ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲသီးထပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းဖြင့် ဒေသစီးပွားဖြစ် လုပ်ကိုင်လျက်ရှိရာ သီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ဖောက်ကား လျက်ရှိပါသည်။ သီးနှံမျိုးစုံမှ ကြက်သွန်နီကို (ပထမ)အများဆုံးစိုက်ပျိုးပြီး ကုလားပဲသီးနှံကို (ဒုတိယ) အများဆုံးစိုက်ပျိုးကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ကျေးရွာများရှိ ကိုင်းကျွန်းမြေများတွင် အများဆုံး စိုက်ပျိုးကြောင်း၊ မိုးကြက်သွန်နီ(ဥစိုက်)တူးဖော်ပြီး ခင်းကျွတ်များတွင် သီးထပ်အဖြစ် စိုက်ပျိုးကြောင်း၊ ယခင်နှစ်များတွင် ကုလားပဲသီးနှံကို ဆောင်းတစ်ရာသီ တစ်ကြိမ်သာစိုက်ပျိုးပြီး အကျိုးအမြတ်များစွာ ရရှိ၍ ကြက်သွန်နီစိုက်ခင်းကျွတ်များတွင် သီးထပ်အဖြစ် နှစ်ကြိမ် စိုက်ပျိုးမှုများလာကြောင်း သိရသည်။

          ဆောင်းသီးနှံကုလားပဲစိုက်ပျိုးမှုကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် မိုးကြက်သွန် နီ(ဥစိုက်)စိုက်ခင်းများ မတူးဖော်မီ (၂၅)ရက်သားခန့်အလိုတွင် ကြက်သွန်ခင်းမြောင်းကြားတွင် ကုလားပဲ မျိုးစေ့များကို ပင်ကြား၅လက်မအကွာ စူးထိုးပြီး အစေ့ချစိုက်ပျိုးခြင်းနှင့် ကြက်သွန်တူးဖော်ပြီးချိန်တွင် နွားရှဉ်းဖြင့် ထယ်ချောင်းဆွဲ ဖြူးချစိုက်ပျိုးခြင်း နှစ်နည်းဖြင့် စိုက်ပျိုးကြကြောင်း၊ ရေသွင်း ရေဖျန်း စနစ်ဖြင့် စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ မတ်လကုန် ဧပြီလဆန်းပိုင်းတွင် သီးနှံရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၂)တင်းခန့်ကုန်ကျပြီး ကုလားပဲလုံးကြီး(အဖြူ)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ တောင်သူများအနေဖြင့် ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်ရရှိပိုမိုရရှိသဖြင့် ကုလားပဲသီးနှံကို ယခင်နှစ်က စိုက်ဧက(၅၀၀)ဧကခန့်စိုက်ပျိုးပြီး ယခုနှစ်တွင် ဧက(၇၀၀)ထိ တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

          ယခင်နှစ်တွင် ကုလားပဲအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှတင်း(၂၀)ခန့်ထွက်ရှိကြောင်း၊ သီးနှံပေါ်ချိန် ဒေသပေါက်ဈေး တစ်တင်းလျှင် ကျပ်(၈၅၀၀၀-၉၀၀၀၀)ခန့်ဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မိုးကြက်သွန်နီစိုက်ခင်းကျွတ်များတွင် သီးထပ်သီးနှံအဖြစ် ဒုတိယ အကြိမ် ထပ်မံစိုက်ပျိုးခြင်းဖြစ်၍ မြေပြုပြင်စရိတ်နှင့် သွင်းအားစုသုံးစွဲမှုစရိတ်သက်သာ၍ တစ်ဧကလျှင် ငွေကျပ်(၄)သိန်းခန့်ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ်(၁၅)သိန်းခန့်ရရှိကြောင်း သိရှိရ သည်။ ယခုနှစ် သီးထပ်စိုက်ပျိုးထားရှိသော ကုလားပဲစိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိ ပြီး သီးနှံပေါ်ချိန်အထွက်ကောင်းပြီး ဈေးကောင်းရရှိပါကတောင်သူအဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

          ဆိပ်ဖြူမြို့မှ ထွက်ရှိသည့်ကုလားပဲများကို မြို့ပေါ်ရှိပွဲရုံများနှင့် ချောက်မြို့ပေါ်ရှိ ပဲပွဲရုံများသို့ ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသောပဲမျိုးစုံအနက် ကုလားပဲမှာ လူကြိုက်များပြီး စားသုံးမှု အမြင့်ဆုံးဖြစ်၍ ပြည်တွင်းစားသုံးမှု ပိုမိုမြင့်မားလျက်ရှိ၍ ပြည်တွင်းပြည်ပ ဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်မပြတ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ထားဝယ်မြို့ငါးဈေးကွက်အခြေအနေ

            တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ရေလုပ်ငန်း လုပ်ကိုင်သူများပေါများပါသည်။ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းများ လုပ်ကိုင်ကြပြီး တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေများဖြင့်လည်းကောင်း၊ ငါးဖမ်းစက်လှေကြီး များဖြင့် လည်းကောင်း ဖမ်းယူကြပြီးရရှိသော ငါး၊ ပုစွန်၊ ဂဏန်းများကို ပင်လယ် ကမ်းခြေရွာများမှ ထားဝယ် မြို့ပေါ်ရှိ ကမ်းနားပျံကျဈေးနှင့် ရပ်ကွက်ဈေးများတွင်လည်းကောင်း၊ စက်လှေကြီးများဖြင့် ဖမ်းယူရရှိလာသော ငါး၊ ပုစွန်၊ ဂဏန်းများကို ထားဝယ်မြို့ပေါ်ရှိ ငါးဒိုင်များ၊ ကုမ္ပဏီများတွင်လည်းကောင်း လာ‌ရောက်ရောင်းချကြပါသည်။

         ယနေ့ငါးဈေးကွက်အခြေအနေအရ ဒေသတွင်း စားသုံးမှုများပြားသည့် ငါးပုတ်သင်များ ဝင်ရောက်မှုများပြားကြောင်း စုံစမ်းသိရှိရပါသည်။ ငါးပုတ်သင် တစ်ပိဿာလျှင် အနည်းဆုံး ၃၀၀ဝိ/- မှ ၆၀၀ဝိ/- အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ ကြက်ဥ/ဘဲဥစျေးနှုန်း

           ထားဝယ်မြို့၏ အဓိကစားသုံးကုန်တစ်မျိုးဖြစ်သောကြက်ဥသည် စားသုံးသူပြည်သူတို့၏ အဓိကဖြစ်သည့်နှင့်အညီ လိုအပ်ချက်များစွာရှိသည်။ ရှမ်းပြည်နယ်မှအများဆုံးတင်သွင်းပြီး စီးပွားဖြစ်မွေးမြူကြသော လုပ်ငန်းအများအပြားရှိသည်။ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ထားဝယ်မြို့ စျေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်ဥ/ ဘဲဥ စျေးနှုန်းများသည် အနည်းငယ်တည်ငြိမ်နေကြောင်း သိရပါသည်။

           ယခင် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ကြက်ဥကြီးတစ်လုံးလျှင် (၄၆၀)ကျပ်၊ အလတ် (၄၅၀) ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် (၇၀၀) ကျပ်၊ အလတ် (၅၈၀) ကျပ်ခန့်ရှိပြီး၊ ယခု လက်ရှိ စျေးနှုန်း များအရလည်း ကြက်ဥအကြီးတစ်လုံးလျှင် (၄၆၀) ကျပ်၊ အလတ် (၄၅၀) ကျပ်ခန့်နှင့် ဘဲဥအကြီးတစ်လုံးလျှင် (၇၀၀) ကျပ်၊ အလတ် (၅၈၀) ကျပ်ခန့်ရှိကာ စျေးနှုန်းတည်ငြိမ်လျက်ရှိနေ ရရှိနေကြောင်း ထားဝယ်မြို့ရှိ စည်ပင်သာယာစျေးကြီးများတွင် ရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးတွင် ကွမ်းသီးမှည့်များစျေးကောင်းရလျက်ရှိ

           ကွမ်းသီးမှည့်ထွက်ရှိသည့်ရာသီအစဖြစ်သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင်  ကွမ်းသီးမှည့်တစ်လုံးမှာ ကျပ် ၇၀ ဝန်းကျင်ရှိခဲ့ပြီး ယခု၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ကွမ်းသီးမှည့်စျေးနှုန်းမှာ တစ်လုံးလျှင် ကျပ် ၁၂၀/၁၃၀ အထိ စျေးကောင်းရရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီးမှ ကွမ်းသီးစိုက်တောင်သူများနှင့် ကွမ်းသီးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

