ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မိုးစပါးများစိုက်ပျိုးပြီးစီးမှုအခြေအနေ”

ကျောက်ဆည်ခရိုင်အတွင်းတွင် မိုးစပါးများကို ဇွန်လမှစတင်၍ စိုက်ပျိုးလျှက်ရှိရာ ယခု ဇူလိုင်လဆန်းတွင် ကျောက်ဆည်မြို့နယ်၌(၃၆၈)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏စာရင်းများအရ သိရှိရပါသည်။ မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ပျိုးထောင် စနစ်၊ ပတ်ကြဲစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် ဧရာပဒေသာမျိုးများကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုမှာ ကောက်စိုက်စနစ်၊ စက်စိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အများဆုံး စိုက်ပျိုးသောရွာ များမှာ ငါးမြွေကုန်းရွာ၊ လေးဆယ်ကုန်း၊ ဆူးလေကုန်းရွာနှင့် အင်တိုင်းရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၈၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၈၀-၈၅) တင်းခန့်ထွက်ရှိကြောင်း ၊ စပါးစျေးနှုန်းအနေဖြင့် ဧရာပဒေသာ (ဟောင်း) တင်း (၁၀၀)လျှင် (၂၈၀၀၀၀၀/-)ကျပ်၊ မနောသုခတင်း(ဟောင်း) (၁၀၀) လျှင် (၂၁၀၀၀၀၀/-)ကျပ်ဖြစ်ပြီး ဆန်စျေး နှုန်းအနေဖြင့် ဧရာပဒေသာဆန်(ဟောင်း) တစ်အိတ်လျှင် (၁၂၀၀၀၀/-)၊ မနောသုခ(ဟောင်း) ဆန်တစ်အိတ်လျှင်(၇၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် ခဲ့ပြီး စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၁၄၀၀၀၀၀/-) ကျပ်ခန့်မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိ နွေစပါးအသစ် မနောသုခတင်း(၁၀၀)လျှင် (၁၇၀၀၀၀၀/-)ကျပ် မနောသုခ(သစ်) ဆန်တစ်အိတ်လျှင်(၆၀၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိ ကြောင်း ၊ စျေးကွက် အနေဖြင့် မိုးစပါးထွက်ပေါ်ချိန်တွင် တောင်သူများ ထံသို့ ပွဲစားများမှ တိုက်ရိုက် လာရောက်ဝယ်ယူကြကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များမှလည်း ကြိတ်ခွဲ ရောင်းချရန်အတွက် လာရောက်ဝယ်ယူကြကြောင်း၊ စပါးအထွက်နှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါ သည်။ DOCA(မန္တလေး)

“မြစ်သားမြို့နယ်၏နှံစားပြောင်းသီးနှံစိုက်ပျိုးမှုအခြေအနေ”

ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး ကျွဲ၊နွားစာပါဖူလုံသော နှံစားပြောင်းသီးနှံကို လည်းစိုက်ပျိုလျှက်ရှိပါသည်။ မြစ်သားမြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းမှစတင်၍ နှံစားပြောင်းသီးနှံ စိုက်ဧက(၄၄၄)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြို့နယ်အတွင်း အများဆုံးစိုက်ပျိုးသောရွာများမှာ ကြောင်ပန်းကုန်းရွာ၊ မကျည်းကန်ရွာ၊ ရိုးကန်ရွာ နှင့် ရစ်ကန်ရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် တိုးနီမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄)ပြည်စိုက်ပျိုးရပြီး၊ (၁)ပြည်လျှင်(၂၀၀၀/-) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထယ်စနစ်ဖြင့် စိုက်ကြောင်းဆွဲ အစေ့ချ၊ အတန်း လိုက်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ ဇူလိုင်လဆန်းတွင် စတင် စိုက်ပျိုးပြီး နိုဝင်ဘာလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၂၅-၃၀) တင်းခန့် ထွက်ရှိကြောင်း၊နှံ စားပြောင်း တစ်တင်းစျေးနှုန်းအနေဖြင့်(၃၀၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်ခဲ့သော ကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၄၅၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ယခုလက်ရှိ နှံစားပြောင်း စျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၃၀၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိပြီး ထွက်ပေါ်ချိန်တွင် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချကြပြီး ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့ များသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း၊နှံ စားပြောင်း စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးရုံသာမက ကျွဲ၊ နွားစာပါ ဖူလုံသောကြောင့် တောင်သူများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ DOCA(မန္တလေး)

“တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုး မိသားစုဝင်ငွေတိုး”

