ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းဘူးမြို့နယ်၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   မင်းဘူးမြို့နယ်တွင် စက်သုံးဆီဆိုင်(၁၆)ဆိုင်ရှိရာ ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)နှင့် အောက်တိုဘာလ(ပထမပတ်)တို့၌ စက်သုံးဆီဈေးနှုန်းမှာ ဓာတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၃၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၁၁၅)ဖြစ်၍ ကျပ်(၁၂၀)ဈေးလျော့ခဲ့ကြောင်း၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၄၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၅၉၅)ဖြစ်၍ ကျပ်(၄၅) ဈေးလျော့ခဲ့ကြောင်း၊ ဒီဇယ် (ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၇၁၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၆၃၅) ဖြစ်၍ ကျပ်(၈၀)ဈေးလျော့ခဲ့ကြောင်း၊ စက်သုံးဆီလက်ကျန်အနေဖြင့် နေ့စဉ်လည်ပတ်ရောင်းချရန် ကျန်ရှိနေကြောင်းနှင့် စက်သုံးဆီများအားရောင်းချရာ၌ အရေအတွက်အနည်းအငယ်သာရောင်းချရကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

 

မင်းဘူးမြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်း/ ဈေးကွက်

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်) တွင် မင်းဘူးမြို့မဈေးအတွင်း၌ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများမှာ  ငါးကြင်းဖြူ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၇၀၀၀)၊ ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ ငါးသေတ္တာခြောက်(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၂၀၀၀)၊ ငါးဖယ်ဝိုင်(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ ငါးရံလုံး(၁)ပိဿာလျှင် ကျပ်(၃၂၀၀၀-၃၅၀၀၀)၊ ငါးရံပြား(၁)ပိဿာလျှင် ကျပ်(၄၀၀၀၀-၅၅၀၀၀)၊ ငါးနီတူးခြောက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၄၀၀၀)၊ ပုစွန်ပွ(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀-၁၂၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀ -၂၀၀၀၀)၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၇၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀-၁၆၀၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၆၅၀၀၀-၈၅၀၀၀)ထိဖြစ်ကြောင်း၊ ပုစွန်ခြောက် သည် ဆားအပေါ့/ အငန်ပေါ်မှုတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်းသိရသည်။

    ပုစွန်ခြောက်များကို ရခိုင်ပြည်နယ်မှဝယ်ယူ၍ ငါးခြောက်များကိုမူ ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ မင်းဘူး-စကုမြို့နယ်များရှိ  ငါးခြောက်နှင့် ပုစွန်ခြောက်များကို ကျေးရွာများနှင့် ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်မြို့များသို့ ပြန်လည်ရောင်းချကြောင်း ကွင်းဆင်းမေးမြန်းမှုအရသိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေးတို့တွင်ရောင်းချနေသော ငရုတ်သီးစိမ်းဈေးနှုန်း/ ဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်၊ မိတ္ထီလာနှင့် ကျောက်ပန်းတောင်းဒေသတို့မှထွက်ရှိသော ကျောက်စိမ်းငရုတ်သီးစိမ်းများ၊ ပခုက္ကူမြို့နယ်မှထွက်ရှိသော ရွှေအပ်ငရုတ်သီးစိမ်းများကို နေ့စဉ်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

  မြို့မစည်ပင်သာယာဈေး၊ အမှတ် (၂) ဈေးနှင့် ပျံကျဈေးတို့တွင်ရောင်းချနေသော ငရုတ်သီးစိမ်းဈေးနှုန်းများမှာ ငရုတ်သီးစိမ်းအမျိုးအစားကိုလိုက်၍ ကျောက်စိမ်းငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ကျောက်ဆည်နှင့်မိတ္ထီလာမှလာသော ငရုတ်သီးစိမ်းမှာ အစပ်သီးဖြစ်သောကြောင့်  တစ်ပိဿာလျှင် ကျပ်(၃၀၀၀) မှ ကျပ်(၅၀၀၀)၊ ပခုက္ကူမြို့နယ်မှထွက်ရှိသော ငရုတ်သီးစိမ်းမှာ ရွှေအပ်သီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဖြင့်ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

                            

ပခုက္ကူခရိုင်၊ ကြက်သွန်နီကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော ဈေးနှုန်း/ ဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကြက်သွန်နီသည် ကုန်ဝယ်ဒိုင်တွင်  မြို့နယ်ဒေသများမှ ဝင်ရောက်မှုနည်းပါးနေပြီး မြို့ပေါ်ရှိ ကြက်သွန်နီလက်ကျန်များသာအရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှသိရှိရပါသည်။ 

