ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ သန်လျင်မြို့နယ်၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲတီစိမ်း ၄၆၇၂၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး သီးနှံများဖြစ်ထွန်းအောင်မြင်လျက်ရှိ ”

              ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်း ၄၆၇၂၆ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံပဲတီစိမ်းလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးထားသည့် သီးနှံများဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

            သန်လျင်မြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းလျာထား ၄၆၇၂၆ ဧကကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်တွင် လျာထားဧက ပြည့်မီ အောင် စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးရေးအဆင်ပြေတဲ့အတွက် စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ပဲတီစိမ်းစိုက်ခင်းတွေ အထွက်နှုန်းတိုးတက်စေရေး အပင်အားဆေးနဲ့ မြေဩဇာစနစ်တကျ သုံးစွဲတတ်အောင် ပိုးမွှားအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ ထိထိရောက်ရောက်ဆောင်ရွက် နိုင်အောင် လိုအပ်တဲ့ တောင်သူအသိပညာပေးတာတွေ၊ ပဲတီစိမ်းစိုက်ပျိုးတောင်သူများကို အထွက်နှုန်းတိုးတက်ကောင်းမွန်စေရန် ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှား ရောဂါမကျရောက်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းရေး၊ စိုက်ပျိုးရေးသွင်းအားစုများ မှန်ကန်စွာ သုံးစွဲတတ်စေရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံများဖြစ်ထွန်းအောင်မြင်လျက် ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)

အရောင်းသွက်သည့်သုံးရာသီသရက်

            မန္တလေးကုန်စိမ်းစျေးကွက်သို့ ဖေဖော်ဝါရီလပထမပတ်အတွင်း သရက်သီးအစိမ်း(သုံးရာသီ သရက်သီး)များဝင်ရောက်မှုများပြားပြီးအရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။ သရက်သီးသီးနှံ စိုက်ပျိုးမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်     အများအပြားစိုက်ပျိုးပြီး၊ ကျန်ဒေသများတွင်လည်း စိုက်ပျိုးသည့်နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်ပါတယ်။ သရက်သီးအမှည့်များအား မိုးနှောင်းကာလနှင့် နွေရာသီတွင် ထွက်ပေါ်ပြီး၊  သရက်သီးအမှည့်များ အား  ပြည်တွင်းစားသုံးခြင်း နှင့် ပြည်ပသို့ တင်ပို့သည့်  စျေးကွက်ဝင်   သီးနှံတစ်မျိုးဖြစ်ပါတယ်။ မန္တလေးစျေးကွက်အတွင်းတွေ့ရှိရသည့် သရက်သီးအမည်များမှာ စိန်တစ်လုံး၊မြကျောက်၊ရွှေဟင်္သာ၊ အောင်ဒင်၊ ရင်ကွဲ၊ ပန်းဆွဲ၊ မချစ်စု၊စိမ်းစားသီး နှင့် သုံးရာသီသရက်များဖြစ်ကြောင်း သိရပါတယ်။   သရက်သီးသီးနှံမှာ အစိမ်းအတိုင်းစားသုံးခြင်း၊ ဝမ်းပြင်(မစိမ်းလွန်း၊မမှည့်လွန်း)အသုပ်သုပ်စားခြင်း၊ သရက်သီးအမှည့်အသီးအတိုင်းစားသုံးခြင်း၊ သရက်ပျဉ်၊  သရက်ယို၊  ဖျော်ရည်၊   ရေခဲမုန့်၊   ချိုချဉ်၊ ကျောက်ကျော၊ ဂျယ်လီ၊ ပူတင်း၊ ဆားစိမ်းအချဉ်နှင့် သရက်သီးသနပ်စသည် ဖြင့်  အမျိုးမျိုးစားသုံး လျက်ရှိကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း   မန္တလေးစျေးကွက်တွင်သရက်သီး အစိမ်း(သုံးရာသီသရက်သီး)များ ဝင်ရောက်မှုများပြားပြီး၊ သရက်သီးအစိမ်း (အချဉ်သီး)အား  အသုပ် ရောင်းချသူများမှဝယ်ယူလျက်ရှိခြင်းကြောင့်အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။မန္တလေးမြို့ ၄၁ လမ်းစျေး(ကမ်းနားလမ်းစျေး)ကုန်စိမ်းစျေးကွက်တွင်  သရက်သီးအစိမ်း (သုံးရာသီ သရက်သီး) များအား အလေးချိန်ဖြင့် ရောင်းချလျက်ရှိပြီး၊ သရက်သီးအစိမ်း တစ်ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊သရက်ချဉ်(အိုးသိပ်ချဉ်အဟောင်း)တစ်ပိဿာလျင် ၅၀၀၀ကျပ်နှင့်၆၀၀၀ကျပ်၊ (အိုးသိပ်ချဉ်အသစ်)တစ်ပိဿာလျင်  ၇၀၀၀ကျပ်နှင့်၈၀၀၀ကျပ်၊သရက်သီးသနပ်(ကုလားတညချဉ်) တစ်ပိဿာလျင်  ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်နှင့် အသီးအရွယ်အစားအလိုက် သရက်ကင်း (အသီး လုံးသေး) ၁၀လုံးလျှင်  ၁၅၀၀ကျပ်နှင့် ၂၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ ဖေဖော်ဝါရီလပထမပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်တွင်သရက်သီးအစိမ်း(သုံးရာသီသရက်) စျေးကွက်မှာ  အရောင်းသွက်သည့်ကုန်စိမ်းအမယ်ဖြစ်ကြောင်း သိရပါ တယ်။ 

