှင်ဓါတ်နှင့်ပရိုတင်းဓါတ်ပါဝင်သောကြောင့် သွေးတွင်းသကြားဓါတ်ကိုတည်ငြိမ်စေပြီး ဆီးချိုရောဂါကို ကာကွယ်ပေး၍ ကယ်လိုရီနည်းပြီး အမျှင်ဓါတ် များသောကြောင့် ကိုယ်အလေးချိန်ကိုပါထိန်းညှိပေးပါသည်။

               ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် လက္ကား တစ်ပိဿာလျှင်(၄၇၀၀)ကျပ်၊ ပဲတီပင်ပေါက် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၁၀)ကျပ်သားခန့် တစ်ပုံ လျှင် (၅၀၀)ကျပ်နှင့် ပဲတီပင်ပေါက်ချဉ် လက္ကား တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ပဲတီပင်ပေါက်ချဉ် လက်လီ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချို ဈေးနှုန်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျှက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

          ပြောင်းချိုပင်များကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး ပြောင်းရိုးများကို နွားစာအဖြစ် အသုံးပြုကြကာ ပြောင်းချိုဖူးသည်လည်း ယခင်နှစ်များထက် ဈေးကောင်းရရှိသည့်အတွက် ဒေသခံ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၅၀၀/၆၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၃၅၀/၄၀၀)ကျပ်၊ ကျပ်(၁၀၀၀)ဖိုးလျှင်(၃)ဖူး နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၂၅၀)ကျပ်၊ ကျပ်(၁၀၀၀)ဖိုးလျှင်(၄)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 နာနတ်သီးနှင့် ဒညှင်းသီး ဈေးနှုန်း

             ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညှင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း နာနတ်သီးချင်းတူပေမဲ့ မဲဇာနာနတ်သီးသည် အရမ်းချိုသည့်အတွက် ဈေးပိုကောင်းပြီး ရောင်းပန်း လှကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နှင့် ဒညှင်းသီး သည်လည်း အဆိပ်သီးဆိုပေမဲ့ လူကြိုက် အရမ်းများပြီး ပုံစံမျိုးစုံဖြစ်သည့် ဒညှင်းသီးကို ပြုတ်ပြီး နှမ်းထောင်း ဆီ ဆားတို့ဖြင့်လည်းကောင်း၊ ဒညှင်းသီး ငပိချက်၊ ညှင်းသီးနှင့်ဝက်သားချက်၊ ဒညှင်းသီးဆားရည်စိမ်ပြီး ငပိရည်တို့စရာနှင့် ဒညှင်းသီးကို လဖက်ဖြင့် ရောသုပ်ခြင်း စသည့် ပုံစံများဖြင့် စားသုံးမှုများပြီး ရောင်းအားကောင်းလျက် ရှိကြောင်း သိရသည်။

               ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေ‌သော နာနတ်သီး ဈေးနှုန်း အနေဖြင့် မဲဇာ နာနတ်သီး အကြီး တစ်လုံးလျှင်(၃၅၀၀/၄၀၀၀)ကျပ်၊ မဲဇာ နာနတ်သီး အသေး တစ်လုံးလျှင် (၂၅၀၀)ကျပ် နှင့် မန္တလေး နာနတ်သီး အကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ မန္တလေး နာနတ်သီး အသေး တစ်လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် လည်းကောင်း ဒညှင်းသီး ဈေးနှုန်း အနေဖြင့် ဒညှင်းသီး အကြီး တစ်လုံးလျှင်(၂၅၀)ကျပ်၊ ဒညှင်းသီး အလတ် တစ်လုံးလျှင်(၂၀၀)ကျပ် နှင့် ဒညှင်းသီး အသေး တစ်လုံး လျှင်(၁၅၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဒညှင်းသီးဈေး အနည်းငယ် ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့တွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ထန်းဖိုထန်းလျက်အစစ် နှင့် ရိုးရိုးထန်းလျှက် ဈေးနှုန်း

                ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် သကြားခွေများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

              ထန်းဖိုထန်းလျက်အစစ်သည် မြန်မာရိုးရာ အစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။                   ထန်းလျက်ကို မြန်မာတွေက ထမင်းစာပြီးလျှင် အချိုတည်းစရာအဖြစ် စားတတ်ကြပြီး အစာကြေလွယ်ပြီး ရင်အေစေ/ရင်ချောင်စေတယ် ဆိုသည့် ရည်ရွယ်ချက်ဖြင့် စားသုံကြပြီး ထန်းလျက်ကိုစားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ ထန်းလျက်စားသုံးခြင်းဖြင့် သွေးသားကိုသန်းစင်စေနိုင်ခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အမျိုးသမီးများ ဓမ္မတာချုပ်ခြင်းကို ကောင်းမွန်စေခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်လွယ်ပြီး ဖြစ်တတ်သော သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိစေပါသည်။

              ၂၀၂ ခုနှစ်၊ ဇူလိုင်လ ပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ် နေ‌သော ထန်ဖို ထန်းလျက် အစစ် လက္ကားဈေး (၁)ပိဿာလျှင်(၉၀၀၀)ကျပ်၊ ထန်းဖို ထန်းလျက် အစစ် လက်လီဈေး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ထန်းဖိုထန်းလျက် အစစ် (၅၀)ကျပ်သားလျှင် (၅၀၀၀) ကျပ် နှင့် ထန်းဖို ထန်းလျက်အစစ်(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ရိုးရိုးထန်းလျက် လက္ကားဈေး တစ်ပိဿာ လျှင်(၇၈၀၀)ကျပ်၊ ရိုးရိုးထန်းလျက် လက်လီဈေး(၁)ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း