    (၁-၁၀-၂၀၂၃) ရက်နေ့မှ (၃-၁၀-၂၀၂၃) ရက်နေ့ထိ ကြက်သွန်နီအရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည့် ကုန်စည်ဒိုင်လက်ကားဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍  ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၁၉၀၀)၊ ကြက်သွန်နီ အရောင်ကာလာပျက်တစ်ပိဿာလျှင် ကျပ်(၂၃၀၀-၂၂၀၀)၊ အခွံကျွတ်အမဲစတစ်ပိဿာလျှင် ကျပ် (၁၈၀၀)၊ အကျတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ဖြစ်ပြီး နေ့စဉ် ကုန်ချိန်အဝင်မှာလည်း ယခင်ရက်များတွင်  (၅၀၀၀၀-၁၀၀၀၀၀)ပိဿာခန့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုရက်များတွင်  ကုန်အဝင်မှာ (၇၀၀၀-၁၀၀၀၀)ပိဿာကျော်ထိသာအရောင်းအဝယ်ဖြစ်နေကြောင်း၊ မြို့မစည်ပင်သာယာဈေးတွင်ရောင်းချနေသော လက်လီဈေးနှုန်းများမှာ  ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၆၀၀-၂၀၀၀)ဖြင့်ရောင်းချနေကြောင်း၊ တင်ပို့မှုအနေဖြင့် ပြည်တွင်း၌သာတင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့နယ် ရေမျက်ကျေးရွာ၌ စိုက်ပျိုးနည်းစနစ်များပြောင်းလဲကာ သီးနှံ(၂)မျိုးရောနှောစိုက်ပျိုး

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ရေမျက်ကျေးရွာရှိတောင်သူများအနေဖြင့် ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ  မိုးရွာသွန်းမှုနောက်ကျခြင်းနှင့် သီးနှံရေလိုအပ်ချိန်တွင် မရွာသွန်းဘဲ မလိုအပ်သောချိန်တွင် မိုးရွာသွန်းခြင်းတို့ကြောင့် စိုက်ပျိုးသီးနှံများပျက်စီးသဖြင့် စိုက်ပျိုး နည်းစနစ်များပြောင်းလဲကာ ပြောင်းစိုက်ခင်းများတွင် ငရုတ်သီးနှံကို ရောနှောစိုက်ပျိုးလျက်ရှိသည်။

   ယခုနှစ် ပြောင်းစိုက်ခင်းများတွင် ငရုတ်သီးနှံကိုရောစပ်ကာစိုက်ပျိုးခဲ့ကြောင်း၊ ရွှေတစ်ဆုပ်မျိုးကိုစိုက်ပျိုးကြောင်း၊ လက်ရှိအချိန်တွင် ပြောင်းဖူးများကိုခူးစွပ်၍ ရောင်းချနေရသလို ငရုတ်ခင်း မှာလည်းမရင့်မှည့်သေးသည့်အတွက် ရေသွင်းပြီးရင့်မှည့်အောင်လုပ်နေကြောင်း၊ ပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၁၅၀မှ၂၀၀)ရောင်းချကြောင်း၊ ငရုတ်တစ်ပင်လျှင် အသီး(၃၀မှ၄၀)ခန့်ထိ အသီးတင်ကြောင်း၊ အသီးတင်ကာရင့်မှည့်ပြီးဆိုလျှင် ဈေးကွက်အနေဖြင့် သီးနှံပွဲရုံများမှအခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် မိုးလေမမှန်ဖြစ်ကာ စိုက်ပျိုးရေး လုပ်ငန်းများတွင်အခက်အခဲများရှိနေပြီး မြေအောက်ရေရရှိသောဒေသတွင် စိုက်ခင်းများသို့ ရေကို လိုအပ်သလိုပေးဝေနိုင်ကြောင်း၊ စိုက်ပျိုးရေသည်သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကဖြစ်ကြောင်း၊ ရေမျက်ကျေးရွာနေ တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

DOCA(မကွေး)

မင်းဘူးခရိုင်တွင် ပဲစဉ်းငုံသီးနှံအထွက်နှုန်းကောင်းရရှိရေး စိုက်ပျိုးမှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် မိုးရာသီကာလ၌ ပဲစဉ်းငုံသီးနှံ အထွက်နှုန်းကောင်းရရှိရေးအတွက် (၁)ဧကလျှင်(၂၅)တင်းဖြင့် စိုက်ဧက(၁၆၀၀)ကျော်ကို မင်းဘူး (စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်တို့တွင် စိုက်ပျိုး ပြီးဖြစ်ကြောင်း သိရသည်။

