ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အရောင်းသွက်သင်ဖြူးဖျာ

အိမ်များတွင် ကုတင်များပေါ်၌ ခင်းပြီးအိပ်စက်ရန်အတွက် ဖျာအမျိုးမျိုး ရောင်းချလျက်ရှိ ကြပါသည်။ ယခုအခါတွင် ဈေးကွက်၌ ပလပ်စတစ်ဖျာ၊ ဝါးဖျာနှင့် သင်ဖြူးဖျာဟူ၍ အမျိုးမျိုးရှိကြ သော်လည်း ရာသီကိုလိုက်၍ အပူအအေး ချိန်ညှိပေးနိုင်သည့် သင်ဖြူးဖျာများမှာ ဈေးကွက်တွင် လူကြိုက်များလျှက်ရှိပါသည်။ သင်ဖြူးဖျာများကို တံတားဦးမြို့နယ်ရှိရွာများဖြစ်သော ငါးရာပြား၊ ကျီးပင်၊ လက်ဆောင်ယူ ရွာများတွင် ကိုယ်တိုင်ရက်လုပ်ကြကြောင်း သိရှိရပြီး ကုန်ကြမ်းဖြစ်သည့် သင်လျှော်များကို ဧရာဝတီ တိုင်းဒေသကြီး၊ ပန်းတနော်ဒေသမှ အဓိကစုဆောင်းရရှိကြောင်းလည်း သိရှိရပါသည်။ သင်ဖြူးဖျာများရောင်းချရာတွင် (၇‘×၆‘)ဆိုဒ် သင်ဖြူးဖျာ (၁)ချပ်လျှင် (၇၀,၀၀ဝိ/-)ကျပ်၊ (၆‘×၅‘) ဆိုဒ်သင်ဖြူးဖျာ (၁)ချပ်လျှင် (၅၂,၀၀ဝိ/-)ကျပ်၊ (၆ ၁/၂ ×၅ ၁/၂) ဆိုဒ် သင်ဖြူးဖျာ (၁) ချပ်လျှင် (၆၂,၀၀ဝိ/-)ကျပ် နှင့် (၆‘×၃‘) ဆိုဒ် သင်ဖြူးဖျာတစ်ချပ်လျှင် (၂၅,၀၀ဝိ/-)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ သင်ဖြူးဖျာများကို မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချကြောင်းသိရှိရပြီး ကုန်ကြမ်း ဝယ်ယူရသည့် ဈေးအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်းသိရှိရပါသည်။ DOCA(မန္တလေး)

“ထန်းလျှော်တောင်းရက်လုပ်ခြင်းဖြင့်အပိုဝင်ငွေရရှိ”

ကျောက်ဆည်ခရိုင်သည် မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်သည့် အားလျော်စွာ ထန်းပင် ထန်းတောပေါများသည့် ဒေသဖြစ်သည့်အလျောက် တောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်သည့်အပြင် အပိုဝင်ငွေရရှိရန် မိရိုးဖလာ လက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်ကို သိရှိရပါသည်။ ထန်းပင်မှရရှိသော ထန်းလျှော်ကို အသုံးပြု၍ ထန်းလျှော်တောင်းရက်လုပ်ခြင်းဖြင့် အပိုဝင်ငွေရရှိရန် ရက်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပထမဦးစွာ ထန်းလျှော်များကို တစ်ညသိပ် ရေစိမ်ပြီး အချောသပ်ရကြောင်း၊ အချောသပ်ပြီး လျှော်များကို ထန်းလျှော်တောင်း စတင်ရက်လုပ်ရကြောင်း၊ ထန်းလျှော် တောင်း ရက်လုပ်ရန်အတွက် ထန်းလျှော်များအား ဝယ်ယူရကြောင်း၊ ထန်းလျှော်တောင်း (၁)လုံးစာအတွက်(၅၀၀၀/-)ကျပ်ပေးရကြောင်း၊ ရက်လုပ်ပြီး ထန်းလျှော် တောင်းများအား မြို့ပေါ်ရှိ နှီးကုန်သည်နှင့် လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များအား သွင်းရကြောင်း၊ ရက်လုပ်သူတစ်ဦးလျှင် တစ်ရက်လျှင် လေးလုံးမှ ငါးလုံးအထိ ရက်လုပ် နိုင်ကြောင်း၊ ထန်းလျှော်တောင်းတစ်လုံးလျှင်(၈၀၀၀/-) ကျပ်ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ တစ်လုံး လျှင်အမြတ်ငွေ(၃၀၀၀/-)ကျပ်ဝန်းကျင် ရရှိပြီး တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၁၅၀၀၀/-) ကျပ်ဝန်းကျင် အပိုဝင်ငွေရရှိပြီး ထန်းလျှော်တောင်း ရက်လုပ်သူများအနေဖြင့် တောင်သူ လုပ်ငန်းအပြင် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချ”

ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ရောင်းချပေးခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ(၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အခြေခံစား သောက်ကုန်များဖြစ်သော ဝက်သားတစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ်၊ အမဲသား တစ်ပိဿာ လျှင်(၂၅၀၀၀/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားသုံးဆီတစ်ပိဿာလျှင် (၇၂၀၀/-) ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ပြီး ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ DOCA(မန္တလေး)

“ငရုတ်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခု ဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဈေးကွက် ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်းစီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၂၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၃၄)ဧက၊ မြစ်သားမြို့နယ်တွင်(၂၆၀၁)ဧက စုစုပေါင်း(၃၉၆၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ သာမို၊ ဒီမွန်နှင့် (၆၉၂)မျိုးများဖြစ်ပြီး အထွက်နှုန်းကောင်းသော (၆၉၂)မျိုးများကို ပိုမိုစိုက်ပျိုး ကြကြောင်း၊ ငရုတ်ကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် ငရုတ်များဖြိုင်ဖြိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်း အားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ငရုတ်သီးအခြောက်ပိဿာ(၄၀၀-၄၅၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ငရုတ်သီးအခြောက်အညှာပါတစ်ပိဿာလျှင်(၉၀၀၀/- )ကျပ်၊ ငရုတ်သီးအခြောက် အညှာခြွေတစ်ပိဿာလျှင်( ၁၁၀၀၀/- )ကျပ်၊ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့်(၂၉၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ဈေးကွက်အနေဖြင့် ငရုတ်ပွဲစား များမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူသူများရှိသလို တောင်သူများ ကိုယ်တိုင်ပွဲရုံများ သို့လည်း တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချကြကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်၏ ပဲစဉ်းငုံစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်သော ဒေသ တစ်ခုဖြစ်သည့်အလျောက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်း သီးနှံများအနက် ပဲစဉ်းငုံသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ကျောက်ဆည်မြို့နယ်တွင် (၂၄၇) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရသိရှိရသည်။ ပဲစဉ်းငုံ သီးနှံကို မေလနှင့် ဇွန်လတွင်စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့်မတ်လတွင် စတင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ ပဲစဉ်းငုံစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်း အားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင် တဘက်လှဲမျိုး၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တောင်သူများသည် ပဲစဉ်းငုံမျိုးကို မိမိစိုက်ခင်းမှ မျိုးချန်ပြီး စိုက်ပျိုးမှုရှိသလို စိုက်ပျိုးချိန်ရောက်မှ ပွဲရုံများမှ ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ပဲစဉ်းငုံဈေးအနေဖြင့် (၁)တင်းလျှင်(၁၀၈၀၀၀/-)ကျပ် ဈေးနှုန်းရှိခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၇၈၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ခဲ့ကြောင်း ယခုအချိန်တွင် ပဲစဉ်းငုံများထွက်ရှိခြင်း မရှိသေးသော်လည်း ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် (၈၈၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း တောင်သူများမှ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက်ရောင်းချကြ ကြောင်း ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပဲစဉ်းငုံ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင် မည်ဖြစ်ကြောင်း ပဲစဉ်းငုံစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ DOCA(မန္တလေး)