DOCA(မန္တလေး)

  

မန္တလေးကြက်ဥစျေးနှုန်းစျေးကွက်

          ဖေဖော်ဝါရီလပထမပတ်အတွင်း  ကြက်ဥစျေးမှာ  ဇန်နဝါရီလနောက်ဆုံးပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက  ကြက်ဥစျေးအနည်းငယ်ကျဆင်းသော်လည်း ဘဲဥနှင့် ငုံးဥ ဈေးမှာဈေးငြိမ်နေကြောင်း   သိရပါတယ်။ မန္တလေးစျေးကွက်အတွင်းပြင်ဦးလွင်မြို့နယ်၊ပြင်စာကျေးရွာမွေးမြူရေးခြံထွက်ကြက်ဥ များဝင်ရောက်မှုအများဆုံးဖြစ်ပြီး၊ကျောက်ဆည်၊မြစ်သား၊မြို့သာ မြို့နယ်ရှိ ခြံများမှလည်းဝင်ရောက် ကြောင်း သိရပါတယ်။ ဘဲဥမှာ အမရပူ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှ ဝင်ရောက်မှုများပြီး၊ကျန် ဒေသများမှလည်း  ဝင်ရောက်ကြောင်း သိရပါတယ်။  ငုံးဥမှာ မန္တလေး၊ စဉ့်ကိုင်၊ကျောက်ဆည်ဒေသ ရှိမွေးမြူရေးခြံတို့မှဝင်ရောက်ကြောင်း သိရပါတယ်။ကြက်ဥစျေးကွက်အနေဖြင့်ကြက်စာစျေးအနည်း ငယ်ကျဆင်းခြင်းနှင့် ဥထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့်ဇန်နဝါရီလနောက်ဆုံးပတ်တွင်ဖြစ်ပေါ်ခဲ့ သည့်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါကအနည်းငယ်ကျသွားကြောင်းသိရပါတယ်။ ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလ ပထမပတ်အတွင်းဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာကြက်ဥ(၃၀လုံးပါ၁၀ကဒ်)တစ်ဆွဲလျှင် ၁၂၆၀၀ဝိ/- နှင့် ၁၃၅၀၀ဝိ/- စျေး၊လက်လီစျေးအနေဖြင့်  ကြက်ဥတစ်လုံးလျှင် ၄၂ဝိ/- နှင့် ၄၅ဝိ/- ၊   ဘဲဥတစ်လုံး လျှင်  ၅၇ဝိ/-နှင့် ၅၈ဝိ/- ၊ ငုံးဥ(၁၀) လုံး လျှင် ၂၃၀ဝိ/-နှင့် ၂၅၀ဝိ/- စျေးအသီးသီးဖြင့် ရောင်းချလျက် ရှိကြောင်း ကြက်ဥ၊ ဘဲဥ  ရောင်းချသူထံ မှ သိရပါတယ်။ စျေးကွက်အတွင်း ကြက်ဥ၊ဘဲဥနှင့် ငုံးဥစျေး များမှာအလုံးအရွယ်အစား ပေါ်မူတည်၍ စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။  ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလပထမပတ်အတွင်း   မန္တလေးစျေးကွက်အတွင်း  ကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေးကွက်မှာ  အရောင်းသွက်လျက်ရှိသည့်ကုန်စည်ဖြစ်ကြောင်း သိရပါတယ်။ ပြင်ဦးလွင်‌ဒေသရှိ မွေးမြူရေးခြံများ မှ မန္တလေးစျေးကွက်အတွင်းသို့  ကြက်ဥဝင်ရောက်မှုမှာ  ၁၆ မိုင်၊ထုံးဘိုဂိတ်ဖြတ်ယာဉ်စာရင်းများ အရ  နေ့စဉ် ၆ ဘီးနှင့် ၁၂ ဘီးယာဉ် (၄)စီးမှ (၁၁)စီးအတွင်း ဝင်‌ရောက်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