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်း၌ရှိသော တောင်သူများသည် စပါးနှင် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြသော်လည်း ဝယ်လိုအားရှိပြီး နေ့စဉ်ဝင်ငွေရရှိရေး အတွက် သီးပင်စားပင်များကိုလည်း စိုက်ပျိုးရောင်းချလျက်ရှိရာ ငါးရာပြားကျေးရွာတွင် တိုင်ထောင် ပဲထောင့်ရှည် စိုက်ပျိုးရောင်းချသူများမှာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရှိ ရပါသည်။ ပဲထောင့်ရှည်စိုက်ပျိုးမှုအနေဖြင့် တိုင်ထောင်ဝါး၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲထောင့်ရှည် မျိုးအနေဖြင့် အစိမ်းရောင်မျိုး၊ ကတီပါရောင်ဟူ၍ နှစ်မျိုးရှိရာ အများဆုံးစိုက်ပျိုးသောမျိုးမှာ အစိမ်းရောင်မျိုးကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ တိုင်ထောင်ပဲသည် စိုက်ပျိုးပြီး တစ်လအတွင်း ထွက်ပေါ်သောကြောင့် ရာသီ မရွေး၊ အချိန်မရွေးစိုက်ပျိုးကြကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၈၀၀)ပိဿာခန့် ထွက်ရှိ ကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၈၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ပဲထောင့်ရှည်များ လှိုင်လှိုင်ခူးဆွတ်နေရပြီး ရောင်းဈေးအနေဖြင့် ပွဲရုံသွင်းဈေး တစ်ပိဿာလျှင် (၁၅၀၀/-)ကျပ် သွင်းရပြီး၊ လက်လီရောင်းဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၅၀၀/-) ကျပ်ဖြင့် ရောင်းချကြကြောင်း၊ နေ့စဉ်ခူးဆွတ်ပြီး ရောင်းချရသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေ လျက်ရှိကြောင်း ပဲထောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိ ရပါသည်။ DOCA(မန္တလေး)

“ကွမ်းစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုး ကြပြီး၊ စားဖိုဆောင်သီးနှံများအပြင် ဈေးကွက်ဝယ်လိုအားရှိသော ကွမ်းရွက်သီးနှံကိုလည်း စိုက်ပျိုး လာကြပါသည်။ ကွမ်းရွက်စိုက်ပျိုးမှုအနဖြင့် ခရိုင်အတွင်း (၅၈၂)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ စိုက်ပျိုးမှု မျိုးအနေဖြင့် ကွမ်းနုဝါ၊ ကွမ်းစိမ်း၊ ကွမ်းကြွပ်မျိုးများဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးမှာကွမ်းနုဝါမျိုးများဖြစ်ပြီး စိုက်ပျိုးမှု ပုံစံမှာ အနွယ်ပင်ဖြစ်သောကြောင့် တိုင်ထောင်၊ ခြံခတ်၍ စိုက်ပျိုးရပြီး လေဝင် လေထွက်မှုနှင့် လေဒဏ်ခံနိုင်ရန်အတွက် အုန်းလက်များကာပေးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုးသော ရွာများမှာ သံရွာ၊ ရှေ့သပြေသာရွာ၊ ရဲကြီးရွာနှင့် ရွာခိုင်ကြီး ရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ ကွမ်းစိုက်ပျိုးမှုအနေဖြင့် တစ်နှစ်ပတ်လုံးတွင် မိုးရာသီ စိုက်ပျိုးပါက အပင် အသေအပျောက်နည်းပြီး စိုက်ပျိုးပင်အားလုံး ရှင်သန်နိုင်ကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ခူးဆွတ်နိုင်ပြီးဖြစ်ကြောင်း၊ ကွမ်းခြံတစ်ဧကတွင် တစ်ထောင်ပင် စိုက်ပျိုးပါက တစ်ပတ်လျှင် အချိန် (၁၅-၂၀)ပိဿာအထိ ထွက်ရှိကြောင်း၊ တစ်လကို နှစ်ကြိမ်သာခူးဆွတ်ကြောင်း၊ မိုးနှင့်နွေများ တွင် ကွမ်းရွက်အထွက်အားကောင်းပြီး ဆောင်းတွင်းပိုင်းတွင် အထွက်နည်းကြောင်း၊ ကွမ်းခြံတစ်ခြံ စိုက်ပျိုးထားလျှင် (၅-၆)နှစ်အထိ ခူးဆွတ်ရောင်းချ၍ရကြောင်း၊ ကွမ်းဈေးနှုန်းအနေဖြင့် ကွမ်းနုဝါ အချော တစ်ပိဿာလျှင် လက်ကားဈေး (၃၀၀၀/-)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်၊ အသေးတစ်ပိဿာလျှင် (၁၀၀၀/-)ကျပ် ဈေးများဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ကွမ်းအရော လက်ကား တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကွမ်းရွက်များကို ခြင်းများဖြင့် ထည့်ကာ ကွမ်းပွဲရုံများသို့ တိုက်ရိုက် တင်ပို့ရောင်းချရကြောင်း၊ ထွက်ရှိမှုအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှပိဿာ (၁၃၂၀)ခန့် ထွက်ရှိကြောင်း၊ တစ်နှစ်ကို စိုက်ပျိုးစရိတ်နုတ်ပြီး (၆၄၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ကွမ်းသက်တမ်းကြာရှည်အောင်နှင့် အထွက်နှုန်းမကျအောင် သွင်းအားစုများ ထည့်သွင်း ပေးရကြောင်း၊ ကွမ်းဈေးနှုန်းအတက်အကျရှိသောကြောင့် ဈေးကောင်းရချိန်တွင် အကျိုးအမြတ် ပိုမို ဖြစ်ထွန်းပြီး ဈေးနှုန်းကျဆင်းချိန်တွင်လည်း အရင်းမရှုံးသော သီးနှံဖြစ်သောကြောင့် ကွမ်းစိုက်ပျိုး ခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးကြောင်း ကွမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ DOCA(မန္တလေး)