   ပဲစဉ်းငုံသီးနှံကို မင်းဘူး(စကု)မြို့နယ်တွင် ကျေးရွာ(၃)အုပ်စုရှိ တောင်သူပေါင်း(၅၁)ဦးမှ စိုက်ဧက (၉၉)ဧက၊ ပွင့်ဖြူမြို့နယ်တွင် ကျေးရွာ(၄)အုပ်စုရှိ တောင်သူပေါင်း(၂၄)ဦးမှ စိုက်ဧက(၇၁)ဧက၊ စလင်းမြို့ နယ်တွင် ကျေးရွာ(၃)အုပ်စုရှိ တောင်သူပေါင်း(၃၆၆)ဦးမှ စိုက်ဧက(၁၀၉၉)ဧက၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာ(၅)အုပ်စုရှိ တောင်သူပေါင်း(၉၄)ဦးမှ စိုက်ဧက(၂၈၂)ဧက၊ ငဖဲမြို့နယ်တွင် ကျေးရွာ(၃)အုပ်စုရှိ တောင်သူပေါင်း(၂၈)ဦးမှ စိုက်ဧက(၈၅)ဧက၊ စုစုပေါင်းကျေးရွာအုပ်စု(၁၈)အုပ်စုရှိ တောင်သူပေါင်း (၅၆၃) ဦးမှ စိုက်ဧက(၁၆၃၆)ဧကအား စက်တင်ဘာလအတွင်းစိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် တောင်သူများ၏စိုက်ပျိုး သီးနှံများ အထွက်နှုန်းကောင်းများရရှိရေးအတွက် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ချည်မျှင် ရှည်ဝါစသည့်သီးနှံများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍စိုက်ပျိုးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့မစည်ပင်ဈေး၌ အောက်တိုဘာလ(ပထမပတ်)တွင် ရောင်းချနေသောအခြခံစားကုန်ဈေးနှုန်း

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေးတွင် ပခုက္ကူမြို့နယ်အတွင်းရှိရွာများနှင့် ကမ္မ၊မြစ်ခြေဒေသများမှ ဟင်းသီးဟင်းရွက်ဈေးသည်များ၊ ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိ မြင်းကျွန်း၊ လေးလံကျွန်း၊ ဘောလုံးကုန်ကျွန်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးတို့မှ လာရောက်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များနှင့် အမှတ်(၂) ဈေးသည်များ၊ ကိုဗစ်(၁၉)ဈေးရှိ ဈေးသည်များထံမှသိရှိရပါသည်။