မန္တလေးပဲပိုးတီဥစျေးကွက်

            မန္တလေးကုန်စိမ်းသီးနှံစျေးကွက်သို့  ဖေဖော်ဝါရီလပထမပတ်အတွင်း    ပဲပိုးတီဥကုန်စိမ်း သီးနှံအများအပြား ဝင်ရောက်ကြောင်း သိရပါတယ်။   ပဲပိုးတီကုန်စိမ်းသီးနှံမှာ ချိုစေးစေးအရသာရှိ ပြီး၊ ဆောင်းရာသီစာ သီးနှံအဖြစ် ပဲပိုးတီသီးနှံအား အစိမ်းအတိုင်းစားသုံးခြင်း၊ အချဉ်ဖောက်၍ စား သုံးခြင်း၊အရွက်များဖြင့် ကြော်စားခြင်း၊  အသုပ်အဖြစ် အမျိုးမျိုးစားသုံးကြကြောင်း    သိရပါတယ်။     မန္တလေးကုန်စိမ်း စျေးကွက်အတွင်းပဲပိုးတီဥများအား   ရှမ်းပြည်နယ်တောင်းပိုင်းဒေသမှဝင်ရောက် လျက်ရှိပြီး၊ တောင်းများဖြင့် ဝင်ရောက်ကြောင်းသိရပါတယ်။    ဖေဖော်ဝါရီလ   ပထမပတ်အတွင်း  မန္တလေးမြို့ ၊ ၄၁ လမ်းကုန်စိမ်းစျေး(ကမ်းနားလမ်းစျေး)တွင်  ဖြစ်ပေါ်လျက်ရှိသည့်ပဲပိုးတီဥကုန်စိမ်း သီးနှံလက္ကားစျေးအနေဖြင့်  (၃၀ ပိဿာပါ)တောင်းတစ်ခုလျင်   ၁၈၀၀၀၀ ကျပ်နှင့်   ၁၈၅၀၀ ကျပ်၊ လက်လီစျေးအနေဖြင့် တစ်ပိဿာလျင်   ၇၀၀၀ ကျပ်နှင့်   ၈၀၀၀ ကျပ်  အသီးသီးရောင်းချလျက်ရှိ ကြောင်းသိရပါတယ်။   မန္တလေးကုန်စိမ်းသီးနှံစျေးကွက်တွင်  ပဲပိုးတီဥကုန်စိမ်းမှာ    အချဉ်ဖောက် ရောင်းချသူများမှ ဝယ်ယူမှုများပြားလျက်ရှိပြီး၊  အရောင်းသွက် သည့်ကုန်စည်ဖြစ်ကြောင်း ကုန်စိမ်း ဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရပါတယ်။  

DOCA(မန္တလေး)