“ဂေါ်ရခါးသီးအသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်”

ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများတွင် ဂေါ်ရခါးသီးများ ဝင်ရောက်လျက်ရှိပါသည်။ ဂေါ်ရခါးသီး လှိုင်လှိုင်ထွက်ပေါ်ချိန်မှာ ဆောင်းတွင်းပိုင်းအချိန်ဖြစ်ပြီး ယခုအချိန်တွင် အနည်းငယ် သာ ဝင်ရောက်လျက်ရှိကြောင်း၊ ဂေါ်ရခါးသီးကို ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ ထွက်ရှိကြောင်း၊ ဂေါ်ရခါးပင်သည် အနွယ်ပင် ဖြစ်သောကြောင့် အညွန့်ကို လည်း စားသုံးကြကြောင်း၊ ဂေါ်ရခါးပင် စိုက်ပျိုးခြင်းဖြင့် ဝင်ငွေနှစ်မျိုး ရရှိကြောင်း၊ ဂေါ်ရခါ ညွန့်နှင့် ဂေါ်ရခါးသီးကို လူကြိုက်များသောကြောင့် ဝယ်လိုအားရှိကြောင်း၊ ယခုလက်ရှိ ဂေါ်ရခါးသီး ဈေးနှုန်းအနေဖြင် လက်ကားဈေး တစ်လုံးလျှင် (၃၀၀/-)ကျပ်ဖြင့် ရောင်းဝယ် လျက် ရှိကြောင်း၊ လက်လီဈေးအနေဖြင် တစ်လုံးလျှင် (၅၀၀-၆၀၀)ကျပ်၊ ဂေါ်ရခါးညွန့် ဆယ်စီးပါ တစ်ထုံးလျှင် လက်ကားဈေး (၅၀၀၀/-)ကျပ်၊ လက်လီ တစ်စီးလျှင် (၇၀၀-၈၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက် ရှိကြောင်း၊ ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် အမျှင်ဓာတ်နှင့် ရေဓာတ်များစွာ ပါဝင်သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီဓာတ်တို့ ပါဝင်နေသဖြင့် ကိုယ်ဝန် ဆောင်မိခင်များ စားသုံးပေးခြင်းဖြင့် မွေးရာပါချို့ယွင်းချက်ပါတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင် ခြင်းနှင့် ခန္ဓာကိုယ်သက်လုံကောင်းစေပြီး အမောခံနိုင်စေသောကြောင့် ဂေါ်ရခါးသီးကို ဟင်းချိုချက် ၍လည်းကောင်း၊ ကြက်ဥနှင့်ကြော်၍လည်းကောင်း၊ ကြက်သားနှင့်ရော၍ လည်းကောင်း စားသုံးကြ ကြောင်း ဂေါ်ရခါးသီးစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ရေသား တင်ပြအပ်ပါသည်။ DOCA(မန္တလေး)