     ပခုက္ကူမြိုမဈေး၊ အမှတ်(၂) ဈေးနှင့် ကိုဗစ်(၁၉) ဈေးတို့တွင် ရောင်းဝယ်နေသောကုန်စိမ်းသီးနှံများမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပန်းဂေါ်ဖီ၊ ခဝဲသီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီးနှင့် တခြားသီးနှံများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းချဉ်သီးမှာ ရှမ်းပြည်နယ်မှလာသော အင်းလေးသီးတစ်ပိဿာလျှင် ကျပ်(၁၆၀၀-၁၈၀၀)၊ ကျောက်ပန်းတောင်း ထိုင်ဝမ်သီးမှာ အမျိုးအစားကိုလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၅၀၀-၁၆၀၀-၁၇၀၀)၊ ငရုတ်သီးစိမ်းမှာ မိတ္ထီလာသီးတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်းရွှေအပ်သီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ရှမ်းပြည်မှလာသော ငရုတ်ပွသီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ခဝဲသီးတစ်ပိဿာလျှင် ကျပ်(၈၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ကျပ်(၃၀၀-၄၀၀-၅၀၀-၇၀၀-၈၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၈၀၀-၁၀၀၀)၊ မုန့်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၁၅၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ်(၂၆၀၀-၂၈၀၀)၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ကျောက်ဖရုံသီးတစ်လုံးလျှင် ကျပ်(၇၀၀-၈၀၀-၁၀၀၀)  ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၁၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၅၀-၇၀)၊ ဆူးပုပ်ရွက် တစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)၊ ကင်မွန်းချဉ်ရွက် (၁၀) စည်းပါ တစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)နှင့် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ အသားငါးဈေးမှာ မွေးမြူရေးကြက်တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀) ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၉၅၀၀)နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် ကျပ်(၂၅၀၀၀)တို့ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူဒေသထွက် “ဂဠုန်မင်း”ချည်ထည်စောင်များ၏ ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဒေသတွင်  ငွေကြယ်ဦး၊ စိန်ငါးပွင့်၊ စိန်ပန်းခိုင်၊ ရွှေနဂါး၊ တခြားချည်ထည်အရောင်းဆိုင်များနှင့် ဂဠုန်မင်းချည်ထည်ဆိုင်များစွာရှိပါသည်။ ဂဠုန်မင်းချည်ထည်စောင်များမှာ ပြည်တွင်း/ ပြည်ပသို့ ကျယ်ပြန့်စွာရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      ဂဠုန်မင်းချည်ထည်ဆိုင်မှရရှိနိုင်သောချည်ထည်များမှာ ဝါဒစောင်၊ ရွတ်ကျစ်ခေါက်ချိုးစောင်၊ လွှာချင်းစောင်အမျိုးမျိုး၊ ချင်းစောင်၊ လက်သုတ်ပဝါအမျိုးမျိုး၊ မျက်နာသုတ်ပဝါအမျိုးမျိုး၊ မဝတ်လုံချည်၊ ကျားဝတ်လုံချည်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်းသိရှိရပါသည်။ ဝါဒစောင်၊ ရွတ်ကျစ်ခေါက်ချိုးချည်ထည်စောင်များမှာ အိမ်တွင် ရက်လုပ်လျက်ရှိကြောင်း၊  ရွတ်ကျစ်ခေါက်ချိုးစောင်နှင့် ဝါဒစောင်များကိုအသုံးပြုသည့် တိုင်ချည်အမျိုးအစားများမှာ ချည်ချော(၁/၂၀) ချည်နှင့် ချည်ချော(၁/၁၀) ချည်များကိုအသုံးပြုပြီး ဖောက်ချည်အနေဖြင့် (၁/၇)ချည်နှင့်(၁/၅) ဗမာချည်များဖြင့်ရက်လုပ်ထားကြောင်း၊ ကုန်ကြမ်းများကို မန္တလေးတိုင်းဒေသကြီးမှ ဝယ်ယူအသုံးပြုကြောင်းသိရှိရပါသည်။ တိုင်ချည် ချည်ချော(၁/၂၀)ချည်တစ်ထုပ်လျှင် ကျပ်(၄၀၀၀၀)၊ ချည်ချော(၁/၁၀)ချည်တစ်ထုပ်လျှင် ကျပ်(၄၀၀၀၀)၊ ဖောက်ချည်(၁/၇) ချည်တစ်ထုပ်လျှင် ကျပ်(၃၄၀၀၀)၊ (၁/၅) ချည်တစ်ထုပ်လျှင် ကျပ်(၃၃၉၀၀)ဖြင့်ဝယ်ယူရကြောင်း၊ ဝါဒစောင်နှင့် ရွတ်ကျစ်စောင်များအတွက် စက်ယက်ကန်းနှင့် လက်ယက်ကန်များတွင် တိုင်ချည်ကို(၁၀)ထုပ်အသုံးပြုပြီး ဖောက်ချည် (၆) ထုပ်သုံးစွဲရကြောင်းသိရှိရပါသည်။ လုပ်သားခဈေးမှာ ဝါဒစောင်လက်ယက်ကန်းတစ်ထည်ခတ်ခမှာ ကျပ်(၃၅၀၀)ပေးရပြီး တစ်ရက်လျှင်(၁)ထည်ရရှိကြောင်း စက်ယက်ကန်းတစ်ထည်ခတ်ခမှာ ကျပ်(၃၀၀၀)ဖြစ်ပြီး တစ်ရက်လျှင် (၂)ထည်ရရှိကြောင်းသိရှိရပါသည်။

      “ဂဠုန်မင်း”အထည်ဆိုင်မှ ချည်ထည်ဈေးနှုန်းများမှာ ဝါဒစောင် ပထမတန်းစားတစ်ထည်လျှင် ကျပ်(၃၈၀၀၀)၊ ဒုတိယတန်းစားတစ်ထည်လျှင် ကျပ်(၂၅၀၀၀)၊ ရွတ်ကျစ်ခေါက်ချိုးစောင် ပထမတန်းစားတစ်ထည်လျှင် ကျပ်(၃၀၀၀၀)၊ ဒုတိယတန်းစားတစ်ထည်လျှင် ကျပ်(၁၄၀၀၀)၊ လက်သုတ် ပဝါအကြမ်း(၅)ထည်ပါ တစ်ထုပ်လျှင် ကျပ်(၃၀၀၀)၊ လက်သုပ်ပဝါအချော(၅)ထည်ပါ တစ်ထုပ်လျှင် ကျပ်(၃၅၀၀)၊  မျက်နာသုတ်ပဝါ ပထမတန်းစားတစ်ထည်လျှင် ကျပ်(၁၂၀၀၀)၊ မဝတ်လုံးကွင်းမှာ ချည်အမျိုးအစားပေါ်မူတည်၍ တစ်ထည်လျှင် ကျပ်(၆၅၀၀)မှ ကျပ်(၈၀၀၀)ခန့်၊ ကျားဝတ်လုံချည်တစ်ထည်လျှင် ကျပ်(၈၀၀၀)မှ ကျပ်(၁၀၀၀၀)ခန့်ဖြင့်ရောင်းချလျက်ရှိကြောင်း “ဂဠုန်မင်း” ချည်ထည်ရောင်းဝယ်ရေးမှသိရှိရပြီး မန္တလေးနှင့် ရန်ကုန်မြို့ကြီးများတွင် ဆိုင်ခွဲများတိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)         

သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ ရက်သတ္တပတ်အတွင်းဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်းများ

  သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ အသီးအရွက်နှင့် အသား၊ငါးများအား အောင်လံမြို့မှတဆင့် ဝယ်ယူရောင်းချကြောင်း၊ ဆန်နှင့်ဆီတို့အား ရန်ကုန်၊ ပြည်၊ ဥသျှစ်ပင်မြို့တို့မှ ဝင်ရောက်လျက်ရှိပြီး နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

  သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ စက်တင်ဘာလ(၂၈)ရက်နေ့မှ အောက်တိုဘာလ (၄)ရက်နေ့အထိဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ အာလူး(အကြီး၊အသေး) အရွယ် အစားအလိုက် (၁)ပိဿာလျှင် ကျပ်(၂၇၀၀မှ ၃၀၀၀)၊ ကြက်သွန်ဖြူ(အကြီး၊အသေး)(၁) ပိဿာလျှင် ကျပ်(၈၀၀၀မှ ၉၀၀၀)၊ ကြက်သွန်နီ (အသေး၊ အလတ်၊ အကြီး)(၁)ပိဿာလျှင် ကျပ်(၂၅၀၀၊ ၂၈၀၀၊ ၃၅၀၀)၊ ကုလားပဲခွဲခြမ်း(၁)ပိဿာလျှင် ကျပ်(၆၅၀၀မှ ၆၈၀၀)၊ ငရုတ်စို(အမှည့်)(၁)ပိဿာလျှင် ကျပ် (၂၅၀၀မှ၃၀၀၀)၊ ငရုတ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀မှ ၂၀၀၀၀)၊ ခရမ်းချဉ်သီး (တိုင်ထောင်သီး) (၁)ပိဿာလျှင် ကျပ်(၁၀၀၀မှ ၁၂၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၈၅၀၀မှ ၁၂၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၈၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁) ပိဿာလျှင် အကောင်အကြီး၊ အသေးအလိုက် ကျပ်(၈၀၀၀မှ၁၂၀၀၀)၊ ဆန်(၁)ပြည်လျှင် ပေါ်ဆန်းမွှေး (ပုသိမ်) ကျပ်(၅၀၀၀ မှ ၆၀၀၀)၊ ဧရာပဒေသာ(ပုသိမ်) ကျပ်(၄၂၀၀မှ ၅၀၀၀)၊ မနောသုခ ကျပ် (၃၅၀၀)၊ မှော်ဘီဆန် ကျပ်(၃၆၀၀မှ၃၇၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ၁၆၀၀၀)၊ နှမ်းဆီ ကျပ်(၁၄၀၀၀မှ၁၆၀၀၀)ရှိခဲ့ကြောင်း၊ ခရမ်းချဉ်သီး၊ ကြက်သားနှင့် ငါးကြင်းဈေးနှုန်းတို့မှာ ယခုအပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ကျန်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)         

 

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ အောက်တိုဘာလ၊ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါ သည်။ မြေပဲလုံးဆံ(နီ၊ဖြူ)များ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မြေပဲလုံးဆံ(နီ)တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၃၆၀၀)တင်း/(၈၂)တန်ဖြစ်ကြောင်း၊ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၁၀၀၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/(၄၁)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်  ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(နီ) တစ်တင်းလျှင် (၁၀၈၀၀ဝိ)ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ် မြေပဲလုံးဆံ(နီ)တစ်တင်းပေါက်ဈေးတူညီပြီး ယခင်အပတ်၌ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင် (၁၀၈၈၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင်(၈၀၀ဝိ/-) ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ် ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင်(၈၁၆၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင်(၁၉၂၀ဝိ/-) ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း