“ ကွမ်းခြံကုန်းမြို့နယ်၌ နွေစပါးလျာထားဧကနှစ်သောင်းကျော်အနက် ၁၈၆၆၂ ဧက စိုက်ပျိုးပြီးစီး ”

             ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ယခုနှစ်နွေစပါး စိုက်ပျိုးရာသီတွင် နွေစပါးလျာထား ၂၁၃၈၅ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယခုအချိန်အထိ ၁၈၆၆၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပြီး လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် လျာထားဧကကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနဲ့ တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           ကွမ်းခြံကုန်းမြို့နယ်ရှိ နွေစပါးစိုက်ပျိုးရာသီကာလအတွင်း အချိန်မီလျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ သက်တမ်းတိုးအထွက်ကောင်းမျိုးများဖြစ်သည့် ရတနာတိုး၊ ရက်(၉၀)၊ အောင်နိုင်တိုးစပါးမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းရွေးချယ်စိုက်ပျိုးနိုင်ရေး ပျိုးထောင်စနစ်၊ ကောက်စိုက် စက်၊ တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ယခုနှစ်တွင် ယခင်နှစ်ထက် တောင်သူများအနေဖြင့် နွေစပါးစောစီးစွာ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်သီးနှံများထပ်မံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအနေဖြင့် ပံ့ပိုးကူညီ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ စားရေရိက္ခာဖူလုံပေါများရေးနှင့် ပတ်သက်၍ အဓိက စားကုန်ဖြစ်သည့် ဆန်သည် မြန်မာနိုင်ငံအတွက် ဖူလုံမှုရှိပြီးဖြစ်သည့်အပြင် ပြည်ပသို့ နှစ်စဉ်တင်ပို့လျက် ရှိပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပသို့လည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူမြို့ကုန်စိမ်းသီးနှံဈေးကွက်၌ ခရမ်းချဉ်သီးဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်နေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ကုန်စိမ်းသီးနှံဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများအပြင် ဒေသထွက် ခရမ်းချဉ်သီးများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်နေကြောင်း သိရသည်။ ဗမာခရမ်း ချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည် အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူ စားသုံးမှု နည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ် ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရသည်။

          ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၁၃၀၀-၁၂၀၀-၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဇန်နဝါရီလ(ပထမပတ်)တွင် ခရမ်း ချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၂၄၀၀-၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်လအတွင်း ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀)ခန့် ဈေးနှုန်းကျဆင်းကြောင်း၊ ယခုရာသီတွင် ဒေသတွင်း စိုက်ခင်းများမှ ခရမ်းချဉ်သီး လှိုင်လှိုင်ထွက်ရှိ၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများခြင်းကြောင့် ဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရပါ သည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်၌ နှမ်းနက်(စမုန်)များဈေးတက်၍ အရောင်းအဝယ်ဖြစ်နေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ဆီထွက်သီးနှံ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်(စမုန်)များ ပြည်ပအဝယ်လိုက်၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ နှမ်းသီးနှံ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များဖြစ်သည့် မန္တလေး၊ စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဖေဖော်ဝါရီလ (ပထမပတ်)တွင် ယောနယ်ဒေသများနှင့် ပခုက္ကူ၊ မြစ်ခြေအပြင် မြိုင်မြို့နယ်ဒေသထွက် နှမ်းသီးနှံများ ကုန်ချိန်အများဆုံး ဈေးကွက်သို့ဝင်ရောက်လျက်ရှိရာ မြိုင်မြို့နယ်ဒေသထွက် နှမ်းနက်(စမုန်)များ ကုန်ချိန်အများဆုံးဝင်ရောက်ကြောင်း၊ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်(၈၀၀ - ၁၀၀၀)ခန့် ဝင်ရောက်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သလောက် အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးကွက်မှ သိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည်အသွေး လိုက်၍ နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ်(၂၃၃၀၀၀-၂၂၈၀၀၀-၂၂၀၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် (၁၂၄၀၀၀-၁၁၉၀၀၀-၁၀၈၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀-၁၀၃၀၀၀-၁၀၀၀၀၀)အရောင်း အဝယ်ဖြစ်ပြီး နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၂၆၀၀၀-၁၂၁၀၀၀-၁၁၀၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ် (၁၁၁၀၀၀-၁၀၉၀၀၀-၁၀၆၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇန်နဝါရီလ(ပထမပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ်(၆၀၀၀)ခန့် ဈေးတက်ပြီး ကျန်နှမ်းအမျိုးအစား များမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု များ ကြောင်း၊ မြိုင်မြို့နယ်ဒေသထွက် နှမ်းနက်(စမုန်)များ အများဆုံးဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြား စားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ မြို့ပေါ်ရှိ ဆီထွက်သီးနှံ ရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရပါသည်။ 