“ပေါ်ဦးပေါ်စ ရာသီပေါ်မျှစ်များဈေးကောင်းရ”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ယခုလို မိုးတွင်းကာလတွင် တောင်ပေါ်ဒေသနှင့် တောင်တန်းများတွင် မျှစ်များထွက်ပေါ်လျက်ရှိရာ မြစ်သား မြို့နယ်၊ ရွာခိုင်ကြီကျေးရွာနှင့် မြင်းရွာကြီးကျေးရွာများတွင် မျှစ်များစတင်ထွက်ရှိလျက်ရှိရာ မျှစ်များ ကို ရွှေတောင်ဦးတောင်နှင့် အနီးတဝိုက်ရှိ ဝါးပင်ပေါက်ရောက်ရာ တောများသို့ သွားရောက် ချိုးယူ၍ ရောင်းချလျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေများရရှိကြောင်း၊ ယခင်နှစ် မျှစ်စိမ်း ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၂၀၀/-)ကျပ်ဖြင့် ရောင်းချခဲ့ရပြီး၊ ယခုလက်ရှိ ပေါက်ဈေး အနေဖြင့် မျှစ်စိမ်းတစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်ထိ ရောင်းချခဲ့ရသောကြောင့် မျှစ်ချိုး ရောင်းချသူ များ အဆင်ပြေလျက်ရှိကြောင်း၊ တစ်ရက်လျှင်လူတစ်ဦး မျှစ်စိမ်းဆယ်ပိဿာခန့် ချိုးယူ၍ရကြောင်း၊ ချိုးယူလာသော မျှစ်များကို မျှစ်ဒိုင်သို့ သွင်း၍ရောင်းချလျက်ရှိကြောင်း၊ မျှစ်ဒိုင်များမှတစ်ဆင့် မျှစ်များကို ပြုတ်၍ နီးစပ်ရာဈေးနှင့် ဆိုင်ကယ် ကယ်ရီသမားများသို့ ပြန်လည်ရောင်းချကြကြောင်း၊ မျှစ်ပြုတ်တစ်ပိဿာလျှင် လက်ကား (၂၅၀၀/-)ကျပ်ဖြင့် ရောင်းချပေးပြီး၊ လက်လီတစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်း၊ မျှစ်ကို အတို့အမြုပ်အဖြစ် စာသုံးကြသလို အချဉ် ရည်ဟင်း၊ စားတော်ပဲနှင့် မျှစ်ကြော်တို့ကိုလည်း စားသုံးကြကြောင်း၊ မျှစ်ဖြိုင်ဖြိုင်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းပါက အိမ်ရှင်မများမှ ရေရှည်စားသုံးရန်အတွက် မျှစ်များကို အခြောက်ခံ၍ သိမ်းဆည်းထားကြောင်း၊ မျှစ်စားသုံးခြင်းဖြင့် အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဝမ်းချုပ်မှုကို ကာကွယ်ပေးကြောင်း လေ့လာသိရှိရပါသည်။ DOCA(မန္တလေး)

“ဂွေးတောက်ရွက် စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး စပါး၊ ပဲ၊ ပြောင်း၊ ငရုတ်သီးနှံများ အပြင် ဈေးကွက်ဝယ်လိုအားရှိသော ဂွေးတောက်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ယခင်က ပင်ကြီးဂွေးတောက်ပေါ်ချိန်မှသာ စားသုံးရပြီး ယခုအချိန်တွင် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သော ပင်လေးဂွေးတောက်ရွက်များကို တောင်သူများမှ စီးပွားရေး အမြင်ကျယ် ကာ စိုက်ပျိုးလာကြကြောင်း၊ ပင်လေးဂွေးတောက်စိုက်ပျိုးမှုအနေဖြင့် ပျိုးထောင် စိုက်ပျိုးကြကြောင်း၊ ပျိုးသက်တမ်း (၁၅) ရက်တွင် ဂွေးတောက် စိုက်ပျိုးရန် ပြုပြင်ထားသော မြေဘောင်များပေါ်သို့ ရွေ့ပြောင်းစိုက်ပျိုးရကြောင်း၊ မျိုးအနေဖြင် (၁)ပြည် ကုန်ကျ ကြောင်း၊ (၁)ပြည် ဈေးနှုန်းအနေဖြင့် (၁၅၀၀/-) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၃)လသားတွင် စတင်ခူးဆွတ် ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ခူးယူမှုအနေဖြင့် (၁၀) ရက်ခြားတစ်ခါ ခူးဆွတ်ရကြောင်း၊ တစ်ကြိမ် ခူးဆွတ်လျှင် ပိဿာ (၅၀/၆၀)ခန့် ထွက်ရှိကြောင်း၊ တစ်လ (၃)ကြမ် ခူးဆွတ်ရသောကြောင့် ပိဿာ (၁၀၀/၁၂၀) ထွက်ရှိကြောင်း၊ တစ်ပိဿာလျှင် လက်ကားဈေးအနေဖြင့် (၁၅၀၀/-)ကျပ် ရရှိကြောင်း၊ သွင်းအားစု ထည့်သွင်းခြင်းနှင့် အပြုအစုကောင်းပါက အထွက်နှုန်းမကြာ ကြောင်း၊ ယခုလို မိုးတွင်းတွင် အထွက်ပိုပြီး၊ တစ်နှစ်တည်းဖြင့် အရင်းကြေကာ အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ အခင်းထဲအရောက် ဝယ်ယူမှုများရှိသလို တောင်သူများမှ လည်း နီးစပ်ရာမြို့ပေါ် ဈေးများသို့လည်း တိုက်ရိုက် တင်ပို့ရောင်းချကြကြောင်း၊ ကုန်စိမ်းပွဲစားများ မှတစ်ဆင့် မန္တလေး၊ ရန်ကုန် ကုန်စိမ်းပွဲရုံများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြကြောင်း၊ ကုန်စိမ်း သီးနှံဖြစ်သောကြောင့် ဈေးနှုန်းအတက်အကျရှိကြောင်း၊ ဂွေးတောက်စိုက်ပျိုးမှု တစ်နှစ်ဝင်ငွေ အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၈၀၀၀၀၀/-)ကျပ်ခန့် ရှိသောကြောင့် စိုက်ပျိုးစရိတ် သက်သာပြီး စီးပွားဖြစ် ဝင်ငွေတိုးသော ဂွေးတောက်သီးနှံကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးတွင် ဈေးကောင်းရနေသော တောင်ပို့မှို