“ပန်းထိမ်ငိုပန်းစိုက်ပျိုးခြင်းနှင့်ဈေးနှုန်းဈေးကွက်”

ပန်းထိမ်ငိုပန်းများကို ယခင်ကပြင်ဦးလွင်၊ ရွာငံဒေသစသည့် တောင်ပေါ်ဒေသ များတွင် အများဆုံး စိုက်ပျိုးကြသော်လည်း ယခုအခါတွင် ကျောက်ဆည်မြို့နယ်၌ တစ်နိုင် တစ်ပိုင်စမ်းသပ် စိုက်ပျိုးလာကြပါသည်။ ပန်းထိမ်ငိုပန်းများကို စိုက်ဘောင်စနစ်ဖြင့် နွားချေး၊ မြေဩဇာ များထည့်ပြီး ရေမှန်မှန် သွင်းပေးခြင်းဖြင့် စတင်စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုး ရာတွင် အပင်ကို ကိုင်းထိုး စိုက်ပျိုးခြင်း နှင့် အမြစ်ရှိမျိုးဥများမှ စိုက်ပျိုးခြင်း နှစ်မျိုးဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် (၃)ပေ အကျယ် ဘောင်ရှည်တွင် ပင်ကြား၊ တန်းကြား (၁၀)လက်မအကွာစိုက်ပျိုးနိုင်ကြောင်း၊ မျိုးဥ တစ်ပိဿာတွင် အညှောင့်ထွက်ပြီးအပင် (၁၀၀)ကျော်ရရှိပြီး စိုက်ဘောင် တစ်ဘောင်လျှင် အပင်(၅၃၀) ခန့်စိုက်ပျိုးနိုင်‌ကြောင်း၊ ပန်းမျိုးဥများကိုပြင်ဦးလွင်မြို့မှ ဝယ်ယူရရှိပြီး မျိုးဥတစ်ပိဿာလျှင် (၃၀၀၀၀)ကျပ် နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ဖေဖေါ်ဝါရီလမှ ဧပြီလအထိ စတင်စိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၄၅-၅၀) အကြာတွင် ပန်းများကို စတင်ခူးဆွတ် ရကြောင်း၊ ယခုအချိန်တွင် ကျောက်ဆည်ဒေသ၌ ၎င်းပန်းထိမ်ငိုပန်းများ စတင်ထွက်ရှိ နေပြီဖြစ်ကြောင်း၊ ပန်းခက်များအား စတင်ပွင့်သည်မှစ (၁၂) ပတ်အထိ ဖြတ်ခူးနိုင်ပြီး (၁၀)ခက်ပါ တစ်စည်းလျှင် (၂၅၀၀) ကျပ်နှုန်းရရှိကြောင်း၊ ပန်းပွင့်၏ အရောင်များမှာလည်း အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်ဟူ၍ ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဈေးများအတွင်း ပန်းဆိုင်များနှင့် ကျေးရွာများအတွင်း လှည့်လည်ရောင်းချသည့် ပန်းသည် များမှလာရောက် ဝယ်ယူကြကြောင်း၊ တစ်ကြိမ် ရင်းနှီးစိုက်ပျိုးရပြီး နောက်(၂)နှစ်တွင် ထပ်မံစိုက်ပျိုး၍ ရသဖြင့် စိုက်စရိတ် သက်သာစွာဖြင့် စိုက်ဘောင်များကို ဆက်လက်ထားရှိ စိုက်ပျိုးနိုင်သဖြင့် တွက်ချေကိုက်စိုက်ပျိုးသင့်သော ပန်းမျိုးဖြစ်ကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

“နဂါးမောက်သီးဈေးနှုန်းနှင့်ဈေးကွက်”