          ကွမ်းသီးမှည့်များ စျေးကောင်းရနေခြင်းမှာ ကွမ်းသီးပင်တစ်ပင်လျှင် တစ်ရာသီ ကွမ်းသီးအလုံး ၃၀၀ ဝန်းကျင်ခန့်ထွက်ရှိလျက်ရှိသော်လည်း ကွမ်းသီးအနုထွက်ရှိသည့် အချိန်တွင် ကွမ်းသီးအနုများ စျေးကောင်းရရှိသောကြောင့် တောင်သူအများစုမှာ ဆွတ်ခူးရောင်းချသဖြင့် ကွမ်းသီးအမှည့်ထွက်ရှိမှုများ ကျဆင်းနည်းပါးခြင်းနှင့် ဒေသတွင်းကွမ်းသီးပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသော်လည်း နယ်မြေ/ဒေသအခြေအနေများကြောင့် အချို့သောကွမ်းခြံများမှ သွားလာဆွတ်ခူးကောက်ယူခြင်းများပြုလုပ်၍ မရခြင်းများကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ကွမ်းသီးမှည့်များမှာ စျေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့တွင်ရောင်းချနေသည့် တည်သီးဈေးနှုန်း၊ဈေးကွက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် တည်သီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ တည်သီးများ ကိုမန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညွာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့်  မျက်စိထဲမှာစွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး သရေစာ အဖြစ် လူကြီးလူငယ် မရွေးဝယ်ယူစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ် အတွင်း ရောင်းချနေသော တည်သီးဈေးနှုန်းမှာ တည်သီး(၁)လုံးလျှင်(၃၅၀၀)ကျပ်နှင့် တည်သီး (၃)လုံးလျှင်(၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချ လျက်ရှိသော သစ်သီးဆိုင်များမှသတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)

စားတော်ပဲစိမ်း ဈေးနှုန်း/ဈေးကွက် အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိမိတို့ နေအိမ်ဝင်းအတွင်းနှင့်လယ်ယာမြေများထဲတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် စားတော်ပဲစိမ်းကို စိုက်ပျိုးပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။

          ၂၀၂၅ ခုနှစ်၊    ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စားတော်ပဲစိမ်း ဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ စားတော်ပဲစိမ်း  နို့ဆီ တစ်ဘူးလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမပတ် အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စားတော်ပဲစိမ်း ဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည် လျှင်(၁၁၀၀၀)ကျပ်၊ စားတော်ပဲစိမ်း  နို့ဆီ တစ်ဘူးလျှင်(၁၃၀၀/၁၄၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခင် ဇန်နဝါရီလ နောက်ဆုံးပတ် စားတော်ပဲစိမ်းဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့် မည်ဆိုပါက စားတော်ပဲစိမ်းဈေးနှုန်း တစ်ပြည်လျှင်(၁၀၀၀)ကျပ် ကျဆင်းလျက်ရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေး၌ ချဉ်ပေါင်ရွက်ဈေးနှုန်း/ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူမြို့ ပေါ်ရပ်ကွက်မျာမှ တောင်သူများသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် စားဖိုဆောင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးသည့် လုပ်ငန်းလုပ်ကိုင်ကြရာ ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုးရောင်းချလျက် ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ‌ပထမအပတ်တွင် ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၀၀)ကျပ် ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရာသီစာ ဘိုစားပဲစိုများ ဈေးကွက်အတွင်းသို့စတင်ဝင်ရောက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ဘိုစားပဲကိုလည်း စိုက်ပျိုးလျက်ရှိပြီး ရာသီစာ ဘိုစားပဲစိုကို ကန့်ဘလူမြို့မဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်းသိရ သည်။

                    ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ဘိုစားပဲစို ဈေးနှုန်းများမှာ ဘိုစားပဲစို တစ်ပြည်လျှင်(၁၁၀၀၀)ကျပ်၊ ဘိုစားပဲစို  နို့ဆီ တစ်ဘူးလျှင် (၁၄၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေး၌ ဆူးပုတ်ရွက်ဈေးနှုန်းအခြေအနေ

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုး သည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။

ယခု ဖေဖော်ဝါရီလ ပထမအပတ်တွင် ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင်(၄၀၀)ကျပ်၊ (၂)စည်းလျှင်(၇၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိ ကြောင်း  ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေး၌ ဖြစ်ပေါ်နေသော ရုံးပတီသီး ဈေးနှုန်း/ဈေးကွက် အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မဈေး၌ ကုန်စိမ်း သီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း