တောင်ပို့မှိုဟု ဆိုသည့်အတိုင်း တောင်ပို့ရှိရာ မြေအောက်ခြကောင်ရှိသော နေရာများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းသည်နှင့် ပေါက်ရောက်တပ်ပါသည်။ တောင်ပို့မှိုသည် ဈေးကောင်းရသော အစား အစာတစ်မျိုးဖြစ်ကြောင်း၊ တောင်ပို့မှိုကိုတွေ့လျှင် တူရွင်း၊ ပေါက်ပြားများဖြင့် တူးယူခြင်းမပြုပဲ လက်ဖြင့်မှိုများအား နုတ်ယူပါက နောင်နှစ်များတွင်လည်း ၎င်းနေရာ၌ တောင်ပို့မှိုများ ပြန်လည် ထွက်လာကြောင်း၊ ရှေးလူကြီးများ၏ ပြောစကားများတွင် လေ့လာမှတ်သား သိရှိရပါသည်။ ကန့်ဘလူမြို့မဈေးတွင် စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှို စသောမှိုများနည်းတူ သဘာဝတောင်ပို့မှိုများ ရောင်းချလျက်ရှိကြောင်း၊ တောင်ပို့မှိုသည် ရာသီဥတု အချိန်အခါနှင့် ပေါက်ရောက်သည့်အတွက် ရှားပါး၍ဈေးကောင်းရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း တောင်ပို့မှို(၁၀)ဖူးပါတစ်စည်းလျှင် (၂၈၀၀)ကျပ်နှင့် တစ်ပိဿာလျှင်(၃၅၀၀၀ မှ ၄၀၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ တောင်ပို့မှိုသည် မိုးဦးကာလတွင် သဘာဝအတိုင်း ထွက်ရှိလာသောမှိုဖြစ်၍ ကျေးလက်နေပြည်သူများ အရင်းမစိုက်ရပဲ မိသားစုဝင်ငွေရရှိ နေကြောင်း သိရှိရပါသည်။ Doca(စစ်ကိုင်း)

ဂျင်း(ချင်း)တက်နှင့်ဂျင်းပေါက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၅၅၀၀)ကျပ်နှင့် ဂျင်းပေါက်(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှင့် ဂျင်းပေါက်လက္ကားဈေး တစ်ပိဿာ လျှင်(၄၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဂျင်းပေါက်ကို ဂျင်းသုပ်၊ လဖက်နှင့်ရော၍လည်ကောင်း အခြားအစားအသောက်များနှင့် တွဲဖက်၍လည်းကောင်း အသုံးပြုကြကြောင်း၊ ဂျင်းတက်/ဂျင်းပေါက် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။ Doca(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ခရမ်းချဉ်သီးအဝင်နည်း၍ ဈေးနှုန်းမြင့်တက်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ထိုင်ဝမ်အလုံးကြီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၀၀)ကျပ်နှင့် အလုံးသေးတစ်ပိဿာလျှင် (၅၇၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းချဉ်သီးကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များ နှင့်ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြကြောင်း၊ ခရမ်းချဉ်သီး ရောင်းချသူထံမှ သိရှိရသည်။ Doca(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း