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်၌ (ကျွန်း)စားတော်ပဲသီးနှံ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်နေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော စားတော်ပဲများ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)မှစ၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခု၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)ထိ ဈေးဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခုအချိန်တွင် စားတော်ပဲသီးနှံ စိုက်ပျိုးရာသီချိန်ဖြစ်၍ သီးနှံ(အသစ်)ထွက်ပေါ်ခြင်း မရှိသေး၍ ကျွန်းစားတော်ပဲ(အဟောင်း)များကိုသာ ပွဲရုံဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဈေးကွက်သို့ ကျွန်းစားတော်ပဲစိုက်ပျိုးမှုများသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ဆိပ်ဖြူ၊ ရေနံချောင်းမြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ ဝင်ရောက် ကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်း စားသုံးသူများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် သီးနှံပေါ်စ ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ်(၉၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ရာ အောက်တိုဘာလ တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၄၅၀၀၀)၊ နိုဝင်ဘာလတွင် စားတော်ပဲတစ်တင်းလျှင် ကျပ် (၁၄၆၀၀၀)၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၇၀၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၇၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် စားတော်ပဲတစ်တင်းလျှင် ကျပ် (၁၇၅၅၀၀)ဖြင့် ဈေးနှုန်းတရိပ်ရိပ်မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် ဇန်နဝါရီလ (စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း စားတော်ပဲတစ်တင်းလျှင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံဈေးကွက်တွင် သီးနှံ(အသစ်) ဝင်ရောက်ခြင်း မရှိသေး၍ ယခုအချိန်တွင် စားတော်ပဲ သီးနှံ(အဟောင်း)များသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်တွင် တစ်ပတ်အတွင်း စားတော်ပဲ သီးနှံ ပိဿာ(၃၀)ဝင် အိတ်(၁၅) မှ (၂၀)ထိ ဝင်ရောက်အရောင်းအဝယ် ဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးမှုအနေဖြင့် စားတော်သီးနှံကို နေ့စဉ်စားသုံးခြင်းဖြစ်၍ တစ်နှစ်ပတ်လုံး စားသုံးသည့် သီးနှံတစ်မျိုးဖြစ်ခြင်းကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဆောင်းအကုန် နွေအကူး မတ်လဆန်းပိုင်းတွင် ကိုင်းကျွန်းမြေစိုက် စားတော်ပဲနှင့် ယောနယ်ဒေသထွက် စားတော်ပဲ (အသစ်)များ ဈေးကွက်သို့ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ မြေပဲဈေးနှုန်းမြင့်တက်ပြီးအရောင်းအဝယ်ဖြစ်နေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက်သီးနှံ မြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ မှထွက်ရှိသော မိုးမြေပဲအတောင့်အဆံများ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ဂန့်ဂေါခရိုင်အတွင်းရှိ ယောနယ်ဒေသများမှ (၄)လပင်ပြန့်မြေပဲများ လှိုင်လှိုင်တူးဖော်ရိတ် သိမ်းချိန်ဖြစ်၍ ဈေးကွက်သို့ သီးနှံဝင်ရောက်မှုများကြောင်း၊ မြေပဲအသစ်များ ဝင်ရောက်သော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ဈေးကွက်သို့ဝင်ရောက်လာသည့် မြေပဲဆံနှင့်မြေပဲ အတောင့်များ ဝယ်လို အားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့် နှင့်အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပ တရုတ်နိုင်ငံမှလည်း အဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်နေကြောင်း၊ မြေပဲတောင့်/ အဆံ အရည် အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးအနိမ့်၊ အမြင့်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့်သုံးစွဲမှုမြင့်မားလျက်ရှိ၍ ဒေသတွင်းဆုံ/ဆီစက်များ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ မြေပဲဆံဝယ်လိုအားကောင်းပြီး ဈေးကွက်ကျဆင်းခြင်းမရှိ အရောင်း အဝယ်သွက်လျက်ရှိပြီး ပဲဖတ်ဈေးမှာလည်း ပြည်တွင်းတိရိစ္ဆာန်အစားအစာအဖြစ် မြန်မာနိုင်ငံ အောက်ပိုင်း ငါးမွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူမှုအပြင် ပြည်တွင်းဆီစက် လုပ်ငန်းရှင်များမှလည်း မြေပဲဆုံပဲဖတ်များကို ပြန်လည်ကြိတ်ပြီး ဆီထုတ်လုပ်ခြင်းအတွက် ဝယ်ယူမှုများ၍ အရောင်းအဝယ် သွက်နေကြောင်း ဈေးကွက်မှ သိရသည်။

          ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမပတ်)တွင် သီးနှံအရည်အသွေးလိုက်၍ မြေပဲအတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၆၃၀၀ - ၅၈၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၉၄၀၀-၉၃၅၀-၉၁၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ် (၉၄၀၀-၉၃၅၀)၊ ဆီဆံတစ်ပိဿာလျှင် ကျပ်(၉၀၀၀-၈၅၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် (၆၂၀၀-၆၁၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇန်နဝါရီလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြေပဲတောင့် (အခြောက်)တစ်ပိဿာလျှင်  ကျပ်(၂၀၀)၊ မြေပဲဆံတစ်ပိဿာ ကျပ်(၃၀၀)၊ ပဲဖတ် တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူမြေပဲဆံ ဈေးကွက်သို့ (၄)လပင်ပြန့် ဆောင်းမြေပဲ(အသစ်)များ ပခုက္ကူ/ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ယောနယ် (ထီးလင်း၊ ဂန့်ဂေါ) ဒေသများမှ ဝင်ရောက်လျက်ရှိပြီး ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ထိုမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ၍ မြေပဲဈေးနှုန်း သိသိသာသာကျဆင်းခြင်းမရှိ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ပွဲရုံဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်၌ ပဲစဉ်းငုံနီဈေးအနည်းငယ်ကျဆင်းသော်လည်း အရောင်းအဝယ်သွက်လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်) မှစတင်၍ ပဲစဉ်းငုံနီ(အသစ်)များဝင်ရောက်ခဲ့ပြီး (၂၀)ပိဿာဝင်တစ်တင်းလျှင် သီးနှံပေါ်စ ကျပ် (၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခု၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)ထိ ပဲစဉ်းငုံနီများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ နေ့စဉ်ဝင်ရောက် လျက်ရှိပြီး ဖေဖော်ဝါရီ(ပထမပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီပိဿာ (၃၀)ဝင်အိတ်(၁၀၀၀-၂၀၀၀)၊ တစ်ပတ်အတွင်း အိတ်ရေ(၁၀၀၀၀)ခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းလျှင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် အမြင့်ဈေး ကျပ် (၁၂၆၅၀၀-၁၂၂၀၀၀-၉၈၀၀၀)၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလတွင် ကျပ်(၉၄၀၀၀-၉၆၀၀၀-၉၈၀၀၀)ဈေး အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဖေဖော်ဝါရီ(ပထမပတ်)တွင် ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ် (၉၀၀၀၀-၉၁၅၀၀-၉၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇန်နဝါရီ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၅၀၀၀)ခန့် ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးနှုန်းအနည်းငယ်အေးသော်လည်း ကုန်ချိန်ဝင်ရောက်မှုများပြီး ဝင်သမျှအရောင်းအဝယ်ဖြစ်နေကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း