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် အေးမြသော တောင်ပေါ်မြို့လေးဖြစ်ပြီး မြေဆီ မြေလွှာကောင်းမွန်သောကြောင့် နှစ်ရှည်သီးနှံများ၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းပြီး၊ မိသားစု ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိပါသည်။ နဂါးမောက်ပင်ကိုလည်း တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။ နဂါးမောက်ပင်ကို တိုင်စနစ်၊ တန်းစနစ်၊ စင်စနစ်ဖြင့် စိုက်ပျိုးပါသည်။ နဂါးမောက်ပင်ကို တစ်ခါဝယ်ယူပြီး မိမိအပင်မှမျိုးကို အလွယ်တကူဖြတ်၍ စိုက်ပျိုးနိုင်သောကြောင့် ကုန်ကျစရိတ်သက်သာသည့် အပင်မျိုးဖြစ်ပါသည်။ နဂါးမောက်ပင် တစ်နှစ်သား အရွယ်ရောက်လျှင် အဖူးအပွင့်များထွက်လာပြီး သီးကင်းစပြုလာပါသည်။ ဧပြီနှင့်ဇူလိုင်လများတွင် ပွင့်ဖူးလေးရှိပြီး၊ ပန်းပွင့်ပြီး (၇-၈)ပတ် အကြာတွင် အသီးများခူးဆွတ်နိုင်ပါသည်။ နေရာဒေသနှင့် ရာသီဥတုပေါ် မူတည်၍ အသီးထွက်ချိန်ကွာခြားတတ်ပါသည်။ နဂါးမောက်သီးတွင် ဗီတာမင်စီအမျှဉ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကင်ဆာ၊ နှလုံး၊ ဆီးချို၊ သွေးတိုး၊ ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို ပျောက်ကင်း စေပါသည်။ နဂါးမောက်သီးမှာ ဆေးဖက်ဝင်အပင်အဖြစ် နာမည်ကြီးလှပါသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ နဂါးမောက်သီးသည် အတွင်းသား အဖြူနှင့် အနီဟူ၍ နှစ်မျိုးရှိပြီး အတွင်းသား အနီကိုပို၍နှစ်သက်စွာ ဝယ်ယူကြောင်းသိရှိရပါသည်။ နဂါးမောက် သီးကို ဝိုင်အဖြစ်ထုတ်လုပ်လျက်ရှိပါသည်။ နဂါးမောက်သီး အကြီးတစ်လုံးလျှင် (၁၀၀၀/-)ကျပ်၊ အလတ် တစ်လုံးလျှင် (၇၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုထွက်ရှိသော နဂါးမောက် သီးများကို မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း နဂါးမောက် စိုက်ပျိုးရောင်းချသူများထံမှ သိရှိရပါသည်။ ဆေးဖက်ဝင်ပြီး ကုန်ကျစရိတ် သက်သာသော အလွယ် တကူစိုက်ပျိုး ဝင်ငွေရရှိနိုင်သည့် နဂါးမောက်ပင်အား စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါ သည်။ DOCA(မန္တလေး)

“မြစ်သားမြို့နယ်တွင်ဖူးစားပြောင်းများစိုက်ပျိုး”

ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် ဖူးစားပြောင်းများ စိုက်ပျိုးလျှက်ရှိကြောင်း၊ မြို့နယ် အတွင်းဇူလိုင်လဆန်းအထိ ဖူးစားပြောင်းစိုက်ဧက(၂၆၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင် ရာဌာန၏စာရင်းများအရသိရှိရပါသည်။ ဖူးစားပြောင်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဝယ်လိုအားရှိပြီး လူကြိုက်များသော သိကြားပြောင်း မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ (၁)ဧက မျိုး အသုံးပြုမှုအနေဖြင့်(၈)ပြည်ကုန်ကျကြောင်း၊ ပြောင်းဖူးမျိုးစေ့(၁)ပြည်လျှင်(၅၀၀၀-၅၅၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုရကြောင်း ဖူးစားပြောင်းစိုက်ပျိုးမှုအနေဖြင့် ထွန်ကြောင်းဆွဲ အစေ့ချ အတန်းလိုက် စိုက်ပျိုးကြ ကြောင်း ၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ပေါက်မြိုင်၊ အင်းရင်း၊ သိုတန် နှင့် မှိုင်းဟင် ရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ ယခင်နှစ်(၁)ဧက အထွက် နှုန်းအနေဖြင့် အဖူးပေါင်း(၄၀၀၀-၄၅၀၀)ခန့်ထွက်ရှိကြောင်း၊ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကားစျေး(၃၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၈၅၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ယခုလက်ရှိ ပြောင်းဖူးပေါက်စျေးအနေဖြင့် လက်ကားတစ်ဖူးလျှင်(၃၅၀/-) ကျပ်၊လက်လီတစ်ဖူးလျှင်(၅၀၀-၆၀၀)ကျပ်၊ပြောင်းဖူးပြုတ်တစ်ဖူးလျှင်(၇၀၀-၈၀၀)ကျပ်စျေးများဖြင့် ရောင်းဝယ်လျှက်ရှိပြီး ပြောင်းဖူးပေါ်ချိန်တွင် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူ ကြကြောင်း၊ပွဲစာများမှတဆင့် ရန်ကုန်၊မန္တ‌လေးမြို့ရှိ ကုန်စိမ်းသီးနှံပွဲရုံမျာသို့ တဆင့်ပြန်လည် ရောင်းချကြကြောင်း၊ပြောင်းဖူးပေါ်ချိန်တွင်လည်း စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်ပိုမို ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ပြောင်းဖူးစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အသိရှိရပါသည်။ DOCA(မန္တလေး)

“နွေနှမ်းများဖြိုင်ဖြိုင်ရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်”

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆီထွက်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်း လျှက်ရှိရာ ၄င်းသီးနှံများအနက် နွေနှမ်းသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်၌ (၄၄၂၀၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၃၄၄၄)ဧက၊ မြစ်သားမြို့နယ်တွင် (၂၉၂၀၈)ဧက စုစုပေါင်း (၉၆၈၅၈)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာ၏ စာရင်းများအရသိရှိရပါသည်။ နွေနှမ်း(၁)ဧက စိုက်ပျိုးလျှင် မျိုးအနေဖြင့် (၃)ပြည်ခန့် ကုန်ကျကြောင်း ၊ နှမ်းမျိုး(၁)ပြည်လျှင် (၈၀၀၀/-)ကျပ် စျေးနှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရ ကြောင်း၊ နွေနှမ်းစိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊နှမ်းညိုမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် နွေနှမ်းများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျှက်ရှိရာ အထွက်နှုန်း အနေဖြင့် ယခင်နှစ်တွင် ရာသီဥတု ကောင်းမွန်သည့် အတွက်ကြောင့် တစ်ဧကလျှင် နှမ်းညို(၂၀-၂၅) တင်းနှင့် နှမ်းဖြူ (၁၅-၂၀) တင်းထွက်ရှိကြောင်း ၊ ယခုနှစ်တွင် နှမ်းသီးနှံများ စတင်ထွက်ရှိသည့် အချိန်တွင် မိုးများရွာသွန်းသည့်အတွက်ကြောင့် အထွက်နှုန်းများလျော့နည်းခဲ့ရာ နှမ်းညို တစ်ဧက လျှင် (၁၅)တင်းခန့်နှင့် နှမ်းဖြူ (၁၃)တင်းခန့် ထွက်ရှိပါသည်။ ယခင်နှစ် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူ တစ်တင်းလျှင်(၁၄၀၀၀၀/-)ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၁၀၀၀၀၀/-) ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး၊ ယခုနှစ်တွင် နှမ်းဖြူတစ်တင်းလျှင် ပေါ်ကာစတွင် (၁၃၀၀၀၀/-)ကျပ်ရှိပြီး ယခု အချိန်တွင် (၁၂၆၀၀၀/-)ခန့် ကျဆင်းလာကြောင်း၊ နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀၀/-)ကျပ် ၊ စျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရ ပါသည်။ စျေးကွက်အနေဖြင့် တောင်သူ များမှ မြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက် ရောင်းချကြပြီး ၎င်းပွဲရုံများမှတစ်ဆင့် ဈေးကွက်ရှိရာ မန္တလေး၊ ရန်ကုန်မြို့များသို့တင်ပို့ရောင်းချကြကြောင်း သိရှိရ ပါသည်။ နှမ်းဆီစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် (၁၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် လျှက်ရှိပြီး နှမ်းဖတ်(၁)ပိဿာလျှင် (၃၈၀၀/_)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

“မိုးမြေပဲစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်”

ကျောက်ဆည်ခရိုင်အတွင်း မိုးမြေပဲများစိုက်ပျိုးလျှက်ရှိပြီး တောင်သူဦးကြီးများမှ ပြည်တွင်း စားသုံဆီဖူလုံရန်အလို့ငှာ မိုးမြေပဲ၊ဆောင်းမြေပဲများကို ရာသီအလိုက်စိုက်ပျိုးလျှက်ရှိရာ ခရိုင်အတွင်း ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ဇူလိုင်လအထိ မြေပဲစိုက်ဧက (၃၅၈)ဧက စိုက်ပျိုပြီးစီးပြီးဖြစ်ကြောင်း၊ အများဆုံးစို က်ပျိုးသော မြို့နယ်မှာ မြစ်သားမြို့နယ်ဖြစ်ပြီး မိုးမြေပဲ(၃၀၂)ဧက စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်းသက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြေပဲစိုက်ပျိုးမှုတွင် ဘောင်ကြောင်းပေး စနစ်ဖြင့်အတန်းလိုက် အစေ့ချစနစ်ဖြင့်စိုက်ပျိုးကြကြောင်း၊မျိုးအနေဖြင့် ပင်ထောင်ပဲနှင့်ပင်ပြန့်ပဲ နှစ်မျိုးရှိပြီး မြို့နယ်အတွင်း အများဆုံးစိုက်ပျိုးသောမျိုးမှာ ပင်ပြန့်မျိုးများဖြစ်ပြီး(၁)ဧက မျိုးအနေ ဖြင့် မြေပဲအဆံ စိုက်ပျိုးပါက(၂၄)ပြည်စိုက်ပျိုးရပြီး မြေပဲအတောင့်စိုက်ပျိုးပါက(၄)တင်းခန့်စိုက်ပျိုးရ ကြောင်း၊စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ အများဆုံးစိုက်ပျိုးသော ရွာများမှာ ရစ်ကန် ၊ ကျားတွင်းနှင့် ညောင်ဝန်းရွာများဖြစ်ပြီး ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်း(၃၀-၄၀)ထွက်ရှိခဲ့ ကြောင်း၊ မြေပဲတစ်တင်းလျှင်(၄၅၀၀၀/-)ကျပ်၊ မြေပဲဆံ(၁)ပိဿာလျှင်(၁၂၀၀၀/-)ကျပ်၊ မြေပဲဆီ (၁)ပိဿာလျှင် (၁၈၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၇၅၀၀၀၀/-)ကျပ် ခန့် မြတ်ခဲ့ကြောင်း၊ယခုလက်ရှိ မြေပဲပေါက်စျေးအနေဖြင့် မြေပဲတောင့်တစ်တင်းလျှင်( ၃၈၀၀၀-၄၀၀၀၀)ကျပ်၊ မြေပံဆံ (၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ်၊ မြေပဲဆီ(၁)ပိဿာလျှင်(၁၉၀၀၀/-) ကျပ် ဖြင့် ရောင်းဝယ်လျှက်ရှိ‌ကြောင်း၊ မြေပဲပေါ်ချိန်တွင် တောင်သူများမှ နီးစပ်ရာပွဲရုံများသို့ တိုက်ရိုက် တင်ပို့ ရောင်းချ ကြကြောင်း ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များတင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း